ချီရှု
Vol. 67 Ch. 938
ယဲ့ချန်သည် ဟင်းလင်းပြင်အတွင်း မျောလွင့်နေသော မူလကျောက်များကို ဒန်တန်အတွင်း သိမ်းဆည်းလိုက်သောအခါ ၎င်းတို့၏အရှိန်အဝါကြောင့် နောက်ထပ် ပိုင်နက်သားရဲနှစ်ကောင် မွေးဖွားလာသည်။ သူ၏သားရဲစစ်တပ်ကြီးက စတင်ပုံပေါ်လာပြီ ဖြစ်သောကြောင့် သူက အလွန်ကျေနပ်နေပြီး နောက်ထပ်သားရဲများ အကောင်ပေါက်ရန် မဝေးတော့ပေ။ ၎င်းတို့က စားသောက်လျှင် အစွမ်းထက်လာနိုင်သောကြောင့် မူလကျောက် များများရှိနေခြင်းက ကောင်းမွန်လှ၏။ သူက ဟင်းလင်းပြင်ကမ္ဘာအတွင်း ဆက်လက်တိုးဝင်လာသောအခါ အတွင်းပိုင်း၌ ဆန်းကျယ်သော အရှိန်အဝါနှင့် စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်။ ၎င်းက ရတနာ ဖြစ်နိုင်သောကြောင့် သူသည် သားရဲတစ်ကောင်ကို စုံစမ်းရန် စေလွှတ်လိုက်ပြီး မူလကျောက်များကို ဆက်၍စုဆောင်းနေသည်။
အသစ်ပေါက်လာသော သားရဲများကို ယဲ့ချန်က ဒန်တန်အတွင်းမှ ဆင့်ခေါ်လိုက်ပြီး မူလကျောက်များထံ စေလွှတ်လိုက်သောအခါ ၎င်းတို့သည် ချက်ချင်းပြေးသွား၍ ကြယ်အရွယ်အစားရှိ မူလကျောက်များကို ချက်ချင်းဝါးမျိုနေကြသည်။ ထိုအချိန်၌ လောကနတ်များနှင့် နတ်အဆင့်များသည် ဟင်းလင်းပြင်ကမ္ဘာအတွင်း ဝင်ရောက်ရန် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့သည်။ သူတို့၏လက်ထဲတွင် မြေပုံတစ်ခု ပိုင်ဆိုင်ထားပြီး ဤကမ္ဘာကို မှတ်တမ်းတင်ထားကာ ဝင်ရောက်ရန်အတွက် များစွာအားထုတ်ခဲ့ရ၏။
"ဒီနတ်တစ်ပိုင်းအဆင့် ဘယ်ရောက်သွားတာလဲ"
တစ်ဖက်လူက သူတို့အရင် ဝင်ရောက်သွားသောကြောင့် ရတနာများစွာ ရနိုင်ချေရှိပြီး ရှာတွေ့လျှင် သတ်ဖြတ်လုယူမည်ဟု ဆုံးဖြတ်ထားကြသည်။
"သွားကြစို့"
သူတို့က ခရီးဆက်ရန်အတွက် နတ်လှေများ ဆင့်ခေါ်ကာ ဝင်ရောက်လိုက်ကြပြီး အတွင်းပိုင်းသို့ ခရီးနှင်လိုက်ကြသည်။ ထိုအချိန်မှာပင် ဟင်းလင်းပြင်အတွင်းမှ ရွှေပိုင်နက်သားရဲတစ်ကောင် ရောက်ရှိလာပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သံက ပတ်ဝန်းကျင်တစ်ခွင် ပျံ့နှံ့သွားသည်။ ၎င်းက ဧရာမလက်ဝါးကြီးဖြင့် ယာဥ်များကို ရိုက်ချလိုက်သောကြောင့် တဘန်းဘန်း ပေါက်ကွဲသွားသောအခါ ကျင့်ကြံသူများအနေဖြင့် စွန့်ခွာရန်မှတစ်ပါး ရွေးချယ်စရာ မရှိချေ။ ဟင်းလင်းပြင်ကမ္ဘာအတွင်း ရုတ်တရက် ထွက်ပေါ်လာသော သားရဲကြောင့် သူတို့က ထူးဆန်းနေပြီး ငွေကြေးများစွာ အသုံးပြု၍ ဝယ်ယူထားသော ယာဥ်များ ဖျက်ဆီးခံလိုက်ရသဖြင့် ဒေါသထွက်သွားကြသည်။
"သတ်စမ်း"
သူတို့က နတ်ချီများထုတ်ဖော်၍ တိုက်ခိုက်လိုက်သော်လည်း ရွှေပိုင်နက်သားရဲ၏ ခန္ဓာကိုယ်က မာကျောသောကြောင့် ထိခိုက်မှုမရှိချေ။ ၎င်းက ဟင်းလင်းပြင်ကို ထိုးခွဲ၍ လှစ်ခနဲ ပျောက်ကွယ်သွားသောကြောင့် သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ သူတို့က အစွမ်းထက်သော်လည်း ဟင်းလင်းပြင်နတ်အဆင့်သို့ မရောက်သေးသဖြင့် ဟင်းလင်းပြင်အတွင်း ထိုးခွဲဝင်ရောက်ရန် မစွမ်းဆောင်နိုင်ပေ။ တစ်ဖက်မှာမူ ဤစွမ်းရည်သည် မွေးရာပါ အရည်အချင်း ဖြစ်သောကြောင့် မကျေမနပ် ဆဲဆိုလိုက်မိသည်။
လောကနတ်အချို့တွင် နတ်လှေများ ကျန်ရစ်သောကြောင့် ချက်ချင်းထုတ်ယူကာ ခရီးဆက်ရန်အတွက် ပြင်ဆင်လိုက်ကြ၏။ သို့သော် ယာဥ်များ ရွေ့လျားနေစဥ် ရွှေပိုင်နက်သားရဲက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
"မြန်မြန် ဒီကောင့်ကို တားကြစမ်း"
"ရပ်စမ်း"
သူတို့က တိုက်ခိုက်လိုက်ကြပြီး ပစ်မှတ်ကို တိကျစွာ ထိမှန်သွားသော်လည်း နတ်ချီများသည် မာကျောလွန်းသော အရေပြားကို မထိုးဖောက်နိုင်ချေ။
"ဘုန်း"
၎င်းက တိုက်ခိုက်မှုများကို လျစ်လျူရှုထားပြီး ဧရာမလက်ဝါးကြီးဖြင့် ယာဥ်များကို တစ်စင်းပြီးတစ်စင်း ဖျက်ဆီးလိုက်သည်။ သူတို့က ဝိုင်းဝန်းပိတ်ဆို့၍ တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ဟင်းလင်းပြင်ကို ထိုးခွဲပြီး ပျောက်ကွယ်သွားပြန်သဖြင့် ဒေါသတကြီး ဖြစ်ကုန်သည်။
"ဒီပိုင်နက်သားရဲက ကောက်ကျစ်လွန်းတယ်"
"သားရဲတွေက တုံးအတယ် မဟုတ်ဘူးလား။ ဒီကောင်က ဘာကြောင့် အောက်တန်းကျနေတာလဲ။ သန္ဓေပြောင်းသွားတာလား"
ကျင့်ကြံသူများက ယာဥ်တစ်စီးထုတ်ယူ၍ ငါးစာအဖြစ် အသုံးချခဲ့သော်လည်း ရွှေပိုင်နက်သားရဲက အရူး မဟုတ်ပေ။ ယာဥ်က ဟင်းလင်းပြင်အတွင်း ခရီးသွားရန် စတင်ထွက်ခွာသောအချိန်မှ ၎င်းသည် ထွက်ပေါ်လာ၍ ဖျက်ဆီးခဲ့သည်။ သူတို့က မည်မျှကြိုးစားပါစေ၊ ယာဥ်များမှာ ဖျက်ဆီးခံနေရသောကြောင့် လေထဲတွင် မျောလွင့်နေရသည်။ အကယ်၍ ဟင်းလင်းပြင်ကမ္ဘာအတွင်း ဝင်ရောက်လိုလျှင် သူတို့သည် ကိုယ့်အားကိုယ်ကိုးရမည့်ပုံ ပေါ်နေသည်။ သူတို့က အလွန်လျင်မြန်စွာ ပျံသန်းနိုင်သော်လည်း ဟင်းလင်းပြင်အတွင်း ခရီးသွားနိုင်ရန် ဝေးကွာနေသဖြင့် ယာဥ်များကို အသုံးပြုလျှင် တစ်ရက်စာခရီးသည် ရက်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်သွားပေလိမ့်မည်။ ရွှေပိုင်နက်သားရဲကို ဤနည်းလမ်း သင်ပေးခဲ့သည်မှာ ယဲ့ချန်ဖြစ်ပြီး အခြားကျင့်ကြံသူများကို အချိန်ဆွဲထားရန်ဖြစ်ကာ အကြံအောင်မြင်ခဲ့သည်။
မူလကျောက်များကို သိမ်းဆည်းပြီးနောက် ယဲ့ချန်သည် သားရဲတစ်ကောင်ကို စီးနင်းကာ ခရီးဆက်ခဲ့သည်။ ဟင်းလင်းပြင်ကမ္ဘာ၏ အလယ်တွင် ဧရာမသတ္တုလုံးကြီးတစ်ခုကို တွေ့လိုက်ရသောကြောင့် သူက ပဟေဠိ ဖြစ်သွားခဲ့သည်။ ၎င်းမှာ ကြယ်တစ်လုံး အရွယ်အစားရှိပြီး ရာနှုန်းပြည့်လုံးဝန်းကာ သတ္တုတစ်မျိုးဖြင့် ဖန်တီးထား၍ ရွှေရောင်အလင်းများ တဖိတ်ဖိတ် တောက်နေသည်။ သူက နတ်ချီများ ထွက်ပေါ်နေသော ၎င်းထံ ချဥ်းကပ်လာစဥ် ပတ်ဝန်းကျင်၌ ရွှေနီလင်းနို့ဆယ်ကောင်ကျော် ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းတို့က သတ္တုလုံးကို စောင့်ကြပ်နေပုံပေါ်ပြီး ကြမ်းကြုတ်ရက်စက်သော အသွင်နှင့် အရှိန်အဝါကို ပြင်းထန်စွာ ထုတ်ဖော်ထားသည်။ ၎င်းတို့က သတ္တုလုံးအနားတွင် ပျံသန်းနေပြီး အနားကပ်ခွင့်မပေးသော်လည်း သူ့ကို စတင်တိုက်ခိုက်ခြင်း မရှိပေ။
လောကနတ်အဆင့်ဖြစ်သော ရွှေနီလင်းနို့တစ်ကောင်ကိုပင် ယဲ့ချန်က အနိုင်မယူနိုင်သောကြောင့် ဆယ်ကောင်ဆိုလျှင် ပြောစရာမရှိပေ။ ကံကောင်းသည်မှာ ၎င်းတို့သည် သတ္တုလုံးကို စောင့်ကြပ်နေခြင်းသာဖြစ်ပြီး စတင်မတိုက်ခိုက်ခဲ့ကြပေ။ သူက သတ္တုလုံးသည် မည်သည့်အရာဖြစ်ကြောင်း မသိသော်လည်း ဟင်းလင်းပြင်ကမ္ဘာ၏ ဗဟိုချက် ဖြစ်နိုင်သည်။ ထိုအချိန်တွင် မီတာထောင်ချီမြင့်မားပြီး ဝိညာဥ်နတ်ဘုရားပမာ ကြီးမားသော ရွှေနီလင်းနို့ကြီးတစ်ကောင်က ရွှေရောင်အလင်းများ ခြံရံ၍ ထွက်ပေါ်လာသည်။ ၎င်း၏အသွင်အပြင်က အခြားလင်းနို့များနှင့် ဆင်တူသော်လည်း ကြမ်းကြုတ်ရက်စက်သော မျက်နှာအစား တည်ကြည်လေးနက်သော မျက်နှာထားကို ပိုင်ဆိုင်ထားသည်။ တစ်ဖက်လူ၏ ခွန်အားသည် အခြားလင်နို့များထက် ပို၍သန်မာသောကြောင့် ဟင်းလင်းပြင်နတ်အဆင့် ဖြစ်နိုင်သောအခါ သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။ သို့သော် လင်းနို့ကြီးက ဝိညာဥ်အသွင်သာဖြစ်ပြီး ရုပ်ခန္ဓာ ပိုင်ဆိုင်ထားခြင်းမရှိဘဲ ဧရာမမျက်လုံးကြီးများဖြင့် သူ့ကို အကဲခတ်နေသည်။
"ဒီနေရာကို ပထမဆုံး ရောက်လာတာက လူသားတစ်ယောက် ဖြစ်နေမယ်လို့ မထင်ထားဘူး"
ဟင်းလင်းပြင်နတ်အဆင့် ရွှေနီလင်းနို့ ချီရှုက ယဲ့ချန်ကို နတ်ဘုရားတစ်ပါးပမာ အထက်စီးမှ ငုံ့ကြည့်နေခဲ့သည်။ ပြင်းထန်လှသော ဖိအားအောက်တွင် သူက အသက်ရှူရန်ပင် ခက်ခဲနေပြီး ရွှေပိုင်နက်သားရဲပင်လျှင် လှုပ်ရှားနိုင်စွမ်း မရှိချေ။ ဟင်းလင်းပြင်နတ်အဆင့်၏ စွမ်းအားက ကြောက်စရာကောင်းလွန်းနေပြီး ဝိညာဥ်သာ ဖြစ်သော်လည်း အစွမ်းထက်နေသည်။
"ဒါပေမယ့် လူသားမျိုးနွယ်ဆိုရင်လည်း ကောင်းပါတယ်။ ကောင်းကင်ရဲ့ အလိုအတိုင်းပေါ့"
သူက ရုတ်တရက် ခေါင်းမော့၍ ကျယ်လောင်စွာ ရယ်မောလိုက်သောအခါ ယဲ့ချန်ကို စိတ်ရှုပ်သွားစေသည်။ တစ်ဖက်လူ၏ ဆိုလိုရင်းနှင့် စကားအဓိပ္ပါယ်က မေးခွန်းထုတ်စရာ ဖြစ်နေသဖြင့် သူက ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်ကို အသင့်ပြင်ထားသည်။ ၎င်းကို ကျိုးလီက ဖန်တီးခဲ့ခြင်းဖြစ်ပြီး သာမန်ကျောက်တုံးတစ်ခုကို အစွမ်းထက်ရတနာတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ သူက ၎င်းအတွင်း ပုန်းအောင်းနေလျှင် လောကနတ်အဆင့်များပင် ရှာမတွေ့နိုင်သော်လည်း ဟင်းလင်းပြင်နတ်အဆင့်ကမူ မသေချာပေ။ သူက ဟင်းလင်းပြင်နတ်လှံအားလည်း တိုက်ခိုက်ရန် အဆင်သင့် ပြင်ဆင်ထားခဲ့သည်။
"လူသား ငါက စန်းရီဒေသရဲ့ ဘုရင်ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ချီရှုပဲ"
လင်းနို့ကြီး၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အသံသက်သက်ဖြင့်ပင် ဟင်းလင်းပြင်ကို အက်ကြောင်းထင်သွားစေသည်။
"ဘုရင်ဆယ်ယောက် ဟုတ်လား"
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။
"ကြည့်ရတာ မင်းက နတ်ပြည်ကိုရောက်နေတာ သိပ်ကြာသေးပုံ မရဘူး။ နတ်ပြည်ရဲ့ အခြေအနေကိုလည်း မသိဘူး ထင်တယ်။ ဒီနေရာမှာ အစွမ်းထက်သူတွေသာ လေးစားခြင်းခံရပြီး အသန်မာဆုံးက အာကာသနတ်တွေနဲ့ ဘိုးဘေးနတ်တွေ ဖြစ်ကြတယ်။ သူတို့အားလုံးက ဒဏ္ဍာရီထဲမှာ ပြိုင်ဘက်ကင်းကြပြီး နတ်ပြည်ရဲ့ အလယ်ဗဟိုချက်ဖြစ်တဲ့ မြင့်မြတ်ဝိညာဥ်နယ်မြေမှာ နေထိုင်ကြတယ်။ နတ်ပြည်ရဲ့ အပြင်ပိုင်းကို နယ်မြေနှစ်ဆယ် ခွဲခြားထားပြီး လက်ရှိ မင်းရောက်နေတာက စန်းရီနယ်မြေ ဖြစ်တယ်"
ချီရှုက အသေးစိတ်ရှင်းပြလိုက်ပြီး ယဲ့ချန်သည်လည်း ဤအချက်အလက်များကို ကြားဖူးထားသဖြင့် ခေါင်းညိတ်ပြလိုက်၏။
"စန်းရီနယ်မြေမှာ ဘုရင်ဆယ်ယောက်ရှိပြီး ဟင်းလင်းပြင်နတ်အဆင့် ထိပ်တန်းကျင့်ကြံသူတွေ ဖြစ်ကြတယ်။ အားလုံးက အာကာသနတ်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းသာ လိုအပ်ပြီး မျိုးနွယ်ခေါင်းဆောင်တွေ ဖြစ်တဲ့အတွက် သက်ဆိုင်ရာမျိုးနွယ်ကို အင်အားကြီးမားလာစေခဲ့တယ်။ အတိတ်မှာ ရွှေနီလင်းနို့မျိုးနွယ်က ငါ့ကြောင့် အစွမ်းထက်လာခဲ့ပြီး ဘုရင်နေရာတစ်ခုကို အပိုင်စားရခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ငါက ရွှေဂျိုမျိုးနွယ်ရဲ့ ဟင်းလင်းပြင်နတ်တစ်ယောက်ကို ရှုံးနိမ့်သွားပြီး ရုပ်ခန္ဓာပျက်စီးသွားလို့ ဘုရင်နေရာကို စွန့်လွှတ်လိုက်ရတယ်"
ချီရှုက တည်ငြိမ်စွာ ပြောနေပြီး ရုပ်ခန္ဓာ ဖျက်ဆီးခံလိုက်ရသော်လည်း စိတ်ခံစားချက်များ ပြင်းထန်မနေခဲ့ပေ။ သူ၏ရှင်းပြချက်ကြောင့် ယဲ့ချန်သည် နတ်ပြည်၏အခြေအနေများကို အကြမ်းဖျင်း နားလည်နိုင်ခဲ့သည်။ ဟင်းလင်းပြင်နတ်တစ်ယောက်က အလွန်အစွမ်းထက်ပြီး များပြားလှသော နတ်ချီများကြောင့် ချီရှု၏ရှေ့မှောက်တွင် သူက ပုရွက်ဆိတ်တစ်ကောင်ပမာ သေးငယ်နေကြောင်း ခံစားလိုက်ရလေသည်။