← Chapters

ငါ သေလို့မဖြစ်ဘူး

Vol. 82 Ch. 1058

ငါ သေလို့မဖြစ်ဘူး

Vol. 82 Ch. 1058

၁၉ ခုမြောက် ဟင်းလင်းပြင်တွင် သူတို့နောက် လိုက်လာနေကြ‌သော ဟင်းလင်းပြင်သားရဲများ ရပ်တန့်သွားကြပြီး ခပ်အုပ်အုပ် ဟိန်းဟောက်သံများပြုလျက် ၁၈ခုမြောက် ဟင်းလင်းပြင်တွင် ကျန်ရစ်ခဲ့ကြသည်။

လော့ရှောင်မှာ စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းချလိုက်သည်။ “အဲ့ဒီဟင်းလင်းပြင်သားရဲတွေက ဒီကို ၀င်လို့မရဘူး ... အခြေအနေရတော့ ကျွန်တော်တို့ လွတ်သွားလောက်ပြီ... အားလုံးပဲ ဘယ်လိုနေကြလဲ..... အဆင်ပြေကြရဲ့လား”

ချင်မူက အသိစိတ်အလျဉ်ကို ထုတ်လွှတ်ရင်း ၁၉ ခုမြောက် ဟင်းလင်းပြင်ဆီမှ လာနေသော ဟင်းလင်းပြင်၏ ချေမှုန်းခြင်းကို ခုခံနေသည့်အပြင် တစ်ချိန်တည်းမှာပင် ယန်အာ၊ နဂါးချီလင်နှင့် ကျန်ရှိသူများကိုလည်း ကာကွယ်ပေးထားသည်။ သူသာ မကာကွယ်ပေးလျှင် သူတို့အနေဖြင့် ဟင်းလင်းပြင်၏ချေမှုန်းခြင်းကို ခုခံနိုင်မည်မဟုတ်ချေ။

သို့ထိတိုင် သူတို့၏ ရုပ်ခန္ဓာတို့အား မမြင်ရတော့သလို မူလဝိညာဉ်များမှာလည်း ဖြည်းဖြည်းချင်း ဝေဝါးလာကြသည်။

ကုရှောင်နှင့် တဟုန်မှာတော့ ထုံးစံအတိုင်း ဘေးကင်းနေသည်။

“နောင်တော်လော့၊ မင်း ထိန်းချုပ်ထားတဲ့ ဟင်းလင်းပြင်းသားရဲက ၁၉ ခုမြောက် ဟင်းလင်းပြင်ကို ဝင်လို့ရပြီး တခြားသားရဲတွေက ဘာလို့ မဝင်နိုင်ကြတာလဲ” ချင်မူက မေး၏။

လော့ရှောင်လည်း ကြောင်သွားသည်။ “ကျွန်တော် ထိန်းချုပ်လိုက်တဲ့ သားရဲက သန်မာလွန်းနေတာများလား... ဒီဟင်းလင်းပြင်သားရဲတွေထဲမှာ အသန်မာဆုံးဖြစ်နေတာလား”

“ဖြစ်နိုင်လောက်တယ်”

ချင်မူက ၁၉ ခုမြောက် ဟင်းလင်းပြင်ကို ကြည့်ကာ သိသိသာသာ မျက်နှာပျက်သွားသည်။ နေရာတိုင်းတွင် အဖြူရောင်အလင်းများသည် စက်လုံးသဏ္ဌာန် တောက်ပနေကြ၏။ ဟင်းလင်းပြင်ထဲ၌ အစီအရီ ရှိနေသော ပေတစ်ရာမြင့်မားသည့် ဥကြီးများနှင့် တူနေသည်။

ဘိုးဘေးနန်းတော်၏ ၁၉ ခုမြောက်ဟင်းလင်းပြင်‌တွင် ထိုကဲ့သို့ ဥဖြူဖြူများ သန်းပေါင်းများစွာ ရှိနေသည်။ ထို့ထက်ပင် ပိုနိုင်သေး၏။

ထိုဥများသည် အဖြူရောင်အလင်း ထုတ်လွှတ်နေကြပြီး ဥတစ်ဥစီထဲတွင် ဧရာမမျက်လုံးကြီးတစ်လုံးစီကို ဝိုးတိုးဝါးတား မြင်နေရသည်။ ပိန်လှီခြောက်ကပ်နေသော ခန္ဓာကိုယ်တစ်ခုလည်း အထဲတွင် ကွေးလျက် ရှိနေသည်။

နဂါးချီလင်က အလျင်အမြန် ပြောသည်။ “ဂိုဏ်းသခင်၊ ဒီဥတွေက...”

ချင်မူ အသံကို နှိမ့်၍ ပြောလိုက်၏။ “ဟင်းလင်းပြင်သားရဲတွေရဲ့ ဥတွေ ဖြစ်ရမယ်... ဒီနေရာ သူတို့ကလေးတွေအတွက် အသိုက်ပဲ... ဒါကြောင့် ငါတို့ဒီနေရာကို ရောက်လာတော့ သူတို့လိုက်မဖမ်းတော့တာ ကြည့်ရတာ သူတို့ကလေးတွေကို ဖျက်ဆီးမိမှာစိုးလို့ ထင်တယ်”

“ဂိုဏ်းသခင်၊ ကျွန်တော် မေးချင်တာက ဒီလို စီစီရီရီဖြစ်နေတဲ့ ဥတွေကို ဘယ်သူဥနေတာများလဲလို့” နဂါးချီလင်က မေးလေသည်။

ချင်မူ ရင်ထဲတွင် အေးစိမ့်သွားသည်။ နဂါးချီလင်သည် အရေးကြီးသော မေးခွန်းကို မေးခဲ့ချေပြီ။ အခြားဟင်းလင်းပြင်သားရဲများမှာ ၁၉ ခုမြောက် ဟင်းလင်းပြင်သို့ မ၀င်ရောက်ရဲရာ မည်သူက ဤနေရာသို့ လာရောက်၍ ဉများ ဥနေခဲ့သနည်း။

သူ့အတွေး ထိုနေရာ ရောက်သည့်အချိန်မှာပဲ ရုတ်တရက် ၁၉ ခုမြောက် ဟင်းလင်းပြင်၏ အနောက်ဘက်တွင် တောင်ကြီးတစ်လုံး နှစ်ခြမ်းကွဲလာသည့်အလား တဖြည်းဖြည်း ကွဲအက်လာပြီး ဧရာမမျက်လုံးကြီးတစ်လုံး ထွက်လာကာ ၁၉ ခုမြောက် ဟင်းလင်းပြင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။

မျက်လုံးကြီးပွင့်လာသည့်အခါ ဟင်းလင်းပြင်တစ်ခုလုံး ပြောင်းပြန်လန်နေကြောင်း အားလုံးခံစားလိုက်ရကြသည်။ မျက်လုံး၏ပိုင်ရှင်သည် ကြီးမားလွန်းချေ၏။ မျက်လုံးဖွင့်ရုံသာ ရှိသေးသည်၊ ဘိုးဘေးနန်းတော်၏ ၁၉ ခုမြောက်ဟင်းလင်းပြင်မှာ ပြောင်းပြန်လန်သွားပြီမဟုတ်ပါလော။

“ဟင်းလင်းပြင်သားရဲမိခင်..”တဟုန်က နှိုင်းယှဉ်မရနိုင်အောင် ကြီးမားလှသော မျက်လုံးကြီးဆီသို့ မော့ကြည့်ရင်း ရေရွတ်လိုက်သည်။

“ပြေး..” လော့ရှောင်က အော်ဟစ်လိုက်ပြီ’ သူ၏အသိစိတ်အလျဉ်အား ထိန်းချုပ်ထားသော ဟင်းလင်းပြင်သားရဲ၏ စိတ်ထဲသို့ ပို့လွှတ်လိုက်သည်။

ဟင်းလင်းပြင်သားရဲမှာ ဟင်းလင်းပြင်သားရဲမိခင်ကို ကြောက်ရွံ့သဖြင့် တုန်ရီနေပြီး မြေပေါ် ဝပ်ချကာ မလှုပ်ရဲတော့ပေ။

လော့ရှောင်က ဒေါသထွက်သွားပြီး အသိစိတ်အလျဉ်ကို ထပ်မံပို့လွှတ်သည်။ ရုတ်တရက် ဟင်းလင်းပြင်သားရဲသည် ထက်ပြီး ၁၉ ခုမြောက်ဟင်းလင်းပြင်မှ ၁၈ ခုမြောက် ဟင်းလင်းပြင်သို့ ခုန်ချသွား၏။ ၎င်းကား ပျံသန်းနေသည့်အလား လေကိုခွင်းကာ ဟင်းလင်းပြင်၏ အပြင်ဘက်သို့ ဒုန်းစိုင်းပြေးတော့သည်။

၁၉ ခုမြောက်ဟင်းလင်းပြင်၌ ဧရာမကြီးမားသော ဟင်းလင်းပြင်သားရဲမိခင်ကြီး နိုးသွားပြီဖြစ်သည်။ ၎င်း၏ စူးရှလှသော အော်သံကြီးက ဟင်းလင်းပြင်၏အတွင်းပိုင်းထဲ ထွက်လာသည်။ လော့ရှောင်၏အသိစိတ်အလျဉ်မှာ ရုတ်တရက် နှောင့်ယှက်ခံလိုက်ရသဖြင့် သူ၏ ဟင်းလင်းပြင်သားရဲမှာ မူးဝေနေသည့်အလား ဘယ်ညာ ယိမ်းထိုးသွား၏။

ချင်မူ့အသိစိတ်အလျဉ်ပင်လျှင် ပြိုကွဲလာသောကြောင့် ယန်အာနှင့် အခြားသူများကို ကာကွယ်မပေးနိုင်တော့ချေ။

ကံကောင်းစွာဖြင့် ဟင်းလင်းပြင်သားရဲမိခင်၏ အော်သံက ကျန်ဟင်းလင်းပြင်သားရဲများအား ငေးကြောင်သွားစေ၍ သူတို့အားလုံး အန္တရာယ်ဘေးမှ လွတ်မြောက်သွားသည်။

ဟင်းလင်းပြင်သားရဲမိခင်၏ အော်သံ တိုးဝင်သွားသည့်အချိန်တွင် လော့ရှောင်သည် ဟင်းလင်းပြင်သားရဲအား အပြင်သို့ ဦးတည်၍ ချက်ချင်း ပြေးခိုင်းလိုက်သည်။ ဟင်းလင်းပြင်အထဲသို့ ၀င်ရောက်ရန် ခက်ခဲသော်လည်း အပြင်ထွက်ရန်ကမူ မခက်ပေ။ ဟင်းလင်းပြင်သားရဲက အပြင်သို့ ဦးတည်ရင်း မရပ်မနား ဒုန်းစိုင်းပြေးတော့သည်။

ထိုစဉ် ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ ဧရာမလက်သည်းလက်ကြီးတစ်ဖက်က ကောင်းကင်တစ်ဝက်ကျော်ကို အုပ်မိုးလျက် သူတို့ဆီ ဝိုက်ချနေကြောင်း မြင်လိုက်ရသည်။

“ငါ သေလို့မဖြစ်ဘူး”

ချင်မူက ရုတ်တရက် ထအော်သည်။ “ငါ သေသွားရင် ဘယ်သူမှ ဒီနေရာကနေ ထွက်သွားလို့မရတော့ဘူး”

လော့ရှောင်မှာ သူ့စကားအဓိပ္ပါယ်ကို နားမလည်ချေ။ ချင်မူ့စကားဆုံးသွားသည့်အချိန်မှာပဲ ဟင်းလင်းပြင်သားရဲမိခင်သည် မမြင်နိုင်သော အတားအဆီးနံရံတစ်ခုကို ၀င်တိုက်မိသွားသည့်အလား မူလလမ်းကြောင်းမှ သွေဖယ်ကာ သူတို့အထက်ရှိ လေဗလာနယ်သို့ လွင့်ထွက်သွား၏။

ဟင်းလင်းပြင်အလွှာများမှာ ရစရာမရှိအောင် ကြောက်မက်ဖွယ်ရာ စုတ်ပြဲလာကြသည်။ ဘိုးဘေးနန်းတော်အတွင်း၌ အပေါ်သို့ မော့ကြည့်လျှင် ဟင်းလင်းပြင် ၁၉ ခုကို ဖြတ်၍ ဟင်းလင်းပြင်သားရဲမိခင်ကြီးအား ရှင်းရှင်းလင်းလင်း မြင်ရနိုင်သည်။

လော့ရှောင်က အခွင့်အရေးကို အမိအရဖမ်းဆုပ်ရင်း ဟင်းလင်းပြင်ပိတ်မသွားခင် ဟင်းလင်းပြင်သားရဲအား အပြင်သို့ အားကုန်မောင်းလိုက်သည်။ ရုတ်တရက် ဟင်းလင်းပြင်သားရဲတို့၏ အော်သံများ ပျံ့လွင့်လာပြီး သူတို့နောက် လိုက်လာခဲ့ကြသော ဟင်းလင်းပြင်သားရဲများကား ဟင်းလင်းပြင်အတွင်းပိုင်းထဲမှ မိုးရွာကျသကဲ့သို့ တဝေါဝေါ ရွာကျလာတော့သည်။

ဟင်းလင်းပြင်သားရဲမိခင်၏ ဟိန်းဟောက်သံက ယဇ်ပလ္လင်ပေါ်ရှိ ချင်မူနှင့် ကျန်ရှိများ၏ နားထဲသို့ ၀င်ရောက်လာသည်။ အားလုံးမှာ အတွင်းကလီစာများ ပြင်းပြင်းထန်ထန် တုန်ခါလာ၍ ဒွာရပေါက်များမှ သွေးစီးကျလာကြ၏။ အသိစိတ်အလျဉ်များမှာလည်း ရွံ့နွံများကဲ့သို့ တုန်ခါနေသဖြင့် စုစည်းထားရန် အင်မတန် ခက်နေသည်။

ယဇ်ပလ္လင်အောက်ရှိ ဟင်းလင်းပြင်သားရဲမှာ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီး ပြိုကွဲစပြုလာသည်အထိ တုန်ရီလာသည်။ မကြာမီ ဟင်းလင်းပြင်သားရဲမိခင်၏ အော်သံများကြား၌ သေဆုံးပေတော့မည်။

“ငါ သေလို့မဖြစ်ဘူး”

ချင်မူမှာ ငေးငိုင်လျက် အော်ဟစ်နေသည် “ငါ သေရင်...”

သူစကားမဆုံးခင် ဟင်းလင်းပြင်သားရဲမိခင်သည် ပါးစပ်ကို တစ်ခုခုဖြင့် အပိတ်ခံလိုက်ရသကဲ့သို့ အော်ဟစ်နေခြင်း ရပ်တန့်သွား၏။

လော့ရှောင် ထိန်းချုပ်နေသော ဟင်းလင်းပြင်သားရဲမှာ သတိလစ်သွား၍ ယဇ်ပလ္လင်နှင့် ၎င်းအပေါ်ရှိ လူများနှင့်အတူ ကောင်းကင်မှ ပြုတ်ကျသွားတော့သည်။ အားလုံးမှာ ယဇ်ပလ္လင်ကို အသားကုန်ဖက်တွယ်ထားကြသော်လည်း လွင့်ထွက်ကုန်ကြသောကြောင့် ဟင်းလင်းပြင်သားရဲ၏ ဦးခေါင်းနောက်ရှိ အရိုးဆူးချွန်ကြီးများကို ကပျာကယာ ဖက်လိုက်ကြရသည်။

ချင်မူ၏ ချီစွမ်းအင်က နဂါးချီလင်ကို ပင့်မြှောက်ပေးလိုက်ပြီး ယန်အာကမူ ကောင်းကင်နဂါးခြောက်ကောင်ကို ကာကွယ်ပေးနေသည်။ သူမက မီးအိမ်မငြှိမ်းသွားအောင် တောင်ပံဖြန့်ကာ အုပ်ပေးထားသည်။

လော့ရှောင်က ချင်မူနှင့် သိပ်မလှမ်းပေ။ “နောင်တော်မူ၊ အဲ့ဒါ ဘာအစီအရင်တုံး”

ဟင်းလင်းပြင်သားရဲမှာ မြေကြီးနှင့် ရိုက်သွားပြီဖြစ်သည့်အတွက် ချင်မူ အချိန်မီ မဖြေလိုက်နိုင်ချေ။ သားရဲကြီးသည် အကြိမ်ပေါင်းများစွာ လိမ့်ထွက်သွားပြီး တောင်တန်းများအား တိုက်ချသွား၏။

တောင်ထွတ်များ ပြိုကျပြတ်ထွက်ကုန်သည့်အခါ ၎င်းတို့တွင်သာ ရှိသော နတ်သတ္ထုအရောင်အဝါတို့မှာ ကောင်းကင်ထက်သို့ ဖြာတက်သွားသည်။ ကောင်းကင်တစ်ပြင်လုံး အလင်းများ ရောင်ပြန်ဟပ်နေခြင်းက ခမ်းနားလှပနေလေသည်။

ချင်မူမှာ ပြတ်ထွက်သွားသော‌ တောင်ထွတ်များကို မြင်လျှင်ချင်း ရင်ထဲ တုန်လှုပ်သွားသည်။ ထိုတောင်များ၏ ကိုယ်ထည်တို့ကား နတ်သတ္တုများဖြစ်နေချေသည်။

ဟင်းလင်းပြင်သားရဲသည် လမ်းတစ်လျှောက် လျှပ်တိုက်လွင့်ထွက်သွားသောကြောင့် မြေပြင်တွင် အက်ကွဲကြောင်းများစွာ ပွင့်ထွက်ကုန်၏။ နတ်သတ္တုများ၏ တောက်ပသော အရောင်အဝါတို့က အက်ကွဲကြောင်းများထဲမှ ဖြာတက်လာကာ အလွန်မျက်စိကျိန်းစရာ ဖြစ်နေတော့သည်။

ချင်မူက မျက်လုံးများ မှေးကျဉ်းလိုက်သော်လည်း နတ်သတ္တုတို့၏ စူးရှလှသော အလင်းရောင်ကြောင့် မျက်ရည် ဝဲလာသည်အထိ မျက်လုံးများ ကျိန်းစပ်သွားသည်။

ဟင်းလင်းပြင်သားရဲ၏အရှိန်ကြောင့် လေပေါ် မြောက်တက်ကုန်သော မြေကြီးက ရုတ်တရက် ပြန့်ကားလာပြီး ကျွန်းဆွယ်သဖွယ် လေ၌ ပျံဝဲနေသည်။

“ပွားနိုင်တဲ့ မြေကြီး...”

ချင်မူက မျက်ရည်ဝဲနေသော မျက်လုံးများကို အတင်းအကြပ် ဖွင့်၍ ထိုမြင်ကွင်းကို ငေးကြောင်ကြည့်နေသည်။ ဘိုးဘေးနန်းတော်၏ ကြီးကျယ်ခမ်းနားမှုသည် သူ မှန်းဆနိုင်သည်ထက် ကျော်လွန်၏။

ဟင်းလင်းပြင်သားရဲမှာ တောင်တန်းများစွာကို တိုက်ချလျက် အတော်ကြာ လိမ့်နေပြီးနောက် တွင်းကြီးတစ်တွင်းထဲ ကျသွားသည်။ ၎င်းမှာ တွင်း၏ ကြမ်းပြင်တွင် ခြေခြောက်ချောင်းအား ကားယားလျက် မလှုပ်တော့ပေ။

အားလုံး တစ်ယောက်ပြီးတစ်ယောက် ထလိုက်ကြသည်။ ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လည့်ပတ်ရင်း မူလဝိညာဉ်နှင့် ရုပ်ခန္ဓာအား အားပြန်ဖြည့်နေသည်။

သူက နဂါးချီလင်ဆီ လှမ်းကြည့်လိုက်သည့်အခါ နဂါးချီလင်သည် အန္တရာဝဖန်ဆင်းကျင့်စဉ်ဖြင့် ဒဏ်ရာများကို ကုသပြီးသွားသောကြောင့် ယန်အာ၏ဒဏ်ရာများကို ကူညီကုသပေးနေသည်။

ချင်မူက လော့ရှောင်ကို ဆွဲထူပေးလိုက်သည်။ လော့ရှောင်သည် ထရပ်ပြီး တစ်ဖက်တည်း ကျန်ခဲ့သော လက်ဖြင့် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ရင်း အလျင်စလို မေး၏။ “တဟုန်နဲ့ ကုရှောင်ရော... အားလုံး အဆင်ပြေကြရဲ့လား”

ကုရှောင်၏အသံက ယဇ်ပလ္လင်အထက်မှ ပျံ့လွင့်လာသည်။ “ကျွန်တော်တို့ အဆင်ပြေတယ်... ယဇ်ပလ္လင်ကိုလည်း ‌စောင့်ရှောက်ပေးထားတယ်... ဒီယဇ်ပလ္လင်ကို ဆုံးရှုံးသွားလို့ မဖြစ်ဘူး”

လော့ရှောင်မှာ စိတ်အေးလက်အေး ဖြစ်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုသည်။ ဤနေရာမှာ ဘယ်နှင့်ညာသို့ မိုင်ပေါင်းထောင်ချီ ပြန့်ကားနေသော ဧရာမချိုင့်ဝှမ်းကြီးနှင့် တူကြောင်း မြင်လိုက်ရ၏။ မြင့်မားလှသော တောင်တန်းများက ချိုင့်ဝှမ်းအား ပတ်ပတ်လည်မှ ဝန်းရံထားရသည်။

ရုတ်ခြည်းဆိုသလို လော့ရှောင်၏အမူအရာက ဝမ်းသာသွားသည်။ “ဒီနေရာက ကမ္ဘာဦးသစ်ပင်ချိုင့်ဝှမ်းပဲ... နဂါးသွဲ့ရေကန်က ဒီကနေ သိပ်မလှမ်းလောက်တော့ဘူး”

“ကမ္ဘာဦးသစ်ပင်ချိုင့်ဝှမ်း ဟုတ်လား”

ချင်မူ မျက်တောင်ပုတ်ခတ်လျက် မေးလိုက်မိည်။ “ဒီကမ္ဘာဦးသစ်ပင်ချိုင့်ဝှမ်းနဲ့ အမိကမ္ဘာမြေကြားမှာ ဘယ်လိုပတ်သက်နေတာလဲ”

လော့ရှောင်သည် အသိစိတ်အလျဉ်ဖြင့် ဟင်းလင်းပြင်သားရဲကို နှိုးလိုက်၏။ “အမိကမ္ဘာမြေက အစတုန်းက ဘိုးဘေးနန်းတော်ထဲမှာ ကမ္ဘာဦးသစ်ပင်တစ်ပင် ဖြစ်ခဲ့တာလို့ ကြားဖူးတယ်... ဖန်ဆင်းရှင်တွေက နဂါးသွဲ့ရေကန်က ရေနဲ့ သူ့ကို မကြာခဏ ရေလောင်းပေးခဲ့တယ်တဲ့... နဂါးသွဲ့ကန်ရေက ထူးခြားတယ်လေ.... ရောဂါဘယတွေကို ကုသပေးနိုင်တဲ့အပြင် ကျွန်တော့်လက်ကိုတောင် ပြန်တည်‌ဆောက်ပေးနိုင်တယ်.. ကမ္ဘာဦးသစ်ပင်ချိုင့်ဝှမ်းက ဒီမှာဆိုတော့ မဟာကမ္ဘာဦးအစ နတ်ကျောက်တွင်းလည်း ဒီကနေ မဝေးတော့ဘူး”

ချင်မူ့ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး အနည်းငယ် မူးဝေလာသည်။ ‘အမိကမ္ဘာမြေက ဒီမှာ ကမ္ဘာဦးသစ်ပင်တစ်ပင် ဖြစ်ခဲ့ဖူးတာလား... နဂါးသွဲ့ကန်ရေဆိုတာ မဟုတ်မှ .... ကမ္ဘာဦးရေကြည် ဖြစ်နေလောက်မလား’

ဟင်းလင်းပြင်သားရဲက နိုးလာသည်နှင့် လော့ရှောင်၏ ထိန်းချုပ်မှုအောက်တွင် ကမ္ဘာဦးသစ်ပင်ချိုင့်ဝှမ်းအပြင်သို့ ပြေးထွက်သွားသည်။

များစွာမကြာလိုက်ဘဲ ခြောက်သွေ့နေသော ပင်လယ်တစ်စင်း အရှေ့တွင် ပေါ်လာသည်။

၎င်းကား ဘိုးဘေးနန်းတော်၏ နဂါးသွဲ့ရေကန် ဖြစ်ပေသည်။

နဂါးသွဲ့ရေကန်ထဲရှိ ကမ္ဘာဦးရေကြည်မှာ ခမ်းခြောက်နေပြီဖြစ်၏။ ဟင်းလင်းပြင်သားရဲ နဂါးသွဲ့ရေကန်ဆီ ပျံသန်းသွားနေစဉ် လော့ရှောင်က ဟိုဟိုသည်သည် ကြည့်ရင်း လက်ကျန်ကမ္ဘာဦးရေကြည်တချို့ ရှာဖွေနေသည်။ သူက ချင်မူ့ကို ရှင်းပြသည်။ “ဒီနဂါးသွဲ့ရေကန်ထဲမှာ ‌ရေတွေအများကြီး ရှိခဲ့ဖူးတယ်... ဒါပေမဲ့ ဖန်ဆင်းရှင်တွေက အထွတ်အမြတ်ပစ္စည်းမှန်သမျှကို ‌ရေလောင်းတတ်တဲ့အပြင် စစ်ကလည်း နှစ်ရှည်ဖြစ်တော့ ရေတွေ ခမ်းကုန်တာပဲ... ဖန်ဆင်းရှင်တွေက ဒီကနေ ထွက်ပြေးတုန်းက ကျန်တဲ့ရေတွေ သယ်သွားတယ်လေ... ဒီနှစ်တွေထဲ ရေအရင်းအမြစ်အသစ် ပေါ်လာမလားတော့ မသိဘူး... ကြည့်၊ ဟိုမှာ”

သူ့မျက်လုံးများ တဝင်းဝင်း လက်သွားပြီး သူ၏အသိစိတ်အလျဉ်သည် တရှိန်ထိုး ထွက်သွားကာ ချိုင့်ခွက်ထဲ၌ ကျန်နေသော ကမ္ဘာဦးရေကြည်ကို ကောက်ယူလိုက်၏။ ထို့နောက် သူက ခေါင်းမော့၍ အကုန်သောက်ပစ်လိုက်သည်။

ချင်မူမှာ နှမြောတသ သက်ပြင်းချမိသည်။ လော့ရှောင် သောက်လိုက်သော ပမာဏက အမိကမ္ဘာမြေ ရတနာအဖြစ် ခြစ်ကုပ်စုထားသော ကမ္ဘာဦးရေကြည်ပမာဏထက် များလေသည်။

ထိုလူကား စဉ်းစဉ်းစားစား မချွေတာပဲ တဇွတ်ထိုး နိုင်လွန်း၏။

လော့ရှောင် ကမ္ဘာဦးရေကြည်ကို သောက်လိုက်ပြီးနောက် လက်တစ်ဖက်က ပြန်ထွက်လာသည်။ မကြာမီ သူ့တွင် တုတ်ခိုင်သန်မာသော လက်တစ်ဖက် ရှိသွားချေပြီ။

“နောင်တော်ကုရှောင်၊ နောင်တော်တဟုန်... ကျောက်တွင်းကို သွားမရှာချင်ကြဘူးလား”

လော့ရှောင်က ရှေ့သို့ လက်ညှိုးထိုးပြရင်း ပြုံးနေသည်။ “ကျောက်တွင်းက ဟိုနားမှာပဲ”

ကုရှောင်နှင့် တဟုန်တို့နှစ်ယောက်လုံး ပြုံးလိုက်ကြသည်။ “နောင်တော်လော့၊ လမ်းပြပေးလို့ ကျေးဇူးပဲဗျာ”

လော့ရှောင်ကလည်း ပြန်ပြုံးပြ၏။ “သွေးသောက်ညီနောင်တွေပဲဟာ မလိုပါဘူး”

သူတို့အရှေ့တွင် တဖျတ်ဖျတ် လက်နေသော အရောင်အဝါများသည် မြူများသဖွယ် ရစ်သိုင်းနေ၏။ ဤနေရာက ချင်မူ သူ၏ဟင်းလင်းပြင်သားရဲကို ထိန်းချုပ်ခဲ့စဉ်တုန်းက တွေ့ခဲ့သော ကျောက်တွင်း ဖြစ်သည်။

ချင်မူ ရင်ထဲ ထင့်လာသည်။ ကုရှောင်နှင့် တဟုန်သာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နှင့် မဟာဧကရာဇ် အမှန်တကယ် ဖြစ်နေလျှင် ဤ‌ကျောက်သတ္တုတွင်းဆီသို့ သွားချင်နေခြင်းမှာ အလွန်မသင်္ကာစရာကောင်းသည်။

‘အဲဒီနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သံသယဝင်နေတာမလို့ ဒီနေရာမှာ အတည်ပြုချင်တာ ဖြစ်မယ်’

ချင်မူ့မျက်ဝန်းများ အရောင်လက်သွားပြီး စိတ်ထဲ ပိုမိုလေးလံလာသည်။ ကျောက်သတ္ထုတွင်းထဲ၌ ရွှေအခေါင်းတစ်ခေါင်းအား သယ်ထမ်းလျက် သေဆုံးနေသော ရှေးဟောင်းနတ်ဘုရား ရှစ်ပါး ရှိကြသည်။ ထိုအခေါင်းထဲက သူသည် မည်သူနည်း။

‘စောစောက ဟင်းလင်းပြင်သားရဲမိခင်က ငါတို့နောက် လိုက်ဖမ်းခဲ့တယ်... ငါတို့ ဟင်းလင်းပြင်ထဲက ထွက်လာတော့ ဘာလို့လိုက်မဖမ်းတော့တာလဲ’

ချင်မူ့လည်ပင်းမှ ချွေးများက ကျောတစ်လျှောက် လိမ့်ဆင်းသွားသည်။ ‘ပြီးတော့ ဘိုးဘေးနန်းတော်မှာ ဟင်းလင်းပြင်သားရဲတွေ အများကြီး ရှိနေတာကနေ ဘာလို့အစအနမကျ ပျောက်ကုန်တာလဲ... မဟုတ်မှ...’

လော့ရှောင်က သူတို့ကို ကျောက်တွင်း၏အရှေ့သို့ ခေါ်သွားသည်။ သို့သော် ဟင်းလင်းပြင်သားရဲမှာ တုံ့ခနဲ ရပ်သွားပြီး ရှေ့ဆက်မသွားရဲတော့ပေ။

ကုရှောင်နှင့် တဟုန်ကလည်း ယဇ်ပလ္လင်ထက်မှ ဆင်းလာကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သည်ကိုမျှ မပြောပေ။

လော့ရှောင်သည် ထူးထူးခြားခြား စိတ်လှုပ်ရှားနေ၏။ “ဒါက ကျူယွီရှစ်ရဲ့ ပိုင်နက်ပဲ... သူက ဒီမှာ ပထမဆုံး မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးကို ရှာတွေ့ခဲ့တာ.... အဲဒီနောက်မှ ဖန်ဆင်းရှင်မျိုးနွယ်ဆိုတာ ဖြစ်တည်လာတာပဲ... မဟာကမ္ဘာဦးကမ္ဘာအစ မူလကျောက်တုံးကိုလည်း ဒီမှာ ရှာတွေ့ခဲ့ကြတာ.... မဟာဧကရာဇ်က အဲဒီကျောက်တုံးကို သုံးပြီး နတ်ဘုရင်သုံးပါးကို အနိုင်ယူနိုင်ခဲ့လို့ မဟာဧကရာဇ် ဖြစ်လာခဲ့တာလေ”

ချင်မူက ကုရှောင်နှင့် တဟုန်ဆီ ကြည့်လိုက်ရာ သူတို့က အပြုံးပန်းများ ဝေဆာစွာဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသေးကြောင်း မြင်လိုက်ရသည်။ လော့ရှောင်စကားအား ကြားဟန်မတူပေ။

လော့ရှောင်သည် မဟာကမ္ဘာဦးအစ နတ်ကျောက်တွင်းကို ကြည့်ကာ မှင်သက်သွား၏။ ထို့နောက် အော်လိုက်သည်။ “ဒီမှာ ဘာလို့ ရှေးဟောင်းနတ်ဘုရားရှစ်ပါး ရှိနေတာလဲ... သူတို့က ဘာလို့ အခေါင်းတစ်ခေါင်း သယ်ထားကြတာလဲ...”

ထိုသို့ ပြောပြီးလျှင်ချင်း သူက တဟားဟား ရယ်သည်။ “နောင်တော်တို့ကို ဘာလို့ မေးနေမိတာပါလိမ့်... နောင်တော်တို့မှ မသိတာကို....”

“သိရင်လည်း သိမှာပေါ့”

တဟုန်က ဟက်ခနဲ ရယ်လိုက်သည်။ “နောင်တော်ရှောင်၊ ဟုတ်တယ်မလား’”

ကုရှောင်သည် ဟုတ်တယ်လည်း မပြော၊ မဟုတ်ဘူးလည်း မပြောချေ။ ထိုအစာ ခပ်ပြတ်ပြတ် ပြောသည်။ “ရှေးဟောင်းနတ်ဘုရားရှစ်ပါး ထမ်းထားတဲ့ အခေါင်းတစ်လုံး.... ကြည့်ရတာ သူတို့က အင်မတန် အရေးပါတဲ့လူတစ်ယောက်ကို သဂြိုဟ်ဖို့ ရည်ရွယ်ထားပုံပဲ”

တဟုန်က အေးစက်စက် ရယ်သည်။ “ဘယ်သူမှ ရှာမတွေ့စေချင်တဲ့ သမိုင်းတစ်စိတ်တစ်ပိုင်း၊ စက်ဆုပ်ရွံစရာကောင်းတဲ့ သမိုင်းတစ်ခု မြှုပ်နေတာလည်း ဟုတ်ချင် ဟုတ်မှာပေါ့... ကျုပ်တို့လည်း ဒီရောက်နေမှတော့ အဲဒီလူက ဘယ်သူလဲ သွားကြည့်တာ မကောင်းဘူးလား”

လော့ရှောင်က ကပျာကယာ ပြောသည်။ “ဒီတွင်းက အင်မတန် ရှေးကျတဲ့အတွက် ဖန်ဆင်းရှင်တွေအတွက်တောင် အင်မတန် အန္တရာယ်များတယ်... ဖန်ဆင်းရှင်တွေပဲ ဒီတွင်းထဲ ဝင်နိုင်ပေမယ့် အများစုက ဝင်ပြီးပြီးချင်း သေကုန်ကြတယ်... ဒီရှေးဟောင်းနတ်ဘုရားရှစ်ပါးကိုပဲ ကြည့်လေ”

ချင်မူမှာ သူ့အင်္ကျီလက်စကို လှမ်းဆွဲ၍ ပြောလိုက်၏။ “နောင်တော်လော့၊ ဝင်မယ် မဝင်ဘူးက ငါတို့ ဆုံးဖြတ်နိုင်တာ မဟုတ်ဘူး”

လော့ရှောင်မှာ သူ့စကားကို နားမလည်သဖြင့် ကြောင်သွားသည်။ ချင်မူက အရှေ့မှ လျှောက်နေသော ကုရှောင်နှင့် တဟုန်နောက် လိုက်သွားရင်း ခပ်တိုးတိုး ပြောပြလိုက်သည်။ “အခုထိ မပြောနိုင်သေးဘူးလား”

“ဘာကို ပြောရမှာလဲ” လော့ရှောင်ကား နားကန်းတစ်လုံးမျှ နားမလည်ပေ။

“ခင်‌ဗျားကတော့...” နဂါးချီလင်သည် သူ့ဘေးသို့ လျှောက်လာပြီး ခေါင်းယမ်းနေ၏။ “သိပ်,အတာပဲ”

All Chapters