← Chapters

ဘုရင်အဆင့် နတ်အရိုး

Vol. 67 Ch. 928

ဘုရင်အဆင့် နတ်အရိုး

Vol. 67 Ch. 928

ယဲ့ချန်က မိတ်ဆက်သော သဘောထားဖြင့် ခေါင်းညိတ်ပြလိုက်သောအခါ လန်မူလည်း ပြန်၍ခေါင်းညိတ်လိုက်သည်။ ဝိညာဥ်မျက်လုံးမျိုးနွယ်၏ စွမ်းရည်မျိုးမရှိသဖြင့် သူက ယဲ့ချန်ကို လူသားတစ်ယောက်အဖြစ် မသိနိုင်ဘဲ ရွှေဂျိုမျိုးနွယ်ဝင်တစ်ယောက်အဖြစ် ထင်မှတ်မိပေလိမ့်မည်။ သူ၏ကိုယ်တွင်းမှ အေးစက်သော ချီတစ်မျိုး ထွက်ပေါ်နေကာ ရေခဲကောင်းကင်မျိုးနွယ်၏ မွေးရာပါစွမ်းရည် ဖြစ်သည်။ သူက ကြင်နာတတ်သောကြောင့် မိတ်ဆွေများလေလေ၊ အန္တရာယ် နည်းလေလေဖြစ်သော နတ်ပြည်၌ မိတ်ဆွေဖွဲ့ထိုက်သူတစ်ဦး ဖြစ်သည်။

"သခင်မလေး ဒါက ဘယ်သူလဲ"

ထိုအချိန်၌ ဝိညာဥ်မျက်လုံးမျိုးနွယ်မှ လူငယ်တစ်ယောက် ရောက်ရှိလာကာ ယဲ့ချန်ကို သတိထားအကဲခတ်နေသည်။ သူ၏အမြင်စွမ်းရည်က နိမ့်ကျသောကြောင့် ယဲ့ချန်ကို လူသားတစ်ယောက်အဖြစ် မသိနိုင်ဘဲ ရွှေဂျိုမျိုးနွယ်ဝင်တစ်ယောက်အဖြစ် ထင်မှတ်နေသည်။

"ရွှေဂျိုမျိုးနွယ်နဲ့ ဝေးဝေးနေပါ။ သူတို့က အရမ်းရက်စက်ပြီး ငါတို့မျိုးနွယ်ဝင်တွေ အများကြီးကို သတ်ခဲ့တယ်"

သူက လင်းတုန်ကို အသံချင်းဆက်သွယ်ကာ တားမြစ်လိုက်သည်။

"သူက ဝူချီလို့ခေါ်တဲ့ ဝိညာဥ်မျက်လုံးမျိုးနွယ်ဝင် တစ်ယောက်ပါ"

သို့သော် သူမက သူ့ကို ပြန်လည်စကားမဆိုခဲ့ဘဲ ယဲ့ချန်ကိုသာ မိတ်ဆက်ပေးလိုက်သည်။

"ရွှေဂျိုမျိုးနွယ်ဝင်က ဘာကြောင့် ဒီနေရာကို ရောက်နေတာလဲ"

ဝူချီက ထူးဆန်းစွာ စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။ လူဦးရေများပြားသော ထိုမျိုးနွယ်က မျိုးနွယ်ခြားများနှင့် အဆက်အဆံမရှိသောကြောင့် သူက အကြောင်းအရင်းကို သိချင်နေသည်။ ရွှေဂျိုမျိုးနွယ်နှင့် ဝိညာဥ်မျက်လုံးမျိုးနွယ်ကြားတွင် ရန်ငြှိုးကြီးကြီးမားမား မရှိသောကြောင့် ဝူချီ၏ရန်လိုစိတ်ကို ယဲ့ချန်က ထူးဆန်းနေပြီး ဝိညာဥ်မျိုးနွယ်ဝင်ချင်း အတူတူဖြစ်ပါလျက် လူသားတစ်ယောက်အဖြစ် မမြင်နိုင်သည့် အကြောင်းအရင်းကို သိချင်နေသည်။ ခွန်အားအရာတွင် ဝူချီက လင်းတုန်ထက် ပိုသော်လည်း ပါရမီချင်းကွာခြားသောကြောင့် ဖြစ်နိုင်ပြီး ဝူချီ၏ ဝတ်စားဆင်ယင်ပုံနှင့် အပြုအမူများအရ အစောင့်တစ်ယောက် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် လင်းတုန်၏ အဆင့်အတန်းက မျိုးနွယ်၌ သေချာပေါက် မြင့်မားနိုင်ပြီး သူက ဝိညာဥ်မျက်လုံးမျိုးနွယ်အကြောင်း များစွာသိချင်နေသည်။

အချိန်တစ်ခုအကြာတွင် ကျင့်ကြံသူများသည် စတင်ထွက်ခွာလိုက်ပြီး အဖွဲ့အချို့က ရေကန်အတွင်း ခုန်ဆင်းသွားသည်ကို ယဲ့ချန်က သတိထားမိလိုက်သည်။ ရေကန်အတွင်း အချိန်ကိုက်ဝင်ရောက်ရန် လိုအပ်ခြင်းကြောင့်ဖြစ်နိုင်ပြီး အရေအတွက် နှစ်ရာမှ ငါးရာကျော်အထိ ပါဝင်သော အဖွဲ့များစွာ ဝင်ရောက်နေသဖြင့် မြင်ကွင်းက ထူးဆန်းနေသည်။ လန်မူကမူ တစ်ခုခုကို စောင့်ဆိုင်းနေသကဲ့သို့ အလွန်တည်ငြိမ်နေပြီး အဖွဲ့ဝင်များမှာလည်း သူ့နောက်တွင် နေရာယူထားပြီး အလျင်လိုခြင်း မရှိပေ။ ရေခဲကောင်းကင်မျိုးနွယ်က ကျဆင်းနေသော်လည်း သူက ကိုယ်ပိုင်အရည်အချင်းဖြင့် အခြားမျိုးနွယ်များ၏ ယုံကြည်မှုကို ရရှိထားသည်။

"လိုက်ခဲ့ကြ"

ထို့နောက် သူက ရေကန်အတွင်း ရုတ်တရက် ခုန်ဆင်း၍ ငါးတစ်ကောင်ပမာ ကူးခတ်သွားသောအခါ အဖွဲ့ဝင်များလည်း တစ်ယောက်ပြီးတစ်ယောက် လိုက်ပါသွားကြ၏။ ရေကန်အတွင်း ပုံရိပ်များစွာ သွားလာနေပြီး ယဲ့ချန်က အဝေးသို့ ကြည့်လိုက်သောအခါ ရွှေရောင်အကြေးခွံရှိ သားရဲကြီးများနှင့် ကျင့်ကြံသူများ တိုက်ခိုက်နေကြောင်း မြင်လိုက်ရသည်။ ရေအောက်စီးကြောင်းက ပြင်းထန်ပြီး လက်နက်များဖြင့် သတ်ဖြတ်ခံလိုက်ရသော သားရဲများထံမှ ရွှေရောင်သွေးများ စီးထွက်နေသကဲ့သို့ ကျင့်ကြံသူအချို့၏ အလောင်းမှာလည်း ရေမျက်နှာပြင်အထက်သို့ ပေါလောမျောပါသွားကြသည်။ သားရဲကြီးများ၏အာရုံက အခြားအဖွဲ့များထံ ရောက်နေစဥ် လန်မူက လူတိုင်းကို ဦးဆောင်ပြီး ရေကန်အနက်ပိုင်းသို့ လျင်မြန်စွာ ရောက်ရှိလာနိုင်ခဲ့သည်။ ကန်အောက်ခြေတွင် ဟင်းလင်းပြင်နတ်တစ်ပါး ချန်ထားရစ်ခဲ့သော ရွှေနန်းတော်တစ်ခုကို မြင်နိုင်ပြီး ကြမ်းတမ်းသော ဖိအားတစ်ခု ကျဆင်းလာသည်။

"နတ်တစ်ယောက်ရဲ့ အသိအာရုံလား"

"တည်တည်ငြိမ်ငြိမ် နေကြစမ်း၊ လုံးဝမလှုပ်နဲ့"

အဖွဲ့ဝင်များက မျက်နှာထားများ ပြောင်းလဲသွားသောအခါ လန်မူက ချက်ချင်းသတိပေးလိုက်ကာ လူတိုင်းက ရေထဲတွင် ကျောက်ရုပ်များပမာ ရပ်တန့်နေကြသည်။ နတ်အဆင့်ကျင့်ကြံသူ၏ ဝိညာဥ်အသိစိတ်က လျင်မြန်စွာ ထွက်ခွာသွားပြီးနောက် အလင်းတန်းများက သူတို့ကို ကျော်ဖြတ်၍ နန်းတော်အတွင်း လျင်မြန်စွာ ဝင်ရောက်သွားကြသည်။ ထိုအလင်းတန်းများသည် နတ်အဆင့်နှင့်အထက် ကျင့်ကြံသူများဖြစ်ပြီး ရွှေနန်းတော်၏ အတားအဆီးကို ကျော်ဖြတ်ကာ အတွင်းပိုင်းအထိ ဝင်ရောက်နိုင်စွမ်းရှိသောကြောင့် သူတို့က မနာလိုအားကျနေသည်။ သူတို့ကမူ နန်းတော်၏ အပြင်ပိုင်းရှိ ရတနာများကိုသာ ယူဆောင်နိုင်ပေလိမ့်မည်။

ရွှေနန်းတော်အနီးသို့ ရောက်သောအခါ ယဲ့ချန်သည် ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ရွှေရောင်အလင်းတွင် ပါဝင်သော ဆန်းကျယ်သည့် စွမ်းအင်တစ်ရပ်မှာ ဒန်တန်အတွင်းသို့ ခန္ဓာကိုယ်မှတဆင့် ဝင်ရောက်လာခဲ့၏။ ကျောဘက်ရှိ နတ်အရိုးများ စတင်ကျယ်ပြန့်လာကာ အဆစ်များနှင့် ချိတ်ဆက်သွားသည်ကို ခံစားမိသော ယဲ့ချန်က နတ်အရိုးများ အပြည့်အစုံ ဖြစ်ပေါ်လာမည့် အချိန်ကို သိချင်နေသည်။ ဒန်တန်အတွင်း၌ ကောင်းကင်သခင်၏ ဝိညာဥ်အဆီအနှစ်သည် နတ်သန္ဓေကို အားဖြည့်ပေးနေပြီး အကယ်၍ သူက ရွှေနန်းတော်အတွင်း ဝင်ရောက်ပြီး ရတနာများမရရှိလျှင်ပင် အချိန်တစ်ခု ကျင့်ကြံလိုက်ရုံဖြင့် ကြီးကြီးမားမား တိုးတက်လာနိုင်ကာ ကောင်းကင်ကြယ်သခင်အဆင့်သို့ ရောက်သွားနိုင်သည်။

"အစ်ကိုယဲ့က နတ်ဘုရင်အရိုးကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တစ်ယောက်လား"

ယဲ့ချန်၏ခန္ဓာကိုယ်မှ အပြောင်းအလဲများကို ဝိညာဥ်မျက်လုံးဖြင့် မြင်နိုင်သော လင်းတုန်က အံ့သြစွာ အသံချင်း ဆက်သွယ်လာခဲ့သည်။

"နတ်ဘုရင်အရိုးက ဘာကို ဆိုလိုတာလဲ"

ယဲ့ချန်က ခဏတာ မင်သက်သွားကာ မေးလိုက်ခြင်းဖြစ်သည်။

"အစ်ကိုယဲ့က အောက်ဘုံကတက်လာတာဆိုတော့ မသိလောက်ဘူး။ နတ်ပြည်မှာ နတ်ရတနာတွေကို အဆင့်မြင့်၊ မဟာသခင်နဲ့ သူတော်စင်ဆိုပြီး အဆင့်တွေ ခွဲခြားထားတယ်။ အဆင့်မြင့်အမျိုးအစား ၇၂မျိုး၊ မဟာသခင်အမျိုးအစား ၃၆မျိုးနဲ့ သူတော်စင်အမျိုးအစား ၁၈မျိုးရှိပြီး သူတော်စင်အဆင့်မှာ နတ်ဘုရင်အမျိုးအစားက အလွန်အစွမ်းထက်ပြီး နတ်ဘိုးဘေးအဆင့်အောက်သာ နိမ့်ကျတယ်။ နတ်ရတနာရဲ့ အဆင့်က မြင့်လေလေ၊ ပါရမီက ထူးချွန်လေလေ ဖြစ်တယ်"

လင်းတုန်က ရှင်းပြလိုက်သောအခါ ယဲ့ချန်သည် သူ၏နတ်အရိုးများက အလွန်အဆင့်မြင့်ကြောင်း နားလည်လိုက်သည်။

"ငါက ကောင်းကင်ဝိညာဥ်မျက်လုံးကို ပိုင်ဆိုင်ထားတဲ့အတွက် မြင်နိုင်တယ်။ ဒါပေမယ့် အစ်ကိုယဲ့က နတ်ဘုရင် အရိုးတွေအကြောင်းကို ပြောလို့မရဘူး။ မဟုတ်ရင် ပြဿနာတွေ အကြီးအကျယ် ဖြစ်လာလိမ့်မယ်"

သူမက လေးနက်စွာ သတိပေးလာသောကြောင့် ယဲ့ချန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။ နတ်ဘုရင်အရိုးသည် အလွန်ထူးခြားကြောင်း ပြောနိုင်ပြီး ကောင်းကင်မျက်လုံးဆိုသည်မှာလည်း ဝိညာဥ်မျက်လုံးမျိုးနွယ်၏ အမွေ ဖြစ်ပေလိမ့်မည်။ လင်းတုန်သည် သူနှင့် အသံချင်း ဆက်တိုက်ဆက်သွယ်နေသဖြင့် ဝူချီက မကျေမနပ်ဖြစ်နေသည်။ သူက အစောင့်တစ်ယောက်သာ ဖြစ်သော်လည်း လင်းတုန်ကို ပိုင်ဆိုင်ရန် ကြံစည်နေသောကြောင့် မျက်မှောင်ကြုတ်နေသည်။ တစ်ဖက်လူက ရွှေဂျိုမျိုးနွယ်ဝင်တစ်ယောက် ဖြစ်သော်လည်း လင်းတုန်နှင့် ရယ်ရယ်မောမော စကားပြောကြောင်း မြင်ရသောအခါ မကျေနပ်ခြင်းကြီးစွာဖြင့် ကြားဝင်ရပ်လိုက်၏။

"သခင်မလေး ဒီကောင်မှာ မကောင်းတဲ့ အကြံအစည် ရှိနိုင်တယ်၊ ဂရုစိုက်ပါ"

ဝူချီက ပြောလိုက်ခြင်းဖြစ်ပြီး အစောင့်တစ်ယောက်အနေဖြင့် လင်းတုန်ကို မျက်စိထဲမထည့်ထားကြောင်း ထင်ရှားသည်။

"ငါ ဘာလုပ်နေတယ်ဆိုတာကို ငါ သိတယ်"

သူမက မကျေမနပ်ဖြစ်သွားကာ အေးစက်စက် ငေါက်ငမ်းလိုက်သည်။

"ကျုပ်က သခင်မလေးရဲ့ လုံခြုံရေးအတွက် ပြောတာပါ။ ဒီကောင်က တမင်သက်သက် ချဥ်းကပ်လာတာ ဖြစ်နိုင်တယ်"

ဝူချီက နောက်ဆုတ်မသွားဘဲ ဆက်လက်အတင့်ရဲနေသည်။

"ဝူချီ ကိုယ့်နေရာကို သိစမ်း။ တစ်ခုတော့ ရှင်းအောင် ပြောထားလိုက်မယ်။ စပြီးချဥ်းကပ်တာက သူ မဟုတ်ဘူး၊ ငါပဲ။ ငါရဲ့ကောင်းကင်မျက်လုံးက အကောင်းအဆိုးကိုတောင် မခွဲခြားနိုင်ရင် ဘာအသုံးကျမှာလဲ"

လင်းတုန်က ဒေါသံနှင့် အော်ဟစ်လိုက်သောအခါတွင်မှ ဝူချီက ပါးစပ်ပိတ်သွားခဲ့သည်။ ကောင်းကင်မျက်လုံးက အမှန်တကယ် အစွမ်းထက်ပြီး ကျင့်ကြံသူတစ်ယောက်၏ အကျင့်စရိုက် အကောင်းအဆိုးကို မြင်နိုင်စွမ်းရှိသည်။

"ဟုတ်ကဲ့ သခင်မလေး"

ဆက်၍စွက်ဖက်နေလျှင် လင်းတုန်က ဒေါသူပုန်ထတော့မည် ဖြစ်သောကြောင့် သူက နာခံစွာဖြင့် နောက်ဆုတ်သွားရန်မှတစ်ပါး ရွေးချယ်စရာ မရှိချေ။

"ကြည့်ရတာ ဒီအစောင့်က မင်းကို တကယ်ကြိုက်နေပုံရတယ်"

ယဲ့ချန်က စနောက်လိုက်ခြင်းဖြစ်သည်။

"ဝူချီရဲ့အကျင့်စရိုက်က မဆိုးပေမယ့် အမြင် ကျဥ်းမြောင်းတယ်"

လင်းတုန်က ခေါင်းယမ်းပြလိုက်ပြီး အလွန်ချစ်စရာကောင်းကာ သိမ်မွေ့သောကြောင့် ယဲ့ချန်အနေဖြင့် ယဲ့လော့ကို သတိရစေသည်။ သူ၏စိတ်ထဲတွင် သူမကို ညီမငယ်တစ်ယောက်ပမာ သဘောထားမိစေခဲ့သည်။ လန်မူ၏ဦးဆောင်မှုဖြင့် အဖွဲ့သည် ရေနက်ပိုင်းသို့ ရောက်လာကာ ထူးဆန်းသော ငါးများကူးခတ်နေ၍ မရေမတွက်နိုင်သော နတ်ဆေးပင်များ ပေါက်နေသည့် ရွှေနန်းတော်၏ အပြင်ပိုင်းနှင့် နီးကပ်လာသည်။

"အဆင့်နှစ် နတ်ဆေးပင် ပိုရီရာရေညှိ"

အဝေးရှိ ရေမှော်ပင်တစ်ပင်ကို မြင်လိုက်ရသောအခါ အဖွဲ့ဝင်တစ်ယောက်က လောဘတကြီးဖြင့် သွားရောက်ခူးဆွတ်ရန် ကြံစည်လိုက်သည်။

"ပြန်လာစမ်း"

လန်မူက ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ထိုကျင့်ကြံသူသည် မကြားဟန်ဆောင်ကာ ရေမှော်ပင်ထံ ဆက်လက်တိုးဝင်သွားခဲ့သည်။

"ဘုန်း"

ရွှေနန်းတော်ထံမှ အလင်းတန်းတစ်ချက် ပြေးထွက်လာပြီး ထိုကျင့်ကြံသူကို ထိမှန်သွားသောအခါ ကြေမွသွားစေပြီး ဝိညာဥ်ပင်မကျန်အောင် ပျက်စီးသွား၏။ ကျန်အဖွဲ့ဝင်အသစ်များမှာ ရောက်ရာ၌ ရပ်တန့်သွားကာ တစ်လက်မမျှ မလှုပ်ရဲကြတော့ပေ။ သူတို့က ဆေးပင်များကို မြင်သောအခါ လောဘကြောင့် လန်မူ၏စကားကို နားမထောင်ချင်သော်လည်း အမြန်ဆုံး ပြေးဝင်သွားသူတစ်ယောက်၏ အဖြစ်ဆိုးကြောင့် အလန့်တကြား နောက်ဆုတ်ခဲ့ကြသည်။

"ငါ့အမိန့်ကို နာခံဖို့ မင်းတို့ကို ပြောပြီးသားဖြစ်တယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်မယ်ဆိုရင် ဒီကောင်လိုမျိုး သေမှာပဲ"

လန်မူက အေးစက်စက် ပြောလိုက်ပြီး အဖွဲ့ဝင်အဟောင်းများသည် ဤအဖြစ်မျိုး အသားကျနေပုံရကာ အဖွဲ့ဝင်အသစ်များလည်း ကလန်ကဆန် မလုပ်ရဲကြတော့ပေ။ သူတို့အားလုံးက လန်မူ၏ဦးဆောင်မှုဖြင့် ရှည်လျားသော စင်္ကြံလမ်းတလျှောက် လိုက်ပါလာကြသောအခါ လှပသော ဥယျာဥ်တစ်ခုထံ ရောက်ရှိလာကြသည်။ ဤအရာက ဟင်းလင်းပြင်နတ်၏ ဆေးစိုက်ခင်း ဖြစ်နိုင်သောကြောင့် လန်မူကိုယ်တိုင်ပင် စိတ်လှုပ်ရှားသွားလေသည်။

All Chapters