ကောက်ကျစ်သူ
Vol. 67 Ch. 931
ကျင့်ကြံသူများက ထွက်ပေါက်များကို ပိတ်ထားလိုက်ကြသောကြောင့် အခြေအနေက အလွန်တင်းမာနေသည်။ ခေါင်းဆောင်လာသူမှာ ရွှေဂျိုမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး သာမန်မျိုးနွယ်ဝင်များထက် ပို၍အရပ်ရှည်ကာ ကြမ်းကြုတ်သော အသွင်ကို ပိုင်ဆိုင်ထား၍ ကြွက်သား အမြှောင်းမြှောင်းထနေသည့် လက်နှစ်ဖက်တွင် ပုဆိန်ကြီးတစ်လက် ကိုင်ဆောင်ထားသည်။ သူ၏အမည်က တုံးနွီဖြစ်ကာ နတ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုအပ်ပြီး လက်နက်ကလည်း အဆင့်နှစ် နတ်လက်နက်တစ်ခု ဖြစ်သည်။
"မင်းတို့ရလာသမျှကို ချန်ထားခဲ့ရင် အသက်ချမ်းသာပေးမယ်။ မဟုတ်ရင် ဒီနေရာက မင်းတို့ရဲ့သင်္ချိုင်း ဖြစ်သွားလိမ့်မယ်"
သူ၏အသံက မိုးချုန်းသံပမာ ဆူညံသောကြောင့် ပတ်ဝန်းကျင် ကျင့်ကြံသူများ၏ သွေးများ တုန်လှုပ်သွားကြသည်။
"တုံးနွီ ငါက မင်းနဲ့ ရန်ငြှိုးမရှိဘူး။ ဒီနေ့ ငါတို့က ဆေးစိုက်ခင်းထဲကို ဝင်ရောက်နိုင်တာ ကိုယ့်အစွမ်းအစနဲ့ကိုယ်ဖြစ်ပြီး ဓားပြတိုက်ချင်ရင် အဖိုးအခတစ်ခုတော့ ပေးဆပ်ရလိမ့်မယ်"
လန်မူက ခါးမတ်မတ်ရပ်၍ တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်ကာ အေးစက်သော လေလှိုင်းများထွက်ပေါ်လာ၍ မရေမတွက်နိုင်သော ရေခဲများမှာ ချပ်ဝတ်သဖွယ် ထွက်ပေါ်လာကြ၏။
"လန်မူ ရေခဲကောင်းကင်မျိုးနွယ်က နတ်မျိုးနွယ်တစ်ထောင်ကနေ ထုတ်ပယ်ခံရတော့မယ်ဆိုတာကို မေ့နေပြီလား။ ဒီနတ်ဆေးပင်တွေက မင်းအတွက် အသုံးဝင်မှာ မဟုတ်ဘူးဆိုတော့ ငါ့ကို ပေးစမ်း"
တုံးနွီက မောက်မာစွာဖြင့် သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်သောအခါ နှစ်ဖက်လုံးတွင် အခြေအနေများ တင်းမာနေကြ၏။
"သခင်မလေးကို ငါ ပြောပါတယ်။ ဒီယဲ့ချန်က မယုံရဘူး။ရွှေ ဂျိုမျိုးနွယ်ဝင်တွေကို ခေါ်လာတာလည်း သူ ဖြစ်လိမ့်မယ်။ အခု ဒီကောင်ပျောက်နေတယ်ဆိုတော့ ငါတို့လက်ထဲက နတ်ဆေးပင်တွေကို လုယူဖို့ စောင့်နေတာ ဖြစ်ရမယ်"
ဝူချီက လင်းတုန်ထံ ကုန်းချောလိုက်သောအခါ သူမသည် အေးစက်စက် ပြန်ကြည့်လိုက်သည်။ ယဲ့ချန်က ရွှေဂျိုမျိုးနွယ်ဝင်တစ်ယောက်မဟုတ်ဘဲ ကိုယ်ကျင့်တရား ကောင်းမွန်သူဖြစ်ကြောင်းကို သိထားသဖြင့် သူမသည် ဝူချီ၏စကားကြောင့် ဒေါသထွက်သွားခဲ့သည်။ ရွှေဂျိုမျိုးနွယ်ဝင်များအကြားတွင် ရောနှောနေသော ယဲ့ချန်က သူမကို တစ်ချက်ပြုံးပြလိုက်သဖြင့် တစ်ကိုယ်ကောင်းဆန်စွာ ထွက်မသွားကြောင်း သိလိုက်ရ၏။ တိုက်ပွဲစတင်ရန် နီးကပ်လာနေပြီး ပြဿနာဖြစ်ပွားနေသော နှစ်ဖက်အပြင် နတ်တစ်ပိုင်းကျင့်ကြံသူ ထောင်ချီ ရောက်ရှိနေကြကာ အာရုံစိုက်နေကြ၏။
"ရွှေဂျိုမျိုးနွယ်က အရေအတွက် သာနေတယ်ဆိုတော့ လန်မူအတွက် မလွယ်လောက်ဘူး"
"ဒီကောင်က ရွှေနန်းဆောင်ကနေ ရတနာတွေယူလာနိုင်ပြီး သေဆုံးနှုန်းနည်းပါးအောင် ဦးဆောင်နိုင်တယ်ဆိုတော့ စွမ်းဆောင်ရည် ရှိတယ်"
"ငါကြားထားသလောက်ဆိုရင် သူ့အဖွဲ့က ဆေးစိုက်ခင်းထဲကို အရင်ဆုံး ဝင်သွားတယ်။ ဒါဆိုရင် နတ်ဆေးပင် အများဆုံးရထားမှာ သေချာတယ်"
"တုံးနွီက ဒီလောက်တိုက်ခိုက်ချင်နေတာ မဆန်းပါဘူး"
"ဒီတစ်ခေါက်တော့ လန်မူ ရှုံးလိမ့်မယ်။ သူက တုံးနွီကို မယှဥ်နိုင်တဲ့အပြင် အရေအတွက်ချင်းလည်း ကွာနေတယ်"
"လန်မူ မင်းသာ နတ်ဆေးပင်တွေကိုပေးပြီး ငါ့နောက်လိုက်လုပ်မယ်ဆိုရင် ကောင်းကောင်း ဆက်ဆံပေးမယ်"
ပတ်ဝန်းကျင်က တီးတိုးဆွေးနွေးနေကြစဥ် တုံးနွီသည် လန်မူကို အထက်စီးမှ ကမ်းလှမ်းလိုက်သည်။
"မပေးနိုင်ဘူး။ မင်းသာ တကယ်လိုချင်တယ်ဆိုရင် လာစမ်းကြည့်"
လန်မူက အေးစက်နေပြီး နတ်ပြည်တွင် နှစ်ပေါင်းများစွာ ကျင်လည်ပြီးနောက် သေခြင်းရှင်ခြင်း အခြေအနေများစွာကို ရင်ဆိုင်ခဲ့ဖူးသည်။ သူရဲကောင်းတစ်ယောက်အနေဖြင့် အရှက်ကွဲမည့်အဖြစ်ထက် သေခြင်းတရားကိုသာ ရွေးချယ်ရန် သူက ဆန္ဒရှိနေသည်။ သူ၏တိုက်ခိုက်လိုစိတ်က မြင့်မားနေသောကြောင့် ပို၍သန်မာသော တုံးနွီမှာ အနည်းငယ် ကြောက်လန့်နေသည်။ ရေခဲကောင်းကင်မျိုးနွယ်က ကျဆင်းနေသော်လည်း အစွမ်းထက်သော အမွေအနှစ်များ ရှိသောကြောင့် လန်မူ၏အစွမ်းအစကို အထင်သေး၍ မရချေ။
တုံးနွီက နှာခေါင်းရှုံ့လိုက်ပြီး ပုဆိန်ကြီးက အလင်းရောင်များ တောက်ပလာသဖြင့် လန်မူ၏အဖွဲ့သည် တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
"ခွေးကောင် ရွှေဂျိုမျိုးနွယ်တွေကို ဒီနေရာအထိ ခေါ်လာတာ မင်းမလား"
ဓားတစ်လက် ဆွဲကိုင်ထားသော ဝူချီက ရွှေဂျိုမျိုးနွယ်ဝင်များအကြား ရောက်ရှိနေသော ယဲ့ချန်ကို မြင်သောအခါ ကောက်ကျစ်စွာ အော်ဟစ်လိုက်သည်။ ထို့ကြောင့် ရန်သူများ၏အကြည့်က ယဲ့ချန်ထံ ကျရောက်လာသောအခါ လင်းတုန်သည်လည်း ဒေါသူပုန်ထနေခဲ့သည်။
"ခွေးမသား"
ယဲ့ချန်က ကျိန်ဆဲလိုက်ပြီး တုံ့ဆိုင်းနေရန် အချိန်မရှိသောကြောင့် ကောင်းကင်ဓားပျံရာချီကို ဆင့်ခေါ်ဖန်တီးကာ ပစ်ခတ်လိုက်သည်။ ၎င်းတို့က ဘက်ပေါင်းစုံသို့ ပြန့်ထွက်သွားသောအခါ ထိမှန်ခံလိုက်ရသူများ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်သည်။ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်တည်နေပြီး သူ၏ကျင့်ကြံဆင့် မြင့်မားလာသောအခါ ၎င်းတို့၏စွမ်းအားကလည်း လိုက်ပါမြင့်တက်လာသောကြောင့် ထိပ်တန်းကြယ်သခင်တစ်ယောက်ပင် ထိမှန်ခံလိုက်ရလျှင် အခြေအနေ ဆိုးသွားနိုင်၏။ သူ၏တိုက်ကွက်က လျင်မြန်လွန်းပြီး မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားသောကြောင့် တုံ့ပြန်ချိန်မရလိုက်သူများမှာ ရိတ်သိမ်းခံလိုက်ရသော ကောက်ပင်များပမာ လဲကျသွားသည်။ အရေအတွက်က ရာချီပြီး နာကျင်စွာ အော်ဟစ်နေကြကာ နတ်ပြည်တွ င်ဒဏ်ရာပျောက်ကင်းနှုန်း မြန်သော်လည်း ကောင်းကင်ဓားပျံကြောင့် ဖြစ်လာသော ဒဏ်ရာများမှာ ပြန်လည်ကောင်းမွန်လာရန် မလွယ်ကူပေ။ ဤမြင်ကွင်းကြောင့် တုံးနွီမှာ ဒေါသတကြီးဖြစ်နေပြီး မျိုးနွယ်တူချင်း နောက်ကျောဓားထိုးခံရမည်ဟု မျှော်လင့်မထားခဲ့ပေ။
"ရွှေဂျိုမျိုးနွယ်ဝင်တစ်ယောက်က အချင်းချင်း သတ်ရဲတယ်ပေါ့။ မင်းကို သစ္စာဖောက်အဖြစ် သတ်မှတ်လိုက်ပြီ။ သေစမ်း"
သူက ပုဆိန်ကြီးကိုယမ်းကာ ခုတ်ပိုင်းလိုက်သောအခါ ယဲ့ချန်သည်လည်း ဆည်းဆာနတ်ဓားဖြင့် ပက်ထုတ်လိုက်၍ ဒင်ခနဲမြည်သွားကာ စွမ်းအားလှိုင်းများ ပြန့်ထွက်လာ၏။ ယဲ့ချန်က နောက်သို့ ခုန်ဆုတ်သွားသော်လည်း နေရာတွင် တုန်ယင်နေသော တုံးနွီသည် တစ်ဖက်လူ၏အင်အားမှာ သူ့အောက် မနိမ့်ကြောင်း နားလည်လိုက်သည်။ ထိုအချိန်တွင် လန်မူအနားသို့ ဖြတ်ခနဲ ရောက်ရှိလာသော ယဲ့ချန်သည် ဝူချီ၏မျက်နှာကို ချက်ချင်းရိုက်ချလိုက်သည်။ ဝူချီက ကိုယ့်ကိုကိုယ် ကာကွယ်လိုသော်လည်း ရိုက်ချက်က မြန်လွန်းသောကြောင့် လည်ထွက်သွားခဲ့သည်။ သူက မနာလိုဝန်တိုမှုကြောင့် ဆင်ခြင်ဉာဏ် ပျောက်ဆုံးသွားသဖြင့် နိုးထလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ရန်သူများကြား ပုန်းအောင်းနေသော ယဲ့ချန်၏ရည်ရွယ်ချက်ကို စဥ်းစားမိရန် မခက်ခဲသောအခါ တမင်သက်သက် အန္တရာယ်ပေးလိုခြင်း ဖြစ်နိုင်သည်။
ဝူချီ၏နှုတ်ခမ်းမှ သွေးများ စီးကျလာကာ ယဲ့ချန်ကို မုန်းတီးစွာ စိုက်ကြည့်နေသဖြင့် လင်းတုန်က စိတ်ပျက်သွားခဲ့သည်။ အကယ်၍ သူမ၏နောက်လိုက်သာ အပြစ်ကို သိမြင်ပြီး တောင်းပန်မည်ဆိုလျှင် ခွင့်လွှတ်ရန်ဖြစ်သော်လည်း အမြင်ကျဥ်းမြောင်းလွန်းနေသဖြင့် သူမက သည်းမခံနိုင်တော့ပေ။
"ဝူချီ အခုကစပြီး မင်းက ငါ့အစောင့်ဖြစ်ဖို့ အရည်အချည်းမရှိတော့ဘူး။ မျိုးနွယ်ကို ပြန်ရောက်တာနဲ့ မင်းရဲ့အဆင့်အတန်းကို ပယ်ရှားဖို့ ခေါင်းဆောင်ကို တောင်းဆိုမယ်"
သူမက အေးစက်စက် အမိန့်ပေးလိုက်သည်။
"သခင်မလေး အပြင်လူတစ်ယောက်ကြောင့် ဒီလိုဆုံးဖြတ်လိုက်တာလား"
ဝူချီက အပြစ်ကို ယဲ့ချန်ထံ လွှဲချကာ လင်းတုန်ကို ပိုင်ဆိုင်လိုစိတ် ကြီးမားလွန်းနေသည်။ ထို့ကြောင့် သူက ယဲ့ချန် ဒုက္ခရောက်စေရန် ကြံစည်လိုက်ခြင်းဖြစ်သည်။
"ဝူချီ မင်းအပြစ်ကို မင်း သိစမ်း"
လန်မူက မျက်မှောင်ကြုတ်၍ ငေါက်ငမ်းလိုက်သောအခါ ဝူချီမှာ နောက်ဆုတ်သွားခဲ့သည်။ သူက ယဲ့ချန်ကို ခွန်အားချင်း မယှဥ်နိုင်သည့်အပြင် လင်းတုန်၏ မျက်နှာသာပေးခြင်းကိုလည်း မရပေ။ အကယ်၍ သူမသာ ဝိညာဥ်မျက်လုံး မျိုးနွယ်ခေါင်းဆောင်၏ သမီးမဟုတ်လျှင် သူက လေးစားနေစရာ အကြောင်းမရှိပေ။ ထို့ကြောင့် ကောက်ကျစ်တတ်သူပီပီ အောက်တန်းကျစွာ အကြံထုတ်နေလျက် ရှိသည်။
"ရွှေဂျိုမျိုးနွယ်ဝင်တွေရှိနေလို့ မင်းကို ခဏတော့ အလွတ်ပေးထားလိုက်မယ်။ အနာဂတ်မှာ ငါ့ကို လာရှုပ်ရင်တော့ သေရမယ်"
ယဲ့ချန်သည် ဝူချီ၏အကြံဆိုးကို ရိပ်မိသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ တုံးနွီသည် တစ်ဖက်လူက အားမနည်းသောကြောင့် အလျင်စလို တိုက်ခိုက်ခြင်းမရှိဘဲ ဆက်လက်စောင့်ဆိုင်းနေသောအခါ ရွှေဂျိုမျိုးနွယ်ဝင်များ ထပ်မံရောက်ရှိလာသည်။ အရေအတွက်ငါးရာကျော်တွင် ထိပ်တန်းကြယ်သခင်များက ခြောက်ဆယ်ကျော်အထိ ပါဝင်နေသည်။
"အစ်ကိုယဲ့ ဘာဆက်လုပ်ကြမလဲ။ သူတို့ဘက်မှာ အရေအတွက်က ပိုပိုများလာတယ်။ ထွက်သွားဖို့ နည်းလမ်းရှိရင် ညီမတို့ကို ဂရုမစိုက်ပါနဲ့"
လင်းတုန်က စိုးရိမ်စွာ တိုက်တွန်းလိုက်သည်။
"မစိုးရိမ်နဲ့ ငါ ကိုင်တွယ်နိုင်တယ်"
ယဲ့ချန်သည် ရွှေဂျိုမျိုးနွယ်ဝင်များကို ဂရုမစိုက်ဘဲ ဆေးစိုက်ခင်းအတွင်း တိုက်ခိုက်ရန် ကြံစည်နေသည်။
"မင်းကြောင့် ငါတောင် လှည့်စားခံရတော့မယ်။ မင်းက ရွှေဂျိုမျိုးနွယ်ဝင်မဟုတ်ဘဲ ရုပ်ဖျက်ပြီး ငါတို့ကို လုပ်ကြံရဲတယ်ပေါ့"
တုံးနွီက အဖြစ်မှန်ကို သိသွားသောအခါ ဒေါသတကြီး အော်ဟစ်နေခဲ့သည်။
"မင်းရဲ့ခွန်အားက မဆိုးပေမယ့် ငါတို့မျိုးနွယ်ဝင်တွေ အများကြီးရှိနေတော့ ဘယ်လိုထွက်သွားနိုင်မှာလဲ"
သူက လှောင်ရယ်လိုက်ခြင်း ဖြစ်သည်။
"မင်းတို့ကို ကိုင်တွယ်ဖို့ လုံလောက်တာထက်တောင် ပိုနေသေးတယ်။ တစ်ယောက်ချင်း တိုက်ခိုက်မှာလား၊ အုပ်စုလိုက် တိုက်ခိုက်ချင်သလား"
ဒန်တန်အတွင်း၌ နောက်လိုက် သုံးသောင်းကျော်ရှိသောကြောင့် ယဲ့ချန်က အေးစက်စက် ပြုံးလိုက်သည်။ သို့သော် အပြင်လူများစွာ ရှိနေသောကြောင့် လူသားကျင့်ကြံသူများ နတ်ပြည်အတွင်း ဝင်ရောက်လာကြောင်း ထုတ်ဖော်ခံလိုက်လျှင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ နတ်ပြည်၏ နတ်မျိုးနွယ်တစ်ထောင်တွင် လူသားမျိုးနွယ်ကို မုန်းတီးပြီး ပြန်လည်ဝင်ရောက်ခွင့် မပေးချင်သူများ သေချာပေါက် ရှိပေလိမ့်မည်။ ထို့ကြောင့် သူက အခြားဝှက်ဖဲတစ်ခု အသုံးပြုရန် ဆုံးဖြတ်ကာ လက်မောင်းကာအတွင်း ကြည့်လိုက်ပြီး လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။