← Chapters

ဒီသခွားသီးစားချင်တာသေချာလား? အထူးရွှေ့ပြောင်းလုပ်ဆောင်! ၂

Vol. 27 Ch. 398

ဒီသခွားသီးစားချင်တာသေချာလား? အထူးရွှေ့ပြောင်းလုပ်ဆောင်! ၂

Vol. 27 Ch. 398

ခဏအကြာ ချင်လင်မှာ အလှအပသခွားမျိုးစေ့တချို့နှင့်ရုံးခန်းထဲပေါ်လာသည်။

ခွေးက အခုထိပြန်ကောင်းပုံမရသေး။ နည်းနည်းပျို့ပျို့နေသည်။ ကြည့်ရတာ အရသာ -၂၊ စားကောင်းခြင်း -၂ အာနိသင်က အလွန်အားကောင်းလိမ့်မည်။

ချင်လင်ကခွေးကိုလျစ်လျူရှုပြီး သူကန်ထုတ်ထားသောအလှအပသခွားသီးကို အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။ ထို့နောက် တံခါးဖွင့်၍ မူလခန်းမ၏အနောက်ဘက်ခြံဝင်းထဲသွားကာ အလှအပသခွားမျိုးကိုမြေကွက်ထဲစိုက်ရန်ပြင်လိုက်သည်။

သို့ရာတွင် သူရုံးခန်းထဲမှထွက်ထွက်ချင်း သခွားသီးတစ်မျိုးတည်းစိုက်ရုံနှင့်မလုံလောက်ဟုခံစားရ၏။ နည်းနည်းပါးပါးပုံဖျက်ဖို့လိုသေးသည်။ ထို့ကြောင့် ချင်လင်ကစံအိမ်မှထွက်၍ စီရင်စုမျိုးစေ့ဆိုင်တွင် မျိုးစေ့ ၁၀ မျိုးထပ်ဝယ်ပြီး စံအိမ်ပြန်လာကာ မူလခန်းမဆီရောက်လာသည်။

ခြံဝင်းထဲဝင်ဝင်ချင်း လီခိုင်ကသူတူးထုတ်ထားသောမြေပေါ်မှမြေကြီးများကိုမွှေနှောက်နေသည်ကိုတွေ့ရသည်။ သူကမျိုးစေ့များကိုကောက်ယူပြီး လွှင့်ပစ်လိုက်၏။

ချင်လင်ကမြင်လျှင် မေးလိုက်သည်_

''အစ်ကိုလီ... မအောင်မြင်ဘူးလား?''

''အင်း!'' လီခိုင်ကသက်ပြင်းချပြီး ခေါင်းညိမ့်လိုက်သည်။

''မျိုးစေ့အပင်ပေါက်ရမယ့်အလွန်ဆုံးအချိန်ကိုကျော်နေပြီ... ပြီးတော့ တချို့မျိုးစေ့တွေကစပုပ်နေပြီ... ငါအရမ်းတုံးတယ်... ရှားပါးအထူးမြေကြီးက မျိုးစိတ်တိုးတက်စေတဲ့ဓာတ်တွေပါပေမဲ့ မျိုးစိတ်ပြောင်းလဲတာတွေလည်းဖြစ်နိုင်တာပဲ''

''အခု မြေကြီးပြောင်းစိုက်ရမယ်... ရှန်းရွှေလက်ဆောင်ဆန်လိုခက်ခဲတာတောင် ပျိုးထောင်နိုင်သေးတာပဲ... ဒီဆေးပင်ကိုအောင်အောင်မြင်မြင်ပျိုးထောင်နိုင်မယ်ဆိုတာ ငါယုံတယ်''

ချင်လင်ခေါင်းညိမ့်လိုက်သည်။ ဒါသူထင်ထားတဲ့အတိုင်းပင်။ အာရုံကြောတွေကိုပြန်ပြင်ပေးတဲ့၊ အားကောင်းစေတဲ့ဆေးပင်က ပျိုးထောင်ရအရမ်းလွယ်တယ်ဆိုရင် လက်ရှိ SMA ကုထုံးဆေးဝါးက နိုင်ငံရပ်ခြားအထောက်အကူပြုဆေးဝါးဖြစ်နေမှာမဟုတ်။ အစောကြီးကတည်းက သာမန်ဆေးဝါးဖြစ်လောက်ပြီ။ ယွမ် ၇၀၀၀၀၀ ထိကုန်ကျဖို့မဖြစ်နိုင်။

မတတ်သာအောင်ခက်ခဲသောကြောင့်ပင်။





အခုကြည့်ရတာ အထူးမြေကြီးအရည်အသွေးကြောင့် ထိတွေ့နိုင်ဖို့အခွင့်အရေးရှိလိမ့်မည်။

သူကဆေးဥယျာဉ်ကိုစဉ်းစားမိသည်။ သူအရင်ကတွေးထားသည့်အတိုင်းကြိုးစားကြည့်ရမည်။ ဒါပေမဲ့ လီခိုင်အပေါ်ဘယ်လိုပုံချရမလဲက ပြဿနာ။ သူလှုပ်ရှားချိန်ရဖို့က လူလစ်ဖို့လိုသည်။

လီခိုင်အလုပ်ရှုပ်နေသောကြောင့် သူလည်းသူ့ဘေးမှပေါက်ပြားလေးယူပြီး မြေကွက်ထဲဝင်လိုက်သည်။ အရင်ဆုံး မျိုးစေ့ ၁၀ မျိုးကျော်နှင့်အလှအပသခွားမျိုးကို မြေကွက်နားတွင်စိုက်မည်။

လီခိုင်ကသူ့ကိုကြည့်လိုက်ပြီး သိပ်တွေးတောမနေ။

ဘာပဲဖြစ်ဖြစ် ဒီအထူးမြေကြီးရဲ့အာနိသင်ကိုသိနေမှတော့ ညီလေးချင်မျိုးစေ့တွေထပ်စမ်းချင်တာသဘာဝပင်။ ဖရဲမျိုးအသစ်နဲ့ထိပ်တိုက်တွေ့မယ့်မျိုးစေ့ရှိခဲ့ရင် နောက်ထပ်ပြောင်းလဲမယ့်မျိုးစိတ်အသစ်ရှိလာလိမ့်မည်။

ချင်လင်ကစိတ်ရှည်လက်ရှည်နှင့် မြေကွက်ကိုအပိုင်းပိုင်းခွဲပြီး အပင်ကြီးလာရင် တစ်ခုနဲ့တစ်ခုသက်ရောက်မှုမရှိစေရန် မျိုးစေ့ ၁၀ မျိုးကျော်ကိုသီးခြားစီစိုက်လိုက်သည်။ အဓိကက ဒီမျိုးစေ့တွေ အလှအပသခွားမျိုးကိုသက်ရောက်မှုကိုမရှိစေဖို့ကာကွယ်ခြင်းပင်။

လီခိုင်ကဒိုနာစီမြက်ရင်းမျိုးစေ့စိုက်ပြီးနောက် ရေလောင်း၍ ချင်လင်စိုက်ထားသောမျိုးစေ့များကိုရေကူလောင်းပေးလိုက်သည်။

နောက်နှစ်ရက်တွင် ချင်လင်ကမူလခန်းမအနောက်ဘက်ခြံဝင်းသွား၍ နေ့တိုင်းရေလောင်း၊ စစ်ဆေးကြည့်သည်။ ဒိုနာစီမြက်ရင်းစိုက်ထားသောမြေကို လီခိုင်ဂရုစိုက်နေသည်ကိုတွေ့ရတတ်သည်။ သူအလွန်ဂရုစိုက်ပုံမှာ အရင်ကဖရဲသီးတွင်အပူချိန်နိမ့်မျိုးစိတ်စမ်းသပ်သည့်အတိုင်းပင်။

သူ့အပူချိန်နိမ့်မျိုးစိတ်စမ်းသပ်မှုကိုသတိမှရသေးရဲ့လားဟု သူတွေးမိသည်။

တတိယမြောက်နေ့တွင်_

ချင်လင်ကအပင်ရေလောင်းရန် မြေကွက်ထဲသွားသော်လည်း လီခိုင်ကိုမမြင်။ သူဇဝေဇဝါဖြစ်နေရုံရှိသေး ရုတ်တရက်အမောတကောပြေးလာကာ_

''ညီလေးချင်... ဒီဒိုနာစီမြက်ရင်းတွေကို တစ်ရက်လောက်ဂရုစိုက်ပေးပါဦး... ဒီအပင်တွေအတွက် အထူးဆေးတစ်မျိုးငါပြင်ထားတယ်... အပြင်ကတန်းအောက်မှာ... မနက်ဖြန်လောင်းပေးဖို့မမေ့နဲ့နော်''

ချင်လင်က ဇဝေဇဝါနှင့်မေးလိုက်၏_

''အစ်ကိုလီ... အပြင်သွားစရာရှိလို့လား?''

လီခိုင်ကမြန်မြန်ခေါင်းညိမ့်ပြီး_

''ရှိုးဝမ်ရဲ့သမီးကို ကျောရိုးမဖောက်တဲ့စမ်းသပ်မှုလုပ်ပြီးရင် ပထမဆုံးအနာကျက်ဆေးထိုးမယ်... မြို့ထဲက ပထမဆေးရုံကိုအဖော်လိုက်ပေးချင်လို့''





''ကျွန်တော့်တာဝန်ထားလိုက်'' ချင်လင်ကသဘောပေါက်ပြီး ခေါင်းညိမ့်လိုက်သည်။

လီရှင်းပြောတဲ့အတိုင်း သူ့ဦးလေးကကပ်ဖားရပ်ဖားဖြစ်ဖို့များသည်။ ဒါတကယ့်ကိစ္စ။

ဒါပေမဲ့ ကပ်ဖားရပ်ဖားအောင်မြင်ရင် ကပ်ဖားရပ်ဖားမဟုတ်တော့ဘဲ သမန်းဝံပုလွေဖြစ်ပြီး ဒေါက်တာထန်ကိုဒူးထောက်ခစားစေနိုင်ပြီ။

အစ်ကိုလီလက်ဗလာနဲ့အဆုံးမသတ်ဖို့သာ မျှော်လင့်မိသည်။

လီခိုင်ကတစ်ရက်နားတယ်ဆိုတော့ ဒါသူ့ကိုစမ်းသပ်ဖို့အခွင့်အရေးပေးလိုက်တာပဲမလား?

''ညီလေးချင်... ဒုက္ခပေးရတာ အားနာတယ်ကွာ... ငါသွားနှင့်တော့မယ်''

လီခိုင်က ခပ်သုတ်သုတ်ထွက်သွားသည်။ ဒီမျိုးစေ့ကိုညီလေးချင်လက်ထဲအပ်ခဲ့ရတာ အလွန်စိတ်သက်သာရာရသည်။

ညီလေးချင်ကစိတ်ချရသည်။ သူ့တူလိုမဟုတ်။

အနောက်ဘက်ခြံဝင်းထဲ၌_

လီခိုင်စံအိမ်ကထွက်သွားမှန်းသေချာသည်နှင့် ချင်လင်ကသူ့ဘေးမှပေါက်ပြားလေးကိုင်ပြီး လီခိုင်စိုက်ထားသောမျိုးစေ့ကိုတူးထုတ်လိုက်သည်။

ဒါကိုကောင်းကောင်းဂရုစိုက်ဖို့မဖြစ်နိုင်။

စမ်းသပ်မှုလုပ်ကြည့်ရမည်။

သိပ်မသိသာစေရန် ချင်လင်ကအများကြီးမတူး။ ကျပန်းအဆက်နေရာတချို့သာ တူးလိုက်သည်။ အချိန်တန်ရင် ဒီမျိုးစေ့တွေကို ကျပန်းအပင်ပေါက်သလို ဂိမ်းထဲကမျိုးစေ့နဲ့အစားထိုးမည်။

တူးပြီးသလောက်ဖြစ်လျှင် ချင်လင်ကတူးယူထားသောမျိုးစေ့များနှင့် ရုံးခန်းထဲပြန်လာခဲ့သည်။ ထို့နောက် တံခါးလော့ချပြီး ဂိမ်းထဲဝင်လိုက်၏။

ဂိမ်းသေတ္တာထဲမျိုးစေ့များထည့်ပြီးလျှင် ဂိမ်းထဲမှထွက်၍ သူ့ရုံးခန်းထဲပြန်ရောက်လာသည်။

ချင်လင်က ဂိမ်းဇာတ်ကောင်အား ဂိမ်းကျောပိုးအိတ်လိုသေတ္တာထဲမှ မျိုးစေ့များထုတ်စေသည်။

အချိန်ထိန်းချုပ်ရဦးမည်ဖြစ်၍ ဆေးဥယျာဉ်မှာမျိုးစေ့စိုက်ဖို့အလျင်မလိုသေး။ သဘာဝကျကျဖြစ်ဖို့ ရွှေ့မစိုက်ခင် ဒိုနာစီမြက်ရင်းမျိုးစေ့ကိုအပင်ဖြစ်တဲ့အထိစောင့်လို့မဖြစ်ဘူးမလား?

အဲလိုသာဆိုရင် လီခိုင်လိုအရူးတောင် ပုံမှန်မဟုတ်မှန်းသိသွားလိမ့်မည်။





All Chapters