← Chapters

ဂျီယူ၏အတွေးများ

Vol. 009 Ch. 881

ဂျီယူ၏အတွေးများ

Vol. 009 Ch. 881

ပြည်နယ်ကိုးခု ကျောင်းတော်၏ ဆေးဥယျာဉ်ကား ပုံမှန်အတိုင်း တိတ်ဆိတ် နေသည်။

ရီဖူရှင်းနေထိုင်ရာ အဆောင်ထဲတွင် လူတစ်ယောက် အိပ်ရာထဲ၌ ငြိမ်သက်စွာ လဲလျောင်းနေသည်။ သူ့ဘေးတွင်ကား မိန်းကလေး တစ်ယောက်က ချောမောမော လူငယ်လေးအား ထိုင်ကြည့်နေသည်။

ထိုင်နေသော မိန်းကလေးမှာလည်း အလွန် ချောမောလှပပေသည်။ သူမ၏ မျက်လုံးများမှာ ကြယ်ပွင့်ကလေးများ အလား ထင်မှတ်ရပြီး ပြေပြစ်ကာ အနာအဆာ ကင်းမဲ့သော မျက်နှာလေးမှာ လူ့လောကနှင့် လားလားမျှ မသက်ဆိုင်။ သို့သော်လည်း သူမ၏ မျက်နှာလေးတွင် စိုးရိမ်နေသော အငွေ့အသက်များ ထင်ရှားစွာ ဖြစ်ပေါ်နေ၏။ သိမ်မွေ့စွာ ပြုံးလျက်ပင် သူမက ကောင်လေး၏ မျက်နှာအား အသာအယာ ပွတ်သပ်ချော့မြှူ ဆော့ကစားနေသည်။ ညင်သာသော လှုပ်ရှားဟန်များမှာ မရေမတွက်နိုင်သော ပျော်ရွှင်ဖွယ် အမှတ်တရများကို ပြန်လည် သတိရ စေနိုင်ပေသည်။

ကောင်းကင်ပြက္ခဒိန်၏ ၉၉၉၉ ခုနှစ်တွင် သူတို့နှစ်ယောက် အတူ လက်တွဲခဲ့ကြသည်။ ယခု သူတို့က ၁၄နှစ်အထိ အချိန်တစ်ခုကြာ အတူတူ ဖြတ်သန်းခဲ့ကြပြီး ဖြစ်၏။ သူကား ယခင်လို ချောမောဆဲ ကြည့်ကောင်းဆဲပင်။ သို့သော်လည်း ယခင် နုပျိုတက်ကြွသော သူ၏ရုပ်ရည်မှာ ရင့်ကျက်သော အသွင်သဏ္ဌာန်ဘက်သို့ ကူးပြောင်းနေပြီ ဖြစ်သည်။ မှန်သည် ... ထိုအရာများမှာလည်း သူထမ်းပိုးထားရသော တာဝန် ဝတ္တရားကြီး များကြောင့် ဖြစ်ပေသည်။

သည်နှစ်ကုန်လျှင် သူကား အသက်၃၀ ပြည့်တော့မည် ဖြစ်သည်။ တန်ခိုးရှင် တစ်ယောက်တွက် ထိုမျှအသက်အရွယ်မှာ အလွန်ငယ်ရွယ်သည် ဆိုသော်လည်း သူကား သူ၏ပခုံးပေါ်တွင် မြေရိုင်းပြည်နယ်၏ မျှော်လင့်ချက်များအား ထမ်းပိုးထားပြီး ဖြစ်သည်။ ထို့အပြင် သူမ၏ယောက်ျားမှာ အနာဂတ်တွင် သည့်ထက် ကြီးမားသော တာဝန်များအား ထမ်းဆောင်ရန် ရှိနေသေးသည်။

သူတို့နှစ်ယောက်မှာ ထာဝရ လက်တွဲ သွားကြမည်ဟု သူမက တွေးထားခဲ့ဖူး သော်လည်း ထာဝရဟူသည် မည်မျှ တာရှည်သည်ကို အနည်းအကျဉ်းမျှ နားလည်လာခဲ့ပြီ ဖြစ်သည်။ ကံကြမ္မာရဟတ်မှာ မည်သို့ လည်ပတ်သည်ကို သူမ နားမလည်သော်လည်း အနည်းဆုံး သူတို့က လက်ရှိတွင် အတူတူ လက်တွဲနိုင်ကာ သူ၏မျက်နှာကိုလည်း မြင်နိုင်ပေသည်။ ထိုမျှသော အခိုက်အတန့်ကပင် သူမအတွက် စိတ်ကျေနပ် ဖွယ်ရာလည်း ဖြစ်၏။

ထိုအခိုက်တွင် ရီဖူရှင်း၏ မျက်တောင်များ လှုပ်ခတ်သွားကာ စူးရှတောက်ပသော မျက်လုံးများအား ဖွင့်လိုက်သည်။ ဟွာဂျီယူမှာ သူ၏ဘေးနားတွင် ထိုင်နေသည်အား မြင်လျှင် သူ၏မျက်လုံးများ၌ နွေးထွေးကြင်နာသော အငွေ့အသက်များ ရစ်သိုင်းလာ၏။ ပါးပြင်တွင် အမြဲလို ရစ်တွဲ ခိုနေတတ်သော သူ၏အပြုံးမှာလည်း မည်သည့် မိန်းမတစ်ဦး တစ်ယောက်၏ အသည်းနှလုံးကိုမဆို ဖမ်းစမ်းနိုင်စွမ်း ရှိပေ၏။

“မင်း ဘာကို တွေးနေတာလဲ...” ရီဖူရှင်းက တီးတိုးမေးသည်။

“တချို့လူတွေက ဘယ်လောက်ကြာကြာ  ကြည့်ပါစေ ဘာလို့ ကြည့်ကောင်းနေဆဲပဲ ဆိုတာ တွေးနေတာ...” ဟွာဂျီယူကလည်း အလှဆုံးသော အပြုံးဖြင့် ဆီးကြိုကာ ပြောသည်။ သူမ ပြုံးလျှင် သူတို့မှာ အခန်းထဲတွင် ဖြစ်သော်လည်း သစ်ပင်ပန်းမန်များ ဖူးပွင့်ကြသည်ဟု ရီဖူရှင်းက ခံစားရသည်။

“ဘာလို့လဲဆိုတော့ ငါက အစကတည်းက ကြည့်ကောင်း နေတာ မို့လို့ပဲ...” ရီဖူရှင်းက တီးတိုးပြောသည်။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်လျှင် တစ်ဖက်သား၏ နှလုံးသားနှင့် မည်မျှ ရင်းနှီးကျွမ်းဝင်သည်ကို ကောင်းကောင်း ခံစား မိနိုင်ကြပေသည်။

“အားလုံး အဆင်ပြေကြလား...” ရီဖူရှင်းက သတိလစ်သွားပြီး နောက်ပိုင်း ဘာဆက်ဖြစ်ခဲ့သည်ကို မသိတော့ပေ။ ရှန့်ထိုလီ၏အာမခံမှုဖြင့် ဘာမှ ဖြစ်ပျက်မည် မဟုတ်သော်လည်း သူက စိုးရိမ်စိတ်တော့ ရှိပေသည်။

“ဟုတ်တယ်...” ဟွာဂျီယူက ခေါင်းညိတ်ကာ ပြောသည်... “ရှန့်ထိုလီရဲ့ စကားကြောင့် ကျောက်ပြည်ထောင်က ပြည်နယ်ကိုးခု ကျောင်းတော်မှာ ဘာမှ မလုပ်ရဲဘူး... စီနီယာယူစီနဲ့ ဆရာဦးလေးကျင့်ကန်း တို့လည်း သတိရလာပြီ... သူတို့အားလုံးက နင် သတိရလာမှာကိုပဲ စောင့်နေကြတာ...”

ရီဖူရှင်း စိတ်အေးသွားသည်။ သည်ရက်ပိုင်းများတွင် သူ့ဆရာ၏ ကိစ္စကြောင့် သူကား တင်းကျပ်နေရသည်။ ယခု ရှန့်ထိုလီ၏ အာမခံမှုနှင့် ရှန့်ထိုရှားတို့ ဝင်ရောက် ဖျန်ဖြေမှုတို့တွင် ရလဒ်က သိပ်ဆိုးမည် မဟုတ်လောက်တော့ပေ။

ထို့နောက် သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ဆေးဥယျာဉ် ဖြစ်နေသည်ကို သိလိုက်သည်။ သူက မေးသည်... “ငါတို့ ဆေးဥယျာဉ်ကို ရောက်နေတာ ကြာပြီလား...”

“ဟုတ်တယ်...” ဟွာဂျီယူက ခေါင်းညိတ်သည်... “နင်က စိတ်စွမ်းအင် ခန်းခြောက်တဲ့ဒဏ် ဖြစ်လို့ ရှန့်ထိုကျန့်က နင့်အတွက် ဆေးတွေ ကိုယ်တိုင် ပြင်ဆင်ပေးတယ်... ဒီရက်ပိုင်းမှာ လိပ်ပြာလေးကလည်း နင့်ဆီကို မကြာမကြာ လာကြည့်တယ်... ဒါပေမဲ့ နင်က သတိလစ်နေတယ်...”

“ငါက ရှန့်ထိုကျန့်နဲ့ လိပ်ပြာလေးတို့ကို အကြွေးတွေ အများကြီး တင်နေပြီ...” ရီဖူရှင်းက ပြောသည်။

“ဟုတ်တယ် ... ဒီရက်ပိုင်းမှာ လိပ်ပြာလေးက စိုးရိမ်နေခဲ့ပြီး နေ့တိုင်း လာကြည့်ခဲ့တယ်... ဒါက နင့်အတွက် ပထမဆုံး မဟုတ်ဘူး ဆိုတာ ပြောပြလိုက်မှ သူမက နည်းနည်း စိတ်သက်သာ သွားတဲ့ပုံပဲ... အရင်နေ့တွေတုန်းက နင့်အတွက် ဆေးရည်စိမ်တာ ကိုလည်း လိပ်ပြာလေးက ပြင်ဆင်ပေးတယ်ဆို...” ဟွာဂျီယူက ပြုံးလျက် ပြောသည်။

ရီဖူရှင်းက ကျောချမ်းသွားကာ ဟွာဂျီယူအား ကြည့်လျက် ပြောသည်... “ဒါက စီနီယာကျန့်ရဲ့ သဘောထားပါ...”

“ငါသိတယ်...” ဟွာဂျီယူက ပြုံးလျက် ရီဖူရှင်းကို ကြည့်ကာ ဆက်ပြောသည်... “မိန်းကလေး လိပ်ပြာလေးက ကြင်နာပြီး ချောမောတယ်... သူမကို ဘယ်လိုထင်လဲ...”

ရီဖူရှင်းက သူမအား နှစ်ခါမျှ ကြည့်သည်။ သည်မေးခွန်းကား ကြိုတင် ကြံစည်ထားသော မေးခွန်းဖြစ်သည်။

“ငါ သိပ်မသက်သာသေးဘူး... ခဏ နားလိုက်ဦးမယ်...” ရီဖူရှင်းက လဲလျောင်းလိုက်ကာ ပြောသည်။

ဟွာဂျီယူမှာ သူမရှေ့မှ အိပ်ချင်ယောင် ဆောင်နေသော သူအား ဒေါသတကြီး ကြည့်သည်။

“ဂျီယူ...” ထိုအခိုက်တွင် ပြင်ဘက်မှ ညင်သာသော ခေါ်သံတစ်သံအား ကြားကြရသည်။

ဟွာဂျီယူက ပြုံးလျက်ပင် ရီဖူရှင်းကို ပြောသည်... “တွေ့လား ... ရောက်လာပြီ...” ထို့နောက် သူမက ရီဖူရှင်းကို လျစ်လျူရှုကာ အပြင်ဘက်ကို ထွက်လာသည်။ လိပ်ပြာလေးကား ယနေ့တွင် အဖြူရောင် ဝတ်စုံလေးကို ဝတ်ထားကာ နတ်မိမယ်လေး တစ်ပါးလို လှပနေသည်။

နတ်သမီးနှစ်ပါး ပြိုင်တူရပ်နေခြင်းက ပတ်ဝန်းကျင်၏ အရောင်ကို မှေးမှိန်စေသည်မှာ သေချာ၏။

“ဂျီယူ... ငါက နင်တို့နှစ်ယောက် အတွက် ဆေးရည် ကြိုလာတယ်..... ဒါက နင်တို့နှစ်ယောက်လုံးရဲ့ စိတ်စွမ်းအားတွေ အတွက် အသုံးဝင်တယ်... စမ်းကြည့်ပါ...” လိပ်ပြာလေးက ဆေးရည်ခွက်ကို မြှောက်ပြကာ ဟွာဂျီယူကို ပြောသည်။ သည်ရက်ပိုင်းတွင် သူမတို့နှစ်ယောက်မှာ အချင်းချင်း ရင်းနှီးခဲ့ကြပြီ ဖြစ်သည်။

“သူ သတိရနေပြီ... ဒါပေမဲ့လုံးဝ မသက်သာသေးတော့ အိပ်ရာထဲ လဲလျောင်းနေတယ်... ဆေးရည်က သေချာပေါက် အလုပ်ဖြစ်လိမ့်မယ်... ဘာလို့ အထဲကို ဝင်ပြီး ကိုယ်တိုင် မပေးတာလဲ... သူက သေချာပေါက် ကျေးဇူးတင်လိမ့်မယ်...” ဟွာဂျီယူက တီးတိုး ပြောသည်။

“သူက အနားယူနေတယ် ဆိုမှတော့ သူ့ကို မနှောင့်ယှက်တော့ပါဘူး... ဂျီယူ ... သူ့ကို နင်ပဲ ပေးလိုက်ပါ...” လိပ်ပြာလေးက ပြုံးလျက် ပြောသည်။

“ဒါဆိုလည်း အတူတူ ဝင်သွားရအောင်...” ဟွာဂျီယူက လိပ်ပြာလေး၏လက်ကို ဖမ်းဆုပ်ကာ အတွင်းသို့ လျှောက်လာခဲ့သည်။ ထိုအခိုက်တွင် ရီဖူရှင်းကလည်း တိုက်ဆိုင်စွာပင် အခန်းတွင်းမှ ထွက်လာရာ နှစ်ယောက်သား၏ ရင်းနှီးသော သွင်ပြင်ကို ကြည့်ပြီး အံ့အားသင့် သွားခဲ့သည်။

“နင် နိုးလာခဲ့ပြီပဲ...” လိပ်ပြာလေးက ရီဖူရှင်း ထွက်လာသည်ကို မြင်လျှင် ပြုံးလျက် ပြောသည်။

“ကျေးဇူးပါ လိပ်ပြာလေး...” ရီဖူရှင်းက ပြောသည်။

“ငါ ဘာမှ မလုပ်ပါဘူး...” လိပ်ပြာလေးက ပြုံးလျက် ပြန်ပြောသည်... “ဒီရက်ပိုင်းမှာ ဂျီယူက နင့်ဘေးမှာပဲ တောက်လျှောက် စောင့်နေခဲ့တာ... သူမရဲ့ စိတ်စွမ်းအားကလည်း ပြင်းထန်တဲ့ဒဏ်ကို ခံစားခဲ့ရတယ်... အခု နင်က သတိရလာပြီ ဆိုတော့ သူမကို ပိုပြီး ဂရုစိုက်ပေးပါ... ဒီဆေးက နင်တို့ နှစ်ယောက်အတွက်ပဲ...” ထို့နောက် သူမက ဆေးအား ရီဖူရှင်းကို ကမ်းပေးကာ ပြုံးလျက် ပြောသည်... “နင်တို့ နှစ်ယောက်ကို မနှောင့်ယှက်တော့ဘူး...”

ထိုသို့ ပြောပြီးနောက် သူမက နောက်လှည့်ကာ ထွက်သွားသည်။ ရီဖူရှင်းက ဟွာဂျီယူအား ဒေါသတကြီး ကြည့်လျှင် သူမက ခေါင်းငုံ့သည်... “ငါ အရင်တည်းက သက်သာနေပြီ...”

“ဆေးလာသောက်...” ရီဖူရှင်းက ပြောသည်။

“အင်း...” ဟွာဂျီယူက ခေါင်းညိတ်ကာ ရီဖူရှင်းဘေးနားတွင် ထိုင်သည်။ ရီဖူရှင်းကလည်း သူမအား ထိုင်စေလျက် ဆေးများအား ဖြည်းဖြည်း သက်သာ တိုက်သည်။

“နေစမ်းပါဦး... လိပ်ပြာလေးကို ဆွဲခေါ်လာရအောင် မင်းခေါင်းထဲမှာ ဘာအတွေးတွေ ရှိနေတာလဲ...” ရီဖူရှင်းက မေးသည်။

ဟွာဂျီယူက ချစ်စဖွယ် ခေါင်းမော့ကာ ပြောသည်... “လိပ်ပြာလေးက ကြင်နာပြီးတော့ လှတယ်... ငါ သဘောကျတယ်...”

ရီဖူရှင်းက သူမအား ဒေါသတကြီး ပြောသည်... “မင်းက မဟုတ်တာ တစ်ခုခု လုပ်ထားရင် ဒီလို ပုံစံမျိုး ဟန်ဆောင်တော့တာပဲ... ဒါက ဆွဲဆောင်မှုရှိတယ် ဆိုပေမဲ့ ဒီနှစ်တွေမှာ မင်းရဲ့ အပြုအမူတွေ အကုန်လုံးကို ငါ အလွတ်ရနေပြီ... ဒါက အသုံးမဝင်ဘူး...”

ဟွာဂျီယူက ရှက်သွားကာ ခေါင်းငုံ့လျက် ပြောသည်... “ငါ မလိပ်ဘူး... လိပ်ပြာလေးက မဆိုးဘူး... ပြီးတော့ သူမက ရှန့်ထိုကျန့်ရဲ့ တပည့်မလား...”

“မင်းရဲ့ ရည်ရွယ်ချက်က နောက်ဆုံး စကားမှာ ပါတယ်...” ရီဖူရှင်းက ဇွန်းကို ချလိုက်ကာ သူမ၏ခေါင်းအား လက်ညှိုးဖြင့် ထောက်လျက် ပြောသည်... “မင်းခေါင်းမှာ ဘာတွေ တွေးနေတာလဲ... ငါက တော်ဝင်ကျဲ နန်းတော်သခင်ပဲ... ဒီလို နည်းလမ်းတွေ သုံးစရာလား... ဒါက လိပ်ပြာလေး အပေါ်လည်း မရိုးသားရာ ကျတယ်... နောက်ကို အဲဒီလို မကြံနဲ့တော့...”

“ကောင်းပြီ...” ဟွာဂျီယူက ခေါင်းငုံ့ကာ ပြောသည်။

ရီဖူရှင်းက ဇွန်းကို တစ်ဖန် ပြန်ကိုင်လိုက်ကာ တီးတိုးပြောသည်... “ခေါင်းမော့ပြီး ပါးစပ်ဟပ်...” ဟွာဂျီယူကလည်း နာခံသည်။ ရီဖူရှင်းက သူမအား ဆေးတိုက်ကာ ပြောသည်... “လိပ်ပြာလေးက လှတယ် ဆိုပေမဲ့ ... ငါ့ရဲ့ ဂျီယူက အလှဆုံးပဲ...”

ဟွာဂျီယူ၏ မျက်နှာမှာ ဝင်းပသွားကာ ဆေးရည်မှာလည်း ချိုမြိန် နေပါတော့သည်။

***

ပြည်နယ်ကိုးခု ကျောင်းတော်ရှိ ကျောက်ပြည်ထောင် ဘုရင်နေထိုင်ရာ နေရာ၌ ထောင်ကျန်းကား တင်ပျဉ်ခွေကာ ထိုင်နေသည်။ လောကဓာတ်များက သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေကာ နတ်ဘုရား အလင်းများက ထွန်းလင်း တောက်ပနေ၏။ သူကား ရှန့်ထိုအဆင့်သို့ ခန္ဓာကိုယ် တည်ဆောက်ခြင်းဖြင့် ဝင်ရောက်ခဲ့ရာ သူလေ့ကျင့်တိုင်း နတ်ဘုရားအလင်းများ ထွန်းလင်း ပေသည်။

ထိုအခိုက်တွင် လူတစ်ယောက်က ထောင်ကျန်း၏ နောက်ကျောနားသို့ လျှောက်လာသည်။ သူက ထိုနေရာတွင် ရပ်နေသော်လည်း တခြားလူများအား ဖိအားများ ဖြစ်စေနိုင်သော ကိုယ်ရောင် ကိုယ်ဝါအား ပိုင်ဆိုင်၏။

“မင်းက ငါ့စကားကို လက်မခံတော့ဘူးလား... မင်းက ရှန့်ထိုအဆင့်ကို တက်လှမ်းခဲ့ပြီ ဆိုမှတော့ ရှန့်ထိုအဆင့်က ဘယ်လောက် အားကောင်းတယ် ဆိုတာ မင်း နားလည်သင့်တယ်... တော်ဝင်စစ်ပွဲမှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ စွမ်းအား အကြီးဆုံးကပဲ အနိုင်အရှုံးကို ဆုံးဖြတ်တယ်... ငါက စည်းမျဉ်းကြောင့် ကန့်သတ်ခံရပေမဲ့ ရှန့်ထိုအဆင့်အောက်က လူတွေ ဖိနှိပ်ခံရပေမဲ့ ငါရှိနေသရွေ့ မြေရိုင်းပြည်နယ်က ရှန့်ထိုအဆင့်သို့ တက်လှမ်းသူတွေ အသတ်ခံရမှာပဲ...”

ကျောက်ပြည်ထောင် ဘုရင်က ဆက်ပြောသည်... “မင်းက ငါ့ရဲ့ ကျောက်ပြည်ထောင်ကို ဝင်ရောက်ရင် မင်းက ဘေးကင်းမယ့်အပြင် ဘုရင်ခံဘွဲ့ကိုလည်း ရဦးမယ်...”

ထောင်ကျန်းက တစ်ဖက်လူ၏ ပြောစကားများကို လျစ်လျူရှုထားကာ တိတ်ဆိတ်စွာ လေ့ကျင့်နေသည်။ သူ၏စိတ်နှလုံးက ယိုင်နဲ့စရာ အကြောင်း မရှိပေ။

“ငါတို့က ပိုပြီး အဆင့်မြင့်မြင့် လေ့ကျင့်နိုင်လေလေ ... လောကကြီးကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်လေပဲ... စိတ်နှလုံးရဲ့ ငြိတွယ်မှုတွေကို ငြှိမ်းသတ် ပယ်ဖျက်နိုင်မှာ အားအကောင်းဆုံး စိတ်စွမ်းအားကို ပိုင်ဆိုင်မယ်... မြေရိုင်းပြည်နယ်အပေါ် မင်းရဲ့စိတ်ခံစားချက်က မင်းကို အသက် သေစေလိမ့်မယ်... ပြီးတော့ ငါက မင်းရှန့်ထို အဆင့်တက်ပြီး နောက်ပိုင်း ဘယ်လို ကျင့်ရမယ်ဆိုတာ ပြောပြ သင်ကြားပေးနိုင်တယ်...” ကျောက်ပြည်ထောင် ဘုရင်က ဆက်လက်၍ ဆွဲဆောင်သည်။

ထောင်ကျန်း၏ ခန္ဓာကိုယ်အား အလင်းများမှာ ဆက်လက်၍ လည်ပတ်နေသည်။

သူ့တွင် ကိုယ်ပိုင်လမ်းစဉ် ရှိပေသည်။ အားလုံး၏လမ်းစဉ်က ကွဲပြား ခြားနားပေသည်။

***

All Chapters