အံ့ဩသွားသောလီခိုင်! ပါမောက္ခရန်: ရှောင်လီဉာဏ်ကြီးရှင်မဟုတ်ရင်!
Vol. 27 Ch. 400
လီခိုင်မှာခဲ့တာ ချင်လင်မမေ့။ ခန်းမထဲကကောင်တာသွားပြီး အနံ့ပြင်းသောဆေးရည်ဘူးကိုထုတ်လိုက်သည်။
ဒါလီခိုင်ပေးခဲ့သောဆေးရည်ပင်။
အားလုံးပြီးလျှင် သူလည်းထိုဆေးရည်နှင့်မျိုးစေ့များကိုလောင်းလိုက်သည်။ ထို့နောက် ပြုပြင်ထားသောမြေကွက်ထဲရှိအလှအပသခွားမျိုးစေ့များကိုရေလောင်းလိုက်၏။
ပြီးနောက် ချင်လင်ကသူ့ရုံးခန်းထဲပြန်လာပြီး ခါတိုင်းလို သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ ငါးမျှားသည်။ သစ်ပင်ခုတ်သည်။
အရည်အသွေး ၂ များကိုဂိမ်းထဲတွင်ဆက်ထားပြီး အရည်အသွေး ၁ ကိုအချိန်ယူ၍ ဂိမ်းထဲကထုတ်ရမည်။
အခန်းတွင်းသုံးသောနံ့သာဖြူနံ့သာအပြင် သုံးလေးကြိမ်ပေါ်ခဲ့သောနံ့သာဖြူကိုလည်း အများကြီးလုပ်ထားသည်။
စံအိမ်ထဲတွင် နံ့သာဖြူနံ့သာဘူး ၇၀၀ ကျော်လည်းရှိသေးသည်။ အချိန်တော်တော်ကြာဆက်သုံးနိုင်၏။
တောင်တန်းထွက်ကုန်များက ဒီနေ့မထွက်ပေ။
လုပ်နေကျတာဝန်များပြီးမြောက်အောင် ချင်လင်ကဂိမ်းဇာတ်ကောင်အား နွေဦးသတ္တုတွင်းဆီသွားစေလိုက်သည်။ အဆင့်ထပ်တက်ပြီးနောက် နွေဦးသတ္တုတွင်းပဉ္စမအလွှာပွင့်လောက်ပြီ။
သေချာသလောက်ပင်။ သတ္တုတွင်းရောက်သောအခါ ဆဋ္ဌမအလွှာဝင်ပေါက်တွင် အတားအဆီးမရှိပေ။
ဂိမ်းဇာတ်ကောင်ကိုဆဋ္ဌမအလွှာထဲဝင်စေပြီး ချင်လင်က သူ့ကျောပိုးအိတ်ထဲမှကိရိယာများထုတ်ကာ စတူးစေသည်။ မကြာမီ စနစ်၏အချက်ပေးသံထွက်လာသည်:
(အထူးမြေကြီးတူးဖော်ရသည့်အတွက် ဂုဏ်ပါတယ်!)
ဒီနေ့ကံကောင်းနေပုံရ၏။ သူ့ကျောပိုးအိတ်ထဲတွင် နောက်ထပ်မီးခိုးရောင်မြေကြီးအိတ်နှင့်အမှတ်အသားတစ်ခုပေါ်လာသည်။
အရင်အထူးမြေကြီးနှင့် အတူတူပင်။
သူဆက်တူးသည်။
ခြောက်လွှာတစ်ခုလုံးတူးပြီးသောအခါ နောက်ထပ်အထူးမြေကြီးနှစ်အိတ်နှင့် ကျောက်မျက် ၆ ခုရလိုက်သည်။
ခြောက်လွှာတူးရတာမဆိုး။
ထို့နောက် ဂိမ်းဇာတ်ကောင်ကိုခုနစ်လွှာထဲဝင်ပြီး ဆက်တူးစေသည်။ ခုနစ်လွှာတူးပြီးသောအခါ ကျောက်မျက်သတ္တုလေးငါးခုနှင့် အထူးမြေကြီးအိတ်တချို့လည်းရလိုက်သည်။
ဂိမ်းဇာတ်ကောင်ကိုရှစ်လွှာထဲဝင်ခိုင်းမည်အပြု ကျောက်မိုချင်းဖုန်းဝင်လာ၏။ သူဌေးအနေနဲ့ သူလက်မှတ်ထိုးရမယ့်စာဖိုင်တစ်ခုရှိနေသည်တဲ့။
ချင်လင်ကထပြီး ရုံးခန်းထဲမှထွက်လိုက်သည်။
...
တစ်ဖက်တွင်_
မင်မြို့တော်ပထမအာရုံကြောဆေးရုံတွင် လီခိုင်က ခွဲစိတ်ခန်းအပြင်၌ ထန်ရှိုးဝမ်နှင့်စောင့်နေသည်။
အထဲတွင်ကလေးမှာ ကျောရိုးကိုအနည်းအကျဉ်းထိုးဖောက်စစ်ဆေးပြီး ပထမဆေးထိုးနေပြီဖြစ်သည်။
ထန်ရှိုးဝမ်မှာမျက်တွင်းဟောက်ပက်နှင့် သူမ၏သိမ်မွေ့သောမျက်နှာတွင် စိုးရိမ်မှုကအတိုင်းသား။
သူမကလေးနေမကောင်းပုံကိုစဉ်းစားမိလျှင် ပိုပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည်။
လီခိုင်က ခုံပေါ်လက်တင်ပြီး သူ့ဂျူနီယာညီမကိုကြည့်နေသည်။ သူ့လက်များက ဂနာမငြိမ်ဘဲ သူမကိုဖက်ပြီး နှစ်သိမ့်ချင်နေသည်။
သို့သော် လက်လှမ်းပြီးပြီးချင်း ချက်ချင်းပြန်ရုတ်၍ စကားနှင့်သာနှစ်သိမ့်လိုက်၏_
''ရှိုးဝမ်... နည်းနည်းပါးပါးထိုးဖောက်စစ်ဆေးတာက ဘာမှမဖြစ်ပါဘူး... ဆေးထိုးပြီးတာနဲ့ ကောင်းသွားလိမ့်မယ်''
''အင်း!'' ထန်ရှိုးဝမ်က အမှတ်တမဲ့ခေါင်းညိမ့်လိုက်သည်။
ထိုမြင်ကွင်းကို အသက် ၅၀ ကျော်အမျိုးသမီးကြီးတစ်ဦးကကြည့်နေသည်။
ထန်ရှိုးဝမ်၏အမေပင်။ ထန်ရှိုးဝမ်ကအလုပ်လုပ်ပြီးပိုက်ဆံရှာရင် သူမကကလေးကိုဒိုင်ခံစောင့်ရှောက်ရသူဖြစ်သည်။
ဒီဂရုစိုက်ပေးနေတဲ့အမျိုးသားက ဘယ်သူလဲသူမသိ။ ဒါပေမဲ့ သူ့သမီးကိုဂရုစိုက်မှန်း သူပြောနိုင်သည်။ ပိုးပန်းနေကြောင်းသိဖို့ ဉာဏ်ကြီးရှင်ကိုအဖြေရှာခိုင်းစရာမလိုပါချေ။
သို့ရာတွင် သူ့မြေးမအခြေအနေကိုတွေးပြီး သက်ပြင်းချမိသည်။
ဒါအဆုံးမရှိသောချောက်ပင်။
သူ့သမီးက ယောက်ျားနဲ့ကွာရှင်းခဲ့သည်။ အိမ်ရောင်းလိုက်တာတောင် သူ့သမီးလေးငါးကြိမ်ဆေးထိုးဖို့မလောက်။ ဆေးထိုးပြီးတော့ တိုးတက်မလာရင်ရော?
သူ့သမီးရဲ့အခြေအနေကိုဘယ်သူမှလက်မခံနိုင်ပေမဲ့ လူကြီးမင်းလီကတိုးဝင်လာခဲ့သည်။
ခဏအကြာ_
ခွဲစိတ်ခန်းတံခါးပွင့်လာပြီး ထုံဆေးမပြယ်သေးသော ချစ်စရာကလေးမလေးကို တွန်းလှည်းနဲ့ထုတ်လာသည်။
ထန်ရှိုးဝမ်ကချက်ချင်းမတ်တပ်ရပ်၍ ဆရာဝန်ဆီလျှောက်သွားကာ_
''စီနီယာအစ်ကိုချူ... ကလေးအခြေအနေက?''
ဒေါက်တာချူကလည်း သူမအသိတစ်ယောက်ပင်။ သူမစီနီယာအစ်ကိုလီခိုင်လိုမဟုတ်ဘဲ ဆေးကျောင်းမှတကယ့်စီနီယာအစ်ကိုဖြစ်သည်။
''ပထမဆေးထိုးတာ အခြေအနေကောင်းပါတယ်... အသေးစိတ်က လေးလအတွင်း ဒုတိယဆေးထိုးချက်အပေါ်မူတည်တယ်... ကလေးနိုးရင် သူ့ကို ၂ နာရီစောင့်ကြည့်မယ်... ပြဿနာမရှိရင် အရင်ဆုံးပြန်ခေါ်သွားလို့ရပြီ... နောက်လေးလမှ ဒုတိယအကြိမ်ဆေးထိုးဖို့ပြန်လာရမယ်''
စီနီယာအစ်ကိုချူကရှင်းပြသည်။
တကယ်တော့ ဂျူနီယာညီမထန်ရဲ့အဖြစ်အပျက်ကြောင့် သူနည်းနည်းပူဆွေးမိသည်။
အရင်သဲတက္ကသိုလ်မှာတုန်းက ဒီဂျူနီယာညီမကိုလိုက်တဲ့သူအများကြီးရှိကြောင်း၊ အခြေအနေကောင်းနှင့်လူတွေမပြတ်ကြောင်း သိထားကြသည်။ ဒါပေမဲ့ ဒီဂျူနီယာညီမက အဆိုးဆုံးအခြေအနေကိုရွေးချယ်ခဲ့ပြီး အဆုံးသတ်တောင်မှားခဲ့သည်။ တကယ်နှမြောစရာ။
ကလေးကို လူနာဆောင်ထဲပြန်တွန်းလာသည်။ အထဲတွင် နောက်ထပ်နှစ်ကုတင်ရှိသေးသည်။ အထဲတွင်လှဲနေသောကလေးအားလုံးမှာ SMA ဝေဒနာရှင်များဖြစ်သည်။
ဘာပဲဖြစ်ဖြစ် မင်မြို့တော်ရဲ့နံပါတ်တစ်အာရုံကြောဆေးရုံအနေနဲ့ ဒီနေရာက တခြားမင်မြို့တော်မှဆေးရုံများထက်စာရင် SMA ကုသဖို့အများကြီးပိုကောင်းသည်။
လူနာဆောင်ထဲမှကလေးနှစ်ဦး၏မိသားစုဝင်များမှာ နည်းနည်းလေးလံပုံပေါက်နေသည်။ သူတို့မျက်လုံးထဲတွင် အားငယ်မှုတွေနှင့်။
''ရှောင်နန်အတွက် မျှော်လင့်ချက်ရှိရဲ့လား?''
ကလေးကိုပြုစုနေသောအမေတစ်ယောက်က ကြေကွဲနေပုံရ၏။ ကလေးအိပ်နေတုန်း တံခါးအပြင်ပြေးထွက်ပြီး တသိမ့်သိမ့်ရှိုက်နေသည်_
''စောစောကပဲမေးနေတာ... အမေ သမီးဘယ်တော့ပြန်ကောင်းမှာလဲတဲ့? ဒါပေမဲ့ ကျွန်မတို့ကအိမ်ရောင်းလိုက်ပြီးပြီ... ကျွန်မတို့တကယ် မတတ်နိုင်တော့ဘူး...''
''တကယ်ကြောက်မိတယ်... လွန်ခဲ့တဲ့လေးလက ဆေးထိုးဖို့လာတော့ တွေ့ခဲ့တဲ့ကလေးလေးက ဒီလောကကြီးထဲရောက်ရုံရှိသေးတယ်... အသက်က ၆ လ... ဒါပေမဲ့ သူ့ကိုလက်လျှော့ဖို့အကြုံပြုနေတယ်... ရှောင်နန်အလှည့်ကျရင် ဘယ်လိုလုပ်ရမလဲ...''
ဒီစိတ်ဓာတ်ကျနေတဲ့မိခင်ရဲ့အသံက ဘယ်လောက်ပဲတိုးတိုး ရှိုက်သံပါနေသည်။ တခြားမိသားစုရဲ့စိတ်ခံစားချက်က ထိခိုက်နေပုံရပြီး ပြိုလဲတော့မည့်အရိပ်အယောင်တွေနှင့်။
ကိုယ့်ဆီရောက်လာတဲ့ကလေးတစ်ယောက်ကို ရတနာလိုမဆက်ဆံတဲ့သူရှိမလား?
ကိုယ့်ကလေးကိုယ်တန်ဖိုးမထားတဲ့သူရောရှိမလား?