← Chapters

နတ်အဆင့်နှင့် တိုက်ခိုက်ခြင်း

Vol. 67 Ch. 934

နတ်အဆင့်နှင့် တိုက်ခိုက်ခြင်း

Vol. 67 Ch. 934

အလင်းတန်းသည် နတ်ခန္ဓာကို ဖျက်ဆီးနိုင်လောက်သော စွမ်းအားကို သယ်ဆောင်၍ မျက်နှာတည့်တည့် ဝင်ရောက်လာသောအခါ ယဲ့ချန်က ဝိညာဥ်အထိ တုန်လှုပ်သွားခဲ့သည်။ သူက နတ်တစ်ယောက်ကို မယှဥ်နိုင်သော်လည်း တိုက်ခိုက်နေခြင်းမှာ လန်မူနှင့် လင်းတုန်တို့ ထွက်ပြေးနိုင်ရန်အတွက် အချိန်ဆွဲပေးလိုသောကြောင့် ဖြစ်သည်။ သို့သော် ဤတိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့သောကြောင့် ထိမှန်ကာနီးတွင် ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ဖြတ်ခနဲ ဝင်ရောက်လိုက်၏။

"ဘုန်း"

အလင်းတန်းက သူ၏တည်နေရာကို ကျော်ဖြတ်သွားကာ တားမြစ်အစီအရင်ကို ထိမှန်သွား၍ စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာစေခဲ့သည်။ ရွှေဂျိုမျိုးနွယ်ဝင်သည် လေထဲတွင် မတ်တပ်ရပ်နေပြီး အေးစက်စက်ပြုံးကာ ယဲ့ချန် မည်မျှအစွမ်းထက်ပါစေ၊ ဝိညာဥ်ဖျက်ဆီးရေး အလင်းအောက်တွင် သေဆုံးရမည်ဟု ထင်မှတ်ထားသည်။ ၎င်းက မျိုးနွယ်၏ ထိပ်တန်းကျင့်စဥ်တစ်ခုဖြစ်ကာ သူသည် အဆင့်နှစ်အထိသာ နားလည်တတ်ကျွမ်းထားသော်လည်း နတ်တစ်ပိုင်းအဆင့်ကို ရှင်းပစ်ရန်အတွက် လုံလောက်သည်ထက် ပိုနေခဲ့သည်။

"ဒီကောင် သေလောက်ပါပြီ။ နတ်တစ်ပိုင်းအဆင့်က နတ်တစ်ယောက်ကို တိုက်ခိုက်တယ်ဆိုတာ သေလမ်းရှာတာပဲ"

ကျန်နတ်လေးယောက်သည် ထိုကျင့်စဥ်၏ စွမ်းပကားကို သိထားသောကြောင့် ကောက်ချက်ချလိုက်သည်။ အလင်းတန်းက မိနစ်အနည်းငယ်အကြာတွင် ပျောက်ကွယ်သွားသော်လည်း ယဲ့ချန်၏ အရှိန်အဝါ ရှိနေဆဲဖြစ်ရာ ရွှေဂျိုမျိုးနွယ်ဝင်ကို မျက်မှောင်ကြုတ်သွားစေသည်။ ဝိညာဥ်ဖျက်ဆီးရေးအလင်းက ဝိညာဥ်အသိစိတ်ကို ကန့်သတ်ထားနိုင်စွမ်းရှိသဖြင့် အခြေအနေအမှန်ကို သူက မြင်နိုင်စွမ်း မရှိခဲ့ပေ။

"ဘာတွေဖြစ်ကုန်တာလဲ။ ဒီကောင်က မသေဘူးလား။ ထူးဆန်းလိုက်တာ၊ ဟင်းလင်းပြင် ကျင့်စဥ်တစ်ခုများလား"

သူက အတွေးနက်နေစဥ် ယဲ့ချန်သည် တားမြစ်အစီအရင်၏ အပြင်ဘက်သို့ လှစ်ခနဲ ထွက်ပြေးလိုက်သည်။ ထို့ကြောင့် သူက ဒေါသထွက်သွားကာ ဆက်တိုက်တိုက်ခိုက်နေသော်လည်း နတ်တစ်ပိုင်းအဆင့်ကို မသတ်နိုင်သောကြောင့် လက်မခံနိုင်ဖြစ်နေကာ လက်ဝါးချက်တစ်ခု ထုတ်ဖော်လိုက်သည်။ သူ၏ညာလက်ဝါးသည် အလွန်ထက်ရှစွာဖြင့် လေထုကို ဖြတ်သန်းသွားကာ ဆန်းကျယ်သော တာအိုသဘောတရားများ ပေါင်းစပ်ပါဝင်၍ ပြင်းထန်နေ၏။ ယဲ့ချန်သည် လက်ဝါးအလင်းနှင့် ဝေးကွာနေသော်လည်း ထက်ရှသော လက်နက်များစွာဖြင့် လှီးဖြတ်ခံနေရသကဲ့သို့ နာကျင်သွားကာ အသက်ရှူကျပ်နေသည်။ ဤဖိအားအောက်တွင် သူက လက်ဟန်များ လျင်မြန်စွာ ပြုလုပ်၍ ပြန်လည်တိုက်ခိုက်ရန်အတွက် ကောင်းကင်ကြယ်တာရာ ရုန်းပေါင်း ထောင်ချီကို ပစ်ခတ်လိုက်သည်။

"ဘုန်း"

ထိုရုန်းများက လက်ဝါးအလင်းကို ထိမှန်သွားသောအခါ လျင်မြန်စွာ ပြိုကွဲသွားခဲ့ပြီး ၎င်းလက်ဝါးချက်မှာ သူ့ထံ ဆက်လက်တိုးဝင်လာနေသည်။ ကောင်းကင်ကြယ်တာရာ ရုန်းပင် နတ်အဆင့်ကို မတားဆီးနိုင်သောကြောင့် သေခြင်းတရားက နီးကပ်လာနေသောအခါ ယဲ့ချန်သည် ဉာဏ်အလင်းတစ်ချက် ပွင့်သွားပြီး တာအိုရုန်းများကို မဟာတာအိုဖြင့် ဖွဲ့စည်းကာ ရန်သူကို တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။ မရေမတွက်နိုင်သော ရုန်းများ ဖြစ်တည်လာကာ သူ နားလည်ထားသော တာအိုသဘောတရားများ ပေါင်းစပ်သွားပြီး ပို၍အစွမ်းထက်လာရင်း သိပ်သည်းစွာ တောက်ပနေသော အလင်းများအောက်တွင် သူ၏မျက်နှာက တည်ငြိမ်နေသည်။

"လာစမ်း"

သူက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသော တိုက်ကွက်ဖြင့် လက်ဝါးချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သောအခါ ကြောက်မက်ဖွယ် တန်ပြန်အားတစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်မှာ ဘုန်းခနဲ ပြိုကျသွားသည်။ ဤကား နတ်တစ်ပါးကို ရင်ဆိုင်တိုက်ခိုက်လိုသော ယဲ့ချန်၏ တာအိုစိတ်ဆန္ဒဖြစ်ကာ ရုန်းများသည် တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာနေသဖြင့် အနီးတွင် နတ်တစ်ပိုင်းအဆင့်များရှိလျှင် ကြေမွသေဆုံးသွားပေလိမ့်မည်။ သူက နတ်အဆင့်သို့ မရောက်သေးသော်လည်း ဤမျှအစွမ်းထက်နေသောအခါ ထူးခြားလွန်းသော ပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။

"ဘုန်း"

သို့သော် ဤရုန်းများသည် နတ်တစ်ယောက်၏ လက်ဝါးချက်ကို ခုခံနိုင်စွမ်းမရှိသေးသောကြောင့် နောက်ဆုံးတွင် ပေါက်ကွဲသွားကာ ယဲ့ချန်၏ရင်ဘတ်မှာ ထိမှန်ခံလိုက်ရသည်။ သူက ဘန်းခနဲ လွင့်ထွက်သွားကာ နံရိုးများ ကျိုးကြေသွားသဖြင့် အတွင်းအင်္ဂါများ ထိခိုက်သွားခဲ့သည်။ ကောင်းကင်ကြယ်တာရာရုန်းများသည် လက်ဝါးချက်၏ စွမ်းအား ငါးဆယ်ရာခိုင်နှုန်းကို တားဆီးနိုင်ခဲ့သော်လည်း အစွမ်းထက်နေဆဲပင်ဖြစ်ရာ အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကြောင့်သာ မဟုတ်လျှင် လက်ရှိ၌ သူက အသားပြားဘဝ ရောက်သွားနိုင်သည်။ သူက လွင့်ထွက်နေစဥ် လက်ကျန်ချီများကို ထိန်းချုပ်၍ တာအိုရုန်းတစ်ခု ထပ်မံဖန်တီးလိုက်သည်။

"ကောင်းကင်ကံရုန်း"

ကောင်းကင်ကြယ်တာရာရုန်းနှင့် ပတ်သက်၍ ဉာဏ်အလင်းပွင့်သွားသောအခါ ဆက်စပ်နေသော ဤတိုက်ကွက်သည်လည်း အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားကာ ပို၍အစွမ်းထက်လာခဲ့၏။ နတ်အဆင့် ကျင့်ကြံသူသည် ယဲ့ချန်က အပြင်းအထန် ဒဏ်ရာရနေသည့်တိုင်အောင် နောက်ထပ်တာအိုရုန်းတစ်မျိုးဖြင့် တိုက်ခိုက်နိုင်မည်ဟု ထင်မထားခဲ့ပေ။ ဤတိုက်ကွက်သည် ကြောက်စရာကောင်းကြောင်း ခံစားမိသဖြင့် သူက ထိပ်တိုက်ရင်ဆိုင်လိုစိတ် မရှိသောကြောင့် နတ်စွမ်းအားဖြင့် ချပ်ဝတ်တစ်ခု ဖန်တီးလိုက်ရသည်။ ရုန်းများက သူ့ကို တဘုန်းဘုန်းထိမှန်သွားကာ နတ်ချပ်ဝတ်၌ အက်ကြောင်းများ ဖြစ်ပေါ်လာစေသော်လည်း တည်ငြိမ်စွာ ရှိနေခဲ့သည်။ ထို့နောက် သူက ကောင်းကင်ကံရုန်းများကို ဖြေရှင်းရန်အတွက် ချီစွမ်းအင်များ ထုတ်ဖော်လိုက်ရသည်။ သို့သော် ထိုအချိန်တွင် ယဲ့ချန်သည် နန်းတော်အတွင်းရှိ တည်နေရာပြောင်း လမ်းကြောင်းတစ်ခုအတွင်း ပြေးဝင်ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ထိုလမ်းကြောင်း၏ ဦးတည်ရာသည် နန်းတော်၏ အတွင်းပိုင်းဖြစ်ကာ အန္တရာယ်များ ပြည့်နှက်နေပြီး လောကနတ်အဆင့်များပင် ဝင်ရောက်ရဲခြင်း မရှိပေ။ ရွှေဂျိုမျိုးနွယ်ဝင်သည် ခဏတာစဥ်းစားပြီးနောက် လိုက်ပါမသွားရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ ယဲ့ချန်သည် အစွမ်းထက် တာအိုရုန်းနှစ်မျိုးကို ထုတ်ဖော်ပြသခဲ့ပြီး ကြောက်မက်ဖွယ်နောက်ခံမျိုး ပိုင်ဆိုင်ထားနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သူ မြင်ဖူးသမျှ အသန်မာဆုံး တာအိုရုန်းများဖြစ်ကာ ကိုယ်တိုင်ဖန်တီးရန် မဖြစ်နိုင်ဘဲ အစွမ်းထက်မျိုးနွယ်တစ်ခု၏ အမွေအနှစ် ဖြစ်နိုင်သဖြင့် ရန်စရန် မသင့်တော်ပေ။ သူက တည်နေရာလမ်းကြောင်းထံ တစ်ချက်ကြည့်လိုက်ပြီး ယဲ့ချန်၏ နတ်ဆေးပင်များကို လျစ်လျူရှုလိုက်သည်။ နတ်အဆင့် ကျင့်ကြံသူတစ်​ယောက်အနေဖြင့် အဆင့်တစ်နှင့် နှစ် နတ်ဆေးပင်များအတွက် အသက်ကိုစွန့်ကာ အစွမ်းထက်မျိုးနွယ်တစ်ခုအား ရန်စရန် မထိုက်တန်ပေ။

ကျန်နတ်လေးယောက်သည်လည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူက ရွှေဂျိုမျိုးနွယ်၏ နတ်တစ်ယောက်လက်အတွင်းမှ လွတ်မြောက်သွားခြင်းကို မယုံနိုင်ဖြစ်နေကြသည်။ သို့သော် ယဲ့ချန်၏အစွမ်းကြောင့် သူတို့က ဝင်ရောက်လှုပ်ရှားခြင်း မရှိပေ။ မြေအဆင့် နတ်လက်နက်တစ်ခု၊ ဝိညာဥ်ဖျက်ဆီးရေးကျင့်စဥ်ကို ရှောင်တိမ်းနိုင်စွမ်းနှင့် ဆန်းကျယ်သော တာအိုရုန်းနှစ်မျိုးကြောင့် တစ်ဖက်လူ၏ နောက်ခံကို သူတို့က အထင်မသေးရဲသောကြောင့် ဖြစ်သည်။

"မင်းတို့က ဘာကြောင့် ထွက်မသွားသေးတာလဲ"

ယဲ့ချန်သည် ရွှေနန်းတော်၏ အတွင်းပိုင်းသို့ ရောက်သောအခါ လန်မူနှင့် အဖွဲ့သားများကို မြင်လိုက်ရသည်။ သူက အပြင်းအထန် ဒဏ်ရာရထားသောကြောင့် မြင်ကွင်းက ဝေဝါးနေသော်လည်း စိတ်ဓာတ်ခိုင်မာစွာ ရှိနေခဲ့သည်။

"ငါတို့က အစ်ကိုယဲ့အတွက် စိုးရိမ်လို့ပါ"

ဒဏ်ရာများ ပြည့်နှက်နေသော ယဲ့ချန်၏အဖြစ်ကြောင့် လင်းတုန်မှာ မျက်ရည်လည်ရွဲ ဖြစ်နေခဲ့သည်။ သူက တစ်ကိုယ်ကောင်းဆန်စွာ ထွက်ပြေးနိုင်သော်လည်း သူတို့ကို ကယ်တင်လိုသောကြောင့် ဤမျှအခြေအနေ ဆိုးသွားခြင်း ဖြစ်၏။

"ငါတို့ မြန်မြန် ထွက်သွားကြမယ်"

နတ်အဆင့် ကျင့်ကြံသူများ လိုက်လာနိုင်သောကြောင့် အမြန်ဆုံးထွက်ခွာရန် အရေးကြီးသောအခါ လန်မူသည် ယဲ့ချန်ကို တွဲထူကာ ပျံသန်းလိုက်သည်။ ယဲ့ချန်၏ဒဏ်ရာများက အလွန်ပြင်းထန်ပြီး ပြန်လည်သက်သာလာရန် ခက်ခဲသော်လည်း လျင်မြန်စွာ ကောင်းမွန်လာနေသဖြင့် သူတို့ကို အံ့သြစေခဲ့သည်။ ကံကောင်းသည်မှာ ဒန်တန် ထိခိုက်မသွားခြင်းဖြစ်ပြီး သူက ကြယ်ကိုးလုံးကို အသက်သွင်းလိုက်သောအခါ ဒဏ်ရာများ စတင်ပျောက်ကင်းလာ၏။ အကယ်၍ နတ်အဆင့်များ လိုက်လာလျှင် သူက ခုခံနိုင်စွမ်းမရှိတော့သော်လည်း ကံကောင်းစွာဖြင့် လိုက်မလာခဲ့ကြပေ။

"ငါတို့ ဘယ်ရောက်နေတာလဲ"

ယဲ့ချန်သည် နာကျင်မှုကို သည်းခံ၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သောအခါ မျက်စိတဆုံး တိုင်လုံးကြီးများ ရှိနေသည့် အဆုံးအစမဲ့ ခန်းမတစ်ခုထံ ရောက်သွားခဲ့သည်။

"ငါတို့က နန်းတော်ရဲ့ အတွင်းပိုင်းကို ရောက်နေတယ်။ အန္တရာယ်အရမ်းများလို့ ဂရုစိုက်ရမယ်"

လန်မူက ပတ်ဝန်းကျင်ကို အလွန်သတိထားနေပြီး ဤနန်းတော်၏ အတွင်းပိုင်းတွင် လောကနတ်အဆင့်များပင် သေဆုံးဖူးကြောင်း သတင်းကြားထားခဲ့သည်။

"ထွက်ပြေးနေစရာ မလိုတော့ဘူး။ တစ်နေရာရာရှာပြီး အနားယူကြမယ်။ နတ်အဆင့်တွေက လိုက်လာချင်ရင် ဒီအချိန်ဆိုရင် လိုက်မီနေလောက်ပြီ။ သူတို့တောင် လိုက်မလာရဲဘူးဆိုရင် ဒီနေရာကြီးက သေချာပေါက် အန္တရာယ်များလိမ့်မယ်"

သူတို့က အဆင်အခြင်မဲ့စွာဖြင့် နန်းတော်၏ အတွင်းပိုင်းသို့ ရောက်လာခြင်းဖြစ်ရာ ယဲ့ချန်သည် အခြေအနေကို သုံးသပ်၍ ညွှန်ကြားလိုက်သည်။ သူ၏စကားက အဓိပ္ပါယ်ရှိသောကြောင့် လန်မူတို့က လက်ခံလိုက်ပြီး ခန်းမအတွင်း ရပ်နားလိုက်ကြသည်။ သူက ဒဏ်ရာများ ကုသရန်အတွက် တိုင်လုံးကြီးတစ်ခုကို မှီ၍ တင်ပျဥ်ခွေထိုင်ချကာ အချိန်လေဟာနယ် ချီကိုးမျိုးကို လည်ပတ်လိုက်သည်။ နတ်အဆင့်ကျင့်ကြံသူနှင့် တိုက်ပွဲတွင် သူက ဉာဏ်အလင်းအချို့ ရခဲ့သောကြောင့် အမြတ်ထွက်ခဲ့သည်ဟု ဆိုနိုင်လေသည်။

All Chapters