← Chapters

ရှင်းဟိုင်

Vol. 67 Ch. 940

ရှင်းဟိုင်

Vol. 67 Ch. 940

ဟင်းလင်းပြင်ကမ္ဘာအတွင်း ဝင်ရောက်လာသူများသည် အုပ်စုကြီးများ ကွဲနေပြီး ရတနာ လိုက်လံရှာဖွေနေကြ၏။ တစ်ဖွဲ့တွင် လောကနတ်အဆင့် ၁၆ယောက်နှင့် နတ်အဆင့် သုံးရာကျော်ပါဝင်ပြီး ဘုရင်တစ်ပါး၏ နောက်လိုက်များ ဖြစ်သည်။ စန်းရီနယ်​​မြေတွင် ရွှေဂျိုမျိုးနွယ်က အစွမ်းအထက်ဆုံးဖြစ်ကာ ဘုရင်သုံးပါးရှိပြီး ကျန်မျိုးနွယ်ခုနစ်ခုတွင် ဘုရင်တစ်ပါးစီ ပိုင်ဆိုင်ထားကြ၏။ သို့သော် ဘုရင်များမှာ နှစ်ပေါင်းထောင်ချီကြာအောင် တံခါးပိတ်ကျင့်စဥ် ဝင်နေတတ်ကြပြီး ကိစ္စအများစုကို နောက်လိုက်များက ကိုင်တွယ်ရသည်။ ယဲ့ချန်သည် ရွှေပိုင်နက်သားရဲကို စီးနင်းကာ ဟင်းလင်းပြင်ကမ္ဘာအတွင်း၌ ကျူးကျော်လာသူများကို ရှောင်တိမ်းနေရသည်။ နတ်ပြည်တွင် အစွမ်းထက်ကျင့်ကြံသူများ ပေါများလွန်းနေပြီး သူ၏လက်ရှိခွန်အားဖြင့် နတ်တစ်ယောက်ကို ရင်ဆိုင်နိုင်သော်လည်း လောကနတ်အဆင့်ဆိုလျှင် ဒုက္ခရောက်သွားပေလိမ့်မည်။

နတ်အဆင့်များသည် အဆင့်တစ်နတ်ချီကိုသာ ရိုးရိုးရှင်းရှင်း အသုံးပြုနိုင်သော်လည်း အဆင့်နှစ် နတ်ချီကို ကျွမ်းကျင်သော လောကနတ်များက တိုက်ပွဲအတွင်း အချိန်စီးကြောင်းကို ထိန်းချုပ်နိုင်သည်။ ရွှေပိုင်နက်သားရဲကဲ့သို့ ထူးခြားသော အဆင့်တစ်မျိုးသည်သာ လောကနတ်များကို ရင်ဆိုင်နိုင်စွမ်းရှိပြီး အခြားမျိုးနွယ်များအတွက် ကျင့်ကြံဆင့်နိမ့်ကျလျှင် မော့ကြည့်နေရုံသာ တတ်နိုင်သည်။

"ဟင်းလင်းပြင်နတ်ရဲ့ ရတနာတွေကို ရှာတွေ့ပြီ"

အော်သံတစ်ခုက စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ထွက်ပေါ်လာပြီး အဝေးတစ်နေရာတွင် အလင်းတန်းများ ကြီးကျယ်ခမ်းနားစွာ တောက်ပနေ၍ ရတနာများ မျောလွင့်နေသည်။ ဤမြင်ကွင်းကြောင့် ကျင့်ကြံသူများမှာ ခွေးအများသဖွယ် အုပ်စုလိုက် ချီတက်သွားကြသည်။

"မြေအဆင့် နတ်လက်နက်"

"ရတနာတွေကို ယူစမ်း"

"ငါက ရွှေဂျိုမျိုးနွယ်ဝင် ဘုရင်တစ်ပါးရဲ့တပည့် ပုရီ ဖြစ်တယ်။ ငါ့ကို တိုက်ခိုက်ရဲရင် အကုန်သေရမယ်"

လောကနတ်တစ်ယောက်က အော်ဟစ်ခြိမ်းခြောက်လိုက်ပြီး နတ်ချီဖြင့် တိုက်ခိုက်လိုက်သောအခါ သွေးများ ပြန့်ကြဲသွား၍ နတ်အဆင့်များ အပိုင်းပိုင်းအစစ ဖြစ်ကုန်သည်။

"ပုရီ ရတနာတွေကို မင်းတစ်ယောက်တည်း မောင်ပိုင်စီးချင်တာလား"

လောကနတ်အဆင့်များ၏ မကျေမနပ် ရေရွတ်သံများ ထွက်ပေါ်လာကာ တိုက်ခိုက်လိုက်သောကြောင့် အစွမ်းထက် တန်ပြန်လှိုင်းများ ဖြစ်တည်လာသည်။ ဟင်းလင်းပြင်ကမ္ဘာကြီး တုန်ခါနေပြီး စက်ကွင်းမလွတ်သော နတ်အဆင့်များသည် အသံတစ်ချက်ပင် မထွက်နိုင်ခင် သေဆုံးသွားကြ၏။ လောကနတ်များ တိုက်ခိုက်နေသောကြောင့် သူတို့က အလန့်တကြား ထွက်ပြေးနေရပြီး လမ်းတလျှောက်တွင် တွေ့သမျှ ရတနာများကို ဆွဲယူသွားကြသည်။ ယဲ့ချန်သည် အခြေအနေကို အဝေးမှ အကဲခတ်နေစဥ် အစွမ်းထက်နတ်ချီများ၏ လာရောက်ရိုက်ခတ်ခြင်းကို ခံနေရသည်။ အကယ်၍ သူက အနီးသို့ ကပ်သွားလျှင် အဆင့်နှစ် နတ်ချီများကြောင့် အပြင်းအထန် ဒဏ်ရာရနိုင်သော်လည်း ရတနာများကြောင့် ချီတုံချတုံ ဖြစ်နေသည်။ သူ၏ ရွှေပိုင်နက်သားရဲများတွင် တစ်ကောင်က နတ်အဆင့်သို့ ရောက်နေပြီး သန္ဓေပြောင်းဖြစ်နေသောကြောင့် လောကနတ်များ၏ တိုက်ခိုက်မှုကို ခုခံနိုင်ချေ ရှိ၏။

ယဲ့ချန်၏အမိန့်ဖြင့် ၎င်းသည် ဟင်းလင်းပြင်ကို ထိုးခွဲကာ အပြင်းအထန် တိုက်ခိုက်နေသူများကို ကျော်ဖြတ်၍ ရတနာများအနီးတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းက ရတနာများကို သိမ်းဆည်းလိုက်သောကြောင့် သူတို့က ဒေါသထွက်သွားကာ လောကနတ်များ၏ တိုက်ကွက်များ ကျဆင်းလာသည်။ ၎င်းသည် အဆင့်နှစ် နတ်ချီများနှင့် တဘန်းဘန်း ထိမှန်ခံလိုက်ရပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ဒဏ်ရာများ ဖြစ်ပေါ်လာ၏။ အရေပြားက မီတာထောင်ချီ ထူထပ်သော်လည်း အဆင့်နှစ် နတ်ချီ၏အစွမ်းကြောင့် ထိခိုက်သွားကာ ပါးစပ်အတွင်းမှ သွေးများ စီးကျနေသည်။ ၎င်းက ရတနာများကို လက်လှမ်းမီသမျှ သိမ်းယူကာ နေရာမှ ဖြတ်ခနဲ ပျောက်ကွယ်သွားသည်။ ရွှေပိုင်နက်သားရဲများက ဟင်းလင်းပြင်ကို ထိုးခွဲနိုင်သဖြင့် အလွန်လျင်​မြန်ပြီး ယာဥ်များပင်လျှင် မယှဥ်နိုင်သောကြောင့် လိုက်မီရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့က ကျန်ရစ်နေသော ရတနာများကို အလျင်အမြန် ခွဲယူနေကြစဥ် ၎င်းသည် ယဲ့ချန်အနားသို့ ရောက်လာခဲ့သည်။

ရွှေပိုင်နက်သားရဲ၏ ဒဏ်ရာများကို မြင်သောအခါ လောကနတ်အဆင့်သည် ခြိမ်းခြောက်နိုင်စွမ်း ကြီးမားကြောင်း ယဲ့ချန်က သဘောပေါက်လိုက်သည်။ ၎င်းက ဟင်းလင်းပြင်ကို ထိုးခွဲနိုင်သဖြင့် လွတ်မြောက်လာခြင်းဖြစ်ကာ သို့မဟုတ်လျှင် တိုက်ကွက်များအောက်တွင် အသက်ပျောက်သွားပေလိမ့်မည်။ နောက်ထပ်စွန့်စားရန် မထိုက်တန်သဖြင့် သူက ၎င်း ယူဆောင်လာသည့် လက်နက်များ၊ ဆေးပင်များနှင့် သတ္တုများကို သိမ်းဆည်းကာ ထွက်ခွာလိုက်သည်။ လောကနတ်များအကြားမှ ရတနာကို ခိုးယူခြင်းသည် တစ်ကြိမ်သာ အောင်မြင်နိုင်ပြီး ဒုတိယအကြိမ်ဆိုလျှင် တစ်ဖက်မှ သတိထားနေမည်ဖြစ်ရာ ကျရှုံးသွားပေလိမ့်မည်။

ယဲ့ချန်က အခြားနေရာများတွင် ရတနာရှိလိုရှိငြား လိုက်လံရှာဖွေခဲ့သော်လည်း နှစ်ရက်ကြာသည်အထိ အကြောင်းမထူးပေ။ သုံးရက်အကြာတွင် ရွှေကျီးရေကန်အထက်၌ မီတာထောင်ချီမြင့်မားသော ပုံရိပ်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ နတ်ချီများ တောက်ပလင်းလက်နေသည်။ လောကနတ်အဆင့်များပင် ကြောက်မက်ဖွယ်ဖိအားကို ခံစားလိုက်ရပြီး တစ်ဖက်လူမှာ သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟု ခံစားနေရသည်။ ရောက်ရှိလာသူမှာ ရှင်းဟိုင်ဆိုသော ဟင်းလင်းပြင်နတ်တစ်ယောက်ဖြစ်ကာ ကျင့်ကြံသူအားလုံး နေရာမှ မလှုပ်ရှားနိုင်ကြတော့ပေ။ သူက ရွှေနန်းတော်ကို ငုံ့ကြည့်နေရင်း တအံ့တသြဖြစ်သွားပုံရကာ ချီရှု၏ နန်းတော်ဖြစ်ကြောင်း နားလည်လိုက်သည်။ ချီရှု အသတ်ခံလိုက်ရချိန်တွင် ဤနန်းတော်က ပျောက်ကွယ်သွားပြီး ဘုရင်များပင် ရှာမတွေ့ခဲ့ပေ။ သူက ဧရာမလက်ကြီးကို ဆန့်ထုတ်ကာ နန်းတော်ကို ရေကန်အတွင်းမှ ဆွဲထုတ်လိုက်သည်။

"ဘုန်း ဘုန်း ဘုန်း"

နန်းတော်အတွင်းရှိ တိုင်လုံးကြီးများ ပြိုကျသွားကာ ဟင်းလင်းပြင်ကမ္ဘာအတွင်းမှ ပြေးထွက်လာသူများသည် ရှင်းဟိုင်၏ပုံရိပ်ကို မြင်သောအခါ အခြေအနေအား နားလည်သွားကြသည်။ ဟင်းလင်းပြင်နတ်တစ်ယောက် ရောက်ရှိလာသောအခါ ရွှေနန်းတော်အတွင်းရှိ အရာအားလုံးက သူတို့နှင့် မသက်ဆိုင်တော့ပေ။ ဟင်းလင်းပြင်ကမ္ဘာက ဆက်တိုက်တုန်ခါနေပြီး ပြိုကျမည့်ဟန်ဖြင့် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

"ဟင်းလင်းပြင်ကမ္ဘာ ပြိုကျတော့မယ်"

မည်သို့ဖြစ်ပျက်နေကြောင်း မသိရသော်လည်း ယဲ့ချန်သည် အပြင်ဘက်မှ ဖိအားတစ်ခုကြောင့် ဤကမ္ဘာပျက်စီးရန် သေချာကြောင်း နားလည်လိုက်သည်။ သူက လက်မောင်းကာအတွင်း ဆက်သွယ်လိုက်သော်လည်း ချီရှုထံမှ အဆက်အသွယ်မရသောကြောင့် ဟင်းလင်းပြင်နတ်အဆင့် ရောက်လာကြောင်း သေချာသွား၍ ရွှေပိုင်နက်သားရဲအားလုံးကို ဒန်တန်အတွင်း သိမ်းဆည်းလိုက်၏။ ထို့နောက် သူက အက်ကြောင်းတစ်ခုအတွင်း ဝင်ရောက်၍ အပြင်သို့ ပြေးထွက်လာခဲ့သည်။ ရွှေနန်းတော်အပြင်ဘက်သို့ ထွက်ပြေးလာသူများမှာ ရှင်းဟိုင်ကို မြင်သောအခါ ဟင်းလင်းပြင်ကမ္ဘာ ပျက်စီးခြင်း၏ အကြောင်းအရင်းကို နားလည်သွားကြသည်။

"ဒီကောင်က ငါတို့အရင် ဝင်သွားတဲ့ ကောင်မလား"

ကျင့်ကြံသူတစ်ယောက်က သူ့ကို မှတ်မိသွားသဖြင့် ညွှန်ပြကာ အော်ဟစ်လိုက်သောကြောင့် ပတ်ဝန်းကျင်ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။ အခြားလူများက ချက်ချင်းမှတ်မိသွားမည်ဟု ထင်မထားသောကြောင့် ယဲ့ချန်က တုန်လှုပ်သွားကာ ချက်ချင်းထွက်ပြေးလိုခဲ့သည်။

"ခွေးကောင်လေး ဒီတစ်ခါရော ဘယ်ပြေးမလို့လဲ"

"နတ်တစ်ပိုင်းအဆင့်လေးနဲ့များ လွတ်မြောက်ချင်နေတာလား။ ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့"

သို့သော် နတ်အဆင့်များနှင့် လောကနတ်များက ပို၍မြန်ဆန်နေပြီး သူ့ကို ချက်ချင်းပိတ်ဆို့ထားလိုက်ကြသည်။ လောကနတ်တစ်ယောက်၏ နတ်ချီများ ရောက်ရှိလာကာ သူ့ကို ဖမ်းချုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ သူက လေးနက်သော မျက်နှာထားဖြင့် ဟင်းလင်းပြင်နတ်လှံကို ဆွဲထုတ်ကာ တိုက်ခိုက်လိုက်သည်။ လောကနတ်တစ်ယောက်ကို မယှဥ်နိုင်သော်လည်း အလွယ်တကူ အရှုံးမပေးနိုင်သောကြောင့် အစွမ်းကုန် ထုတ်သုံးထားခဲ့သည်။

"သေချင်နေတာပဲ"

လောကနတ်က နှာခေါင်းရှုံ့၍ ပြင်းထန်စွာ ရိုက်ချလိုက်သောကြောင့် လှံချက်မှာ ဖယ်ရှားခံလိုက်ရပြီး ယဲ့ချန်ကို ဘက်ပေါင်းစုံမှ ဖိနှိပ်ထားခဲ့သည်။ သူက သွေးများ ဆက်တိုက်အန်ထွက်နေခဲ့ပြီး တစ်ကိုယ်လုံး ကြေမွမတတ် ခံစားလိုက်ရသည်။

"အခု မင်း ငါ့ကို ဘယ်လိုရင်ဆိုင်မှာလဲ"

လောကနတ်က သူ့ကို နတ်ချီများဖြင့် ရစ်ပတ်ကာ ဆွဲခေါ်နေစဥ် ရှင်းဟိုင်၏အကြည့်က ထိုနေရာသို့ ကျရောက်လာသည်။

"ဟမ်"

သူက မျက်မှောင်ကြုတ်လိုက်ပြီး လက်ချောင်းတစ်ချောင်းထံမှ အဆင့်သုံး နတ်ချီများ ပစ်ခတ်လိုက်သည်။ ထိုအခိုက်မှာပင် လောကနတ်၏ချီများက ဖျက်ဆီးခံလိုက်ရပြီး ယဲ့ချန်မှာ ရှင်းဟိုင်၏ ပုံရိပ်ကြီးထံ ဆွဲယူခံလိုက်ရလေသည်။

All Chapters