အဆင့်တက်ခြင်း
Vol. 67 Ch. 935
ဉာဏ်အလင်းသည် ယဲ့ချန်၏ ဝိညာဥ်ကို ခြေဖဝါးအောက်ရှိ နတ်ပြည်၏ သဘာဝတရားနှင့် လိုက်လျောညီထွေ ဖြစ်လာစေရန် ဆင့်ကဲပေးခဲ့သည်။ သူက ကောင်းကင်ကြယ်သခင် ဖြစ်လာရန် ဆံခြည်တစ်မျှင်သာ နီးကပ်နေပြီး အစွမ်းထက် တာအိုသဘောတရားများ ပါဝင်သည့် တာအိုရုန်းများ လွှမ်းခြုံနေ၏။ ကောင်းကင်ကြယ်တာရာရုန်းက အဆင့်မြင့်လာပြီးနောက် ကောင်းကင်ကံရုန်းတွင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်နေ၍ ကြယ်ကိုးလုံး၏ပုံရိပ်များ ထင်ဟပ်နေကာ ကံကြမ္မာကောင်းများကို စုဝေးစေသည်။ သူက အဆင့်တက်ရန် အချိန်တန်ပြီဖြစ်သောကြောင့် ဓားပြတိုက်လာသော သိုလှောင်အိတ်များအတွင်းမှ နတ်ဆေးပင်များကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ယဲ့ချန်သည် အိတ်တစ်လုံးအတွင်းမှ အဆင့်တစ် နတ်ဆေးပင်နှစ်ပင်ကို ထုတ်ယူကာ ဒန်တန်အတွင်း ပစ်ထည့်လိုက်သောအခါ အချိန်လေဟာနယ် ချီကိုးမျိုး စုဝေးလာကြသည်။ ၎င်းတို့၏စွမ်းအားအောက်တွင် ဆေးပင်များက သန့်စင်ခံလိုက်ရပြီး အစွမ်းထက် အာနိသင်များသည် အတွင်းလောက၏ တစ်လက်မမကျန် ပျံ့နှံ့သွားခဲ့သည်။ ကြယ်များပေါ်တွင် ကျင့်ကြံနေသော နောက်လိုက်များအတွက် ဆေးစွမ်းအင် တစ်စိတ်တစ်ပိုင်း ခွဲတမ်းရရှိလိုက်သဖြင့် စုပ်ယူကျင့်ကြံနိုင်ခဲ့သည်။ နတ်ဆေးပင်၏အာနိသင်က သိသာထင်ရှားပြီး သာမန်ဆေးပင်ပေါင်းသောင်းချီနှင့် ညီမျှသောကြောင့် ခွန်အားအနည်းငယ် တိုးတက်လာကြောင်း ယဲ့ချန်က ခံစားလိုက်ရသည်။ သာမန်နတ်တစ်ပိုင်းအဆင့်ဆိုလျှင် အဆင့်တစ် နတ်ဆေးပင်ကြောင့် ကြီးမားစွာ တိုးတက်လာနိုင်ပြီး အဆင့်ငယ်တစ်ဆင့် တက်နိုင်သော်လည်း ကြီးမားလွန်းသော ဒန်တန်ကြောင့် ဤနှစ်ပင်၏ တိုးတက်စေနိုင်စွမ်းမှာ အကန့်အသတ် ရှိနေသည်။
သို့သော် နတ်ဆေးပင်များ မရေမတွက်နိုင်အောင် ပိုင်ဆိုင်ထားသည့် ယဲ့ချန်အတွက် ပြဿနာမရှိဘဲ သိုလှောင်အိတ်များကို ဆက်တိုက်ဖွင့်လှစ်ကာ နောက်ထပ်၁၃ပင်ကို သန့်စင်လိုက်သည်။ သူက သတ္တုရိုင်းများနှင့် ရတနာများအား ဘေးဖယ်ထားလိုက်ပြီး နတ်ဆေးပင်များကို ဆက်တိုက်သန့်စင်ရင်း အရေအတွက်သုံးရာ ကျော်လာသောအခါ ဒန်တန်အတွင်း ချီများက စိတ်ကူးမရလောက်အောင် လှိုင်းထန်နေသည်။ ၎င်းတို့ကြားတွင် အစွမ်းထက်ချီတစ်မျိုး ဖြစ်တည်လာပုံရပြီး အချိန်လေဟာနယ် ချီကိုးမျိုး၏ ဆင့်ကဲပုံစံတစ်မျိုးဖြစ်ကာ နတ်အဆင့်ရန်သူ အသုံးပြုခဲ့သော နတ်ချီနှင့် ဆင်တူကြောင်း သူက နားလည်လိုက်သဖြင့် စိတ်လှုပ်ရှားသွားသည်။
လန်မူ၊ လင်းတုန်နှင့် အခြားအဖွဲ့ဝင်များသည် အနီးအနားတွင် တင်ပျဥ်ခွေထိုင်နေကြပြီး နတ်ဆေးပင်များကို သန့်စင်နေကြသည်။ သို့သော် သူတို့၏ခွန်အားဖြင့် အဆင့်တစ် နတ်ဆေးပင်ကို တစ်ထိုင်တည်းသန့်စင်ရန် မစွမ်းဆောင်နိုင်ဘဲ ဖြည်းညှင်းစွာ စုပ်ယူရသောကြောင့် ရက်အနည်းငယ် လိုအပ်နေသည်။ ကျန်တစ်ဖက်တွင် ယဲ့ချန်သည် နတ်ဆေးပင်များကို အရူးအမူးသန့်စင်နေပြီး ရာချီ အသုံးပြုခဲ့သော်လည်း ကျေနပ်စေရုံသာဖြစ်သည်။ ဆေးအာနိသင်ကို ရွှေပိုင်နက်သားရဲများ၊ လက်အောက်ငယ်သားများနှင့် နတ်သန္ဓေသားအား ခွဲဝေပေးနေရသော်လည်း သူ၏ခွန်အားက မြင့်တက်လာသည်။
"ဘုန်း"
နောက်ဆုံးတွင် ကျင့်ကြံဆင့် အတားအဆီး ပျက်စီးသွားကာ သူက ကောင်းကင်ကြယ်သခင် ဖြစ်လာသောကြောင့် အရှိန်အဝါမှာ ချက်ချင်းမြင့်တက်လာ၏။ သူက ပိုင်ဆိုင်ထားသော နတ်ဆေးပင် ငါးပုံတစ်ပုံကိုသာ အသုံးပြုရသေးသည့်အပြင် အဆင့်နှစ်နှင့် အဆင့်သုံး နတ်ဆေးပင်များကိုလည်း အသုံးမပြုခဲ့ပေ။
"အစ်ကိုယဲ့ အဆင့်တက်သွားပြီလား"
ယဲ့ချန်၏အရှိန်အဝါကို အာရုံခံမိသောကြောင့် လင်းတုန်က တအံ့တသြ မေးလာခြင်းဖြစ်သည်။ ကောင်းကင်ကြယ်သခင် ဖြစ်လာပြီးနောက် သူ၏ခွန်အားက ပြောင်းလဲသွားကာ နတ်အဆင့်တစ်ယောက်နှင့် တိုက်ခိုက်ရလျှင် ယခင်ကဲ့သို့ ရိုက်နှက်ခံရတော့မည် မဟုတ်ပေ။ ထိုအချိန်တွင် အဖွဲ့ဝင်တစ်ယောက်သည် ကင်းထောက်သွားရာမှ ပြန်လည်ရောက်ရှိလာသောကြောင့် လန်မူက မေးခွန်းထုတ်လိုက်သည်။
"ပတ်ဝန်းကျင်ကို စုံစမ်းတာ အခြေအနေ ဘယ်လိုလဲ။ ငါတို့ အပြင်ထွက်ဖို့ ဖြစ်နိုင်လား"
"ဒီနေရာက အဝင်လမ်းသာရှိပြီး ထွက်လမ်း မရှိဘူး။ ငါတို့ ထောင်ချောက်မိသွားပြီ"
ထိုကျင့်ကြံသူက စိတ်ပျက်စွာ ခေါင်းယမ်းပြလိုက်သည်။ နောက်ပြန်လှည့်ရန် လမ်းမရှိသောကြောင့် ရွှေနန်းတော်၏ အတွင်းပိုင်းသို့ ဝင်ရောက်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိချေ။ သို့သော် နတ်အဆင့် ကျင့်ကြံသူများပင် ဝင်ရောက်ရန် သတ္တိမရှိသောကြောင့် ဟင်းလင်းပြင်နတ်၏ ရွှေနန်းတော်တွင် အန္တရာယ်များ သေချာပေါက် ပြည့်နှက်ပေလိမ့်မည်။ ယဲ့ချန်က ခဏတာ စဥ်းစားပြီးနောက် ခွန်အားကို လုံလုံလောက်လောက် မြှင့်တင်ရန်အတွက် နတ်ဆေးပင်အားလုံးကို သန့်စင်ပြီးမှ ခရီးဆက်ရန် ဆုံးဖြတ်လိုက်သည်။
ကောင်းကင်မူလကြယ်တွင် ယဲ့မျိုးနွယ်သည် ကျိုးလီ၏ အထောက်အပံ့ဖြင့် အာဏာစက် ကြီးမားလာသည်။ ကုန်သွယ်ရေးလမ်းကြောင်းကြောင့် စီးပွားရေးလည်း မြင့်မားနေကာ နတ်ဆိုးတိုက်လှေ ခြောက်ရာကျော်နှင့် အခြားယာဥ်များ သောင်းချီ ပိုင်ဆိုင်လာခဲ့သည်။ ယာဥ်များစွာက ပိုးကောင်အုပ်များသဖွယ် နေ့စဥ် ဝင်ထွက်သွားလာနေကြပြီး လက်ရှိတွင် ၎င်းသည် ကြယ်ပေါင်းတစ်ရာကျော်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည်။ ယဲ့မျိုးနွယ် အုပ်ချုပ်သော ကျင့်ကြံသူအရေအတွက်က ထရီလီယံချီသောကြောင့် မရေမတွက်နိုင်သော ပါရမီရှင်များကို ရွေးချယ်လေ့ကျင့်ပေးနိုင်ခဲ့သည်။ ထို့အပြင် သူတို့က ထာဝရပြည်ထောင်နှင့် သွေးပြည်ထောင်မှ အစွမ်းထက် ကျင့်ကြံသူများစွာကို ငှားရမ်းခဲ့ပြီး အင်အားက ကြောက်စရာကောင်းလောက်အောင် များပြားနေသည်။ ဤရက်များအတွင်း ယဲ့မျိုးနွယ်သည် ထိပ်တန်းမဟာမိတ်နှင့် အဆက်အသွယ်ရှိသကဲ့သို့ နတ်ပြည်ထောင်များမှ အဆင့်မြင့် အကြီးအကဲများနှင့်လည်း အဆက်အဆံ ရှိလာခဲ့သည်။
အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အစွမ်းထက်သူတစ်ယောက်၏ ဟန်ပန်မျိုး ရှိသော လူတစ်ယောက်က ကောင်းကင်မူလကြယ်တွင် ဆင်းသက်လိုက်သည်။ တစ်ဒါဇင်ကျော်သော ကြယ်သခင်အဆင့်များ ချက်ချင်းရောက်ရှိလာကာ ကျူးကျော်သူဟု သတ်မှတ်ခဲ့ပြီး ဖမ်းချုပ်ချင်သော်လည်း နေရာတွင် အေးခဲသွားကြသည်။ တစ်ဖက်လူက မည်သို့ထိန်းချုပ်လိုက်ကြောင်းကိုပင် မသိသောကြောင့် သူတို့က ကြောက်လန့်တုန်လှုပ်နေစဥ် ထိုလူသည် ကောင်းကင်သို့ မော့ကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။
"ဆရာ ဒီတပည့် ပြန်လာပါပြီ"
"ယဲ့ဂျန် မတွေ့ရတာ ကြာပြီ။ မင်းရဲ့ခွန်အားတောင် တော်တော် တိုးတက်လာပါလား"
ကျိုးလီ၏အသံက ဟင်းလင်းပြင်အတွင်းမှ ထွက်ပေါ်လာကာ ရောက်ရှိလာသူမှာ တန်းယွမ်ဖြစ်နေပြီး အမည်ရင်းမှာ ယဲ့ဂျန် ဖြစ်နေသည်။
"ဆရာနဲ့ယှဥ်ရင် ကျုပ်က အားနည်းလွန်းပါတယ်"
သူက နှိမ့်ချစွာ ဦးညွှတ်လိုက်ပြီး ကြယ်တစ်ခုလုံးကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးခဲ့သည်။ အတိတ်နှင့်ယှဥ်လျှင် ၎င်းက များစွာပြောင်းလဲသွားသော်လည်း မွေးရပ်မြေ ဖြစ်နေသောကြောင့် ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရသည်။
"အရှင်မ အဆင်ပြေရဲ့လား"
ကောင်းကင်မူလကြယ်၏ ရှင်းဟွမ် ထွက်ပေါ်လာသောအခါ သူက လေးစားသော အမူအရာဖြင့် ယဥ်ကျေးစွာ နှုတ်ဆက်လိုက်၏။ သူ၏ခွန်အားအရ ရှင်းဟွမ်ကို အလွယ်တကူ အနိုင်ယူနိုင်သော်လည်း မိဘအရင်းပမာ လေးလေးစားစား ဆက်ဆံခဲ့သည်။ သူမကြောင့်သာ မဟုတ်လျှင် အတိတ်တွင် ယဲ့ဂျန်သည် အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ပေလိမ့်မည်။ ထို့ကြောင့် သူ၏စိတ်ထဲတွင် ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်ကို အကြီးအကဲတစ်ယောက်ပမာ သဘောထားသည်။
သူက ယဲ့အိမ်တော်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်ပြီး တန်းအာကို မြင်သောအခါ တအံ့တသြ ဖြစ်သွားခဲ့သည်။ တန်းအာက ကလေးသာ ဖြစ်သော်လည်း အရှိန်အဝါသည် ကောင်းကင်သို့ မြင့်တက်နေပြီး ရှင်းဟွမ်မျိုးနွယ်ဝင်များထက် ပို၍သန်မာနေသည်။ သို့သော် တန်းအာက လူသားမျိုးနွယ်ဝင်ဖြစ်သည်မှာ ထင်ရှားပြီး ငယ်ရွယ်လွန်းနေသောကြောင့် အရှိန်အဝါနှင့် စွမ်းအားကို မထိန်းချုပ်နိုင်သေးပေ။ အကယ်၍ သူသာ ကြီးပြင်းလာ၍ အရှိန်အဝါနှင့် ရုပ်ခန္ဓာကို ပေါင်းစပ်လိုက်လျှင် ကျင့်ကြံဆင့်က သေချာပေါက် မြင့်တက်သွားပေလိမ့်မည်။
"သူတော်စင်ဘုရင်ရဲ့ သားက မျှော်လင့်ထားသလိုပါလား။ တော်ဝင်ယဲ့မျိုးနွယ် ပြန်လည်ရှင်သန်နိုင်ပြီ"
ယဲ့ဂျန်က အချိန်ကြာမြင့်စွာ ငေးမောနေရာမှ သတိဝင်လာပြီး ဝမ်းမြောက်ဝမ်းသာ ကြွေးကျော်လိုက်သည်။ အတိတ်တွင် ယဲ့မျိုးနွယ်သည် အလွန်အစွမ်းထက်ခဲ့သော်လည်း အချိန်ကြာမြင့်စွာ ကျဆင်းခဲ့ရပြီး ယဲ့ချန်နှင့် ယဲ့တန်းရွှမ်သည် အတိတ်မှ အောင်မြင်မှုမျိုးကို ပြန်လည်ဆောင်ကျဥ်းပေးနိုင်ပေလိမ့်မည်။ အစွမ်းထက်လွန်းနေသော ယဲ့မျိုးနွယ်ကြောင့် သူက ဝမ်းသာမဆုံးဖြစ်နေပြီး အချိန်ကြာမြင့်စွာ မတည်ငြိမ်နိုင်ခဲ့ပေ။
"သေမင်းက ကျုပ်ကို ဆရာနဲ့ ပူးပေါင်းဖို့ စေလွှတ်လိုက်တယ်။ ဒါပေမယ့် သူ့မှာ နောက်ထပ်အကြံတွေ ရှိနိုင်တယ်"
ယဲ့ဂျန်က ရောက်ရှိလာရသော အကြောင်းအရင်းကို ရှင်းပြလိုက်၏။
"သေမင်းလိုချင်တာကို ငါ သိတယ်။ ဒီကောင့်မှာ အကြံတွေများပေမယ့် လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို ဖျက်ဆီးမှာမဟုတ်လို့ မစိုးရိမ်ပါနဲ့။ သူက ငါတို့နဲ့အတူ တိုက်ပွဲတစ်ခုကို ပြတ်ပြတ်သားသား ရင်ဆိုင်ချင်နေတယ်။ အနည်းဆုံးတော့ ငါတို့က ပန်းတိုင်ချင်းတူညီပြီး သူရဲ့နည်းလမ်းက သာမန်လူတွေထက် ပိုရက်စက်နေတာပါပဲ"
ကျိုးလီက သုံးသပ်ပြလိုက်သည်။ နှစ်ပေါင်းသောင်းချီအတွင်း ကျော်ကြားလာသော သေမင်းနှင့် အဆက်အဆံမရှိသော်လည်း သူက အချိန်ယူ၍ စောင့်ကြည့်လေ့လာခဲ့သည်။ အတိတ်တွင် သေမင်းက လူသားများစွာကို သတ်ဖြတ်ခဲ့ပြီး ရက်စက်လွန်းသော်လည်း ဤလုပ်ရပ်ကြောင့်သာ အမှောင်မြို့က ဆက်လက်ရပ်တည်နိုင်ခြင်းဖြစ်ပြီး လူသားမျိုးနွယ်၏ အင်အားတစ်ရပ်ဟု ယူဆနိုင်၏။ အကယ်၍ ရှင်းဟွမ်များသည် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းရှိ လူသားမျိုးနွယ်ကို မျိုးဖြုတ်လိုလျှင် သေမင်းအနေဖြင့် တိုက်ခိုက်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။ သူက မည်သို့ကျင့်ကြံထားပါစေ၊ လူသားတစ်ယောက်ဟူသော အချက်ကြောင့် ရှင်းဟွမ်မျိုးနွယ်သည် အလွတ်ပေးမည်မဟုတ်ရာ ကျိုးလီ၊ မျက်ကန်းကြီးတို့နှင့် ပူးပေါင်းလိုခြင်း ဖြစ်သည်။
"လူသားမျိုးနွယ်ဝင်တွေက ဉာဏ်များလွန်းပြီး ကိုယ့်အကြံနဲ့ကိုယ် လမ်းပိတ်နေကြတယ်။ ဒီလိုသာမဟုတ်ရင် အောက်တန်းကျတဲ့ ရှင်းဟွမ်မျိုးနွယ်က လူသားမျိုးနွယ်ရဲ့ ကံတရားကို ဘယ်လိုထိန်းချုပ်နိုင်မှာလဲ"
လူသားမျိုးနွယ်၏ အတွင်းကြိတ် ပဋိပက္ခများကြောင့်သာ မဟုတ်လျှင် ဤအခြေအနေအထိ ကျဆင်းသွားစရာ မရှိသောကြောင့် ကျိုးလီက သက်ပြင်းရှည်ကြီး ချလိုက်လေသည်။