ဌာနတစ်ခုက လူတစ်ယောက်ကိုမယှဉ်နိုင်! ချက်တာရော? ၂
Vol. 27 Ch. 404
ဒီလိုလုပ်ထားခြင်းက အနောက်ဘက်ခြံဝင်းထဲမှမြေကွက်နှင့်လယ်ကွက်ကို ပါမောက္ခရန်စူးစမ်းမည်စိုးသောကြောင့်ပင်။
အခုကိစ္စတွေက ဒီလိုဖြစ်လာတော့ လီခိုင်အပေါ်မူတည်လာသည်။
ပါမောက္ခရန်က ဒါကိုစူးစမ်းချင်စိတ်မရှိ။ သူကအိုးနားအပြေးသွားပြီး လေ့လာကြည့်သည်။ တစ်ခဏအတွင်း သူ့မျက်နှာမှာစိတ်လှုပ်ရှားမှုအပြည့်နှင့် ချီးကျူးလိုက်၏_
''တကယ် ဒိုနာစီမြက်ရင်းပဲ... ရှောင်လီ မင်းကအံ့ဩစရာပဲ... ဘယ်လိုများလုပ်လိုက်တာလဲ?''
သူစိတ်မလှုပ်ရှားဘဲနေမလား?
ဒါသူတို့ဌာနမှာ မစမ်းသပ်ဖူးလို့မဟုတ်။ ဒါပေမဲ့ ဒိုနာစီမြက်ရင်းပျိုးပင်ဒီလောက်အများကြီးကို တစ်ခါတည်းမထုတ်နိုင်ခဲ့ပေ။
အာရုံကြောအားကောင်းစေတဲ့၊ ပြုပြင်ပေးတဲ့၊ ကုသပေးတဲ့ဆေးပင်မျိုးက ပျိုးထောင်ရအလွန်ခက်သည်။
ဒါအထူးမြေကြီးနှင့်ဆက်စပ်နေမှန်း လီခိုင်ကသိသော်လည်း_
''ပါမောက္ခရန်... ကြက်ကန်းဆန်အိုးတိုးတာပါ... ဒီလိုပဲပျိုးထောင်ဖြစ်သွားတော့ နောက်ပိုင်းအပင်ဖြတ်ပြီးရွှေ့စိုက်ဖို့ ကျွန်တော့်မှာအတွေ့အကြုံမရှိလို့ အကူအညီတောင်းရတာ... နောက်ပြီး ပျိုးထောင်တာကပြီးသွားပြီ... အပြီးသတ်ဆေးဝါးကို ပါမောက္ခရန်တို့ပဲအမြန်ဆုံးထုတ်နိုင်မှာ''
ပါမောက္ခရန်ကပြုံးလိုက်ပြီး_
''မင်းသာလုပ်နိုင်စွမ်းမရှိရင် ကံကောင်းရုံသက်သက်နဲ့ ၁၀ ပင်ကျော်ပျိုးထောင်နိုင်မှာမဟုတ်ဘူး... ရှောင်လီ မင်းဘာလို့အပူချိန်နိမ့်မျိုးစိတ်စမ်းသပ်နေရင်းနဲ့ ဒိုနာစီမြက်ရင်းပျိုးထောင်ဖို့စိတ်ကူးပေါက်သွားတာလဲ? အရင်တစ်ခါမင်းဖုန်းဆက်တော့ ငါအတော်အံ့ဩနေတာ''
ထိုမေးခွန်းကိုဖြေဖို့ လီခိုင်မှာစက္ကန့်ပိုင်းမျှချီတုံချတုံနှင့်ရှက်ကိုးရှက်ကန်းဖြစ်နေသည်။
ဘာပဲဖြစ်ဖြစ် သူအချစ်ကိုရူးသွပ်ပြီး စိတ်လိုက်မာန်ပါလုပ်မိတာ။
ထိုအချိန်တွင် ချင်လင်ကပြုံးပြီး_
''ပါမောက္ခရန်... အစ်ကိုလီသဘောကျနေတဲ့ဂျူနီယာညီမရဲ့ကလေးမှာ SMA ရောဂါရှိနေပါတယ်... သူ့ယောက်ျားကတာဝန်မယူချင်တော့ သူတို့သားအမိကိုထားခဲ့တယ်... အစ်ကိုလီက သူ့ဂျူနီယာညီမအတွက် ဒီ SMA ဆေးဝါးပါဝင်ပစ္စည်းကိုပျိုးထောင်ဖို့စီစဉ်ခဲ့တာ''
''ပါမောက္ခမသိလို့... ဒီဒိုနာစီမြက်ရင်းကိုပျိုးထောင်နိုင်ဖို့ အစ်ကိုလီကအပင်စောင့်နတ်လိုလိုဖြစ်ခဲ့တာ... ဒီမျိုးစေ့ကိုလောင်းဖို့ဆေးရည်ကိုတောင်လေ့လာခဲ့တယ်''
ဘာပဲဖြစ်ဖြစ် ဒါလီခိုင်ကိုကြွားရုံသက်သက်ဖြစ်ပြီး လီခိုင်၏သွေး၊ချွေး၊မျက်ရည်နှင့်ပျိုးထောင်ထားသောအပင်ဖြစ်ကြောင်း ပါမောက္ခရန်သိစေရန်ဖြစ်သည်။ တခြားအကြောင်းမရှိသလို သူနဲ့လည်းဘာမှမဆိုင်။
ပါမောက္ခရန်က ထိုစကားကြားသောအခါ လီခိုင်ကိုထူးထူးဆန်းဆန်းကြည့်ပြီး_
''ရှောင်လီက ဒီလောက်သစ္စာရှိမယ်လို့မထင်မိဘူး''
ဒီလိုဇာတ်လမ်းမျိုးရှိမယ်လို့ ဘယ်သူတွေးမိမှာလဲ?
ဒီဒိုနာစီမြက်ရင်းပျိုးပင်တွေကို တကယ်ပဲမိန်းမတစ်ယောက်အတွက်ပျိုးထောင်ခဲ့တာလား?
အကယ်၍ ဒီပျိုးပင်တွေနဲ့ အပင်တွေအများကြီးရွှေ့ပြောင်းစိုက်ပျိုးပြီး SMA ရောဂါပြဿနာကိုဖြေရှင်းနိုင်ခဲ့ရင် ဒီဇာတ်လမ်းလေးက နောင်ဆေးပညာလောကမှာ အားတက်သရောဆွေးနွေးစရာဇာတ်လမ်းတစ်ပုဒ်သေချာပေါက်ဖြစ်လာလိမ့်မည်။
နောက်ဆုံးမှာ ရှောင်လီသာအလှလေးကိုရခဲ့ရင် ဒီဇာတ်လမ်းက ပြီးပြည့်စုံတဲ့သိပ္ပံအချစ်ဇာတ်လမ်းလေးဖြစ်သွားပြီ။
ဒီလိုဇာတ်လမ်းမျိုးကို မကြိုက်တဲ့သူရှိလို့လား?
ပါမောက္ခရန်၏ လီခိုင်ပေါ်အမြင်မှာ လုံးဝပြောင်းလဲသွားသည်။ သူ့မျက်လုံးထဲတွင်လေးစားမှုက လုံးဝဖုံးဖိမရ။
ရှောင်လီဘာကြောင့်ပဲအမြစ်တွေကိုလေ့လာလေ့လာ သူဖုံးကွယ်မထားနိုင်တာတစ်ခုရှိသည်။ ဒီမျိုးစေ့တွေကိုပို့ပေးထားတာမကြာသေး။


ဒီလောက်အချိန်တိုအတွင်းမှာ သူကဖြတ်ပြီးရွှေ့စိုက်နိုင်တဲ့ ဒိုနာစီမြက်ရင်းပျိုးပင် ၂၀ လောက်ကိုပျိုးထောင်ထားပြီးပြီ။ ဒါဌာနထဲကလူတွေကို မျက်နှာပူစေလောက်၏။
ဒီဖြစ်စဉ်ဘယ်လိုပဲဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်လောက်ပဲကံကောင်းတယ်ဆိုဆို ဒီရလဒ်က သူဉာဏ်ကြီးရှင်ဖြစ်ကြောင်းသက်သေပြဖို့လုံလောက်သည်။
ဒီလိုလူမျိုးကိုမလေးစားဖို့မဖြစ်နိုင်။
သူ့ရဲ့ကာကွယ်ရေးပရောဂျက်အဖွဲ့ထဲခေါ်ထားချင်သည်။
ဒါအောင်မြင်သွားတာနဲ့ တစ်ဖက်လူရဲ့ဂုဏ်သတင်းက သူ့ထက်မညံ့လောက်ပေ။
ပါမောက္ခရန်၏အကြည့်ကြောင့် လီခိုင်နည်းနည်းရှက်သွားသည်။ သူကချက်ချင်းခေါင်းစဉ်ပြောင်း၍မေးလိုက်၏_
''ပါမောက္ခရန်... ဒီပျိုးပင်တွေကိုဘယ်လိုရွှေ့စိုက်ချင်လဲ?''
''အဆစ်တွေကိုအရင်ဆုံးကြည့်ရအောင်... ရှောင်ယွီ အားလုံးထုတ်လိုက်''
ပါမောက္ခရန်က သူ့လက်ထောက်ကိုညွှန်ကြားလိုက်သည်။
ရှောင်ယွီကသေတ္တာအကြီးကြီးသယ်လာသည်။ ညွှန်ကြားချက်ရသောအခါ ချက်ချင်းရှေ့တိုး၍ သေတ္တာကိုဖွင့်လိုက်၏။ သေတ္တာထဲတွင် ကိရိယာများ၊ အရည်ဖန်ပြွန်များစွာတွေ့ရသည်။
ပါမောက္ခရန်က အထူးဇာဂနာတစ်စုံနှင့်မှန်ဘီလူးထုတ်ပြီး ဒိုနာစီမြက်ရင်းပင်ရှေ့ငုတ်တုပ်ထိုင်လိုက်သည်။ သူကအထူးဇာဂနာသုံးကာ မြေကြီးများကိုဖယ်ပြီး မှန်ဘီလူးနှင့်လေ့လာကြည့်လိုက်သည်။
ခဏအကြာ ပါမောက္ခရန်က_
''ဒီအမြစ်မှာ အဆစ်တွေအများကြီးပါတယ်... စုစုပေါင်း ၅ ခု... ၅ ပင်ခွဲစိုက်လို့ရတယ်... ရှောင်လီ အချိန်ဖြုန်းမနေတော့ဘူး... အခုချက်ချင်း အပင်ရွှေ့စိုက်ကြတာပေါ့!''
လီခိုင်ကမေးလိုက်သည်_ ''ပါမောက္ခရန်... အနားမယူတော့ဘူးပေါ့?''
''ဘာလို့နားရမှာလဲ?'' ပါမောက္ခရန်ကပြောပြောဆိုဆို သေတ္တာထဲမှကိရိယာများနှင့် အလူမီနီယံသတ္တုစပ်ထားသောအထူးပေါက်ပြားလေးကိုထုတ်လိုက်သည်။ သူ့ညွှန်ကြားမှုအောက်တွင် လက်ထောက်ရှောင်ယွီက ဘေးနားတွင်ပေါက်ပြားလေးနှင့်တွင်းတူးလိုက်သည်။
ပါမောက္ခရန်က နောက်ထပ်အရည်ဖန်ပြွန်ထုတ်ပြီး လီခိုင်ဆီပေးကာ_
''ရှောင်လီ... ဒါမြေဩဇာပျော်ရည် F76... ဘယ်လိုရောရမလဲ သိတယ်မလား?''
''ပါမောက္ခရန်... ဒီပစ္စည်းဒီကိုယူလာတယ်''
လီခိုင်၏မျက်နှာမှာ အပျော်ကြောင့်ဝင်းလက်သွားပြီး ယုံကြည်မှုအပြည့်နှင့်ဆေးရည်ကိုယူလိုက်သည်။
ဒီဆေးရည်က ရှားပါးအပင်တွေပျိုးထောင်ဖို့ ပါမောက္ခရန်ရဲ့ဌာနကသီးသန့်လုပ်ထားသောမြေဩဇာပျော်ရည်ဖြစ်သည်။ စျေးကြီးရုံသာမက အပြင်မှာရဖို့လည်းအလွန်ခက်၏။
ချင်လင်ကကျန်တာမကူညီနိုင်။ ပါမောက္ခရန်၊လီခိုင်နှင့်လက်ထောက်တို့ သူတို့ဘာသာအလုပ်ရှုပ်နေသည်ကိုကြည့်သာကြည့်နေရသည်။ ဒိုနာစီမြက်ရင်းကို ဂိမ်းဆေးဥယျာဉ်ထဲမှာ သူပျိုးထောင်ခဲ့ပြီး သူ့ဘေးကမြေကွက်ထဲရွှေ့ပြောင်းစိုက်ခဲ့ပြီးပြီ။
အထူးမြေကြီးရဲ့အရည်အသွေးနဲ့ဆို မျိုးစိတ်တိုးတက်ဖို့ အောင်အောင်မြင်မြင်လှုံ့ဆော်နိုင်တဲ့တစ်ချို့တလေရှိနိုင်တယ်မလား?
ချင်လင်မှာယောင်ချာချာနှင့် ပါမောက္ခရန်တို့အလုပ်ရှုပ်နေသည်ကိုစောင့်ကြည့်နေစဉ် ကောင်းယောင်ယောင်ကိုဖုန်းဆက်ပြီး ချင်းလင်လက်ဖက်ရည်သုံးပုလင်းပို့ခိုင်းလိုက်သည်။
ပါမောက္ခရန်ကမနားချင်မှတော့ ပင်ပန်းစေလို့မဖြစ်။ သူပင်ပန်းရင် လက်ဖက်ရည်သောက်ပြီး အားပြန်ယူနိုင်မည်။
သူဖုန်းချပြီးပြီးချင်း ရုတ်တရက်သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကို အံ့ဩစွာကြည့်လိုက်သည်။
နောက်ထပ်ဇာတ်ကွက်တာဝန်ပေါ်လာသည်။ စိုက်ခင်းထဲ NPC တစ်ယောက်ဝင်လာ၏။ သူမတွေ့တာကြာပြီဖြစ်သော အစားတစ်လိုင်းပင်။
(ထပ်ဆုံပြီနော်... မြို့တော်ဝန်ဆီကကြားတာ သင်ကအရမ်းအကူအညီရတယ်တဲ့... ကျွန်ုပ်အစားအသောက်ပွဲတော်ပျင်းပဖို့ အစားအစာတချို့ကူပြင်ပေးနိုင်မလား? ကျေးဇူးတင်တဲ့အနေနဲ့ ဟင်းချက်လက်ရာစာအုပ်ပေးနိုင်ပါတယ်!)
အစားအသောက်ပွဲတော်?
ချင်လင်နည်းနည်းအံ့ဩသွားသည်။ ဒီဇာတ်ကွက်တာဝန်က အဟောင်းပုံစံထဲမှာပါသောကြောင့်ပင်။


ထမင်းကြော်တာဝန်ဖြစ်သည်။ တာဝန်ပြီးလျှင် ထမင်းကြော်နည်းရနိုင်သည်။
ဂိမ်းထဲမှာ ချက်ပြုတ်တာဝါသနာပါတဲ့ကစားသမားတွေအတွက် လုပ်ရကျိုးနပ်သောတာဝန်တစ်ခုပင်။
ဒါပေမဲ့ ဒီတာဝန်လုပ်ရင်ရမယ့်ဆုက ထမင်းကြော်နည်းစာအုပ်ဖြစ်လောက်တယ်မလား?
ထမင်းကြော်မှာ ဘယ်လိုအရည်အသွေးတွေပါမလဲ သူသိချင်မိသည်။
ဒါပေမဲ့ အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ကိုပါဝင်ပစ္စည်းအဖြစ်သုံးပြီး ဒီစနစ်ရဲ့ထမင်းကြော်အရည်အသွေးပေါင်းလိုက်ရင် အရမ်းကောင်းမှာ ဟုတ်တယ်မလား?
တရုတ်စားဖိုမှူးလေးတွေလို အရောင်ထွက်တဲ့ထမင်းကြော်မျိုးသူလုပ်နိုင်သွားမလား?
လီခိုင်ကမော့ကြည့်လိုက်ရာ ချင်လင်ငေးနေသည်ကိုတွေ့ရ၍_
''ညီလေးချင်... ပါမောက္ခရန်ကမနားဘဲနဲ့လုပ်ပေးနေတာ... အိမ်ရှင်က ဒီညညစာမပြင်ပေးသင့်ဘူးလား?''
သူပြောတာ ချင်လင်သဘောမပေါက်ဘဲနေမလား? သူ့ကိုချက်ခိုင်းချင်နေတာ။ သူကလည်းပြုံးပြီး_
''ရတာပေါ့... ဒီညခင်ဗျားတို့အတွက် ကျွန်တော်ထမင်းကြော်ပေးမယ်''
''ထမင်းကြော်? ညီလေးချင် အပိုတွေမလုပ်နဲ့''
လီခိုင်က ချက်ချင်းအသေအချာပြောလိုက်၏_
''ငါးလုပ်စမ်းပါ... သူဌေးကြီးဖြစ်ပြီး ထမင်းကြော်နဲ့ကပ်နေလို့မရဘူး... မင်းရဲ့ဝမ်ချိုင်တောင်မစားဘူး''
ချင်လင်ကထိုစကားကြားလျှင် စလိုက်သည်_
''ဒါဆိုရင် အဲဒီကျမစားနဲ့... စားရင် ဝမ်ချိုင်နဲ့ဘဝတူသွားပြီ... တိုက်ဆိုင်လိုက်တာ... ဝမ်ချိုင်က မင်းသမီးလေး''
''...'' လီခိုင်ကတစ်ခုခုမှားနေသလိုလို ခံစားလိုက်ရသည်။
သို့ရာတွင် ချင်လင်ကထွက်သွားပြီဖြစ်ပြီး သူ့ရုံးခန်းပြန်ကာ အစားတစ်လိုင်းဇာတ်ကွက်တာဝန်ကိုသွားလုပ်သည်။
တာဝန်ကမခက်။ တချို့ပစ္စည်းများပို့ပေးရုံသာ။ ဒီအစားတစ်လိုင်းက လူကိုသက်သက်ညှင်းဆဲပြီး တစ်ခါတည်းအကုန်မပြောချေ။
တစ်ခါတည်းအကုန်ပြောလိုက်ရင် သူ့ကျောပိုးအိတ်ထဲအကုန်သယ်သွားလို့ရသည်။ သူကတစ်ခုချင်းပြောသည်။ ပြောပြီး တစ်ခါပြေးလိုက်။ ပြီးရင် နောက်တစ်ခါပြန်ပြေးလိုက်။
ပေါလိုက်တာ?
သူကသတ္တုမြို့တော်မိန်းကလေးပုံစံထဲမှာ ပစ်မှတ်ထားခံရတာလည်းမပြောနှင့်။ လူကြိုက်အနည်းဆုံး။
ဒီလိုဟာကြီး ဘယ်သူကြိုက်မှာလဲ?
ဒါပေမဲ့လည်း တာဝန်ကလုပ်နေရဆဲ။ အချိန်ယူကာတာဝန်လုပ်ပြီးနောက် စနစ်အသိပေးသံထပ်မြည်လာသည်:
(အထူးဟင်းချက်လက်ရာ ထမင်းကြော်နည်းစာအုပ်ရသည့်အတွက် ဂုဏ်ယူပါတယ်!)
တကယ် ထမင်းကြော်နည်းစာအုပ်ပဲ။
သူကအချိန်ဖြုန်းမနေ။ ရုံးခန်းတံခါးလော့ချပြီး ဂိမ်းထဲဝင်လိုက်သည်။ ဂိမ်းဇာတ်ကောင်နေရာဝင်ပြီးနောက် ဟင်းချက်နည်းစာအုပ်မှမှတ်ချက်ကိုတွေ့လိုက်ရသည်:
(အထူးဟင်းချက်နည်းစာအုပ်ဖြစ်သည်။ အသုံးပြုပြီးလျှင် ထမင်းကြော်နှင့်ပတ်သက်သောချက်နည်းများရလာမည်။ ထမင်းကြော်နည်းမျိုးစုံလုပ်နိုင်ပြီး ပါဝင်ပစ္စည်းများ၏အရည်အသွေးကိုထိန်းထားနိုင်မည်။
ထပ်တိုးစွမ်းရည်: အရသာ +၁၊ စားကောင်းခြင်း +၁၊ နှုတ်မြိန်ခြင်း +၁၊ အနံ့ +၁၊ လျှာပေါ်စွဲခြင်း +၁!)
ဒီအချက်အလက်ကမဆိုး။ အရင်ငါးချက်နည်းထက်စာရင် နောက်ထပ်အရည်အသွေးနှစ်ခုပါသေးသည်။
အဓိကအချက်မှာ ပါဝင်ပစ္စည်းများ၏အရည်အသွေးကိုထိန်းထားနိုင်ခြင်းပင်။
အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ကိုသုံးပြီး ထမင်းကြော်ရင် အထိအတွေ့ +၃ နှင့် စားကောင်းခြင်း +၃ ဖြစ်သွားမည်။
အရည်အသွေး ၃ ထမင်းကြော် ဟုတ်ပြီလား?
ပြီးတော့ ရုပ်ပျိုကိုယ်နုထမင်းကြော်။
လီခိုင်စားမစား သူကြည့်ချင်သေးသည်။ တကယ်လို့စားရင် ဝမ်ချိုင်ရဲ့လက်တွဲဖော်ဖြစ်ပြီ။