← Chapters

အခန်း (၁၂၅၇)

Vol. 90 Ch. 1257

အခန်း (၁၂၅၇)

Vol. 90 Ch. 1257

“အရမ်းကောင်းတဲ့ ဝင်္ကပါပဲ။ တည်နေရာစွမ်းအားကို အသုံးပြုထားတယ်”

ရွှေ‌ရောင်ငှက်က ညင်သာစွာပြောလိုက်ပြီး ဟန်မူယဲ့၏ ပခုံးပေါ်သို့ ရောက်လာသည်။

တခြားလူများက သူ့အသံကို မကြားနိုင်ပေ။ တကျီကျီမြည်သံကိုသာ ကြားရသည်။

“ဒီဝင်္ကပါကိုဖွင့်ဖို့ ဟယ်မိသားစုရဲ့ တံဆိပ်ပြား ဒါမှမဟုတ် သွေးမျိုးဆက်ကို လိုအပ်လိမ့်မယ်လို့ ငါပြောရဲတယ်။ မဟုတ်ရင် ဝင်္ကပါက ကမ္ဘာဦးရုပ်သေးရုပ်ရဲ့ လက်မောင်းနဲ့ တခြားပစ္စည်းတွေကို တည်နေရာရွှေ့ပြောင်းပစ်လိမ့်မယ်”

ခေးအော့က ပြောသည်။ သူက ‌ရွှေရောင်ငှက်ထက် ဝင်္ကပါကို ပိုမိုကျွမ်းကျင်သည်။

ခေးအော့က ညင်သာစွာ လည်ပတ်နေပြီး ဆက်ပြောသည်။

“အမှန်အတိုင်းပြောရရင် သိပ်မခက်ပါဘူး။ အတင်းအကျပ်ယူချင်ရင် နည်းနည်းလောက် အားထုတ်ဖို့ပဲ လိုအပ်တယ်”

ဟန်မူယဲ့က မျက်လုံးမှတစ်ဆင့် နတ်ဘုရားအလင်းကို ထုတ်လွှတ်သည်။ သူက ဝင်္ကပါ၏ အလင်းလွှာများကို မြင်ရသည်။

ထိုအလင်းများသည် မရေမတွက်နိုင်သော တည်နေရာရွှေ့ပြောင်းခြင်း ဖြစ်နိုင်ခြေများကို သယ်ဆောင်ထားသည်။

သူတို့က ကမ္ဘာဦးရုပ်သေးရုပ်၏ လက်မောင်းကို အမည်မသိသော လေဟာနယ်ထဲသို့ ပို့ပစ်နိုင်သည်။

ထို့ကြောင့် လွန်ခဲ့သော နှစ်များတွင် လက်မောင်းကို ရှာမတွေ့ခဲ့ကြပေ။

ဟယ်ရန်စွန်းက ဘေးတွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခန်းဆောင်ထဲသို့ ဝင်သွားသည်။

ဟန်မူယဲ့က ကမ္ဘာဦးရုပ်သေးရုပ်၏ လက်မောင်းကို လိုချင်သောကြောင့် ယုထောင်မြို့ပျက်သို့ ရောက်လာကြောင်း သူသိထားသည်။

ထိုလက်မောင်းက ဆရာဟန်အတွက် အကူအညီဖြစ်လျှင် သူက ဝမ်းသာစွာ ပေးလိုက်မည်။

ဟယ်မိသားစုက ထိုပစ္စည်းကို မလိုအပ်ပေ။

လွန်ခဲ့သောနှစ်များတွင် ဆရာဟန်၏ အကူအညီဖြင့် သူနှင့် ဘုရားမြို့၏ ဟယ်မိသားစုသည် အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။

ဟယ်ရန်စွန်း၏အမြင်တွင် ကျူကျင်းကုန်သွယ်ရေးအဖွဲ့မှ ရရှိနေသော နှစ်စဉ်အကျိုးအမြတ်သည် ကမ္ဘာဦးရုပ်သေးရုပ်၏ လက်မောင်းထက် ပိုမိုသာလွန်သည်။

သူက ဟယ်မိသားစု၏ လူငယ်များကို ခန်းဆောင်ထဲသို့ ခေါ်သွားသည်။ အထဲတွင် ဟယ်မိသားစုမှ ဘိုးဘေးကျွမ်းကျင်သူများ၏ ရုပ်ထုကို မြင်နိုင်သည်။

ထိုရုပ်တုများကို ယုထောင်မြို့ပျက်သို့ ရောက်လာသော ဟယ်မိသားစုဝင်များက သန့်ရှင်းပေးခဲ့သည်။ ရုပ်တုတချို့၏ ပုံပန်းသွင်ပြင်သည် ဝေဝါးနေသော်လည်း အထင်ကြီးစရာကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ဟယ်ရန်စွန်းက ခန်းဆောင်၏အလယ်သို့ လျှောက်လာပြီး ထိပ်ဆုံးတွင်ရှိသော ရုပ်တုကို ဦးညွတ်လိုက်သည်။

ဟယ်မိသားစု၏ ပထမဆုံးဘိုးဘေး ဖြစ်သည်။

သူက နတ်ဘုရားအဆင့် ရုပ်သေးရုပ်ကို ထိန်းချုပ်ထားသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့သည်ဟု ပြောကြသည်။ သို့သော် တခြားစကြဝဠာ၏ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ပြီး ကျဆုံးသွားသည်။

ထိုဖြစ်ရပ်ကြောင့် ဟယ်မိသားစုက ကျဆင်းလာပြီး အဆင့်ကိုးမြို့ဖြစ်သော ယုထောင်မြို့သို့ ရောက်လာခဲ့သည်။

ထိုသို့မဟုတ်လျှင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ရှိနေသောကြောင့် ဟယ်မိသားစုသည် အဓိကမြို့ကြီးတစ်မြို့တွင် ရှိနေလိမ့်မည်။

ဟန်မူယဲ့က ခန်းဆောင်ထဲသို့ ရောက်လာပြီး ရုပ်တုများကို ကြည့်လိုက်သည်။

ရုပ်တုများ၏ အမှတ်အသားကြောင့် သူ့မျက်လုံးများက တောက်ပသွားသည်။

“စိတ်ဝင်စားစရာပဲ။ လျှို့ဝှက်နည်းလမ်းနဲ့ ဝိညာဉ်အကြွင်းအကျန်ကို ထိန်းသိမ်းထားပြီး အရေးကြီးတဲ့အချိန်မှာ ထွက်ပေါ်လာနိုင်တယ်”

ဓာတ်စင်ငါးပါးမီးပြင်းဖိုမှ ထွက်ပေါ်လာသော လူအိုကြီးက ရုပ်တုများကို ကြည့်လိုက်သည်။

တစ်နည်းပြောရလျှင် ထိုရုပ်တုများက အသက်ဝင်လာနိုင်သည်။

သူတို့က ဝင်္ကပါကို အသုံးပြုပြီး တိုက်ခိုက်နိုင်သည်။

ရုပ်တုများ၏ အောက်ခြေတွင်ရှိသော အညွှန်းအရ ဘိုးဘေးတချို့သည် အဆင့်ကိုးနှင့် အဆင့်ရှစ် ဖြစ်ကြသည်။ ထိပ်ဆုံးတွင် ထိုင်နေသော အသန်မာဆုံး ရုပ်တုမှလွဲ၍ သူတော်စင်တစ်ဝက်အဆင့် ရုပ်တုနှစ်ခုလည်း ရှိနေသည်။

“ဝိညာဉ်စွမ်းအားတင် မဟုတ်ဘူး”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး တီးတိုးပြောသည်။

“သူတို့ရဲ့ ရုပ်သေးရုပ်နဲ့ ချပ်ဝတ်တွေရဲ့ စွမ်းအားကိုလည်း ထိန်းသိမ်းထားတယ်”

တစ်နည်းပြောရလျှင် ရုပ်တုများ အသက်ဝင်လာလျှင် သူတို့ ချန်ထားခဲ့သော ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကလည်း အသက်ဝင်လာလိမ့်မည်။

ထိုရုပ်သေးရုပ်နှင့် ချပ်ဝတ်များက အကောင်းဆုံးပစ္စည်းများ မဟုတ်လျှင်ပင် သေချာစီစဉ်ပြီး နှစ်ပေါင်းများစွာကြာအောင် သိမ်းဆည်းထားသော ပစ္စည်းများ ဖြစ်ကြသည်။

ထိုရုပ်သေးရုပ်နှင့် ချပ်ဝတ်များသည် ရှေးခေတ်ကျွမ်းကျင်သူများ၏ ခွန်အားတစ်ဝက်ကို ဖော်ထုတ်ပေးနိုင်လိမ့်မည်။

သို့သော် သူတို့က ဝင်္ကပါကြောင့် အသက်ဝင်လာသော ဝိညာဉ်အကြွင်းအကျန်များ ဖြစ်သည့်အတွက် အချိန်ကြာမြင့်စွာ မတိုက်ခိုက်နိုင်ပေ။

ဟန်မူယဲ့၏ ခန့်မှန်းချက်အရ နှစ်နာရီသာ ဖြစ်နိုင်လိမ့်မည်။

သို့သော် လုံလောက်သည်။

ခန်းဆောင်ထဲတွင်ရှိသော ရုပ်တုများအားလုံး အသက်ဝင်လာလျှင် သူတော်စင်အဆင့် ပန်းပဲပညာရှင်ကပင် သေဆုံးသွားနိုင်သည်။

“ဝီ”

ဟယ်ရန်စွန်းက အရိုအသေပေးလိုက်သောအခါ ခန်းဆောင်က ညင်သာစွာ တုန်ခါသွားသည်။

ရုပ်တုများအားလုံးသည် အသက်ဝင်လာတော့မည်ဟု ထင်ရသည်။

အထူးသဖြင့် ထိပ်ဆုံးတွင်ထိုင်နေသော ရုပ်တု၏ မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပလာပြီး ဟယ်ရန်စွန်းကို ကြည့်လိုက်သည်။

ရုပ်တု၏ မျက်လုံးမှ ထွက်ပေါ်လာသော ရွှေအလင်းသည် ဟယ်ရန်စွန်းနှင့် နောက်တွင်ပါလာသော လူများကို ကြည့်လိုက်သည်။

ဟယ်ရန်စွန်းက ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“ဆရာဟန်၊ ဘိုးဘေးရုပ်တုက ပြောခဲ့တယ်။ ရတနာသိုက်ကို ဖွင့်ဖိုဆိုရင် ဟယ်မိသားစုရဲ့ ပိုအားကောင်းတဲ့ တခြားလူတွေကိုလည်း လိုအပ်နေတယ်”

‘တခြားလူတွေကို လိုအပ်တာလား’

ဟယ်ရန်စွန်း၏ ခွန်အားကို အသိအမှတ်ပြုထားပုံပေါ်သည်။

သို့သော် ဤနေရာတွင်ရှိသော ဟယ်မိသားစုဝင်များအားလုံး၏ ပျမ်းမျှခွန်အားသည် မလုံလောက်ပေ။

“ကောင်လေးဟန်၊ ဝင်္ကပါကို ချိုးဖောက်ပစ်လိုက်စမ်းပါ”

ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး စိတ်မရှည်စွာ ပြောသည်။

ဝင်္ကပါကို ချိုး‌ဖောက်ရန် အနည်းငယ် ဒုက္ခများသော်လည်း အမှန်တကယ် မခက်ခဲပေ။

ရွှေရောင်ငှက်၏စကားကို ကြားရသောအခါတွင် ဟန်မူယဲ့က ခေါင်းခါသည်။

ဤနေရာသည် ဟယ်မိသားစု၏အိမ်တော် ဖြစ်သည်။

သူက ဖျက်ဆီးမပစ်ချင်ပေ။

ဟယ်ရန်စွန်းက သူ့ကို အလွန်လေးစားပြီး နှစ်ပေါင်းများစွာကြာအောင် တပည့်တစ်ယောက်သဖွယ် နေထိုင်ခဲ့သည်။

“ဖြစ်နိုင်ရင် ဟယ်မိသားစုဝင်တွေကို ပိုခေါ်လိုက်ပါ”

ဟန်မူယဲ့က ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး ပြောသည်။

လူလိုနေသောကြောင့် စုစည်းလိုက်ရုံသာ ဖြစ်သည်။

“ဟယ်မိသားစုရဲ့ မျိုးဆက်သစ်ကျွမ်းကျင်သူတွေကို စုစည်းဖို့ ပြင်ဆင်လိုက်ပါမယ်”

ဟယ်ရန်စွန်းက ခေါင်းညိတ်သည်။

ထိုသို့ လုပ်လိုက်လျှင် သူ့အဖေကို ရှာဖွေရန်အတွက်လည်း အထောက်အကူဖြစ်သည်။

သူ့အဖေက အသက်ရှိနေသေးလျှင် သတင်းကြားပြီး ရောက်လာလိမ့်မည်။

ဟန်မူယဲ့က အိမ်တော်ထဲတွင်ရှိသော သီးသန့်နေရာတစ်ခုတွင် နေထိုင်လိုက်သည်။ တခြားလူများကလည်း ဟယ်မိသားစုအိမ်တော်တွင် အနားယူလိုက်ကြသည်။

ညအချိန်တွင် ယုထောင်မြို့ပျက်က မှိန်ဖျော့သော အလင်းရောင်ကို ထုတ်ပေးနေသည်။

ဟယ်ရန်စွန်းက အစောင့်တစ်ဝက်ကိုခေါ်ပြီး ဟယ်မိသားစုအိမ်တော်မှ ထွက်သွားသည်။ တစ်ရက်အကြာတွင် သူက တခြားမြို့များ၏ ဟယ်မိသားစုဝင်ဆယ်ယောက်ကျော်ကို ပြန်ခေါ်လာသည်။

ဝူကျူးမြို့၏ ဟယ်မိသားစုမှ မျိုးဆက်သစ်များတွင် အသန်မာဆုံးလူသည် အဆင့်ခြောက်ချပ်ဝတ်သခင်ဖြစ်ပြီး အဆင့်ငါးနှစ်ယောက်နှင့် အဆင့်လေးများလည်း ရှိနေသည်။

ယခင်က သူတို့သည် အတော်လေး အားကောင်းသည်ဟု ပြောနိုင်သည်။

သို့သော် ဟယ်ရန်စွန်းတို့နှင့် ယှဉ်လိုက်လျှင် မလုံလောက်ပေ။

“သခင်လေးဟယ်၊ စိတ်ချပါ။ ယုထောင်မြို့ပျက်မှာပဲဖြစ်ဖြစ် အပြင်ဘက်မှာပဲဖြစ်ဖြစ် ဝူကျူးမြို့ရဲ့ ဟယ်မိသားစုက သခင်လေးကို ဟယ်မိသားစု‌ခေါင်း‌ဆောင်အဖြစ် အမြဲတမ်း အသိအမှတ်ပြုပါတယ်”

ဝူကျူးမြို့၏ ဟယ်မိသားစုခေါင်း‌ဆောင်က မတ်တပ်ရပ်လိုက်ပြီး ဟယ်ရန်စွန်းကို ဦးညွတ်သည်။

ဝူကျူးမြို့သည် ဘုရားမြို့နှင့် မိုင်ငါးသိန်းကွာဝေးသည်။ လွန်ခဲ့သောနှစ်များတွင် သူတို့က ဘုရားမြို့၏ ဟယ်မိသားစုအကြောင်းကို ကြားခဲ့ရသည်။

သို့သော် အလွန်ဝေးကွာသောကြောင့် သူတို့က ဘုရားမြို့သို့ မရောက်ခဲ့ကြပေ။

ဟယ်ရန်စွန်းက မိုင်တစ်သန်းပတ်ဝန်းကျင်တွင် နံပတ်တစ်ပါရမီရှင်အဖြစ် လူသိများသည်။ ထိုဖြစ်ရပ်ကြောင့် ဝူကျူးမြို့၏ ဟယ်မိသားစုကလည်း ဂုဏ်ယူမိသည်။

ဝူကျူးမြို့တွင် အဆင့်ရှစ်မိသားစုများ တည်ရှိသောကြောင့် ဟယ်မိသားစုအတွက် ရှင်သန်ရန် မလွယ်ကူပေ။

အကယ်၍ သူတို့က ဘုရားမြို့၏ ဟယ်မိသားစုမှ အကူအညီရနိုင်လျှင် ပိုမိုသန်မာလာလိမ့်မည်။

လဝက်အတွင်း ဟယ်မိသားစုအခွဲများသည် ဟယ်မိသားစုအိမ်တော်သို့ ရောက်လာကြသည်။

ဟယ်ရန်စွန်းနှင့် အစောင့်များ၏ ခွန်အားသည် ဟယ်မိသားစုခွဲများကြားတွင် ထိပ်တန်းအဆင့် ဖြစ်နေသည်။

ဤနေရာတွင် ဟယ်ရန်စွန်းကသာ တစ်ဦးတည်းသော သခင်လေး ဖြစ်သည်။

အထူးသဖြင့် ရတနာရှာဖွေရန် မြို့ထဲသို့ ထွက်သွားသောအခါ ဟယ်ရန်စွန်း၏ ခွန်အားက ပိုမိုထင်ရှားလာသည်။

ဟယ်မိသားစုအိမ်တော်တွင်လည်း ဟယ်ရန်စွန်းက အဆင့်ခြောက်ပညာရှင်များနှင့် တိုက်ခိုက်ပြီး အနိုင်ယူခဲ့သည်။

သူ့ကို မည်သူက ဆန့်ကျင်ရဲမည်နည်း။

ဟန်မူယဲ့က အလျင်မလိုပေ. သူက အိမ်တော်မှ အကြိမ်ပေါင်းများစွာ ထွက်သွားပြီး ရှေးခေတ်ရုပ်သေးရုပ်နှင့် ချပ်ဝတ်အပိုင်းအစများကို ရှာဖွေနိုင်ခဲ့သည်။

ထိုအပိုင်းအစများ၏ မှတ်ဉာဏ်သည် သတင်းအချက်အလက်များကို ပိုမိုပြည့်စုံလာစေသည်။

ဥပမာအနေဖြင့် ယုထောင်မြို့၏ မြေအောက်တွင် ပျိုးထောင်ထားသော လှံရှည်ကို မြို့သခင်က ကိုင်ဆွဲပြီး ပြိုင်ဘက်ကင်းခဲ့သည်။

ထိုလှံသည် ကမ္ဘာဦးအဆင့်ကို ကျော်လွန်နေသည်ဟု ပြောကြသည်။ ဟန်မူယဲ့က စိတ်ဝင်စားလာသည်။

ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူများပင် လုယူချင်သော လှံရှည်က မည်သို့ ဖြစ်နေမည်နည်း။

“သခင်လေး၊ ယွီတန်မြို့ရဲ့ ဟယ်မိသားစုဝင်တွေက မြို့သခင်အိမ်တော်နားမှာ အဆင့်ခုနစ်ချပ်ဝတ်အတွက် တိုက်ခိုက်နေကြတယ်”

ဟယ်ရန်စွန်းက အိမ်တော်ထဲမှ ပြေးထွက်လာသည်။

ယွီတန်မြို့၏ ဟယ်မိသားစုသည် မစုစည်းရသေးသော ဟယ်မိသားစုခွဲ အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

ယွီတန်မြို့၏ ဟယ်မိသားစုဝင်များကို စုစည်းပြီးလျှင် ဟယ်ရန်စွန်းက ခန်းဆောင်သို့သွားပြီး ဘိုးဘေးရတနာသိုက်ကို ဖွင့်လှစ်ရန် စီစဉ်ထားသည်။

ထိုနေရာတွင် ဆရာဟန်လိုအပ်နေသော ရတနာတစ်ခု ရှိနိုင်သည်။

ထိုအရာသည် သော့ချက်ဖြစ်သည်။

ဟယ်ရန်စွန်း၏ ဦးဆောင်မှုနောက်တွင် ဒါဇင်ချီနေသော ကျွမ်းကျင်သူများက မြို့သခင်အိမ်တော်သို့ ဦးတည်ခဲ့ကြသည်။

မြို့သခင်အိမ်တော်သည် မြို့လယ်တွင် တည်ရှိပြီး ဝပ်နေသော သားရဲတစ်ကောင်နှင့် ဆင်တူသည့် ငါးထပ်စံအိမ်တစ်လုံး ဖြစ်သည်။

ယခုအချိန်တွင် ထိုစံအိမ်၏တစ်ဝက်ကျော်က ပျက်စီးနေသည်။

ထိုနေရာတွင် ပြန့်ကျဲနေသော ရုပ်သေးရုပ်နှင့် ချပ်ဝတ်အပိုင်းအစများသည် တန်ဖိုးမရှိပေ။

အများစုသည် တစ်ချက်ထိလိုက်ရုံဖြင့် ပြိုကွဲသွားကြသည်။

“ဘုန်း”

ရှေ့တွင် ပေါက်ကွဲသံကို ကြားရသည်။

ရုပ်သေးရုပ်နှင့် ချပ်ဝတ်များသည် တိုက်ခိုက်နေကြသည်။

အဆင့်ခုနစ် ရုပ်သေးရုပ်များကို အဆင့်ခုနစ် ချပ်ဝတ်သခင်နှစ်ယောက်က တားဆီးထားသည်။

“ဟယ်ကျီရှန့်၊ အဆင့်ခုနစ်ရုပ်သေးရုပ်ကို ပေးလိုက်စမ်း။ မဟုတ်ရင် မင်းတို့အားလုံး ဒီနေရာမှာ သေရမယ်”

လွှမ်းမိုးနိုင်သော အသံသည် ပေါက်ကွဲသံနှင့်အတူ ပေါ်ထွက်လာသည်။

“ဟမ့်၊ မင်းသေသွားတာလည်း ဖြစ်နိုင်တာပဲ”

ရုပ်သေးရုပ်၏ နောက်မှ အသံတစ်သံ ထွက်လာသည်။

ရုပ်သေးရုပ်က လှံရှည်ဖြင့် ထိုးချလိုက်ပြီး လမ်းပိတ်ထားသော ချပ်ဝတ်သခင်ကို လွင့်ထွက်သွားစေသည်။

သို့သော် ရုပ်သေးရုပ်က ပြေးထွက်လာသောအခါတွင် အဆင့်ခုနစ် ရုပ်သေးရုပ်တစ်ရုပ်က လက်သီးချက်ဖြင့် တားဆီးလိုက်သည်။

ရုပ်သေးရုပ်၏နောက်တွင် ပုန်းအောင်းနေသော ကျွမ်းကျင်သူနှစ်ယောက်က ဖြူဖျော့သွားပြီး နောက်ဆုတ်သည်။

“ဟယ်ထိုက်မင်၊ မင်းနဲ့ငါက ဆယ်နှစ်ကျော်ကြာအောင် သိလာကြတယ်။ မင်းက ဒီနေရာမှာ အသက်စွန့်တော့မလို့လား”

“‌ရွှေနက်ရုပ်သေးရုပ်ကို ပေးလိုက်ပါ။ မဟုတ်ရင် ဟယ်မိသားစုက ဒီနေ့ပဲ ပျက်စီးသွားလိမ့်မယ်”

အသံနှစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။

ဝိုင်းရံထားသောလူများက ရုပ်သေးရုပ်နှစ်ရုပ်ကို တွန်းထုတ်လိုက်ပြီး ဟယ်မိသားစု၏ ထိတ်လန့်နေသော လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကို ဖိအားပေးသည်။

“ဟယ်မိသားစုကို ဖျက်ဆီးပစ်မှာတဲ့လား”

“ယုထောင်မြို့ပျက်မှာရှိတဲ့ ဘယ်သူက အဲဒီလိုပြောရဲတာလဲ ငါသိချင်မိတယ်”

ရွှေရောင်ချပ်ဝတ်နှင့် ဟယ်ရန်စွန်းက လေထုကို ထိုးခွဲပြီး တိုက်ပွဲအလယ်တွင် ပေါ်လာသည်။

သူက လက်ထဲတွင်ရှိသော ဓားမော့ဖြင့် ခုတ်ချလိုက်သည်။

“ဘုန်း”

ဓားမော့က ပေတစ်ထောင်အလင်းကို ထုတ်ပေးပြီး ရှေ့တွင်ရှိသော ရုပ်သေးရုပ်သုံးရုပ်ကို ပေတစ်ရာအထိ လွင့်ထွက်သွားစေသည်။ ရုပ်သေးရုပ်များက ယိမ်းထိုးနေပြီး ပြန်ထနိုင်ရန် ရုန်းကန်နေရသည်။

All Chapters