အံ့ဩသွားသောလီခိုင်! ပါမောက္ခရန်: ရှောင်လီဉာဏ်ကြီးရှင်မဟုတ်ရင်! ၂
Vol. 27 Ch. 401
ဒါပေမဲ့ အခုအေးစက်စက်အခြေအနေနဲ့သာ ရင်ဆိုင်နေရသည်။ အိမ်ရောင်း၊ ကားရောင်းပြီး စုဆောင်းထားတာတွေအကုန်သုံးလိုက်ရင်ရော?
လက်လျှော့ရမလား?
ဒါမှမဟုတ် ဘာမှမကျန်တော့တဲ့အထိ ဆက်ကုရမလား?
ဘာကိုရွေးချယ်ရမလဲ ဘယ်သူမှမသိ။
သူတို့မိဘတွေရဲ့သဘာဝက ရွေးချယ်ခွင့်မပေး။ ဒါပေမဲ့ မိဘတိုင်းက မချမ်းသာသလို ယွမ် ၇၀၀၀၀၀ တန်ဆေးထိုးဖို့လည်းမတတ်နိုင်။
စိတ်ပျက်စရာအခြေအနေရောက်ပြီဆိုတာနဲ့ သူတို့တတ်နိုင်တာမရှိတော့ချေ။
စိတ်ပျက်စရာဆိုတာထက် ဒီအချိန်မှာဘာလုပ်ရမလဲ ဘယ်သူသိမလဲ?
သူတို့ကလေးကိုဆေးလာထိုးတာ ဒါပထမဆုံးအကြိမ်မဟုတ်။ ကူကယ်ရာမဲ့နေသောမိဘများ၏နှလုံးပျက်မတတ်နာကျင်မှုကိုမြင်ခဲ့ဖူးသည်။ စကားမပြောတတ်သေးခင် ရောဂါကျွမ်းပြီးထွက်သွားရသော သူတို့ကလေးကိုလည်းမြင်ခဲ့ဖူးသည်။ သူတို့မိဘများ၏နာကျင်မှုကို လက်မှိုင်ချသာကြည့်နေခဲ့ရသည်။
ကလေးက နာကျင်မှုတွေနဲ့ထွက်မသွားခင်အထိ စိုက်ကြည့်ရင်း စိုက်ကြည့်နေရုံသာ...။
ထန်ရှိုးဝမ်မှာ သိသိသာသာစိတ်ထိခိုက်နေသည်။ သူမမျက်လုံးများကနီရဲပြီး သူမ၏လှပသောမျက်နှာကလေးမှာ ထိတ်လန့်မှုအပြည့်နှင့်။
နောက်ဆုံး လီခိုင်ကသတ္တိမွေးကာ ထန်ရှိုးဝမ်ကိုအသာဖက်ပြီး နှစ်သိမ့်လိုက်သည်_
''ရှိုးဝမ်... စိတ်မပူပါနဲ့... ကိုယ်သူ့ကိုဘာမှမဖြစ်စေရဘူး... ကိုယ့်ကိုယုံပါ''
ထိုအချိန်တွင် ဒိုနာစီမြက်ရင်းကိုပျိုးထောင်မှဖြစ်မည်ဟု သူပိုသေချာသွားသည်။
ထန်ရှိုးဝမ်အတွက်တင်မဟုတ်။ ဒီပြိုလဲနေတဲ့မိဘတွေကိုကြည့်ပြီး သူတကယ်စိတ်သောကရောက်သည်။
နိုင်ငံထဲမှာ ဒီလိုအခြေအနေနဲ့မိဘတွေဘယ်လောက်များရှိလဲ သူသိချင်မိသည်။
သူမတတ်နိုင်ရင် သူ့ကိုယ်သူပိုတွက်ထားမှာမဟုတ်။
ဒါပေမဲ့ ညီလေးချင်ရဲ့အထူးမြေကြီးနဲ့ဆို သေချာပေါက်ဖြစ်နိုင်သည်။
ထန်ရှိုးဝမ်မှာအားကိုးရာမဲ့နေ၍ လီခိုင်၏နှစ်သိမ့်မှုကြောင့် တစ်မျိုးတမည်ခံစားရသည်။


ထို့နောက် သူမကိုလီခိုင်ဖက်ထားမှန်း အသိဝင်လာသည်။ ဒီလိုအချိန်မျိုးမှာ နည်းနည်းနွေးထွေးသလိုခံစားရသော်လည်း သူမနဲ့စီနီယာအစ်ကိုလီအတွက် ဟိုလိုလိုဒီလိုလိုဖြစ်နေသည်။
နောက်ပြီး သူမကကွာရှင်းခါစ။ စီနီယာအစ်ကိုလီနဲ့ ဒီလိုရင်းရင်းနှီးနှီးနေတာမျိုးကို အသားမကျပေ။
သူမက စီနီယာအစ်ကိုလီလူချင်းခွာရန်အမှတ်တမဲ့ပြင်လိုက်သည်။
ထန်ရှိုးဝမ်၏လှုပ်ရှားမှုကို လီခိုင်ကခံစားမိသည်။ ဒီအချိန်မှာ လီခိုင်ငတုံးမဟုတ်။ သူကလက်မောင်းထဲအားပိုထည့်ပြီး တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်၏။
သူအရူးမဟုတ်ပါချေ။
ထန်ရှိုးဝမ်မအောင်မြင်။ သူမကအမှတ်တမဲ့ လီခိုင်ကိုကြည့်ပြီး နောက်ဆုံးအရှုံးပေးလိုက်သည်။
နောက်မကြာမီ ကလေးနိုးလာ၏။
ပထမဆေးထိုးတာ အခြေအနေကောင်းသည်။ ဆရာဝန် IV ညွှန်ကြားပြီးရင် ဆေးရုံဆင်းနိုင်ပြီ။ ဧပရယ်မှ ဒုတိယအကြိမ်ဆေးလာထိုးရမည်။
လောလောဆယ် SMA လိုရောဂါမျိုးကို အနာကျက်ဆေးသွင်းရုံကလွဲပြီး အခြားနည်းမရှိ။ နောက်ဆုံးအကြိမ်မတိုင်ခင်အထိ ဆေးရုံတက်လည်းမသုံးမဝင်။
ဆေးရုံဆင်းရန်ပြင်ဆင်ပြီးနောက် လီခိုင်နှင့်ထန်ရှိုးဝမ်က ကလေးကိုရုံချန်းစီရင်စုဆီ ရထားနှင့်ပြန်ခေါ်လာသည်။
လူကြီးက အိပ်ပျော်နေသောကလေးရှေ့တွင်ထိုင်သည်။
လီခိုင်နှင့်ထန်ရှိုးဝမ်က အတူတူထိုင်ကြ၏။ ဆေးရုံမှာဖက်ကြပြီးနောက် အေးစက်စက်ကာလရောက်သွားသလို လမ်းတလျှောက်လုံး အလွန်တိတ်ဆိတ်နေကြသည်။
လီခိုင်လည်း ဆေးရုံမှာသွေးတိုးစမ်းပြီး ကြောက်၍နောက်ဆုတ်နေသည်။ မကြာခဏ သူ့ခေါင်းကိုငဲ့ငဲ့ပြီးသာ ထန်ရှိုးဝမ်ကိုခိုးကြည့်နေရသည်။
ထိုအခြေအနေက ရုံချန်းစီရင်စုရောက်သည်အထိပင်။ ထန်ရှိုးဝမ်ကို အိမ်လိုက်ပို့ပြီးတော့လည်း မပြောင်းလဲ။
သို့သော် သူ့လက်ထဲမှာ ဆေးရုံရဲ့အလှလေးရှိတာ လီခိုင်ကျေနပ်သည်။
စံအိမ်ပြန်ရောက်သောအခါ နေဝင်နေပြီ။ သူကချက်ချင်း မူလခန်းမအနောက်ဘက်ခြံဝင်းသွား၍ ဒိုနာစီမြက်ရင်းအခြေအနေကိုစစ်ဆေးကြည့်လိုက်သည်။
ညီလေးချင်က သူ့ကိုဆေးရည်ကူလောင်းပေးထားလိမ့်မည်။
မြေကွက်ထဲရောက်သောအခါ လုံးဝအချိန်မဆိုင်းဘဲ လီခိုင်ကငုတ်တုပ်ထိုင်ချပြီး မှန်ဘီလူးကိုင်၍ မျိုးစေ့များကိုတစ်စေ့ချင်းလေ့လာကြည့်သည်။
သူကကုန်း၍ လုံးဝမပြန့်သေးသောဆေးရည်နံ့ကိုရှူကြည့်သည်။
ညီလေးချင်က တကယ်စိတ်ချရတာပဲ။
ပထမမျိုးစေ့က အထမမြောက်။ အခွံကိုဖောက်ပြီးအပင်ပေါက်မည့်အရိပ်အယောင်မရှိ။


လီခိုင်က ဒုတိယမျိုးစေ့ကိုစစ်ဆေးကြည့်သည်။ အတူတူပင်။
၄ စေ့ဆက်တိုက် ဒီအတိုင်း။
ကြည့်ရတာ သူလုပ်ထားတဲ့ဆေးရည်အပေါ်မူတည်လိမ့်မည်။ မနက်ဖြန်၊သန်ဘက်ခါဆို အဖြေသိရလိမ့်မည်။
ထိုအတွေးနှင့် ပဉ္စမမြောက်မျိုးစေ့ကိုကြည့်လိုက်သည်။ ထိုအခိုက် သူမယုံနိုင်အောင်ဖြစ်သွား၏။ သူများအကြည့်မှားသလားဟု မျက်စိတောင်ပွတ်ကြည့်လိုက်သည်။
သူကမှန်ဘီလူးနှင့်ထပ်ကြည့်လိုက်၏။ အမဲရောင်အဖူးလေးကို ရှင်းရှင်းလင်းလင်းမြင်ရသည်။
''အပင်... အပင်ပေါက်တယ်?'' လီခိုင်မျက်နှာမှာ ချက်ချင်းအံ့ဩသွား၏။
ကောင်းကင်ဘုံက သူ့ကိုအံ့ဩစရာအကြီးကြီးပေးဖို့ ဆေးရည်ကအလုပ်ဖြစ်လာသလား သူသိချင်မိသည်။
လီခိုင်က တခြားမျိုးစေ့များကို မှန်ဘီလူးနှင့်မြန်မြန်စစ်ကြည့်လိုက်သည်။
မျိုးစေ့အများစုက အပင်မပေါက်သော်လည်း မြန်မြန်ဆန်ဆန်တွေ့လိုက်ရသည်မှာ ဒုတိယမြောက်အပင်ပေါက်၊ တတိယမြောက်၊ စတုတ္ထမြောက်...။
''ငါသိတယ်... ဟား ဟား... ငါသိတယ်... ညီလေးချင်ရဲ့အထူးမြေကြီးက ကောင်းပါတယ်လို့''
လီခိုင်မှာ သူ့မျက်နှာတွင်စိတ်လှုပ်ရှားမှုကိုဖုံးဖိမရတော့ဘဲ ချင်လင်၏ရုံးခန်းထဲပြေးသွားလိုက်သည်။
ဒီသတင်းကောင်းကို ညီလေးချင်ကိုချက်ချင်းပြောပြချင်သည်။
...
ရုံးခန်းထဲတွင် ချင်လင်၏အာရုံမှာ သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ဆီ အပြည့်အဝရောက်နေသည်။ သူကဂိမ်းဇာတ်ကောင်အား သတ္တုတွင်း ၈ လွှာကိုဆက်တူးခိုင်းသည်။
သတ္တုတွင်း ၈ လွှာပြီးခါနီးသော်လည်း အခုထိဘာမှမရသေး။
ရွှေ၊ ငွေ၊ ကြေးနီမှလွဲ၍ အထူးမြေကြီးမပြောနှင့်၊ ကျောက်မျက်တစ်ခုတောင်မရချေ။
တစ်ခုခုတော့မှားနေပြီ။
သတ္တုတွင်းတစ်လွှာလုံးတော့ အလွတ်မဟုတ်နိုင်။ သဘောက အဲဒီအနောက်မှာပစ္စည်းကောင်းရှိနိုင်သည်။
သူတွေးတောနေစဉ် စနစ်အသိပေးသံ တစ်ချက်ပြီးတစ်ချက်မြည်လာသည်။
(အထူးမြေကြီးတူးဖော်ရသည့်အတွက် ဂုဏ်ယူပါတယ်!)
(အထူးမြေကြီးတူးဖော်ရသည့်အတွက် ဂုဏ်ယူပါတယ်!)
နှစ်ကြိမ်ဆက်တိုက်မြည်သွားသည်။
ထို့နောက် အထူးမြေကြီးနှစ်အိတ်ထပ်ရလိုက်၏။
ချင်လင်လည်း နည်းနည်းပြုံးလိုက်သည်။ တစ်လွှာလုံးဘာမှမရတာတော့ မဖြစ်နိုင်။
ဒီလိုနှင့် သူလှောင်ထားသောအထူးမြေကြီး ၁၀ အိတ်ကျော်ရလာသည်။ သူ့မွေးရပ်မြေပြန်၍ လယ်ကွက်ဟောင်းထဲမှမြေကြီးထပ်ယူချိန်တန်ပြီ။