နတ်စက်လုံး
Vol. 67 Ch. 939
ချီရှုသည် အကြွင်းအကျန် ဝိညာဥ်သာ ဖြစ်သော်လည်း အလွန်အစွမ်းထက်နေသောကြောင့် အသက်ရှင်နေခဲ့လျှင် စွမ်းအားက တွေးမရအောင် များပြားပေလိမ့်မည်။
"ဒီခွေးကောင်တွေက ငါ့ကိုသတ်တာ လက်ခံနိုင်တယ်။ ငါက သူတို့အောက် အားနည်းတဲ့အတွက် ပြောစရာမရှိဘူး။ ဒါပေမယ့် သူတို့က ငါ့မျိုးနွယ်တစ်ခုလုံးကို သတ်ပစ်ခဲ့တဲ့အတွက် သေချာပေါက် လက်စားချေရမယ်။ မင်းက လူသားတစ်ယောက်ဖြစ်နေတာ အရမ်းကောင်းတယ်"
သူက တည်ငြိမ်စွာ ရှင်းပြနေရင်း မျက်လုံးများ အေးစက်သွားကာ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်တစ်ခု ဖြစ်ပေါ်လာသည်။ ရွှေနီလင်းနို့မျိုးနွယ်က လက်စားချင်နေပြီး လူသားမျိုးနွယ်က နတ်ပြည်သို့ ပြန်လည်ဝင်ရောက်လိုနေသောကြောင့် နှစ်ဖက်လုံးတွင် တူညီသော ပန်းတိုင်ရှိသည်ဟု ဆိုနိုင်၏။
"စီနီယာက ဘယ်လိုကြံစည်ထားတာလဲ"
ယဲ့ချန်က မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
"အတိတ်တုန်းက လူသားမျိုးနွယ်ကို မောင်းထုတ်ဖို့ ပူးပေါင်းခဲ့တဲ့ မျိုးနွယ်တွေထဲမှာ ရှင်းဟွမ်မျိုးနွယ်နဲ့ ရွှေဂျိုမျိုးနွယ် ပါဝင်တယ်။ မင်းတို့က နတ်ပြည်ကို ပြန်လာချင်နေပြီး ငါတို့က လက်စားချင်နေတဲ့အတွက် အတူတူ အလုပ်လုပ်နိုင်တယ်"
အကယ်၍ ချီရှုသာ ပူးပေါင်းလိုလျှင် အစွမ်းထက်သော ဟင်းလင်းပြင်နတ်အဆင့် ဖြစ်သောကြောင့် ငြင်းစရာမရှိသော်လည်း ပူးပေါင်းမည့် နည်းလမ်းက စဥ်းစားစရာ ဖြစ်နေသည်။
"မင်းက ကောင်းကင်ကြယ်သခင် ဖြစ်နေပေမယ့် ပါရမီ မြင့်မားတယ်။ လူသားမျိုးနွယ်ရဲ့ ကံတရားကို သူတို့က ထိန်းချုပ်ဖိနှိပ်ထားတဲ့အတွက် နတ်အဆင့်တက်ဖို့ ခက်ခဲလိမ့်မယ်။ ဒါပေမယ့် ငါ့မှာ ဖြေရှင်းဖို့ နည်းလမ်း ရှိတယ်"
ချီရှုက တစ်ချက်ပြုံးလိုက်သည်။
"လူသားမျိုးနွယ်ရဲ့ ကံတရားက ဖိနှိပ်ခံထားရတာလား"
"ဒီသတ္တုလုံးကို နတ်စက်လုံးကိုခေါ်ပြီး နတ်ပြည်ရဲ့အစထဲက တည်ရှိလာတဲ့ ရတနာတစ်ခု ဖြစ်တယ်"
နတ်စက်လုံး၏ဇစ်မြစ်က ဤမျှနက်ရှိုင်းမည်ဟု ထင်မထားသောကြောင့် ယဲ့ချန်က တုန်လှုပ်အံ့သြသွားခဲ့သည်။
"ပြောကြတာကတော့ နတ်ပြည် ပထမဆုံး ဖြစ်ပေါ်လာချိန်မှာ ကောင်းကင်နတ် လက်နက်သုံးပါးနဲ့ ရတနာခြောက်ခု ဖြစ်ပေါ်လာတယ်။ နတ်လက်နက်သုံးခုက အလွန်ဆန်းကျယ်ပြီး အနည်းငယ်သာ သိထားကြတယ်။ ဒါတွေက ဓားရှည်တစ်လက်၊ ဓားပျံတစ်လက်နဲ့ လှံတစ်စင်း ဖြစ်တယ်။ ရတနာခြောက်ခုကလည်း အစွမ်းထက်ပြီး နတ်စက်လုံးက တစ်ခုအပါအဝင် ဖြစ်တယ်။ ရွှေနီလင်းနို့မျိုးနွယ်က ဒါကို အဆက်ဆက်ထိန်းသိမ်းလာခဲ့ပြီး အတိတ်မှာ ဘိုးဘေးနတ်တစ်ယောက်၊ အာကာသနတ်ငါးယောက် ပိုင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် နှစ်ထရီလီယံအကြာမှာ ဟင်းလင်းပြင်နတ်အဆင့်မှာတောင် ငါတစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့အတွက် အခြားမျိုးနွယ်တွေက နတ်စက်လုံးကို လိုချင်လာကြတယ်။ ဒီရတနာကြောင့်သာ မဟုတ်ရင် ငါက ဝိညာဥ်အသွင်နဲ့ ထွက်ပြေးနိုင်ခဲ့မှာ မဟုတ်ဘူး"
ချီရှုက အတိတ်ကို ပြန်လည်တွေးတောရင်း ရှင်းပြလိုက်သဖြင့် ယဲ့ချန်က ရင်တဒိန်းဒိန်း ဖြစ်သွားခဲ့၏။ သူ၏စိတ်အတွင်းရှိ ဓားပျံသည် ကောင်းကင်နတ်လက်နက်တစ်ခု ဖြစ်နိုင်ပြီး အပြည့်အစုံကို ပေါင်းစည်းနိုင်ခဲ့လျှင် ကြောက်မက်ဖွယ် အစွမ်း ပိုင်ဆိုင်လာနိုင်ချေ ရှိသည်။
"နတ်စက်လုံးက ဘယ်လိုအသုံးချရတာလဲ"
ယဲ့ချန်က အလွန်စိတ်လှုပ်ရှားနေသော်လည်း မျက်နှာထက်တွင် မည်သည့်ခံစားချက်မှ ထွက်ပေါ်မလာအောင် ဖုံးကွယ်ထားခဲ့သည်။
"နတ်စက်လုံးထဲမှာ ရှေးဟောင်းနယ်မြေတစ်ခုရှိပြီး စကြဝဠာရဲ့ မူလပုံစံကို ထိန်းသိမ်းထားတယ်။ အတွင်းထဲမှာ နှစ်ထောင်ချီက အပြင်လောကမှာ နာရီအနည်းငယ်သာ ကြာလိမ့်မယ်။ လူသားမျိုးနွယ်ရဲ့ ကံကို ရှင်းဟွမ်မျိုးနွယ်ရဲ့ နတ်ဗျတ်စောင်းက ဖိနှိပ်ထားတယ်။ နတ်ဗျတ်စောင်းရဲ့ စွမ်းအားက စကြဝဠာတစ်ခွင် အကျိုးသက်ရောက်ပေမယ့် နတ်စက်လုံးအတွင်းထဲကို မသက်ရောက်နိုင်ဘူး"
"ဒါဆိုရင် ရွှေနီလင်းနို့မျိုးနွယ်က ဘာကြောင့် ဒီလောက်အထိ ကျဆင်းသွားရတာလဲ"
ယဲ့ချန်က နောက်ထပ်မေးခွန်း ထုတ်လိုက်သည်။
"နတ်စက်လုံးက အစွမ်းထက်ပေမယ့် ဘေးထွက်ဆိုးကျိုးရှိနေပြီး ဝိညာဥ်ကို ဆက်တိုက်လောင်ကျွမ်းစေတယ်။ အစွမ်းထက်သူတွေတောင် အထဲမှာ နှစ်တစ်ရာသာ အများဆုံး နေနိုင်ပြီး ပြန်ထွက်လာရတယ်။ နောက်တစ်ကြိမ် ဝင်နိုင်ဖို့ဆိုရင် ဝိညာဥ်က ရာနှုန်းပြည့် ကောင်းမွန်လာမှဖြစ်တယ်။ ရွှေနီလင်းနို့မျိုးနွယ်ရဲ့ ဝိညာဥ်က အားနည်းတဲ့အတွက် တစ်နည်းပြောရရင် ငါ့မျိုးနွယ်ဝင်တွေက ဒီရတနာထဲမှာ သေဆုံးကုန်တယ်"
ချီရှုက သက်ပြင်းတစ်ချက်ချ၍ ရှင်းပြလိုက်သည်။
"ဒီလိုလား"
ဟင်းလင်းပြင်နတ်အဆင့်တွင် နှစ်တစ်ရာခန့် ကျင့်ကြံခြင်းသည် များစွာအကျိုးမရှိသောကြောင့် ယဲ့ချန်က အခြေအနေကို နားလည်လိုက်သည်။
"ငါ့ဝိညာဥ်က နတ်စက်လုံးထဲမှာ ရှိနေပြီး နောက်ထပ်နှစ်ပေါင်းငါးရာကျော်လောက် ပျက်စီးမှာ မဟုတ်ဘူး။ မင်းက ဒါကို ယူသွားပြီး လိုအပ်ရင် အသုံးပြုနိုင်တယ်။ ဒါပေမယ့် ရတနာကိုတော့ မင်းဆီ လက်လွှဲမပေးနိုင်ဘူး"
ချီရှု၏စကားများက ရိုးသားပုံရသော်လည်း ရှဲ့ချောင်ကဲ့သို့ မကောင်းကြံ၍ သူ၏ရုပ်ခန္ဓာကို အပိုင်စီးရန် ကြံစည်နိုင်သည်။ နတ်စက်လုံးက အဖိုးတန်ရတနာ ဖြစ်သော်လည်း အသက်က ပို၍တန်ဖိုးရှိနေသည်။
"စီနီယာရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် လူသားမျိုးနွယ်ရဲ့ ကံတရားကို ကျုပ်ကိုယ်တိုင် ဖန်တီးပါမယ်။ နတ်စက်လုံးကို လက်မခံပါရစေနဲ့"
ယဲ့ချန်က ပြတ်သားစွာ ငြင်းဆို၍ ထွက်ခွာသွားရန် ခြေဦးလှည့်လိုက်သည်။ တစ်ဖက်လူက အကြွင်းအကျန် ဝိညာဥ်သာဖြစ်သော်လည်း ဟင်းလင်းပြင်နတ်အဆင့် ဖြစ်သောကြောင့် သူက မရင်ဆိုင်နိုင်ပေ။ ချီရှုက မျက်မှောင်ကြုတ်၍ ညာလက်ကို ယမ်းလိုက်သောအခါ နတ်ချီများသည် ယဲ့ချန်နှင့် ရွှေပိုင်နက်သားရဲကို ချုပ်နှောင်လိုက်၏။
"စီနီယာက ဘာလုပ်ချင်လို့လဲ"
ယဲ့ချန်က တိုက်ခိုက်ရန်အတွက် အချိန်လေဟာနယ်ချီများ ထုတ်ဖော်လိုက်သကဲ့သို့ ရွှေပိုင်နက်သားရဲကလည်း ချီရှုကို ရန်လိုစွာ ကြည့်နေသည်။
"မင်းတို့က ငါ့ကို မယှဥ်နိုင်ပါဘူး။ ဒီနန်းတော်ကို ဟင်းလင်းပြင်နတ်တွေ မကြာခင် ရှာတွေ့သွားနိုင်တယ်။ မင်းက နတ်စက်လုံးကို မယူချင်ရင်တောင် ငါ့မှာ ရွေးချယ်စရာ မရှိဘူး"
ချီရှက ခေါင်းယမ်းပြလိုက်သည်။
"ကျုပ်ကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့ ရတနာကို မလိုချင်ဘူး"
"မင်း စိုးရိမ်နေတာကို နားလည်ပါတယ်။ ရန်သူတွေက ငါ့ဝိညာဥ်ကိုပါ တိုက်ခိုက်ခဲ့လို့ ရုပ်ခန္ဓာကို အပိုင်စီးပြီး ပြန်လည်မွေးဖွားဖို့ မဖြစ်နိုင်တော့ဘူး။ ဒီလိုသာ လုပ်နိုင်ရင် မင်းနဲ့ စကားရှည်ရှည်ဝေးဝေး ပြောနေစရာ မလိုဘူး"
ယဲ့ချန်၏စကားကြောင့် ချီရှုက တစ်ချက်စဥ်းစားကာ ရှင်းပြလိုက်သည်။ သူ၏ခွန်အားဖြင့် ရုပ်ခန္ဓာကို အပိုင်စီးလိုလျှင် ချက်ချင်းစွမ်းဆောင်နိုင်သောကြောင့် ဤစကားကို ယုံကြည်နိုင်သည်။ သို့သော် အခြားအကြံများ မရှိဟူ၍လည်း ကံသေကံမ မပြောနိုင်ချေ။
"ဒါက ရွှေနီလင်းနို့မျိုးနွယ်ရဲ့ ဘိုးဘေးတံဆိပ်ပြားဖြစ်ပြီး စကြဝဠာထဲက မျိုးနွယ်ဝင်တိုင်းကို အမိန့်ပေးနိုင်တယ်။ ငါတို့မျိုးနွယ်က လူသားမျိုးနွယ်လောက် အရေအတွက်မများပေမယ့် အစွမ်းထက်သူတွေ ရှိကြပါတယ်။ ပြီးတော့ အောက်ဘုံနဲ့ နတ်ပြည်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်ခုကို ငါ သိတယ်"
ချီရှုက ရွှေရောင်တံဆိပ်တစ်ခုကို ယဲ့ချန်ထံ ပစ်ပေးလိုက်သည်။ သူက ဆက်သွယ်ရေးလမ်းကြောင်းကို သိထားသဖြင့် ယဲ့ချန်သည် အောက်ဘုံသို့ ပြန်ရောက်လျှင် ကျိုးလီနှင့် ဆက်သွယ်နိုင်၏။ ကျိုးလီ၏ခွန်အားက အံ့သြစရာကောင်းလွန်းပြီး ဟင်းလင်းပြင်နတ်အဆင့်ကို ကျော်လွန်နိုင်ကြောင်း သူက ခန့်မှန်းထားသဖြင့် ချီရှုကို ယာယီထိန်းသိမ်းရန်မှာ ပြဿနာ မဟုတ်ပေ။ သူက တံဆိပ်ပြားကို ကိုင်ထားရင်း အဝေးရှိ နတ်စက်လုံးကို စိုက်ကြည့်နေစဥ် ၎င်းသည် ပဲစေ့အရွယ်အထိ သေးငယ်သွားကာ ပျံသန်းလာခဲ့သည်။ အကယ်၍ ချီရှုသာ ဒန်တန်အတွင်းလောကကို တွေ့သွားလျှင် ပြဿနာဖြစ်နိုင်သောကြောင့် သူက နတ်စက်လုံးနှင့် တံဆိပ်ပြားကို ကောင်းကင်မီး လက်မောင်းကာအတွင်း သိမ်းဆည်းလိုက်၏။ ချီရှုက ရိုးသားမှုကို ပြသသည့်သဘောဖြင့် အရှိန်အဝါကို ရုတ်သိမ်းကာ နတ်စက်လုံးအတွင်း ဝင်ရောက်သွားခဲ့သည်။
"အောက်ဘုံလမ်းကြောင်းကို ဘယ်အချိန် ပြောပြနိုင်မလဲ"
ယဲ့ချန်က နတ်စက်လုံးနှင့် အသံချင်း ဆက်သွယ်လိုက်သည်။
"လမ်းကြောင်း ပွင့်ကာနီးရင် ပြောမယ်"
ချီရှု၏စကားသံ ထွက်ပေါ်လာသော်လည်း အမှန်တရား ဟုတ်မဟုတ် သူက မခွဲခြားနိုင်ပေ။ သို့သော် ရွှေနန်းတော်၏အပြင်သို့ ရောက်လျှင် ဟင်းလင်းပြင်နတ် ရန်သူများ ရောက်လာမည်ဖြစ်ရာ တစ်ဖက်လူသည် လက်မောင်းကာအတွင်းမှ ထွက်ဝံ့မည် မဟုတ်ပေ။
"ဒါဆိုရင် ဟင်းလင်းပြင်ကမ္ဘာထဲကနေ ဘယ်လိုထွက်ရမလဲ"
အပြင်ဘက်မှ လောကနတ်နှင့် နတ်များ ဆက်တိုက်ဝင်ရောက်လာနေသောကြောင့် ရင်ဆိုင်ရလျှင် ယဲ့ချန်၏ခွန်အားဖြင့် မယှဥ်နိုင်ပေ။
"မင်းရဲ့ လာလမ်းအတိုင်း ပြန်ထွက်လို့ရတယ်။ ဒါပေမယ့် အပြင်ကို ရောက်ရင်တော့ ကိုယ့်ကိုကိုယ် အားကိုးရမယ်။ ဒီကမ္ဘာထဲမှာ ငါ စုဆောင်းထားတဲ့ ရတနာတွေ အများကြီးရှိလို့ မင်း စိတ်ဝင်စားရင် ယူသွားနိုင်တယ်"
ရွှေနန်းတော်အပြင်သို့ ရောက်လျှင် ချီရှုက လက်မောင်းကာအတွင်းမှ ထွက်၍ ကူညီပေးနိုင်မည် မဟုတ်ပေ။ သို့မဟုတ်လျှင် ရန်သူများက သူ၏တည်နေရာကို တိကျစွာ ဖော်ထုတ်နိုင်ပေလိမ့်မည်။ သူ့အတွက် ဤရတနာများက များစွာအသုံးမဝင်သော်လည်း ကျင့်ကြံဆင့်နိမ့်သော ယဲ့ချန်အတွက် များစွာ အကျိုးရှိနေသည်။
"ရတနာတွေကို ဘယ်မှာ သိမ်းထားတာလဲ"
"ငါ မေ့သွားပြီ။ ရတနာတွေ ရှိတယ်ဆိုတာကိုတောင် ဝေဝေဝါးဝါးပဲ သတိရတယ်"
ချီရှုက ခဏတာစဥ်းစား၍ ပြန်ဖြေလိုက်သည်။ သူက အကြွင်းအကျန် ဝိညာဥ်တစ်ခုသာ ဖြစ်သောကြောင့် မှတ်ဉာဏ်များစွာ ပြန့်ကြဲကုန်သဖြင့် မှတ်မိရန် မဖြစ်နိုင်တော့ပေ။ ဟင်းလင်းပြင်နတ်တစ်ယောက်၏ ရတနာများက ယဲ့ချန်အတွက် အလွန်အထောက်အကူဖြစ်နိုင်ပြီး ဥပမာအားဖြင့် မူလကျောက်များမှာ ရွှေပိုင်နက်သားရဲများကို အကောင်ပေါက်စေနိုင်သည်။ ဤရတနာများတွင် အဖိုးတန်ဆုံးမှာ နတ်စက်လုံး ဖြစ်သော်လည်း သူက အသုံးပြုနိုင်စွမ်း မရှိပေ။ စန်းရီနယ်မြေ၏ ဘုရင်တစ်ပါးဖြစ်သော ချီရှုတွင် ရတနာများစွာရှိရန် သေချာသောကြောင့် သူက လိုက်လံရှာဖွေရန် ဆုံးဖြတ်လိုက်၏။
ယဲ့ချန်သည် ရွှေပိုင်နက်သားရဲကို စီးနင်းကာ ဟင်းလင်းပြင်ကို ထိုးခွဲ၍ ဝိညာဥ်အသိစိတ်ဖြင့် ရှာဖွေခဲ့သည်။ ထိုအချိန်တွင် မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများသည် ဟင်းလင်းပြင်ကမ္ဘာအတွင်း ရတနာရှာဖွေရန် ဆက်တိုက်ဝင်ရောက်လာနေကြပြီး မရေမတွက်နိုင်သော နတ်အဆင့်များနှင့် လောကနတ်အဆင့်များ ပါဝင်လေသည်။