← Chapters

နတ်ဆေးပင်များ ရယူခြင်း

Vol. 67 Ch. 930

နတ်ဆေးပင်များ ရယူခြင်း

Vol. 67 Ch. 930

ယဲ့ချန်၏လက်ထဲတွင် ရှိသော ဓားပျံထိပ်ဖျားသည် အေးစက်စက် တောက်ပနေသော်လည်း အချိန်လေဟာနယ်ချီများဖြင့် ဖုံးကွယ်ထားသောကြောင့် အပြင်လူများကို လှည့်စားနိုင်ခဲ့ပြီး ဖောက်ထွင်းမမြင်ရပေ။ ရွှေဂျိုမျိုးနွယ်သည် ချီတစ်မျိုးကိုသာ ကျင့်ကြံနိုင်သောကြောင့် ခုနစ်ရောင်ခြယ်ချီများ ထွက်ပေါ်လာသောအခါ အဖွဲ့ဝင်များအတွက် အံ့သြစရာ ဖြစ်နေခဲ့သည်။ သူ၏ ထူးဆန်းသော အပြုအမူကြောင့် လန်မူသည် တစ်ခုခုကို နားလည်သွားသော်လည်း ကျန်ကျင့်ကြံသူများကမူ များစွာအလေးမထားခဲ့ကြပေ။ သူတို့က တားမြစ်အစီအရင်ကို ထွင်းဖောက်နိုင်မည်လားဟူသော မေးခွန်းအား စိတ်ဝင်စားလျက်ရှိကြ၏။

"ငါ အထဲကိုရောက်ရင် တတ်နိုင်သမျှ အမြန်ဆုံး ကပ်လိုက်လာခဲ့။ မဟုတ်ရင် နတ်ဆေးပင်တွေ ရနိုင်မှာ မဟုတ်ဘူး"

ယဲ့ချန်သည် လင်းတုန်ကို အသံချင်းဆက်သွယ်ကာ သတိပေးလိုက်ပြီး အဖွဲ့ဝင်တိုင်းမှာ များပြားလှသော နတ်ဆေးပင်များကြောင့် လောဘအိုးဝံပုလွေများအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ အကယ်၍ နှေးကွေးနေလျှင် တစ်ပင်မှ ရမည်မဟုတ်သောကြောင့် လင်းတုန်က ခေါင်းညိတ်လိုက်ပြီး ယဲ့ချန်၏လက်ဝါးအတွင်း စိုက်ကြည့်နေသော်လည်း စပ်စုခြင်း မရှိပေ။ ဆေးစိုက်ခင်းက တောက်ပနေပြီး နတ်ဆေးပင်များစွာ ပေါက်ရောက်နေကာ သလင်းကျောက်ပမာ ကြည်လင်သော အရွက်များထက်တွင် ရေပေါက်များက ပုလဲများသဖွယ် တွဲလွဲခိုနေကြသည်။ အချို့က ပန်းများ ပွင့်လန်းနေပြီး လှပသော မိန်းမပျိုများနှင့် ဆင်တူကာ အချို့ထက်တွင် သစ်သီးများမှာ ရောင်စုံတောက်ပလျက် ရှိနေကြသည်။ ဤဆေးပင်များက ဟင်းလင်းပြင်နတ်တစ်ယောက်၏ ပိုင်ဆိုင်မှုများဖြစ်ကာ အနည်းဆုံး အဆင့်တစ် ဖြစ်ပေလိမ့်မည်။ နတ်ဆေးပင်များက အလွန်စျေးကြီးပြီး နတ်တစ်ပိုင်းအဆင့်များအတွက် အဆင့်တစ်က လက်လှမ်းမမီနိုင်သည့်အပြင် အဆင့်နှစ်များမှာ ပို၍ရှားပါးလေသည်။

ကောင်းကင်ဖျက်ဆီးရေး နတ်သစ်သီးသည် အဆင့်ငါးဖြစ်သော်လည်း ရုပ်ခန္ဓာကိုသာ ပြောင်းလဲပေးနိုင်ပြီး ကျင့်ကြံဆင့်ကို တိုက်ရိုက်မြှင့်တင်ပေးနိုင်စွမ်း မရှိပေ။ ကျန်တစ်ဖက်တွင် ဤနေရာရှိ နတ်ဆေးပင်အများစုသည် ကျင့်ကြံခြင်းအတွက် အလွန်အထောက်အကူပြုသောကြောင့် အဖွဲ့ဝင်များမှာ လောဘမီး ဝင်းဝင်းတောက်နေကြသည်။ ဆေးစိုက်ခင်းအတွင်း အမျိုးအစားက ရာချီပြီး အရေအတွက်က သောင်းချီသောကြောင့် အဆင့်တစ် နတ်ဆေးတစ်ပင်ရလျှင်ပင် ထိုက်တန်ပေသည်။

"ဘန်း"

ယဲ့ချန်၏လက်ဝါး ကျဆင်းလာသောအခါ တားမြစ်အစီအရင်က အလွယ်တကူ ပြတ်တောက်သွားသည်။ ဓားပျံထိပ်ဖျား၏ ထက်ရှမှုကို သူက စမ်းသပ်ထားပြီးဖြစ်ကာ မြေအဆင့် နတ်လက်နက်ပင် မဖြတ်တောက်နိုင်သည့် သတ္တုရိုင်းများကိုပင် ဖြတ်တောက်နိုင်သောကြောင့် သေချာပေါက် ကောင်းကင်အဆင့် နတ်လက်နက် ဖြစ်ပေလိမ့်မည်။ ဓားပျံက ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်သောကြောင့် တားမြစ်အစီအရင်တစ်ခုကို တို့ဟူးပမာ အလွယ်တကူ ထိုးဖောက်နိုင်ခဲ့သည်။ ဟင်းလင်းပြင်နတ်၏ အစီအရင်က အလွယ်တကူ ပျက်စီးသွားသောကြောင့် လူတိုင်း မင်သက်နေစဥ် ယဲ့ချန်က လူတစ်ကိုယ်ဝင်စာမျှ ထိုးဖောက်၍ ငါးတစ်ကောင်ပမာ ကူးခတ်ဝင်ရောက်သွားခဲ့ပြီး လင်းတုန်လည်း အနီးကပ် လိုက်ပါလာခဲ့သည်။ အကင်းပါးသော လန်မူကလည်း ယဲ့ချန်နှင့် အနီးဆုံးတွင် နေရာယူထားသောကြောင့် ချက်ချင်းလိုက်ပါလာနိုင်ခဲ့သည်။

"ငါ အရင်ဝင်မယ်"

"ဘေးဖယ်စမ်း"

ကျန်အဖွဲ့ဝင်များက အချင်းချင်းတွန်းတိုက်၍ တိုးဝင်နေသောကြောင့် ဝူချီပင် ဘေးသို့ ကန်ထုတ်ခံလိုက်ရ၏။ ယဲ့ချန်က ဉာဏ်ကောင်းစွာဖြင့် အစီအရင်ကို လူတစ်ယောက်၏ အရွယ်အစားမျှသာ ထိုးဖောက်ခဲ့သောကြောင့် ခန္ဓာကိုယ်ကြီးမားသူများမှာ ကျုံ့ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ ဝိညာဥ်အသွင် ဖြစ်တည်နေကြသူများမှာမူ တစ်လက်မအရွယ် ကွက်လပ်ကလေးရှိလျှင်ပင် စိမ့်ဝင်နိုင်သောကြောင့် ပို၍မြန်ဆန်နေကြသည်။ ဆေးစိုက်ခင်းအတွင်း ပထမဆုံး ဝင်ရောက်လာသော ယဲ့ချန်သည် ချီများဖြင့် အဆင့်နှစ် ဆေးပင်တစ်ပင်ဖြစ်သည့် တိမ်ပြာမြက်ကို နှုတ်ယူလိုက်သည်။ သို့သော် အလုပ်မဖြစ်သောကြောင့် သူက ပါးစပ်အဟောင်းသား ဖြစ်သွားကာ ကောင်းကင်မီး လက်မောင်းကာအတွင်း ဝိညာဥ်အသိဖြင့် ခူးဆွတ်ရန် နည်းလမ်းကို ရှာဖွေလိုက်၏။ နတ်ဆေးပင်များက အဆင့်တစ်ခုသို့ရောက်လျှင် ဝိညာဥ်တစ်ခု ဖြစ်တည်လာတတ်ပြီး ခူးဆွတ်ရန် မလွယ်ကူသည့်အပြင် အားသုံးခူးယူမိလျှင်လည်း မီးခိုးပမာ ပျောက်ကွယ်သွားတတ်သည်။

တိမ်ပြာမြက်သည် နတ်သတ္တုတစ်ခုပမာ မာကျောပြီး အဖိုးတန်သည့်အရာက အညွှန့်များသာဖြစ်၍ ကျန်အစိတ်အပိုင်းများမှာ အရေးမပါပေ။ သူက ဓားပျံထိပ်ဖျားဖြင့် အညွှန့်များကို အလွန်လျင်မြန်စွာ လှီးဖြတ်လိုက်ပြီး အချိန်တိုအတွင်း အရေအတွက်ရာချီ ပိုင်ဆိုင်သွားခဲ့သည်။ သူက ဆေးစိုက်ခင်းတစ်ခုလုံးကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်ပြီး လက်ရှိတွင် အဆင့်တစ်များကို လျစ်လျူရှုထားကာ အထက်အဆင့်များကို ပစ်မှတ်ထားလိုက်၏။ ဆေးစိုက်ခင်းအတွင်း အဆင့်သုံး နတ်ဆေးပင်နှစ်ပင်သာရှိပြီး တစ်ပင်က ဝိညာဥ်သစ်သီးငါးဆယ်ကျော်ရှိနေသည့် ဝိညာဥ်တစ်ရာပင်ဖြစ်ကာ အမြစ်မှ တူးယူခံလိုက်ရပြီး ဒန်တန်အတွင်းရှိ သစ်သားကြယ်ပေါ်တွင် စိုက်ပျိုးခံလိုက်ရသည်။ နောက်တစ်ပင်က နတ်အမြစ်မြက်ဖြစ်ကာ မြေဆီလွှာအတွင်းမှ နှုတ်ယူခံလိုက်ရလျှင် ချက်ချင်းပျောက်ကွယ်သွားနိုင်သောကြောင့် သူက မြေကြီးများပါတူးယူ၍ ဒန်တန်အတွင်း ပစ်ထည့်လိုက်သည်။ အဆင့်သုံးနတ်ဆေးပင်သည် အလွန်အဖိုးတန်ပြီး ဟင်းလင်းပြင်နတ်များကိုပင် ဆွဲဆောင်နိုင်သည်။

ထို့နောက် ယဲ့ချန်သည် ဆေးပင်များကို ဆက်လက်တူးယူနေစဥ် အဖွဲ့ဝင်များ ရောက်ရှိလာကြသော်လည်း အများစုမှာ အဆင့်တစ် ဆေးပင်များသာ ကျန်ရစ်၍ အဆင့်နှစ်ဆေးပင် အနည်းငယ်သာ တွေ့လိုက်ရသည်။ လူတိုင်းက အပြင်းအထန် လုယူနေသောကြောင့် ပတ်ဝန်းကျင်တွင် ဖရိုဖရဲဖြစ်နေကာ ဆေးပင်များ ထိခိုက်မည်ကိုပင် ဂရုမစိုက်ကြချေ။ ကျင့်ကြံသူအချို့က ဆေးပင်များ တူးထုတ်ရမည့် နည်းလမ်းကို သိသောကြောင့် သတိထားနေသော်လည်း ကျန်အဖွဲ့ဝင်များက အမြစ်မှ ဆွဲထုတ်နေကြသည်။ ဆေးပင်အချို့က မီးခိုးများအဖြစ် ပျောက်ကွယ်သွားသော်လည်း နောက်ထပ်ဆေးပင်များစွာ ကျန်ရစ်နေသောကြောင့် သူတို့က ဂရုမစိုက်ခဲ့ကြပေ။ မကြာမီပင် ဆေးစိုက်ခင်းတစ်ခုလုံး ဗြောင်းဆန်၍ ဆေးပင်တစ်ပင်ပြီးတစ်ပင် အမြစ်မှ တူးယူခံနေရကာ ကျင့်ကြံသူအရေအတွက် ပိုများလာခဲ့သည်။

ယဲ့ချန်က အများဆုံး အမြတ်ထွက်ခဲ့ပြီး စုစုပေါင်း နတ်ဆေးပင်ကိုးရာကျော် ပိုင်ဆိုင်သွားကာ အဆင့်သုံး နတ်ဆေးပင်နှစ်ပင်၊ အဆင့်နှစ် နတ်ဆေးပင်ခုနစ်ရာကျော်နှင့် အဆင့်တစ် နတ်ဆေးပင်များကို ရယူနိုင်ခဲ့သည်။ သူက ဆေးစိုက်ခင်းအတွင်း ပထမဆုံးရောက်သူဖြစ်သောကြောင့် အဆင့်နှစ်ဆေးပင်များကိုသာ ပစ်မှတ်ထားခဲ့သော်လည်း ကျင့်ကြံသူများ ထပ်မံရောက်ရှိလာသောအခါ နီးရာဆေးပင်မှန်သမျှကို အလွတ်မပေးတော့ပေ။ သူ့နောက်မှ လိုက်ပါလာကြသော လန်မူနှင့် လင်းတုန်သည်လည်း အမြတ်ထွက်ခဲ့ပြီး လင်းတုန်က ဆေးပင်ငါးရာကျော်နှင့် လန်မူက ဆေးပင်ခြောက်ရာကျော် စုဆောင်းနိုင်ခဲ့သည်။ ကျန်အဖွဲ့ဝင်များသည်လည်း ကိုယ်စီအမြတ်ထွက်ခဲ့ကြပြီး အနည်းဆုံး ဆေးပင်တစ်ရာမှ နှစ်ရာအကြား ရယူနိုင်ခဲ့၏။ အကယ်၍ ယဲ့ချန်သာ တားမြစ်အစီအရင်ကို မဖွင့်နိုင်လျှင် သူတို့က နတ်ဆေးပင်များ ရယူနိုင်မည် မဟုတ်သောကြောင့် အဖွဲ့ဝင်အားလုံးက အထင်ကြီးနေကြသည်။

"ပြန်ဆုတ်ကြမယ်"

ဆေးစိုက်ခင်းအတွင်း ဆေးပင်များ ကုန်စင်သွားသောအခါ လန်မူက အသံချင်းဆက်သွယ်၍ ထွက်သွားရန် အချိန်ကျပြီဖြစ်ကြောင်း သတိပေးလိုက်သည်။ ဤတစ်ခေါက်တွင် သူတို့က အမြတ်ထွက်ခဲ့ပြီး ဤဆေးပင်များဖြင့်ဆိုလျှင် နတ်အဆင့်၏ထိပ်ဆုံးသို့ ရောက်သွားနိုင်ချေရှိသည်။ ၎င်းတို့အားလုံးကို ရောင်းချလိုက်လျှင်ပင် တစ်ယောက်ချင်းစီက ချက်ချင်းကြွယ်ဝ ချမ်းသာသွားပေလိမ့်မည်။ ဤနေရာတွင် ဆက်နေလျှင် အခြားအုပ်စုများ၏ အာရုံစိုက်ခြင်းကို ခံရနိုင်ပြီး ထွက်သွားရန်အတွက် ခက်ခဲနိုင်ချေ ရှိသည်။

ယဲ့ချန်က ဆေးစိုက်ခင်းအပြင်ဘက်သို့ ရောက်သွားချိန်တွင် လန်မူ၊ လင်းတုန်နှင့် ကျင့်ကြံသူအနည်းငယ်မှာ နတ်တစ်ပိုင်းအဆင့် အုပ်စုတစ်ခု၏ ဝန်းရံထားခြင်း ခံလိုက်ရသည်။

"သူတို့ကို အလွတ်ပေးလို့ မရဘူး။ ဒီကောင်တွေက ဆေးစိုက်ခင်းထဲကို ပထမဆုံး ဝင်သွားကြတာ မြင်လိုက်တယ်"

လန်မူသည် အဖွဲ့ဝင်များကို ဦးဆောင်၍ ထိုးဖောက်ချင်သော်လည်း နတ်တစ်ပိုင်းအဆင့်များ ထပ်မံရောက်ရှိလာကာ အရေအတွက်နှစ်ရာကျော်ပြီး ပိုင်နက်နှင့် အနီးဆုံးဖြစ်သော ရွှေဂျိုမျိုးနွယ်ဝင်သည် အများဆုံး ဖြစ်နေခဲ့သည်။ ယဲ့ချန်က ၎င်းတို့ကြားတွင် ရောနှောဝင်ရောက်နေသည်ကို မည်သူမှ သတိမထားမိသည့်အပြင် ဆေးစိုက်ခင်းအတွင်း ပထမဆုံး ဝင်ရောက်ခဲ့ပြီး အများဆုံး အမြတ်ထွက်ခဲ့ကြောင်းကို မသိရပေ။ အဖွဲ့ဝင်သုံးဆယ်ကျော်က ပိတ်မိနေစဥ် လွတ်မြောက်သွားသူအချို့မှာ လူအုပ်အတွင်း ရောနှောလျက် တိတ်တဆိတ် ထွက်ခွာသွားကြ၏။ သစ္စာရှိသူအချို့ကမူ အခြားအုပ်စုများကြားတွင် ရောနှောလျက် စောင့်ကြည့်နေကြသော်လည်း ဝန်းရံထားသူ အရေအတွက်က နှစ်ရာကျော်သောကြောင့် ကယ်တင်ရန် မလွယ်ပေ။

"ဒါက နည်းနည်းတော့ ပြဿနာရှိတယ်"

အဖွဲ့ဝင်သုံးဆယ်ကျော်သည် လက်နက်ကိုယ်စီထုတ်ဖော်၍ ခုခံရန် အသင့်ပြင်ထားသော်လည်း လွတ်မြောက်နိုင်ရန် ခက်ခဲသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်လေသည်။

All Chapters