← Chapters

ရေကောင်းကင်တောင်တန်း

Vol. 67 Ch. 941

ရေကောင်းကင်တောင်တန်း

Vol. 67 Ch. 941

ပုံရိပ်ကြီးထံမှ အလင်းတန်းတစ်ခု ကျဆင်းလာပြီးနောက် ယဲ့ချန်ရော ရှင်းဟိုင်ပါ ပျောက်သွားသွားရာ အခြားကျင့်ကြံသူများ မော့ကြည့်လာချိန်၌ ထွက်ခွာသွားပြီဖြစ်သည်။ ပုရီသည် လေးနက်စွာ စိုက်ကြည့်နေပြီး မကျေမချမ်းဖြစ်နေကာ ချီရှ၏ ရွှေနန်းတော်အတွင်းမှ ရတနာများအပြင် နတ်စက်လုံးအကြောင်း သိနေခဲ့သည်။ ၎င်းသည် နတ်ပြည်၏ မူလရတနာခြောက်ခုတွင် ပါဝင်ပြီး အတိတ်တွင် ဟင်းလင်းပြင်နတ်များ ပူးပေါင်း၍ ရွှေနီလင်းနို့မျိုးနွယ်ကို သုတ်သင်ခဲ့သော အကြောင်းအရင်း ဖြစ်၏။ သို့သော် တိုက်ပွဲအပြီးတွင် ချီရှု၏ ဝိညာဥ်နှင့် နတ်စက်လုံးက လူမသိသူမသိ ပျောက်ကွယ်သွားပြီး မည်သူမှ ရှာမတွေ့နိုင်ခဲ့ပေ။

လက်ရှိတွင် ပုရီသည် ချီရှု၏ရွှေနန်းတော်ကို ရှာတွေ့ခဲ့သော်လည်း ရွှေဂျိုမျိုးနွယ်မှ ဘုရင်များထံ သတင်းမပို့နိုင်ခင် ရှင်းဟိုင်မှ လုယူသွားခဲ့သည်။ သူက လောကနတ်အဆင့်သာ ဖြစ်သော်လည်း ဘုရင်တစ်ယောက်၏ တပည့် ဖြစ်သောကြောင့် အကြောင်းအရာများစွာကို သိထားသည်။ ရှင်းဟိုင်သည် စန်းရီနယ်မြေ၏ တောင်ပိုင်းတွင် တောင်တစ်လုံးကို အုပ်ချုပ်ပြီး ဟင်းလင်းပြင် နတ်အဆင့် တပည့်နှစ်ယောက် ပိုင်ဆိုင်ထားသည်။ ထို့အပြင် မရေမတွက်နိုင်သော လောကနတ်နှင့် နတ်အဆင့် တပည့်များကို ပိုင်ဆိုင်ထားသောကြောင့် အစွမ်းထက်အင်အားတစ်ခုဟု ဆိုနိုင်သည်။ သို့သော် သူက ဘုရင်နေရာကို လျစ်လျူရှုထားပြီး တိုက်ခိုက်ရန် စိတ်မဝင်စားသောကြောင့် ဘုရင်ဆယ်ပါးနှင့် ပြဿနာ မရှိပေ။

ယဲ့ချန်သည် အဆင့်သုံး နတ်ချီဖြင့် ခေါ်ဆောင်သွားခံရပြီး နာရီဝက်အကြာအတွင် မျက်လုံးများ ဖွင့်လိုက်သောအခါ အလျား ကီလိုမီတာသန်းချီသော တောင်တန်းတစ်ခုကို မြင်လိုက်ရသည်။ တောင်များအထက်တွင် လေထဲ၌ အဆောက်အအုံများ မျောလွင့်နေကာ ကျင့်ကြံနေသော ပုံရိပ်များစွာက တင်ပျဥ်ခွေထိုင်နေကြ၏။

"ဆရာ"

ရှင်းဟိုင် ပြန်ရောက်လာသောအခါ ကျင့်ကြံသူတိုင်းက မျက်လုံးများ ပွင့်လာပြီး ပြိုင်တူ ဦးညွှတ်လိုက်ကြသည်။

"ဆရာ ပြန်ရောက်လာပြီလား"

တောင်တန်း၏အဆုံးမှ ဟင်းလင်းပြင်နတ်တစ်ယောက် ရောက်ရှိလာကာ ခရီးဦးကြိုပြုခဲ့သည်။ ရှင်းဟိုင်က ခေါင်းတစ်ချက်ညိတ်ပြ၍ လှိုဏ်ဂုတစ်ခုအတွင်း ဝင်ရောက်ကာ ယဲ့ချန်ကို ချပေးလိုက်ပြီး လူအသွင်ပြောင်းလိုက်သည်။ လူအသွင်ပြောင်းလိုက်သောအခါ သူက ဟင်းလင်းပြင်နတ်အဆင့်၏ အရှိန်အဝါမျိုး ပျောက်ကွယ်နေကာ သာမန်လူတစ်ယောက်ဟု ထင်မှတ်ရ၏။ သို့သော် ယဲ့ချန်က သူ့ကို သာမန်လူတစ်ယောက်အဖြစ် မဆက်ဆံရဲဘဲ ခေါ်ဆောင်လာသော ရည်ရွယ်ချက်ကို အတွေးနက်နေသည်။

"မင်းက လူသားတစ်ယောက်လား။ လက်ရှိ နတ်ပြည်မှာ လူသားအနည်းငယ်သာ ရှိပြီး ရှာတွေ့သွားရင် မျိုးနွယ်ပေါင်းစုံက လိုက်သတ်နေကြတယ်။ အထူးသဖြင့် ရွှေဂျိုမျိုးနွယ်က စန်းရီနယ်မြေမှာ လူသားတွေကို ဝင်ခွင့်ပေးမှာ မဟုတ်ဘူး"

ရှင်းဟိုင်က တစ်လုံးချင်း ပြောလိုက်သည်။ ဟင်းလင်းပြင်နတ်တစ်ယောက်အတွက် ရုပ်ဖျက်ထားခြင်းကို ဖောက်ထွင်းမြင်နိုင်သောကြောင့် ယဲ့ချန်က ခေါင်းညိတ်၍ ဝန်ခံလိုက်၏။

"ငါ နတ်အဆင့်တုန်းက လူသားကျင့်ကြံသူတစ်​ယောက်ကို အကြွေးတင်ခဲ့တယ်။ သူက ငါ့ကို အနာဂတ်မှာ နတ်ပြည်ကို လူသားတစ်ယောက်ရောက်လာရင် ကာကွယ်ပေးပါလို့ တောင်းဆိုခဲ့တယ်။ မင်းရဲ့ ရုပ်ဖျက်ကျင့်စဥ်က အားနည်းတယ်။ ဒါကို ယူလိုက်။ ဒီပုံဖျက်ကျောက်တုံးနဲ့ဆိုရင် မင်းကို ဟင်းလင်းပြင်နတ်အဆင့်တွေတောင် ရှာတွေ့နိုင်ဖို့ ခက်ခဲလိမ့်မယ်"

ရှင်းဟိုင်က ယဲ့ချန်ကို အနက်ရောင်ကျောက်တုံးတစ်ခု ပစ်ပေးကာ ရှင်းပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ"

တစ်ဖက်လူက မကောင်းသော ရည်ရွယ်ချက်များ မရှိနိုင်သဖြင့် ယဲ့ချန်က စိတ်အေးသွားသည်။

"မင်းက ငါ့နယ်မြေမှာ စိတ်ကြိုက်သွားလာနိုင်တယ်။ ဒါပေမယ့် မင်း ထွက်သွားမယ်ဆိုရင် သေသေရှင်ရှင် ငါနဲ့ မဆိုင်ဘူး"

ရှင်းဟိုင်သည် ယဲ့ချန်ကို ကယ်တင်ခဲ့ခြင်းမှာ အတိတ်မှ ကတိကဝတ်တစ်ခုကြောင့်သာဖြစ်ပြီး နတ်တစ်ပိုင်းအဆင့်တစ်ယောက်ကို အရေးစိုက်စရာ မလိုအပ်ပေ။

"နေဦး"

ယဲ့ချန်သည် ဂူအတွင်းမှ ထွက်ခွာရန် ပြင်လိုက်စဥ် သူက ရုတ်တရက် တားမြစ်လိုက်၏။

"ဘာများပြောစရာရှိလို့လဲ စီနီယာ"

သူ၏စကားကြောင့် ယဲ့ချန်က ပြန်လှည့်လာခဲ့သည်။

"ဟင်းလင်းပြင်ကမ္ဘာထဲမှာ တစ်ခုခု ထူးဆန်းတာများ တွေ့ခဲ့သေးလား"

"ထူးဆန်းတာ ဟုတ်လား"

ယဲ့ချန်က တုန်လှုပ်သွားသော်လည်း ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ခဲ့ပြီး သူ၏ခံစားချက်ကို ဖုံးကွယ်ရန် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို လည်ပတ်လိုက်သောကြောင့် တည်ငြိမ်နေခဲ့သည်။

"ဥပမာပြောရရင် ရွှေရောင်သတ္တုလုံးလို အရာမျိုး"

တစ်ဖက်လူ၏အကြည့်က သူ၏စိတ်အတွင်းသို့ ထိုးဖောက်မြင်နိုင်ဟန်ဖြင့် ထက်ရှနေသည်။

"မတွေ့ခဲ့ပါဘူး"

ယဲ့ချန်က ခဏတာစဥ်းစား၍ လိမ်လိုက်ပြီး ဒန်တန်အတွင်း လည်ပတ်နေသော ကြယ်ကိုးလုံးသည် ခံစားချက်များကို ဖုံးကွယ်ပေးထားသည်။

"ကောင်းပြီ။ မင်း သွားနိုင်ပြီ"

ရှင်းဟိုင်သည် သူ့ကို အချိန်တစ်ခုကြာအောင် စိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် သွားခွင့်ပြုလိုက်၏။ လှည့်ထွက်သွားသော ယဲ့ချန်၏ကျောပြင်ကို စိုက်ကြည့်နေသော ရှင်းဟိုင်က အခြေအနေကို သုံးသပ်လိုက်သည်။ အကယ်၍ ယဲ့ချန်သာ နတ်စက်လုံးကို တွေ့ခဲ့လျှင် နတ်တစ်ပိုင်းအဆင့်တစ်ယောက်၏ ခံစားချက်များကို ဟင်းလင်းပြင်နတ်အဆင့်ဖြင့် မြင်တွေ့နိုင်ပေလိမ့်မည်။ ထို့အပြင် နတ်တစ်ပိုင်းအဆင့်ဖြင့် နတ်စက်လုံးကို သိမ်းယူရန် မဖြစ်နိုင်သောကြောင့် သူက မဖြစ်နိုင်ဟု ကောက်ချက်ချလိုက်သည်။ သူက လူသားတစ်ယောက်ကို ကယ်တင်ရခြင်းမှာ လက်တစ်ချောင်း လှုပ်ရုံသာဖြစ်ပြီး များစွာအရေးစိုက်မနေခဲ့ပေ။

"ချီရှု မသေခင်မှာ နတ်စက်လုံးကို ဖွက်ထားခဲ့တာလား။ ဘယ်နေရာမှာ ဖြစ်နိုင်မလဲ"

ရှင်းဟိုင်သည် ရွှေနန်းတော်အတွင်း စိုက်ကြည့်လိုက်သော်လည်း မည်သည်ကိုမှ မတွေ့ရသောကြောင့် နားမလည်နိုင် ဖြစ်နေခဲ့သည်။ ဤတစ်ကြိမ်တွင် သူက မိတ်ဆွေတစ်ယောက်နှင့် တွေ့ဆုံရန် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ ကံအားလျော်စွာဖြင့် ချီရှု၏နန်းတော်ကို ရှာတွေ့ခဲ့ပြီး ယဲ့ချန်ကို ကယ်တင်ခဲ့ခြင်းမှာ အတိတ်မှ ကတိကြောင့် ခရီးသွားဟန်လွှဲသဘော ဖြစ်သည်။ ထို့အပြင် သူက ယဲ့ချန်၏ကိုယ်တွင်းမှ ဆန်းကျယ်မှုတစ်ခုကို ခံစားနေရသောကြောင့် စောင့်ကြည့်လိုခဲ့သည်။ နတ်ပြည်တွင် လူသားတစ်ယောက်အတွက် လွတ်လပ်စွာ မသွားလာနိုင်သောကြောင့် သူ၏ရေကောင်းကင်တောင်တွင် နေထိုင်လိမ့်မည်ဟု အပိုင်တွက်ထားသည်။

ရှင်းဟိုင်၏ ဂူအတွင်းမှ ထွက်လာပြီးနောက် ကံကောင်းစွာဖြင့် လိမ်လည်နိုင်ခဲ့သော ယဲ့ချန်က သက်ပြင်းတစ်ချက် ချလိုက်၏။ တစ်ဖက်လူက သူ့ကို ကယ်တင်ပေးခဲ့သော်လည်း မူလရတနာတစ်ခု၏ တန်ဖိုးသည် ကျင့်ကြံသူတိုင်းကို ရူးသွပ်စေနိုင်ကာ သတ်ဖြတ်လာနိုင်သည်။ သူက နတ်ပြည်၏ ကျင့်ကြံသူများနှင့်ယှဥ်လျှင် အလွန်အားနည်းသည်ဟု ခံစားနေရသောကြောင့် ရှင်းဟိုင်၏ ကာကွယ်မှုအောက်တွင် အလျင်အမြန် ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ သူက တောင်တန်းအထက်တွင် တိတ်ဆိတ်သည့် ကျောက်တုံးတစ်ခုရှာဖွေ၍ တင်ပျဥ်ခွေထိုင်ချခဲ့၏။ ကောင်းကင်သို့ မော့ကြည့်လိုက်လျှင် ထောင်ချီသော ပုံရိပ်များ ကျင့်ကြံနေသည်ကို မြင်နိုင်ပြီး ရှင်းဟိုင်၏ တပည့်များဖြစ်ကာ နှစ်ယောက်က ဟင်းလင်းပြင်နတ်အဆင့်သိုပင် ရောက်နေကြသည်။ သူက နတ်ဆေးပင်များကို ဆက်တိုက်သန့်စင်နေပြီး လက်ရှိကျင့်ကြံဆင့်ကို တည်ငြိမ်စေလိုက်သောအခါ ထိပ်တန်းကြယ်သခင်အဆင့်သို့ရောက်ရန် မဝေးတော့ဟု ခန့်မှန်းလိုက်သည်။

ယဲ့ချန်က သုံးရက်တိုင်တိုင် ကျင့်ကြံနေခဲ့ပြီး ရှင်းဟိုင်၏ တည်ရှိမှုကို အာရုံခံမိသော ချီရှုသည်လည်း လက်မောင်းကာအတွင်းမှ ထွက်မလာခဲ့ပေ။

"မင်းတို့ရဲ့အိမ်က ဘယ်နေရာမှာလဲ။ ငါ လိုက်ပို့ပေးဖို့ လိုအပ်လား"

သူက ဒန်တန်အတွင်းရှိ လန်မူနှင့် လင်းတုန်ကို ဆက်သွယ်လိုက်သည်။

"ရေခဲကောင်းကင်မျိုးနွယ်က ရေကောင်းကင်တောင်နဲ့ အလွန်ဝေးတယ်"

"ဝိညာဥ်မျက်လုံးမျိုးနွယ်က ဒီနေရာအနီးမှာ ရှိတယ်။ ငါတို့မျိုးနွယ်ရဲ့ ဘိုးဘေးက ဟင်းလင်းပြင်နတ်အဆင့်ဖြစ်ပေမယ့် တစ်ယောက်တည်းသာ ရှိတယ်။ ငါ့မျိုးနွယ်ကို ရှင်းဟိုင်က ကာကွယ်ပေးထားလို့ အခုလိုဘေးကင်းနေတာဖြစ်ပြီး သူ့တပည့်တွေထဲမှာလည်း ဝိညာဥ်မျက်လုံးမျိုးနွယ်ဝင်တွေ များစွာရှိတယ်"

အကြောင်းစုံကို သိလိုက်ရသောအခါ လင်းတုန်က ပျော်ရွှင်စွာ ဖြေလိုက်ပြီး လန်မူမှာ သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းနေခဲ့သည်။

"ငါ့ကို ဝိညာဥ်မျက်လုံးမျိုးနွယ်ဆီ ခေါ်သွားပေးနိုင်မလား"

"ရတယ်လေ"

လင်းတုန်၏ လမ်းပြမှုဖြင့် ယဲ့ချန်သည် ရေကောင်းကင်တောင်တန်း၏ အဆုံးသို့ ပျံသန်းလာခဲ့ပြီး လေထဲရှိ အဆောက်အအုံများထက်တွင် ဧရာမမျက်လုံးကြီးတစ်ခုကို တွေ့လိုက်ရသည်။ မျက်ဆံက အဆက်မပြတ် လှုပ်ရှားနေပြီး စောင့်ကြည့်ခံလိုက်ရသူတိုင်းကို ဖောက်ထွင်းစစ်ဆေးနေသည်။ သူက လင်းတုန်ကို ဒန်တန်အတွင်းမှ ထုတ်ယူလိုက်သောအခါ မြေခွေးအသွင်ပြောင်းထားသော နင်အာလည်း လိုက်ပါလာခဲ့သည်။ ဒန်တန်အတွင်း၌ ဤမိန်ကလေးနှစ်ယောက်က ရင်းနှီးသွားပုံပေါ်သည်။

"အစ်ကိုယဲ့ အမနင် ဝိညာဥ်မျက်လုံးမျိုးနွယ်က ကြိုဆိုပါတယ်"

လင်းတုန်က တစ်ချက်ပြုံး၍ အိမ်ပြန်ရောက်လာသောကြောင့် အလွန်စိတ်လှုပ်ရှားနေသည်။ သူတို့သုံးယောက်က ဝိညာဥ်မျက်လုံးမျိုးနွယ်၏ ဝင်ပေါက်သို့ ရောက်သောအခါ အစောင့်များ ရောက်ရှိလာကြသည်။

"သခင်မလေး"

သူတို့က လင်းတုန်ကို ပြိုင်တူဦးညွှတ်လိုက်ပြီး ယဲ့ချန်နှင့် နင်အာကို မြင်သော်လည်း နတ်တစ်ပိုင်းအဆင့်များ ဖြစ်သောကြောင့် များစွာအလေးမထားခဲ့ပေ။ အကယ်၍ လောကနတ်အဆင့်ဆိုလျှင် မျိုးနွယ်ပိုင်နက်အတွင်း မဝင်ရောက်ခင် တင်းကြပ်စွာ စစ်ဆေးခံရပေလိမ့်မည်။ သို့သော် နတ်တစ်ပိုင်းအဆင့်များက ခြိမ်းခြောက်နိုင်စွမ်းမရှိသောကြောင့် သူတို့က လျစ်လျူရှုထားလိုက်ကြသည်။

"သခင်မလေး ပြန်ရောက်လာပြီလား"

ဝူချီ ရောက်ရှိလာပြီး ယဲ့ချန်ကို မြင်သောအခါ မျက်နှာတစ်ခုလုံး မည်းနက်သွားခဲ့သည်။ ရှင်းဟိုင်က ဟင်းလင်းပြင်ကမ္ဘာကို ဖျက်ဆီးလိုက်သောအခါ သူက ကံကောင်းစွာဖြင့် လွတ်မြောက်ခဲ့သည်။ ကောက်ကျစ်သူပီပီ လင်းတုန်နှင့် ယဲ့ချန်ကို ရွှေနန်းတော်အတွင်း သေဆုံးသွားရန် မျှော်လင့်ခဲ့ပြီး အသက်ရှင်လျက် ပြန်ရောက်လာမည်ဟု လုံးဝထင်မထားခဲ့ပေ။

All Chapters