အဆင့်တက်ပြန်ပြီ! အထူးသီးနှံ: အလှအပသခွားသီး!
Vol. 27 Ch. 396
ချင်းလင်စံအိမ်သံသာပင်မှာ လိုင်းပေါ်တွင်ရက်ပိုင်းလောက်နာမည်ကြီးပြီး တဖြည်းဖြည်းပြန်ကျသွားသည်။
သံသာပင်ကနာမည်မကြီးတော့၍မဟုတ်။ ဗီဒီယိုအတိုပလက်ဖောင်းက သူ့ကျော်ကြားမှုကိုထိန်းချုပ်လိုက်ခြင်းကြောင့်ပင်။ ပလက်ဖောင်းမှာ တစ်ခုခုကိုလူစိတ်ဝင်စားပြီးနာမည်ကြီးစေချင်သော်လည်း သူ့အတွက်အကျိုးအမြတ်သိပ်မရှိသောလူဝင်စီးဆင်းမှုကို လုံးဝဆက်ထိန်းထားမည်မဟုတ်ပေ။
live လွှင့်သူ PK၊ ကုန်ရောင်းခြင်းနှင့်ကြော်ငြာခြင်းမှာ ပလက်ဖောင်း၏အဓိကစီးဆင်းမှုဖြစ်သည်။
သို့ရာတွင် ပြီးခဲ့သောအပတ်အတွင်း နှစ် ၅၀၀ ဂင်ဂိုပင်နှစ်ပင်နှင့်သံသာပင်၏ဂုဏ်သတင်းမှာ လုံးဝပြန့်သွားလေပြီ။
အခုနိုင်ငံအတွင်းနာမည်ကျော်သစ်ပင်များအကြောင်းပြောလျှင် ဒီရှေးဟောင်းဂင်ဂိုပင်နှစ်ပင်ကို သတိရမှာအသေအချာပင်။
ပင်ဂွင်းဂီတပလက်ဖောင်းတွင်လည်း သံသာပင်၏ပေါ့ပေါ့ပါးပါးတေးသံကို download ဆွဲကြသည်မှာလန့်လောက်စရာ။
ခရီးသွားမှတ်တမ်းကြော်ငြာဖို့ မှတ်တမ်းဒါရိုက်တာတစ်ယောက်ကိုလည်း စီရင်စုကမြန်မြန်ဆန်ဆန်ရှာထားသည်။
သူကရုံချန်းစီရင်စု၏စားစရာများအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ခဲ့ဖူးသည်။
ချင်းလင်စံအိမ်၌_
စားသောက်ဆိုင်ထဲတွင် ဆရာလင်းမှာ ဆံပင်ရှည်ရှည်နှင့်လူတစ်ယောက်ကို အောင့်သီးအောင့်သက်မျက်နှာနှင့်အဖော်ပြုပေးနေသည်။
ထိုလူမှာ စီရင်စုကရှာထားသောဒါရိုက်တာပင်။ သူ့ဘေးတွင် မှတ်စုစာအုပ်နှင့်ရေးမှတ်နေသော လက်ထောက်တစ်ယောက်ရှိသည်။
ဆံပင်ရှည်ရှည်နှင့်ဒါရိုက်တာက အလေးအနက်ပြောလိုက်သည်_
''ဆရာလင်း... ဒီဇာတ်ကွက်အကူးအပြောင်းမှာ ပဋိပက္ခသဘောတရားလေးတွေထပ်ထည့်ရအောင်... ဥပမာ အဲဒီအတောအတွင်း သစ်ခိုးတဲ့လူတစ်ယောက်က သစ်ပင်တွေကိုတိတ်တိတ်လေးလာဖြတ်မယ်... အဲဒါကိုလင်းယွမ်ကတွေ့သွားမယ်... လင်းယွမ်က သစ်ခိုးသမားနဲ့တိုက်ခိုက်ပြီး ဒဏ်ရာတောင်ရမယ်... သစ်ခိုးသမားဖမ်းဖို့ ရဲတွေကိုကူညီပေးပြီး ဇာတ်ကြောင်းဖြည့်လိုက်မယ်''
လင်းယွမ်ဆိုတာက ကြော်ငြာမှတ်တမ်းရဲ့ဇာတ်ဆောင်ဖြစ်ပြီး ဆရာလင်း၏နာမည်လည်းဖြစ်သည်။ သူ့နာမည်အရင်းက လင်းယွမ်ပင်။
''ဒါပေမဲ့ အမှန်မဟုတ်ဘူးမလား? အဲဒါမကောင်းဘူး... လိမ်လို့မရဘူးလေ!''
ဆရာလင်းက အသည်းအသန်ခေါင်းခါလိုက်သည်။ သူထပ်မညာနိုင်တော့။
အခုလက်ရှိအခြေအနေက သူကြွားပြောခဲ့လို့မဟုတ်လား?
ဒါမျိုးထပ်လုပ်ရင် သူအရူးမလို့ပဲ။
သူထပ်မညာနိုင်တော့။
ဆံပင်ရှည်ရှည်ဒါရိုက်တာကပြုံးလိုက်ပြီး_
''ဆရာလင်း... ခင်ဗျားရဲ့မညာတတ်တဲ့အရည်အချင်းက လေးစားစရာပဲ... ဒါပေမဲ့ ဒါကကြော်ငြာအတွက်မှတ်တမ်းပဲလေ... သင့်တော်အောင်စီစဉ်လို့ရပါသေးတယ်... ဒီလိုလုပ်လိုက်ပြီ''
“...” ဆရာလင်းဆဲချင်စိတ်ပေါက်သွား၏။
သူဆုံးဖြတ်ပြီးပြီဆိုရင် ဘာလို့လာမေးနေသေးလဲ? ပြီးတော့ ဘာလုပ်ဖို့သူ့ကိုလာရှာတာလဲ?
ပြီးတော့ ဆံပင်ရှည်ရှည်ဒါရိုက်တာက ဇာတ်ကွက်ပြည့်ဖို့ သူ့တောင်းဆိုချက်ကိုလာပြတာ။ ဆရာလင်းက သူလုံးဝငြင်းမရမှန်းသဘောပေါက်သည်။ နောက်ပြီး သူလုပ်ကြံထားသောဇာတ်လမ်းက ပိုပိုပြီးထူးဆန်းလာသည်။
ဆံပင်ရှည်ရှည်ဒါရိုက်တာပြန်သွားသောအခါ သူ့မှာစိတ်ပျက်လက်ပျက်နှင့်သာ မူလခန်းမထဲပြန်လျှောက်လာရသည်။
မူလခန်းမထဲတွင် တိုင်းတာနေသောလူအများကြီးရှိနေသည်။
ချင်လင်လည်း တာဝန်ခံတစ်ယောက်ကို ခြေဟန်လက်ဟန်ပြနေသည်။
ထိုလူများမှာ ငါးပြတိုက်ဆောက်ရန်ခန့်ထားသောသူများဖြစ်သည်။
မူလခန်းလမှာအလွတ်ဖြစ်သည်။ ငါးပြတိုက်အစီအစဉ်ဆွဲထားတာကြာခဲ့ပြီ။ အရင်ဒီကိစ္စကြန့်ကြာနေခြင်းမှာ အနောက်ဘက်ခြံဝင်းထဲရှိ ဖရဲမျိုးစေ့နှင့်ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ပျိုးထောင်နေခြင်းကြောင့်ပင်။
ယခု ဖရဲမျိုးစေ့နှင့်ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ပျိုးထောင်ခြင်းအောင်မြင်သွားပြီဖြစ်သောကြောင့် ငါးပြတိုက်ကိစ္စမှာ လုပ်ငန်းစဉ်ထဲပါလာသည်။
တာဝန်ခံပုဂ္ဂိုလ်ကလည်း ချင်လင်၏တောင်းဆိုချက်များကိုတစ်ခုချင်းမှတ်သားထား၏။
ငါးပြတိုက်ဆောက်ခြင်းမှာ တခဏအတွင်းပြီးနိုင်သောကိစ္စမဟုတ်။ ငါးပြတိုက်ဆောက်ရာတွင်အခက်ဆုံးအရာမှာ ဆောက်လုပ်ရေးလုပ်ငန်းစဉ်မဟုတ်။ ဒီဇိုင်းဖော်ခြင်းဖြစ်သည်။
ဒီဇိုင်းဖော်သောအခါ ကုန်ကျစရိတ်၊ ဖြစ်နိုင်ခြေ၊ လေဝင်လေထွက်ထိန်းချုပ်ပုံ၊ အောက်စီဂျင်ပါဝင်မှု၊ ဇီဝဆိုင်ရာနေရာများဆီလျော်အောင်ပေါင်းစပ်ခြင်း စသည်တို့ကိုစီစဉ်ရသည်။
ဆောက်လုပ်ရေးအတွက် ခေတ်ပေါ်နည်းပညာ၊ ပစ္စည်းများနှင့် တစ်ဆင့်ချင်းလုပ်ဆောင်သွားနိုင်သည်။ သာမန်ဆောက်လုပ်ရေးလုပ်ငန်းများနှင့်သိပ်မကွာပေ။
တာဝန်ခံပုဂ္ဂိုလ်နှင့်ချင်လင်က လျှောက်ပတ်ကြည့်ကြသည်။ ချင်လင်တွင် တောင်းဆိုချက်အသစ်မရှိတော့မှ သူကအချက်အလက်တိုင်းတာနေသောလူများကိုသွားရှာလိုက်၏။


ဆရာလင်းက ချင်လင်ကိုမြင်လျှင် ရှေ့တိုးသွားပြီး စိတ်ပျက်ပျက်နှင့်ပြောလိုက်သည်_
''သူဌေး... စီရင်စုကို ကြော်ငြာဗီဒီယိုမရိုက်ဖို့ပြောပေးလို့ရမလား?''
''ဘာဖြစ်လို့လဲ?'' ဆရာလင်းပုံစံမှာသိသာနေသော်လည်း ချင်လင်ကစပြီးမေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် အခုဆရာလင်းထိတ်လန့်နေမည်ကို သူသိသည်။
ဆရာလင်းမှာပျာယာခတ်သွားသော်လည်း သူကြွားထားသည့်အကြောင်း သူ့သူဌေးကိုမပြောပြနိုင်။ ဒါရိုက်တာကိုသာအပြစ်ပုံချလိုက်ရ၏_
''သူဌေး... ဒါရိုက်တာက ကျွန်တော့်အတွက်ဇာတ်ကွက်တွေထည့်ချင်နေတာ... အဲဒါလိမ်တာမလား?''
ချင်လင်က ဆရာလင်းကိုဖော်ကောင်မလုပ်ဘဲ စလိုက်သည်_ ''အနုပညာလုပ်ငန်းက ပုံမှန်ပါပဲ... အဲဒီအချိန်ကျရင် မှတ်တမ်းရှေ့မှာ 'ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားသောမှတ်တမ်းရုပ်ရှင်ကြော်ငြာ'လို့ထည့်မယ်လေ... ဒါဆိုပြဿနာမရှိတော့ဘူး''
''...''' နောက်ဆုံး ဆရာလင်းမှာ မတတ်သာပုံနှင့်သက်ပြင်းချ၍ စားသောက်ခန်းထဲပြန်လာရသည်။
ကြည့်ရတာ ဒီအခြေအနေကိုကယ်ဖို့မဖြစ်နိုင်တော့။
သူလည်းအရွယ်တော်တော်ရနေပြီ။ ဘာလို့နောင်တရမယ့်ဆေးမျိုးသောက်ချင်ရတာလဲ?
ချင်လင်ကပြုံးပြီး သူ့ရုံးခန်းထဲပြန်လာသည်။
ငါးပြတိုက်ကြောင့် ဒီနေ့ဂိမ်းထဲမှကိစ္စများမကိုင်တွယ်ရသေး။ အရင်ဆုံးပြန်ပြီး ဂိမ်းဆော့ရမည်။
ရုံးခန်းထဲပြန်ရောက်သောအခါ ချင်လင်ကချက်ချင်း သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်၍ ဂိမ်းဇာတ်ကောင်ကို ဒီနေ့လုပ်ငန်းဆောင်တာများလုပ်စေလိုက်သည်။ ဖြစ်ချင်တော့ ငါးမျှားတာက ဒီအတိုင်း၊ တောင်တန်းထွက်ကုန်ကအသစ်မပေါ်၊ ပြန်ထွက်သောသစ်ပင်များကလည်း သာမန်အပင်များဖြစ်နေသည်။
အံ့ဩစရာမရှိသော နောက်တစ်ရက်ဖြစ်မည်ထင်သည်။
သို့သော် ခုတ်ထားသောသစ်ပင်များကိုရောင်းရန် စိုက်ပျိုးမွေးမြူရေးခြံထဲပြန်ယူလာသောအခါ စနစ်မှအသိပေးသံ ရုတ်တရက်ထွက်လာသည်:
(ဇာတ်ကောင်အဆင့်တက်သွားပါပြီ။ လုပ်ငန်းအသစ်ပွင့်ပြီ!)
ရုတ်တရက်အသိပေးသံကြောင့် ချင်လင်ဝမ်းသာသွားသည်။
အကြောင်းမှာ စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ဂိမ်းတွင် အဆင့်တက်ပုံကရေရေရာရာမဟုတ်သောကြောင့်ပင်။ အတွေ့အကြုံဘားတောင်မရှိ။ အဆင့်တက်မတက်ဆိုသည်က ကစားသူများကြိုတင်ခန့်မှန်းမရပေ။
ထိုရုတ်တရက်အဆင့်တက်ခြင်းက တကယ်ထင်မှတ်မထားသောအံ့ဩစရာပင်။
ချင်လင်က ဂိမ်းဖန်သားပြင်အချက်အလက်ကို မြန်မြန်ကြည့်လိုက်သည်။
ဖွံ့ဖြိုးနိုင်သောအဆင့် ၁ မြေကွက်နှင့် အဆင့်မြှင့်နိုင်သောအဆင့် ၂ မြေကွက်အပြင် အဆင့် ၃ ကိုလည်းနောက်တစ်ဆင့်မြှင့်နိုင်သည်။ နောက်ပြီး ဒီတစ်ကြိမ်တွင် အဆင့် ၄ သို့မြှင့်တင်နိုင်၏။
လယ်ကွက် သို့မဟုတ် မွေးမြူရေးခြံမှာ လှုပ်ရှားမှုမရှိပေ။
ထင်ထားသည့်အတိုင်း နောက်ထပ်ဆေးဥယျာဉ်လုပ်ငန်းပွင့်လာသည်။ ထိုဆေးဥယျာဉ်ပြုပြင်ခြင်းမှာ အဆင့် ၃ မြေဖြစ်ဖို့လိုသည်။
ချင်လင်က လက်မနှေး။ အရင်ဆုံး ဂိမ်းဇာတ်ကောင်ကို အဆင့် ၂ မမြှင့်တင်ခင် ဖွံ့ဖြိုးနိုင်သောအဆင့် ၁ မြေကွက်များအားလုံးဖွံ့ဖြိုးအောင်လုပ်လိုက်သည်။
အဆင့် ၁ နှင့် ၂ မြေမှသီးနှံများကို ဂိမ်းထဲမှလက်တွေ့ဘဝသို့ရွှေ့ရန်မလိုတော့သော်လည်း ထိုမြေများမှာ ဂိမ်းရွှေပြားရမည့်ပင်ရင်းဖြစ်လာနိုင်သည်။
ထို့နောက် ဂိမ်းဇာတ်ကောင်အား အဆင့် ၃ မြေကိုမြှင့်စေလိုက်သည်။ သို့သော် အဆင့် ၃ မြေသုံးရန်လိုသောဆေးဥယျာဉ်ဖွံ့ဖြိုးမှုမှာ အဆင့် ၃ မြေကွက်အရေအတွက် လုံးဝမတိုးလာသည်နှင့်တူနေသည်။
သူကလောလောလတ်လတ်အဆင့်မြှင့်ထားသော အဆင့် ၃ မြေကွက်ကို ဆေးဥယျာဉ်အဖြစ်ပြုပြင်ပြောင်းလဲရန် ချက်ချင်းရွေးချယ်လိုက်သည်။
စနစ်အသိပေးစာချက်ချင်းပေါ်လာသည်:
(ဆေးဥယျာဉ်အဖြစ်ပြောင်းလဲလိုပါသလား?)
ချင်လင်က ပြောင်းမည်ကိုတန်းရွေးလိုက်သည်။ ထို့နောက် အဆင့် ၃ မြေကွက်လန်သွား၏။ တခဏချင်း အဆင့် ၃ မြေကွက်မှာ အဆင့် ၁ ဆေးဥယျာဉ်ဖြစ်သွားသည်။
အဆင့် ၁ ဆေးဥယျာဉ်ကိုကြည့်ရင်း လီခိုင်ပျိုးထောင်ချင်သော ဒိုတာစီမြက်ရင်းကိုသူသတိရသည်။
လီခိုင်ပျိုးထောင်တာမအောင်မြင်ရင် ဒီဆေးဥယျာဉ်ကိုစမ်းသုံးကြည့်မည်။
လက်ရှိဂိမ်းရွှေပြားအလုံအလောက်ရှိနေပြီဖြစ်၍ ချင်လင်က ဂိမ်းရွှေပြားသုံးကာ နောက်ဆုံးအဆင့် ၄ မြေကွက်မြှင့်တင်လိုက်သည်။
အားလုံးလုပ်ပြီးနောက် ချက်ချင်းဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်မျိုးစေ့ဆိုင်သွားစေလိုက်သည်။
အဆင့် ၄ မြေကွက်နှင့်ဆေးဥယျာဉ်မှာ အံ့ဩစရာများရှိမလား သူကြည့်ချင်သည်။
သူကမျိုးစေ့ဆိုင်ထဲဝင်၍ NPC ကိုနှိပ်လိုက်သည်။
လယ်ကွက်သီးနှံမျိုးစေ့အပြင် ဆေးဥယျာဉ်မျိုးစေ့ရွေးချယ်စရာထပ်ပေါ်လာ၏။
အဆင့် ၁ ဆေးဥယျာဉ်မျိုးစေ့ကိုကြည့်ရန်နှိပ်လိုက်ရာ စာရင်းပေါ်လာသည်: ပူဒီနာ၊ ပျားရည်စုပ်ပန်း...


ဂိမ်းမျိုးစေ့ဆိုင်တွင်ရောင်းချသော အဆင့် ၁ ဆေးဥယျာဉ်မျိုးစေ့များစွာရှိသော်လည်း ဒိုနာစီမြက်ရင်းမျိုးစေ့မရှိ။ ဂိမ်းစီစဉ်သူမှာ လုပ်နိုင်စွမ်းအကန့်အသတ်ရှိသောကြောင့်ဖြစ်ရမည်။ ဘာပဲဖြစ်ဖြစ် ဂိမ်းထဲမှာမျိုးစေ့အားလုံးရဖို့မဖြစ်နိုင်။ ဒီလိုသာဆိုရင် ဒီမျိုးစေ့စာရင်းနှင့်တင် ဂိမ်းကုမ္ပဏီသေလိမ့်မည်။
သို့ရာတွင် သူလည်းဇဝေဇဝါ။ ဒိုနာစီမြက်ရင်းကို အဆင့် ၁ ဆေးဥယျာဉ်မှာစိုက်နိုင်တယ်လို့ စနစ်ကဘာလို့ဆုံးဖြတ်တာလဲ?
ဘာပဲဖြစ်ဖြစ် ဒီအဆင့် ၁ ဆေးဥယျာဉ်မျိုးစေ့တွေက အရမ်းရိုးပြီးတွေ့မြင်နေကျမျိုးစေ့တွေ။ ဒိုနာစီမြက်ရင်းမျိုးစေ့ကမူ လက်တွေ့ဘဝမှာ အလွန်စိုက်ရခက်၊ပျိုးရခက်သောမျိုးစေ့ဖြစ်သည်။
အရင်သူ့အတွေ့အကြုံအရ ဂိမ်းထဲမှအဆင့်အမျိုးမျိုးရှိသောမျိုးစေ့တန်ဖိုးမှာ လက်တွေ့ဘဝမျိုးစေ့တန်ဖိုးနှင့်ဆက်စပ်နေသည်။ မျိုးစေ့အဆင့်မြင့်လေလေ လက်တွေ့ဘဝတွင်တန်ဖိုးမြင့်လေလေပင်။
ဒီဒိုနာစီမြက်ရင်းမျိုးစေ့က ပျိုးထောင်ရလွယ်တာမျိုးဖြစ်နိုင်လား?
ဒါမှမဟုတ် ဒိုနာစီမြက်ရင်းက နိုင်ငံထဲမှာပဲစိုက်ရခက်တာလား? တချို့နေရာတွေမှာစိုက်ရလွယ်ပြီး နေရာမှန်မတွေ့လို့ပဲလား?
ဒါမှမဟုတ် အရင်ပျိုးထောင်တဲ့နည်းကမှားလို့၊ စိုက်နည်းမမှန်လို့လား?
ချင်လင်မတွေးတတ်၍ မတွေးတော့။ ဘာပဲဖြစ်ဖြစ် သူ့မှာစနစ်ရှိသည်။ ဒီတော့ ဒါကိုနားလည်လည်းအပိုပင်။
ထို့နောက် အဆင့် ၄ မြေကွက်တွင်စိုက်နိုင်သော မျိုးစေ့များကိုကြည့်လိုက်သည်။
အဆင့် ၄ မြေကွက်မျိုးစေ့လည်း အများကြီးရှိသည်။ နောက်ပြီး လက်တွေ့ဘဝတွင် ဒီမျိုးစေ့များ၏တန်ဖိုးက အဆင့် ၃ မြေထက်နည်းနည်းပိုမြင့်သည်။
သို့သော် စာရင်းအဆုံးထိဆွဲကြည့်လိုက်သောအခါ အံ့ဩစရာထွက်လာ၏။
ကြယ်ပွင့်နှင့်မျိုးစေ့ကို ချင်လင်တွေ့လိုက်ရသည်။
မျိုးစေ့က ဆန်းကြယ်သောရတနာကိုကိုယ်စားပြုပြီး အလွန်ရှားပါးသည်။ ဆိုင်ထဲတွင်ကျပန်းပေါ်လာပြီး သူ့အရည်အသွေးသတ်မှတ်မထား။ ပုံမှန်မျိုးစေ့စာရင်းဝင်မဟုတ်ချေ။ (အခန်း ၃၂)
အရည်အသွေး ၂ အစေ့လွတ်ဖရဲမျိုးစေ့နှင့် အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်မျိုးကဲ့သို့ပင်။
(အလှအပသခွားမျိုးစေ့: အရည်အသွေး ၂)
(အထူးသခွားမျိုးစေ့ဖြစ်သည်။ လူပုလေးများအကြား အချိန်ယူသုတေသနပြုထားပြီး သီးနှံကျွမ်းကျင်သူမှအကောင်းဆုံးရှာဖွေတွေ့ရှိထားသည့်အရည်အသွေးမြင့်သခွားမျိုးဖြစ်သည်။ သခွားသီး၏အလှအပအာနိသင်ကိုတိုးမြှင့်ထားသည်။ စနစ်၏အထူးပြုချက်အရ စိုက်ပျိုးချိန်ကန့်သတ်ချက်မရှိ။ စိုက်ပျိုးရန်လိုအပ်ချက်များ: အဆင့် ၄ မြေကွက်)
သခွားမျိုးဆိုသော်လည်း သခွားမျိုးသက်သက်တော့မဟုတ်။
သခွားသီးတွင် အလှအပအရည်အသွေးရှိတာ အားလုံးအသိပင်။ တချို့သခွားသီးများမှာ မျက်နှာကပ်ခွာထက်ပိုထိရောက်သည်။
လတ်လတ်ဆတ်ဆတ်သခွားသီးများ၏သခွားသီးအင်ဇိုင်းတွင် ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုကိုထိရောက်စွာတိုးမြှင့်ပေးနိုင်သော၊ သွေးလှည့်ပတ်မှုကောင်းစေသော အလွန်အားကောင်းသည့်ဇီဝအင်ဇိုင်းများနှင့်တခြားပစ္စည်းများပါပြီး အသားအရည်ကိုစိုပြေစေသည်။ တချို့အမျိုးသမီးများ သူတို့မျက်နှာပေါ်သခွားသီးတိုက်ရိုက်ကပ်ခြင်းမှာ အဓိပ္ပါယ်ရှိသည်။
ဒီတစ်ခေါက်ပေါ်လာသော အထူးအလှအပသခွားမျိုးမှာ အလှအပရေးရာအတွက်အားကောင်းသည်။ ဒီသခွားမျိုးကိုစားဖို့မသုံးဟုဆိုနိုင်၏။ မျက်နှာကပ်ရန်သီးသန့်အသုံးပြုကြသည်။
သို့သော် ဒီအလှအပသခွားမျိုးစိုက်ရန် အဆင့် ၄ မြေကွက်လိုအပ်သည်။ အဆင့် ၄ မြေမှယူပြီး အပြင်မှာစိုက်ပျိုးလျှင် ဖရဲသီးကဲ့သို့ အရည်အသွေးကျဆင်းသွားမည့်ပုံရှိသည်။
သို့ရာတွင် အလှအပအာနိသင်ရှိသည်ဟုအတည်ပြုနိုင်သရွေ့ အရည်အသွေးကျဆင်းရင်တောင် အမျိုးသမီးများကအပြေးအလွှားဝယ်ကြလိမ့်ဦးမည်။
အမျိုးသမီးတွေဂရုအစိုက်ဆုံးက ဘာဖြစ်မလဲ?
သူတို့မျက်နှာပဲမလား?
အလှအပမှာ ပိုက်ဆံဝင်ဖို့အလွယ်ဆုံးနည်းလည်းဖြစ်သည်။
စနစ်က ချမ်းသာခြင်း၏သော့ချက်ကိုချုပ်ကိုင်စေချင်သည်ဟု ချင်လင်ခံစားရသည်။
အရင်ဘဲဥမှာ ဒီလိုအာနိသင်မျိုးရှိသည်။ အခုသခွားသီးတောင် အလှအပအတွက်တဲ့။ နောက်ပြီး အလှအပဥက အနည်းနှင့်အများကန့်သတ်ချက်တချို့ရှိသည်။ ဒီအလှအပသခွားသီးကို လက်တွေ့ဘဝတွင် သေချာပေါက်ကျယ်ကျယ်ပြန့်ပြန့်တိုးမြှင့်နိုင်လိမ့်မည်။
နောင်တွင် အမျိုးသမီးများ၏မီးဖိုချောင်ထဲ၌ မရှိမဖြစ်ဟင်းတစ်ခွက်တောင်ဖြစ်လာနိုင်သည်။
ဘာပဲဖြစ်ဖြစ် ဒါကိုအလှအပအတွက်သာမက အမျိုးသမီးများအတွက်လည်း အသုံးတည့်သည်။
ချင်လင်ကဂိမ်းဇာတ်ကောင်အား အလှအပသခွားမျိုးကိုတန်းဝယ်စေပြီး အဆင့် ၄ မြေကွက်တွင်စိုက်ရန် စိုက်ပျိုးမွေးမြူရေးခြံပြန်စေသည်။
သခွားသီးစိုက်ပျိုးချိန်က သိပ်မကြာ၊ နှစ်လခန့်သာ။ ဂိမ်းအချိန်အချိုးအစားအရ နေ့လယ်ပိုင်းတွင်ရလိမ့်မည်။
နေ့လယ်တွင် အလှအပသခွားသီးစိုက်ပျိုးအောင်မြင်ပြီဖြစ်ကြောင်း ဂိမ်းမှအမှန်ပင်အသိပေးလာသည်။
ချင်လင်က ဂိမ်းဇာတ်ကောင်ကို အဆင့် ၄ မြေကွက်မှအလှအပသခွားသီးခူးစေပြီး သိုလှောင်ခန်းထဲထည့်လိုက်သည်။ ထို့နောက် တံခါးလော့ချလိုက်၏။
ပြီးလျှင် ဂိမ်းထဲချက်ချင်းဝင်လိုက်ရာ သိုလှောင်ခန်းထဲတွင် အလှအပသခွားသီးတင်ထားသောစားပွဲကိုတွေ့လိုက်ရသည်။
တစ်ချက်ကြည့်ရုံနှင့် များများစားစားသိပ်မရှိ။ နောက်ပြီး သခွားသီးများ၏အရွယ်အစားက သိပ်မကြီးပေ။ အခွံကစိမ်းမနေဘဲ နည်းနည်းညိုဝါရောင်သမ်းနေသည်။ သာမန်သခွားသီးများလောက် မကြီးချေ။ ပိုပါးပိုရှည်ပြီး အချင်း ၅ စင်တီမီတာခန့်ရှိသည်။
ဘာမှန်းမသိ၊ တစ်ခုခုတော့မှားနေပြီ။
ထိုအလှအပသခွားသီးများရှေ့တွင် စာထောင်ထားသည်:
(အလှအပသခွားမျိုးစေ့: အရည်အသွေး ၂ - ၇၅ လုံး)
(အထူးသခွားမျိုးစေ့ဖြစ်သည်။ လူပုလေးများအကြား အချိန်ယူသုတေသနပြုထားပြီး သီးနှံကျွမ်းကျင်သူမှအကောင်းဆုံးရှာဖွေတွေ့ရှိထားသောထွက်ကုန်ဖြစ်သည်။ အမျိုးသမီးများအတွက် မင်္ဂလာတစ်ပါးဖြစ်သည်:
အသားအရေဖြူဖွေးစေခြင်း +၂၊ အသားအရည်စိုပြေစေခြင်း +၂!၊ အရသာ -၂၊ သီးသန့်မထင်မရှားအာနိသင် +၁)