← Chapters

ဟင်းလင်းပြင်နတ်၏ ကမ္ဘာ

Vol. 67 Ch. 937

ဟင်းလင်းပြင်နတ်၏ ကမ္ဘာ

Vol. 67 Ch. 937

နတ်ဘုရားများနှင့် ရွှေနီလင်းနို့၏ တိုက်ပွဲက ပြင်းထန်လွန်းပြီး တန်ပြန်လှိုင်းများ ထွက်ပေါ်နေသောကြောင့် ယဲ့ချန်က အကွာအဝေးတစ်ခုမှ ရှေ့ဆက်နေရသည်။ သို့သော် အားလှိုင်းတစ်ခုက ဘုန်းခနဲ လာရောက်ထိမှန်ခဲ့သဖြင့် လွင့်ထွက်သွားကာ သွေးများ အန်ထွက်လာခဲ့သည်။ ဤကား လောကနတ်တစ်ယောက်၏ အစွမ်းဖြစ်ကာ တန်ပြန်လှိုင်းသက်သက်ကပင် သူ့ကို အပြင်းအထန် ဒဏ်ရာရစေခဲ့သောကြောင့် အဆင့်ချင်း ကွာခြားလွန်းနေ၏။ သူက ဒဏ်ရာများကုသရန် ကြယ်ကိုးလုံးကို လှည့်ပတ်လိုက်ပြီး ဟင်းလင်းပြင်ဝင်ပေါက်အတွင်း ခုန်ချလိုက်သော်လည်း ပတ်ဝန်းကျင်က အေးခဲသွားသယောင် ခံစားလိုက်ရသည်။ သူ၏လက်ရှိခွန်အားဖြင့် ဤနေရာတွင် တစ်လက်မမျှ ရွေ့လျားနိုင်ရန် ခက်ခဲနေပြီး လောကနတ်များနှင့် နတ်များက သူ့ကို လျစ်လျူရှုထားသည်မှာ မထူးဆန်းတော့ပေ။ သူတို့၏အမြင်တွင် ဟင်းလင်းပြင်နတ်တစ်ယောက်၏ ရတနာကို နတ်တစ်ပိုင်းအဆင့် တစ်ယောက်က ရယူရန် မဖြစ်နိုင်ဟု သတ်မှတ်ထားကြသည်။

ယဲ့ချန်သည် လမ်းကို အတားအဆီးကြီးတစ်ခု ပိတ်ဆို့ထားကြောင်း ခံစားလိုက်ရပြီး တားမြစ်အစီအရင်နှင့် ကွဲပြားနေသည်။ သူက မည်မျှကြိုးစားပါစေ၊ သာမန်အဟန့်အတားနှင့် မတူသော ၎င်းကို မထိုးဖောက်နိုင်ဘဲ ဓားပျံထိပ်ဖျားပိုင်းဖြင့် ထိုးခွဲလိုက်သော်လည်း ချက်ချင်းအကောင်း ပြန်ဖြစ်သွားခဲ့၏။ သူက အစွန်အဖျားတွင် ဆက်တိုက်သွားလာ၍ ဝင်ပေါက်ကို ရှာဖွေခဲ့သော်လည်း မတွေ့သောကြောင့် ရတနာကို လက်လျှော့ရမည့်ပုံ ပေါ်နေသည်။

"နေဦး၊ ဒီအတားအဆီးက တစ်ခုခုနဲ့ ဆင်တူနေတယ်။ ငါ စုပ်ယူလို့ ရနိုင်တယ်"

ဤအတွေးကြောင့် သူက အကြံတစ်ခု ရလိုက်ပြီး ချက်ချင်းတင်ပျဥ်ခွေထိုင်ချကာ ကိုယ်တွင်းရှိ ချီကိုးမျိုးကို လှည့်ပတ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်ချီများသည် စုပ်ယူခံလိုက်ရပြီး အတားအဆီးကို ပြုလုပ်ဖန်တီးထားသည့် ချီများလည်း ချွင်းချက် မဟုတ်ပေ။ သို့သော် ၎င်းက မာကျောသော ရေခဲတုံးကြီးနှင့် ဆင်တူနေပြီး ဖြည်းဖြည်းချင်းစုပ်ယူကာ အရည်ဖျော်ပစ်ရပေလိမ့်မည်။ အချိန်တစ်ခုအကြာတွင် သူက ဖြည်းဖြည်းချင်း ရှေ့တိုးလာနိုင်ခဲ့ပြီး နောက်ဆုံးတွင် ဟင်းလင်းပြင်အတွင်း ရောက်ရှိနိုင်ခဲ့သည်။ ဤအကြံက အလုပ်ဖြစ်မည်ဟု ထင်မထားသောကြောင့် သူက ဝမ်းမြောက်ဝမ်းသာဖြစ်နေပြီး အမြန်ဆုံးသော အရှိန်အဟုန်ဖြင့် ရတနာကို အပိုင်စီးရန် ပြေးထွက်လိုက်သည်။

ရွှေနီလင်းနို့နှင့် တိုက်ခိုက်နေသူများသည် ယဲ့ချန်က အတွင်းသို့ မဝင်ရောက်နိုင်ဟု တွေးထားသောကြောင့် လုံးဝအလေးမထားခဲ့ပေ။ သူတို့အားလုံးအတွက် သားရဲက ပြဿနာဖြစ်နေပြီး အစွမ်းထက်လွန်းသောကြောင့် နတ်အဆင့် ငါးယောက်နှင့် လောကနတ်တစ်ယောက် အသတ်ခံလိုက်ရသည်။ သို့သော် ထိုအချိန်တွင် ယဲ့ချန်က အခွင့်ကောင်းယူ၍ ဟင်းလင်းပြင်အတွင်း ဝင်ရောက်သွားနိုင်မည်ဟု မထင်ထားခဲ့ပေ။

"တစ်ယောက်ယောက်က ငါတို့ကို တစ်ပတ်ရိုက်သွားပြီ။ ဒီသားရဲကို မြန်မြန်သတ်ကြ"

ခေါင်းဆောင် လောကနတ်က ဒေါသတကြီးအော်ဟစ်၍ စောစောကြိုသိထားလျှင် ပုရွက်ဆိတ်ပမာ အလွယ်တကူ သတ်ဖြတ်နိုင်သော ယဲ့ချန်ကို အလွတ်ပေးလိုက်မည် မဟုတ်ပေ။ သူက လိုက်ပါသွားရန် ကြိုးစားသော်လည်း ရွှေနီလင်းနို့က ထင်ထားသည်ထက် ကိုင်တွယ်ရန် ခက်ခဲနေသည်။

ဟင်းလင်းပြင်နတ်အဆင့်သို့ ရောက်လျှင် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်ပြီး ပိုင်နက်တစ်ခုကဲ့သို့ လွတ်လပ်သော နယ်မြေတစ်ခု ဖြစ်သည်။ ထိုကမ္ဘာအတွင်း ပိုင်ရှင်၏ ခွန်အားက အလွန်သန်မာ၍ အကြွင်းမဲ့ အုပ်ချုပ်သူဖြစ်ပြီး ရွှေနန်းတော်အတွင်း ဤသို့သော ကမ္ဘာတစ်ခု တည်ရှိနေသည်။ ဟင်းလင်းပြင်ကမ္ဘာက အလွန်ကျယ်ဝန်းသောကြောင့် ယဲ့ချန်၏ ဝိညာဥ်အသိစိတ်သည် နေရာအနည်းငယ်အထိသာ ထောက်လှမ်းနိုင်ခဲ့သည်။ ၎င်းက သူ၏ဒန်တန်နှင့် ဆင်တူသော်လည်း ဝိညာဥ်ကောင်များနှင့် သက်ရှိများ မွေးဖွားနေခြင်း မရှိချေ။ အကယ်၍ သူသာ ဤအရှိန်ဖြင့် ဆက်လက်ပျံသန်းနေလျှင် အလယ်ဗဟိုသို့ရောက်ရန် အလွန်ကြာနိုင်သောကြောင့် ရွှေပိုင်နက်သားရဲကို ဆင့်ခေါ်လိုက်၏။

"ဝေါင်း"

သူက ၎င်းကို စီးနင်း၍ ရှေ့သို့ ခရီးဆက်လိုက်သောအခါ မျောလွင့်နေသော ကြယ်ငယ်တစ်လုံးကို တွေ့လိုက်ရပြီး ကြယ်အဆီအနှစ်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သောကြောင့် ဟင်းလင်းပြင်နတ်၏ စုဆောင်းမှုတစ်ခု ဖြစ်ပေလိမ့်မည်။ ရွှေပိုင်နက်သားရဲက ၎င်းထံ ပျံသန်းသွားကာ ပါးစပ်ကိုဟ၍ တစ်ချက်တည်း မြိုချလိုက်ပြီး သွားကြားပင် မညှပ်နိုင်ချေ။ ကံကောင်းသည်မှာ ၎င်းက အစာလုံလုံလောက်လောက် စားခဲ့သောကြောင့် လက်ရှိတွင် များစွာမလိုအပ်ပေ။ ရှေ့ဆက်လိုက်သောအခါ ဟင်းလင်းပြင်အတွင်း ကြယ်ငယ်များစွာ ပြန့်ကြဲနေပြီး မသိမ်းဆည်းလျှင် အလွန်နှမြောစရာ ကောင်းပေလိမ့်မည်။ ကျန်တစ်ဖက်တွင် အချိန်က အရေးကြီးနေပြီး လောကနတ်များနှင့် နတ်များက ရွှေနီသားရဲကို သတ်ဖြတ်ပြီး လိုက်လာနိုင်ချေ ရှိနေသည်။

သို့သော် ယဲ့ချန်က အသေအချာ စဥ်းစားလိုက်သော်လည်း သူတို့လိုက်မီလာလျှင်လည်း စကြဝဠာအတွင်း လွတ်လွတ်လပ်လပ် ခရီးသွားနိုင်သော ရွှေပိုင်နက်သားရဲအောက် နှေးကွေးနေသည်။ အထူးမျိုးနွယ်တစ်ခုဖြစ်သော ၎င်းမှလွဲလျှင် အခြားကျင့်ကြံသူများက ဟင်းလင်းပြင်ကို ဖောက်ထွက်နိုင်ရန်အတွက် ဟင်းလင်းပြင် နတ်အဆင့်ရောက်ရန် လိုအပ်သည်။ သူက ၎င်း၏ဦးခေါင်းအတွင်းမှ ထွက်ကာ ကြယ်များကို ဒန်တန်အတွင်း တစ်ခုပြီးတစ်ခု သိမ်းဆည်းရင်း ရှေ့ဆက်လာခဲ့သည်။ ကြယ်ငယ်များက မရေမတွက်နိုင်အောင် သိပ်သည်းနေပြီး ကြယ်အဆီအနှစ်များဖြင့် ပြုလုပ်ထားသောကြောင့် အားလုံးကို သိမ်းဆည်းရန်အတွက် ခက်ခဲနေသည်။ ထို့ကြောင့် သူက နောက်ထပ် ပိုင်နက်သားရဲနှစ်ကောင်ကို ထပ်မံဆင့်ခေါ်ကာ စားသောက်စေခဲ့သည်။

ထိုအချိန်၌ ဒန်တန်အတွင်း လောကတွင် နောက်ထပ်နှစ်ကောင် သားပေါက်လာပြီး ကြယ်များ၏ အရေအတွက်က များပြားသော်လည်း ဥအားလုံးကို သားဖောက်ရန်အတွက် စွမ်းအင် မလုံလောက်ချေ။ ရွှေပိုင်နက်သားရဲများသည် အစားကြူးသော သတ္တဝါများဖြစ်ကာ အစာသာလုံလောက်လျှင် စွမ်းအင်များကို ထိန်းသိမ်းရင်း ကြီးပြင်းလာနိုင်သည်။ ကြယ်ငယ်များစွာကို စားသောက်ပြီးနောက် ပထမဆုံး သားရဲ၏ခွန်အားက တိုးတက်လာကာ တစ်ကိုယ်လုံး သက်တန့်ရောင် တောက်ပနေ၍ ကျင့်ကြံဆင့်တွင် နတ်အဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့၏။ ၎င်းက မွေးဖွားလာသည်မှာ အချိန်မကြာသေးသော်လည်း ဤအဆင့်အထိ ရောက်ရှိလာခြင်းက အလွန်အံ့သြစရာကောင်းနေပြီး သာမန် ရွှေပိုင်နက်သားရဲများထက် ပို၍မြန်ဆန်နေသည်။ အကြောင်းအရင်းမှာ ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်ခြင်း၊ ယဲ့ချန်၏ ဒန်တန်အတွင်း ကျင့်ကြံခြင်းဖြစ်နိုင်ပြီး သာမန်မျိုးနွယ်ဝင်များက ရွှေရောင်ဖြစ်သော်လည်း ၎င်းက သက်တန့်ရောင် ဖြစ်နေသည်။

ယဲ့ချန်သည် ကြယ်ငယ်များကို သိမ်းဆည်းရင်း ဟင်းလင်းပြင်ကမ္ဘာ၏ အတွင်းပိုင်းသို့ ဆက်၍ခရီးဆက်နေသည်။ အပြင်ဘက်တွင် လောကနတ်များနှင့် နတ်များသည် ရွှေနီလင်းနို့ကို နောက်ဆုံးတွင် သတ်ဖြတ်နိုင်ခဲ့ပြီး ကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။ သူတို့က အတားအဆီးကို ထိုးဖောက်ရန် ကြိုးစားလိုက်သော်လည်း အပေါက်တစ်ခုပင် ဖြစ်မလာသောကြောင့် စိတ်ဓာတ်ကျကုန်သည်။

"ဘာတွေဖြစ်နေတာလဲ"

"ဟိုနတ်တစ်ပိုင်းအဆင့် အမှိုက်က ဘယ်လိုဝင်သွားတာလဲ"

သူတို့သည် ရူးသွပ်မတတ် ဒေါသထွက်နေကြပြီး နတ်တစ်ပိုင်းအဆင့်တစ်ယောက်က ဝင်ရောက်နိုင်သော်လည်း သူတို့က မဝင်နိုင်သော အချက်ကို သည်းမခံနိုင်ကြပေ။

"ဒီကောင်က ဟင်းလင်းပြင်နတ်ရဲ့ ရွေးချယ်ခံလား"

"ကြည့်ရတာ သူက ဒီအတားအဆီးကို စုပ်ယူပြီး ဝင်သွားတာ ထင်တယ်"

လောကနတ်တစ်ယောက်က သုံးသပ်ပြလိုက်သောကြောင့် သူတို့သည် တင်ပျဥ်ခွေထိုင်ကာ ယဲ့ချန်၏ နည်းလမ်းအတိုင်း ကြိုးစားခဲ့ကြ၏။ သူတို့က အတွင်းသို့ ဝင်ရောက်ရန် အပြင်းအထန် ကြိုးစားနေစဥ် ယဲ့ချန်က ဟင်းလင်းပြင်ကမ္ဘာ၏ အတွင်းပိုင်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။

"ဒီကောင်တွေ ပြောသလိုဆိုရင် ဟင်းလင်းပြင်နတ်ရဲ့ ရတနာ ရှိရမယ် မဟုတ်လား။ ငါက ဘာကြောင့် အခုထိ မတွေ့ရသေးတာလဲ။ သူတို့မှာ မြေပုံတစ်ခု ရှိနေနိုင်လား"

နေ့တစ်ဝက်အကြာတွင် သူက ကြယ်များစွာကို သိမ်းဆည်းနိုင်ခဲ့သော်လည်း ရတနာကို မတွေ့ခဲ့ရပေ။ သို့သော် ဤပမာဏက ရွှေပိုင်နက်သားရဲ ရှစ်ကောင်အထိ ကျွေးမွေးထားနိုင်သောကြောင့် ကျေနပ်စရာပင် ဖြစ်သည်။ လက်ရှိတွင် သူက ငါးကောင်အထိ ပိုင်ဆိုင်ထားကာ နှစ်ကောင်က မွေးကာစဖြစ်၍ နှစ်ကောင်မှာ နတ်တစ်ပိုင်းအဆင့်ဖြစ်ပြီး တစ်ကောင်က နတ်အဆင့်ဖြစ်သည်။ သူက နတ်တစ်ပိုင်းအဆင့်များကို စီးနင်း၍ ဟင်းလင်းပြင်ကမ္ဘာအတွင်း ခရီးဆက်နေစဥ် နတ်အဆင့် ရွှေပိုင်နက်သားရဲအား လိုက်လာသူများရှိလျှင် တားမြစ်ရန် စေလွှတ်လိုက်သည်။ ၎င်းက နတ်အဆင့်သာဖြစ်သော်လည်း ခန္ဓာကိုယ်မှာ အလွန်မာကျောသောကြောင့် လောကနတ်တစ်ယောက်ပင် အလွယ်တကူ မသတ်နိုင်ပေ။ ထို့အပြင် ၎င်းက ယဲ့ချန်၏ ဒန်တန်အတွင်း ကြီးပြင်းလာသောကြောင့် သာမန်ရွှေပိုင်နက်သားရဲများထက် ပို၍သန်မာနေသည်။

ရွှေပိုင်နက်သားရဲများနှင့်အတူ တစ်ရက်ခန့် ခရီးဆက်လိုက်သောအခါ ယဲ့ချန်သည် မျောလွင့်နေသော မူလကျောက်များစွာကို တွေ့လိုက်ရသည်။ ၎င်းတို့က အရေအတွက်ထောင်ချီပြီး တစ်ခုချင်းစီမှာ ကြယ်တစ်လုံးကဲ့သို့ ကြီးမားသဖြင့် သူ၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။ ဤမူလကျောက်များဖြင့်ဆိုလျှင် ရွှေပိုင်နက်သားရဲ အများအပြားကို သားဖောက်ရန် လုံလောက်နေခဲ့လေသည်။

All Chapters