← Chapters

အရိုင်းဆန်သောတိုက်ပွဲ

Vol. 009 Ch. 878

အရိုင်းဆန်သောတိုက်ပွဲ

Vol. 009 Ch. 878

စစ်မြေပြင်တစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်နေ၏။ လူဝံကြီးကား ရန်သူစစ်တပ်ထဲကို မုန်ယိုနေသော ဆင်ရိုင်း တစ်ကောင်အလား ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်သည်။

အားလုံမှာ တုန်လှုပ် ကြရသည်။ ရီဖူရှင်းကား တစ်ကြိမ်တစ်ခါက ဝင်္ကပါကိုအသုံးပြုကာ နတ်ငှက်အသွင် ပြောင်းခဲ့ပြီး အလွန်အမင်း အားကောင်းခဲ့သည်။

ကျောက်ဟောင်ကား စစ်တပ်ထဲတွင် ရပ်ကာ ရီဖူရှင်းရှိရာ အရပ်သို့ ထူးမခြားနားစွာ ကြည့်နေသည်။ သူကား သူ့ဖခင် ကျောက်ပြည်ထောင် ဘုရင်၏အမိန့်အရ စစ်တပ်ကို ဆုတ်ခွာရန် ကြိုးစား အမိန့်ပေးနေသည်။ သို့သော်လည်း သူတို့ကား ထောင်ကျန်း၊ ကျန်ကျောင်းနှင့် တခြားလူများ၏ တိုက်ခိုက်မှုကြောင့် အစီအစဉ်မှာ ဖရိုဖရဲ ဖြစ်ခဲ့ကြရသည်။ တစ်ဖက်ရန်သူကား သူတို့၏ဝင်္ကပါကို လုံးဝ ဖျက်ဆီးလိုက်ပြီး ဖြစ်သည်။ အုပ်စုတစ်ခု အနေဖြင့် တစ်စုတစ်စည်းတည်း နောက်ဆုတ်ရန်မှာ မဖြစ်နိုင်ပေ။ သူတို့က မဖြစ်မနေ တိုက်ခိုက်ရန် လိုလာသည်။

သူ၏အကြည့်က စစ်မြေပြင် တစ်ခုလုံးအား ဝှေ့ကြည့်လိုက်သည်။ ကျောက်မင်က တော်ဝင် ရတနာအား ဝှေ့ယမ်းကာ ကျန်ကျောင်းနှင့် ရင်ဆိုင် တိုက်ခိုက်သည်။ နေ့ခိုင် ဦးဆောင်သော စစ်တပ်မှာ ယန်ဟောင်၏ ကောင်းကင်ဝင်္ကပါအား ရင်ဆိုင်နေသည်။ သူကား လက်ရှိ တိုက်ခိုက်နိုင်စွမ်းသော တစ်ဦးတည်းသောသူ ဖြစ်ကာ ရီဖူရှင်း၏ ပုံပြောင်းလူဝံထံမှ အားကောင်းသော အန္တရာယ်ကို ခံစားမိသူလည်းဖြစ်သည်။

“စုဖွဲ့ကြ...” ကျောက်ဟောင်အနီးမှ တန်ခိုးရှင်များ သူ့အနီးတွင် စုစည်းကြသည်။ သူတို့အားလုံးမှာ ကျောက်မိသားစု၏ ပင်မမျိုးဆက်များ ဖြစ်ကြသည်။ ရီဖူရှင်းက သူတို့ထံသို့ လာနေခြင်း ဖြစ်ကြောင်း နားလည်ကြသည်။

“ဘာပဲဖြစ်ဖြစ် သူ့ကို သတ်...” ကျောက်ဟောင်က သူ့ဘေးမှ တန်ခိုးရှင်များအား အမိန့်ပေးသည်။ ရွှေရောင်အလင်း တစ်ချက်တွင် လေဟာနယ်အား ရွှေဖီးနစ်က ထက်ခြမ်းခွဲကာ ရီဖူရှင်းထံသို့ ပြေးဝင်သွားသည်။

သူတို့က ရီဖူရှင်းအား သတ်နိုင်သည်နှင့် ထောင်ကျန်းမှာ သေဆုံးရမည် ဖြစ်သလို တော်ဝင်ကျဲ နန်းတော်မှာလည်း ပျက်စီးပေလိမ့်မည်။ ကျောက်ပြည်ထောင်၏ လက်ရှိ အနေအထားတွင် ရီဖူရှင်းကို သတ်ဖြတ်ရန်မှာ အရေးအကြီးဆုံး ဖြစ်ပေသည်။

တစ်နှစ်ဟူသော အချိန်တိုအတွင်း အရာအားလုံးက မြန်ဆန်စွာ ပြောင်းလဲခဲ့သည်။ ရီဖူရှင်းအား သတ်ဖြတ်ခြင်းမှာ ပုရွက်ဆိတ် တစ်ကောင်ကို သတ်ခြင်းနှင့် မခြားဟု ကျောက်ပြည်ထောင်မှ တန်ခိုးရှင်များ တွေးထင်ခဲ့ဖူးကြသည်။ သို့သော်လည်း ယခုကား ရီဖူရှင်းကို သတ်ဖြတ်ရန် ခက်ခဲလွန်းသလို သူ့အား သတ်ရန်လည်း ကျောက်ပြည်ထောင်က မည်သည့် တန်ဖိုးကိုမဆို ပေးရန် အသင့်ဖြစ်သည်။

များစွာသော တန်ခိုးရှင်များ သူ့ထံသို့ ပြေးလာသည်ကို မြင်သည်တွင် ရီဖူရှင်း၏လက်ထဲ ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ ပေါ်လာသည်။ သူက လေထုထက်ကို ခုန်တက်ကာ နှင်တံအား ဝှေ့ယမ်း လိုက်သည်တွင် လေထုက တုန်ယင် သွားသည်။ နှင်တံ၏ ထောင်ပေါင်း များစွာသော ပုံရိပ်များ ဖြစ်ပေါ်လာ၏။ အဆုံးအစမဲ့သော စွမ်းအားက အရာခပ်သိမ်းကို ဖျက်ဆီး၏။ ထိုအရာက ကြတာရာတစ်စင်း ကမ္ဘာမြေပေါ်ကို ကျဆင်းလာသည့် ပုံစံမျိုးဖြစ်သည်။

ဘန်း… ဘန်း... ဘန်း...

ကျယ်လောင်သော အသံများနှင့်အတူ ဖီးနစ် ပုံသဏ္ဌာန်များမှာ ပြင်းထန်စွာ ရိုက်နှက်ခံရသည်။ နှင်တံ၏ရိုက်ချက်တွင် တန်ခိုးရှင်များစွာ၏ သွေးများမှာ မိုးများ သွန်းရွာသကဲ့သို့ ကျဆင်းလာသည်။ ထိပ်သီး ရှီတန်ခိုးရှင်များပင် နှင်တံ၏ရိုက်ချက်အောက်တွင် ကူရာမဲ့ကယ်ရာမဲ့ ဖြစ်ရပေ၏။

“မီးနဲ့တိုက်ကြ...” အော်သံတစ်သံနှင့်အတူ ရွှေရောင်မီးတောက်များက ကောင်းကင်နှင် မြေပြင်အကြား ပေါ်လာကာ လူဝံနတ်ဘုရားအား မီးတောက်များဖြင့် လောင်မြိုက်စေသည်။ သို့သော်လည်း လူဝံနတ်ဘုရားကား မီးတောက်များ လောင်ကျွမ်းလျက်ပင် ရှေ့ကို တက်လာရာ သူ့အား ပိုမိုရုန့်ရင်း ကြမ်းတမ်းစေသော ဟန်ပင်ဖြစ်စေ၏။ သူ၏ခြေတစ်လှမ်း ပိုမို နီးကပ်လာသည်နှင့်အမျှ ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ ရိုက်ချက်သည်လည်း အဆက်မပြတ် ကျဆင်းလာခဲ့ကာ များစွာသော တန်ခိုးရှင်များအား သေကျေ ပျက်စီးစေသည်။

ပြင်းထန်သော တိုက်ပွဲက လူအများ၏အာရုံကို တစ်ဖန် ဆွဲငင် ခေါ်ယူသွားသည်။ စစ်တပ်ကား အဆက်မပြတ် ပြိုလဲနေသည်ကို သူတို့မြင်ကြရသည်။ လူဝံနတ်ဘုရား ရောက်သွားရာ နေရာတိုင်းတွင် အပျက်အစီးနှင့် သေဆုံးခြင်းများကိုသာ မြင်ကြရသည်။ ရီဖူရှင်းကား တစ်ဖက် စစ်တပ်၏စစ်ဦးစီးကို သတ်ဖြတ်လိုဟန် ရသည်။

“သူက ကျောက်ဟောင်ကို တကယ် အနိုင်ယူနိုင်မလားပဲ...” လူအများအပြားက ရီဖူရှင်း လုပ်လိုသည်ကို ခန့်မှန်းမိကြသည်။ သူသာ အောင်မြင်ခဲ့ပါက ရီဖူရှင်းကား စစ်ပွဲရလဒ်ကိုပင် သက်ရောက် စေနိုင်လိမ့်မည်။

မရေမတွက်နိုင်သော တန်ခိုးရှင်များမှာ ရီဖူရှင်းထံသို့ ပြေးဝင်လာနေကြဆဲ ဖြစ်သည်။ သို့သော်လည်း မည်သို့မှ အရာမထင်ပေ။ ရီဖူရှင်း၏ ပုံပြောင်း လူဝံနတ်ဘုရားကို တားဆီး နိုင်သည့်သူ ရှိဟန်မရပေ။ ရီဖူရှင်း၏ ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံအောက်ကို ရောက်ရှိ သွားသူမှန်သမျှမှာ အသတ်မခံရလျှင်ပင် ဒဏ်ရာ ပြင်းထန်စွာ ရရှိပေသည်။

မကြာမီ ရီဖူရှင်းက သွေးခင်းလမ်းအတိုင်း တိုက်ခိုက် လျှောက်လှမ်းလာကာ ကျောက်ဟောင်၏ ရှေ့သို့ ရောက်လာ၏။

ကျောက်ဟောင်နှင့် သူ့လူများမှာ အနည်းငယ်မျှသော လူများဖြင့် ဝင်္ကပါတစ်ခုအား ဖန်တီးထားကြပြီး ဖြစ်သည်။ တန်ခိုးရှင်များက ကောင်းကင်တွင် လှည့်ပတ် ပျံသန်းနေကြသည်။ များစွာသော ဖီးနစ်ငှက်များက သူတို့၏ အတောင်ပံများအား ဖြန့်ကား လိုက်ကြသည်။ ရုတ်တရက် ဧရာမဖီးနစ် တစ်ကောင် ဖြစ်ပေါ်လာကာ ကောင်းကင်ထက်ကို ပျံသန်းလာသည်။ ကျောက်ဟောင်က ရွှေဖီးနစ်ဓားအား ဆုပ်ကိုင်ထားကာ ဧရာမလူဝံကြီးအား အေးစက်စွာ ကြည့်သည်။

လူဝံနတ်ဘုရား၏ မျက်လုံးများမှာ အလွန်အမင်း အေးစက်နေသည်။ ကျောက်မင်၊ ကျောင်ဟောင်နှင့် ဝူလျန်တို့ကပင် သူ၏ဆရာအား သေမလိုဖြစ်အောင် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသူများ ဖြစ်သည်။ သူတို့အား သတ်ဖြတ်လိုသော ဆန္ဒကား ရီဖူရှင်း၏ နှလုံးထဲ ပြင်းပြစွာ ခိုအောင်းနေသည်။ သူကား ဝူလျန်ကို သတ်ပြီးဖြစ်သည်။ လက်ရှိ ကျန်ရစ်သူတို့ကား ကျောက်မင်နှင့် ကျောက်ဟောင်တို့ ဖြစ်ကြသည်။

ဘုန်း... လူဝံနတ်ဘုရားက ရှေ့ကို တက်လာသည်တွင် ကောင်းကင်က တုန်ယင်သွား၏။ လူဝံနတ်ဘုရား၏ လက်မောင်းများက ခွန်အားများဖြင့် ပြည့်နှက်နေကာ ကြယ်တာရာ လောကဓာတ်များ မှာလည်း အဆုံးစွန်သော စွမ်းအားများကို ပေးစွမ်းလျက် ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံကို အထောက်အပံ့ ပြုသည်။

ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံက ကောင်းကင်ထက်မှ ဆင်းသက်လာသောအခါ ကြယ်တာရာများကပါ လိုက်ပါ ဆင်းသက်လာသည်ဟု ထင်မှတ်ရသည်။ ကြယ်အလင်း တစ်ခုစီက ကြယ်တာရာ လောကဓာတ်၏ ပြည့်စုံသော စွမ်းအားများ ပါဝင်နေ၏။

ကျောက်ဟောင်က ရီဖူရှင်း၏ တိုက်ခိုက်မှုကို ခံစားရကာ စိတ်နှလုံး တုန်ယင်မိသည်။ သို့သော်လည်း သူ၏အကြည့်က အေးစက် တင်းမာနေဆဲဖြစ်သည်။ ဖီးနစ်ဓားက အလင်းများ ဖြာထွက်လာသည်။ ဓားအလင်း ဖြစ်ပေါ်လာသည်တွင် ဖီးနစ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာပြီး ရှေ့ကို တိုးဝင်လာသည်။

ဓားက တိုးဝင်လာသည်တွင် ကောင်းကင်က ပိုင်းဖြတ် ခံလိုက်ရဟန် ရသည်။ များစွာသော ကြယ်ဒြပ်မှုန်များမှာ ဓား၏ ရိုက်ခတ်မှုကြောင့် မုန်တိုင်းအသွင် ပြောင်းလဲ သွားကြသည်။ သို့သော်လည်း အမှုန်အမွှားများမှာ အဆုံးအစမဲ့ဟန် ရသည်။ ကျောက်ဟောင်နှင့် တခြားလူများ အားလုံးမှာ သူတို့ကိုယ်တိုင် ကြယ်တာရာ ကောင်းကင်ထဲသို့ ရောက်ရှိနေသည် ဟူသည့် ထူးဆန်းသော ခံစားချက်ကို ရကြသည်။ သို့သော်လည်း သူတို့က ရှေ့ကို ဆက်လက် တိုးဝင်သွားကြသည်။ ကြယ်တာရာ ကောင်းကင် ကျဆင်းလာသည့် တိုင်အောင်ပင် သူတို့က ဖြတ်တောက်မည် ဖြစ်သည်။

နောက်ဆုံးတွင် ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံနှင့် ဖီးနစ်ဓားတို့ ရင်ဆိုင်မိကြပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်လာသည်။ ဖီးနစ်ဓားမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ကျောက်ဟောင်နှင့် သူ့လူများ နောက်ကို ဆုတ်ခွာ သွားကြသည်။ တစ်ယောက်ကား သွေးတစ်ပွက်ပင် အန်ကျကာ မျက်နှာက ပြာနှမ်းသွား၏။ ရီဖူရှင်း၏ တိုက်ခိုက်မှုကား အားကောင်းလွန်းရာ ကောင်းကင် ပြိုကျလာသည်ဟုပင် ထင်မှတ်ရသည်။

လူဝံနတ်ဘုရားက တစ်ဖက်ရန်သူအား အေးစက်စွာ ကြည့်သည်။ သူက လက်ဆန့်တန်း သည်ကာ လေထဲမှ တစ်စုံတစ်ခုအား ဆုပ်ကိုင်လိုက်ဟန် ရသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ကြယ်မုန်တိုင်း တစ်ခု ဖြစ်ပေါ်လာသည်။ လေဟာနယ်က ရပ်တန့်သွားကာ ကျောက်ဟောင်နှင့် သူ့လူများမှာလည်း သူတို့၏ လေဟာနယ်က ရပ်တန့်သွားသည်ဟု ခံစားမိကြသည်။ အရာအားလုံးသည် နှေးကွေးသွားပြီး တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကြယ်တာရာများ မှာလည်း သူတို့ထံကို လာရောက် ရစ်ပတ်မြှုပ်နှံကြသည်။

သည်တိုက်ကွက်ကား လောကဓာတ်နှစ်ခု ပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာသော ကြယ်တာရာ အချုပ်အနှောင် ဖြစ်သည်။ သည်တိုက်ကွက်တွင် အာကာသဓာတ် ပေါင်းစပ်ပါဝင်နေပြီး တစ်ဖက်လူအား ကြယ်တာရာများဖြင့် တိုက်ရိုက် ချုပ်နှောင်နိုင်သည်။

ကျောက်ဟောင်နှင့် တခြားလူများမှာ မယုံကြည်နိုင်ဖွယ် လောကဓာတ်များအား ထုတ်လွှတ်ကြပြီး ဖီးနစ်ဓားအား အလွန်အမင်း လင်းလက် တောက်ပစေသည်။ ဓားက အားကောင်းလွန်းရကား တစ်ဖက်ရန်သူ၏ အချုပ်အနှောင်ကိုပင် ထွင်းဖောက် သွားဟန်ရသည်။ သို့သော်လည်း သူတို့မြင်သည်ကား ကောင်းကင်ထက်မှ အဆုံးအစမဲ့သော စွမ်းအားဖြင့် ကျဆင်းလာသော ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံဖြစ်သည်။

ဘုန်း...

ကြယ်တာရာ အချုပ်အနှောင်မှာ ပျက်စီးသွားကာ နှင်တံက ကောင်းကင်ကို ဖုံးအုပ်သွားပြီး အောက်ကို ကျဆင်းလာသည်။ နှင်တံမှာ အရာအားလုံးကို ဖုံးအုပ်သွားသလို ဖီးနစ်ဓားမှာလည်း ရပ်တန့်နိုင်စွမ်း မရှိတော့ပေ။ ကြောက်မက်ဖွယ် တိုက်ခိုက်မှုက ဖီးနစ်၏ နောက်ကျောကို ထိမှန်ကာ ဝင်္ကပါအတွင်း၌ ရှိသော တန်ခိုးရှင်များအား ပြင်းထန်စွာ တုန်ယင်စေသည်။ အားလုံးမှာ သွေးများ ပွက်ပွက်အန်ကြ၏။

ကျောက်ဟောင်မှာလည်း ကောင်းကင်ထက်မှ ပြင်းထန်စွာ ကျသည်။ အားလုံးမှာ တိုက်ပွဲကို ကြည့်ပြီး တုန်လှုပ်မိကြသည်။ ကျောက်ဟောင်ကား သေချာပေါက် အခြေအနေ မကောင်းပေ။

လူဝံနတ်ဘုရားက ကောင်းကင်ထက်မှ ဆင်းသက်လာကာ နှင်တံဖြင့် ရိုက်ချသည်။ ဝင်္ကပါအား ကာကွယ် ပေးထားသည့် ဖီးနစ်ကား အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားကာ များစွာသော တန်ခိုးရှင်များမှာ အဝေးကို လွင့်စဉ်သွားကြသည်။ ကျောက်ရာနှင့် ကျောက်ယိုတို့မှာ ထိုလူများအထဲ၌ ပါဝင်ပေသည်။ သူတို့ကား ကျန်သော တန်ခိုးရှင်များနှင့်စာလျှင် အလွန် အားနည်းကြသော်လည်း ဝင်္ကပါအတွင်း၌ အစိတ်အပိုင်းတစ်ခု အနေဖြင့် ပါဝင်ကြပေသည်။ သူတို့မှာ ဝင်္ကပါ၏ဗဟို၌ ပုန်းအောင်း နေကြရာ အနည်းဆုံးသော ထိခိုက်မှုများသာ ဖြစ်ပွားပေသည်။

လူဝံနတ်ဘုရားက သူတို့အားလုံး၏ အပေါ်မှ ဆင်းသက် လာသည်တွင် ကူရာမဲ့သော ခံစားချက်ကို အမှန်တကယ် ခံစားကြရသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ထိန်းချုပ် မရအောင်ပင် အလိုအလျောက် တုန်ယင် လာကြ၏။

ဘန်း...

နောက်ထပ် ရိုက်နှက်သံ တစ်ချက်နှင့်အတူ ကျောက်ဟောင်ကဲ့သို့ အားကောင်းသူမှာပင် သွေးများ ပွက်ပွက်အန်သည်။ သူ၏ခန္ဓာကိုယ်မှာ ကောင်းကင်မှ ကျဆင်းလာသည့်တိုင် လူဝံနတ်ဘုရားကား ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ရိုက်နှက်ခဲ့ဟန် ရသည်။

ထိုအခိုက်တွင် ကျောက်ဟောင်ကား ဖီးနစ်ဓားကို လွှတ်ချလိုက်ရသလို သူ၏လက်မှာလည်း အရိုးများ ကြေပျက် သွားခဲ့သည်။ သူ၏ ရွှေဖီးနစ်ခန္ဓာကိုယ် မှာလည်း ပြင်းထန်သော ဒဏ်ရာများရရှိခဲ့ပြီး သွေးများ အဆက်မပြတ် အန်ကျ၏။

လူဝံနတ်ဘုရားက သူ့အပေါ်ကို ကျဆင်းလာသည်တွင် ကျောက်ဟောင်ကား အလွန်အမင်း ကြီးမားသော အန္တရာယ်အား ခံစားမိ၏။ ထိုအခိုက်တွင် လက်ရှိ သူ၏အခြေအနေဖြင့် တွန်းလှန်ခြင်းငှာ မတတ်နိုင်သော လက်တစ်ဖက်က သူ့လည်ပင်းကို လာရောက် ဆုပ်ကိုင်သည်ကို ခံစားလိုက်ရသည်။ ယခုကား ပြည်နယ်ကိုးခု ရှီအဆင့်ဝင် ကျောက်ဟောင်မှာ လည်ပင်းကို အညှစ်ခံထားရပြီး သူ၏အသက်ကိုပင် သူမပိုင်သော အခိုက်အတန့်ကို အမှန်တကယ်​ ရောက်လာခဲ့ရ၏။

ကျောက်ရာနှင့် ကျောက်ယိုတို့မှာ မျက်နှာများ ပြာနှမ်း သွားကြသည်။ သူတို့တွင် ကျောက်ဟောင်အပေါ် စိုးရိမ်ရန် အချိန်မရှိပေ။ လူဝံနတ်ဘုရားက သူတို့ထံသို့လည်း ဆင်းသက်လာကာ သူတို့အား ဆုပ်ကိုင်လိုက်သည်။ သူတို့တွင် မည်သို့မှ တားဆီး ခုခံနိုင်စွမ်းမရှိပေ။

“အားလုံး တိုက်ခိုက်တာကို ရပ်လိုက်ကြ...” ရီဖူရှင်က ပြောလိုက်သည်တွင် အားလုံးက တိုက်ခိုက်ခြင်းအား ရပ်တန့်လိုက်ကြပြီး ရီဖူရှင်းကို လှမ်းကြည့်ကြသည်။

ကျောက်ပြည်ထောင် စစ်တပ်မှာ လူများမှာကား မျှော်လင့်ချက်မဲ့နေပြီ ဖြစ်သည်။ သူတို့၏ စစ်တပ်ကား မြေရိုင်းပြည်နယ်မှ လူများ လက်ချက်ဖြင့် ပြိုလဲခဲ့ပြီဖြစ်သည်။

“ကျောက်ပြည်ထောင်ဘုရင်...”

အေးစက်သော အသံက ကောင်းကင်တစ်ခွင်ကို မြည်ဟည်းသွားသည်။ ကောင်းကင်ထက်တွင် ပြင်းထန်စွာ တိုက်ခိုက်နေသာ ကျောက်ပြည်ထောင် ဘုရင်ကား ချက်ချင်း တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်သည်။ သူ၏အာရုံခံအားက ကောင်းလွန်းရကား အောက်တွင် ဘာဖြစ်နေသည်ကို ချက်ချင်း သိလိုက်သည်။ ထိုအခိုက်တွင် သူကား အမှန်တကယ် အရှက်ရမှုကို ခံစားလိုက်ရ၏။

***

All Chapters