← Chapters

မဟာဧကရာဇ်၏ အတိတ်

Vol. 82 Ch. 1059

မဟာဧကရာဇ်၏ အတိတ်

Vol. 82 Ch. 1059

လော့ရှောင်မှာ အလွန်ပင် အူတူတူဖြစ်နေတော့သည်။ သူက အမှီလိုက်လာကာ ပြောလေသည်။ “ဒီနေရာက သိပ်အန္တရာယ်များတယ်.... အေးအေးဆေးဆေး လျှောက်နေလို့မရဘူး... ကျွန်တော် ရှေ့က ဦးဆောင်သွားရင် အကောင်းဆုံး ဖြစ်လိမ့်မယ်နော်”

ချင်မူက သူ့ကို တား၍ ပြုံးလိုက်သည်။ “အန္တရာယ်များတယ် ဟုတ်လား... ဘာကြောင့် အန္တရာယ်များတာလဲ”

လော့ရှောင် အနည်းငယ် ကြောင်သွားသည်။ ထူးဆန်းစွာနှင့် သူတို့ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းထဲ ဝင်ရောက်လာပြီးနောက် ကြားထားဖူးသော အန္တရာယ်တစ်စုံတစ်ရာနှင့်မျှ မတွေ့ရသေး‌‌ပေ။ ထူးဆန်းစွာနှင့် တိတ်ဆိတ်အေးချမ်းနေသည်။

‘အကြီးအကဲတွေ လျှောက်ပြောခဲ့တာလား... တွင်းထဲမှာ အန္တရာယ်လည်း မရှိပါဘူး’ သူ ဇဝေဇဝါ ဖြစ်နေမိသည်။

ကုရှောင်နှင့် တဟုန်သည် ဘေးချင်းယှဉ်လျက် လျှောက်နေ၏။ ကောင်းကင်နဂါး ရတနာရထားလှည်းက သူတို့အနောက်မှ လိုက်လာသည်။ ယန်အာက မီးအိမ်ဖြင့် သူတို့လမ်းကို ထွန်းလင်းပေးထားရင်း ရထားလှည်းအပေါ်၌ ရပ်နေသည်။

တဟုန်က နောက်လှည့်ကာ ပြုံးပြသည်။ “နောင်တော်မူ၊ နောင်တော်လော့ နီးနီးနားနားမှာ နေပါ”

ချင်မူမှာ အမှီလိုက်ရုံအပြင် ရွေးချယ်စရာမရှိပေ။ လော့ရှောင်က တွန့်ဆုတ်နေပြီးနောက် ပြောသည်။ “ဟင်းလင်းပြင်ရဲ့ အတွင်းထဲမှာ ကျွန်တော့်ဘိုးဘေးဝိညာဉ်တွေ ရှိနေသေးတာ သွားကြည့်ချင်သေးတယ်...”

ကုရှောင်က လှည့်လာကာ ပြုံးပြသည်။ “၁၉ ခုမြောက် ဟင်းလင်းပြင်ကို ဟင်းလင်းပြင်သားရဲမိခင်က စောင့်ရှောက်နေတာမလို့ ခင်ဗျားရဲ့ အသိစိတ်အလျဉ်အနေနဲ့ ၁၉ ခုမြောက် ဟင်းလင်းပြင်ကို မထိုးဖောက်နိုင်ဘူး... နောင်တော်လော့၊ အလျင်မလိုပါနဲ့”

လော့ရှောင်လည်း တွေးကြည့်ရင်း ထိုသို့ဖြစ်မည်ဟု လက်ခံလိုက်သည်။ ဟင်းလင်းပြင်သားရဲမိခင်သည် အင်အားကြီးမားပြီး အစွမ်းထက်၏။ သူ့အသိစိတ်အလျဉ် ၁၉ ခုမြောက်ဟင်းလင်းပြင်ဆီ ရောက်သွားလျှင် သူမ၏ ဝါးမြိုစားသုံးခြင်း ခံရလိမ့်မည်။

သူတို့၏ပတ်ပတ်လည်တွင် အလင်းတန်းများက သစ်ပင်၊ မြက်ပင်များအကြား ဖြတ်ပြေးသွားလာနေသည်။ လော့ရှောင်က ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ခပ်တိုးတိုး ရေရွတ်နေ၏။ “ထူးဆန်းတယ်.... ဒီနေရာက အကြီးအကဲတွေ ပြောလိုက်တဲ့အတိုင်းပဲကို ဘာလို့ အန္တရာယ် မရှိတာလဲ... ဒီနေရာက မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းလေ.... သတ္ထုတွင်းထဲက အသိစိတ်အလျဉ်နဲ့ လူ့အတွေးတွေနဲ့ ထိတွေ့သွားရင် ထင်ယောင်မှား ပုံရိပ်ယောင်တွေ တစ်ခုပြီးတစ်ခု ပေါ်လာနိုင်တယ်... အင်အားအကြီးမားဆုံး ဖန်ဆင်းရှင်တွေတောင် အဲ့ပုံရိပ်ယောင်တွေကနေ ရုန်းမထွက်နိုင်ဘူး....”

ချင်မူ့အကြည့်သည် အရှေ့မှ လျှောက်နေသော နှစ်ယောက်၏ ကျောအပေါ် ကျရောက်သွား၏။ “သတ္ထုတွင်းကို ဖိနှိပ်ထားနိုင်တဲ့ အစွမ်းထက်ဖြစ်တည်မှုတွေ ရှိလို့ နေမှာပေါ့”

လော့ရှောင်မှာ အံ့အားသင့်သွားပြီး အရှေ့ရှိ ရွှေအခေါင်းဆီ ကြည့်ကာ အလေးအနက် ပြောလေသည်။ “ရွှေအ‌ခေါင်းထဲက တစ်ယောက်က သတ္ထုတွင်းကို ဖိနှိပ်ထားတဲ့အထိ အင်အားကြီးမားတယ်လို့ ပြောနေတာလား... ဘယ်သူ့မှာ အဲဒီလောက် မြင့်မားတဲ့ အဆင့်မျိုး ရှိမှာလဲ.... မဟုတ်မှ”

သူ့မျက်လုံးများ တောက်ပသွားပြီး သူက လက်ခုပ်တီးတာ ပြောတော့သည်။ “သိပြီ မဟာဧကရာဇ်ပဲ... သူ့အလောင်းက ရွှေအခေါင်းထဲမှာ ရှိနေတာကိုး”

သူသည် စိတ်လှုပ်ရှားစွာ ပြောနေ၏။ “မဟာဧကရာဇ်က သွေးသံချေးဇုန်စစ်ပွဲမှာ သေသွားတဲ့အကြောင်း အကြီးအကဲပြောတာ ကြားဖူးတယ်... ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က မဟာဧကရာဇ် အသက်ပြန်ရှင်လာမှာ စိုးရိမ်လို့ သူ့အလောင်းကို ဒီမှာ ဖိနှိပ်ထားဖို့ သူ့လူတွေကို အမိန့်ပေးထားတာပဲ ဖြစ်မယ်... နောက်ဆုံးတော့ မဟာဧကရာဇ် သေသွားပြီပေါ့”

ကုရှောင်၏အသံက အရှေ့မှ ပျံ့လွင့်လာသည်။ “မဟာဧကရာဇ်က သမိုင်းတစ်လျှောက်မှာ အင်အားအကြီးမားဆုံး အသိစိတ်အလျဉ်ကို ပိုင်ဆိုင်ထားတာ.... သူလိုလူက ဘယ်လိုလုပ် သေနိုင်မှာလဲ... သွေးသံချေးဇုန်စစ်ပွဲမှာတုန်းက သူ့မျက်ခုံးနှစ်ဖက်ကြားက မဟာကမ္ဘာဦးအစ မူလကျောက်တုံး ကွဲကြေသွားခဲ့ပေမယ့် သူ မသေခဲ့ဘူးလို့ ကြားတယ်... အဲဒီနောက်ပိုင်း သူက သနားစရာကောင်းတဲ့ ခွေးလေခွေးလွင့်တစ်ကောင်လို့ ဖြစ်လာပြီး ရင်တထိတ်ထိတ်နဲ့ ဟိုနေရာပုန်းလိုက်၊ ဒီနေရာပုန်းလိုက် ပုန်းနေရတယ်တဲ့လေ”

တဟုန်က ရယ်သည်။ “ကျုပ်လည်း ကြားဖူးတာ ရှိတယ်... ကောင်းကင်နတ်ဧကရာဇ်က သိက္ခာမဲ့ အောက်တန်းစား နည်းလမ်းတွေနဲ့မှ မဟာဧကရာဇ်ကို အနိုင်ယူနိုင်ခဲ့တာတဲ့လေ... မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို ခွဲခဲ့တဲ့သူက ကောင်းကင်နတ်ဧကရာဇ် မဟုတ်ဘဲ မဟာဧကရာဇ်ရဲ့ ဇနီး ၊ နတ်ဘုရင် ကုန်းယွင် ဖြစ်နေခဲ့တယ်... ပြီးတော့ ကောင်းကင်နတ်ဧကရာဇ်က မဟာဧကရာဇ်ကို သတ်ပြီးတာနဲ့ သူ့သိက္ခာမကျအောင် စားပြီး နားမလည်လုပ်ရပ်နဲ့ နတ်ဘုရင်ကုန်းယွင်ကို သတ်ပစ်ခဲ့သေးတယ်”

လောင့်ရှောင်သည် မျက်လုံးလေးကလယ်ကလယ်ဖြင့် ပြုံးနေ၏။ “နောင်တော်တို့နှစ်ယောက်၊ ဒီအကြောင်းတွေ ဘယ်က ကြားထားတာလဲ.... ကျွန်တော့်လို ဖန်ဆင်းရှင်တစ်ယောက်တောင် မသိဘူး... ရွာက အကြီးအကဲတွေနဲ့ ခေါင်းဆောင်တွေလည်း မပြောခဲ့ဖူးဘူး”

ထိုနှစ်ယောက်က မဖြေဘဲ ရှေ့ဆက်လျှောက်သွားသည်။

လော့ရှောင် မသင်္ကာဖြစ်လာသည်။

အတန်ကြာသော် ရှေးဟောင်းနတ်ဘုရားရှစ်ပါး၏ အလောင်းများဘေးသို့ သူတို့ ရောက်လာကြသည်။

အားလုံး လေပေါ် ပျံတက်ရင်း ရွှေအခေါင်းအနား သွားလိုက်ကြ၏။

ကုရှောင်နှင့် တဟုန်သည် ရွှေအခေါင်းအား စိုက်ကြည့်နေကြသော်လည်း မည်သည်ကိုမျှ မပြောပေ။

ချင်မူနှင့် လော့ရှောင်လည်း သူတို့ဆီ လျှောက်သွားပြီး နဂါးချီလင်က အနောက်မှ လိုက်လာသည်။ ယန်အာကတော့ မီးအိမ်ကိုင်လျက် ရထားလှည်းအပေါ်၌သာ ရပ်နေသည်။

တဟုန်က ခပ်ရေးရေးမျှ ပြုံးလိုက်သည်။ “ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က သူ့ကိုယ်သူ ဖြောင့်မတ်မှန်ကန်သူတစ်ယောက်လို့ ကြားဝါတတ်တယ်.... ဒါပေမဲ့ သူက မဟာဧကရာဇ်ရဲ့ ဇနီး၊ ကုန်းယွင်ကို အသုံးချပြီး သူမလူတွေရဲ့ ရှင်သန်နိုင်ရေးလို ကိစ္စမျိုးတွေအတွက် ကတိကဝတ်တွေ ပေးခဲ့တယ်... နောက်ဆုံးကျတော့ သူ့သိက္ခာအတွက် ကုန်းယွင်ကို သတ်ခဲ့တာပါပဲ... သူမတင် မကဘူး...အခေါင်းကို ဒီနေရာဆီ ပို့ရတဲ့ ရှေးဟောင်းနတ်ဘုရားရှစ်ပါးကိုလည်း သုတ်သင်ပစ်ခဲ့တယ်”

သူသည် ခေါင်းမော့လိုက်ပြီး ကုရှောင်အား စက်ဆုပ်ရွံရှာစွာ ကြည့်၏။ “မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်းက ဒီရှေးဟောင်းနတ်ဘုရားရှစ်ပါးကို သတ်ဖို့ အကောင်းဆုံး နည်းလမ်းပဲ.... ကောင်းကင်နတ်ဧကရာဇ်က အစတုန်းက ဒီသတ္ထုတွင်းထဲက ဥတစ်လုံးဆိုတော့ ဒီသတ္ထုတွင်း ဘယ်လောက် ကြောက်စရာကောင်းနိုင်သလဲ နားလည်တယ်... အခေါင်းကို ဒီနေရာဆီ သယ်သွားဖို့ ရှေးဟောင်းနတ်ဘုရားရှစ်ပါးဆီ အမိန့်ပေးခဲ့တုန်းက သူက သတ္ထုတွင်းရဲ့ စွမ်းအားနဲ့ ဒီလူတွေကို သတ်ဖို့ ပြင်ထားခဲ့တာပဲ”

ကုရှောင်က ခေါင်းညိတ်၍ ပြောသည်။ “မဟာဧကရာဇ်ကလည်း ရက်စက်ကြမ်းကြုတ်တဲ့လူလို့ ကြားတယ်... သူက ဖန်ဆင်းရှင်တွေ မဟာဧကရာဇ်နောက်တစ်ယောက် ဖန်ဆင်းလိုက်မှာ ကြောက်လို့ သူ့ရဲ့မျိုးနွယ်စုရော၊ နတ်ဘုရင်ကုန်းယွင်ရဲ့ မျိုးနွယ်စုရော သုတ်သင်ပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်... ဖန်ဆင်းရှင်တွေကိုတောင် မျိုးသုဉ်းသတ်ပစ်ဖို့ ပြင်ဆင်ထားခဲ့တာ မဟုတ်လား.. အဲဒါနဲ့ သူ့မိန်းမ ကုန်းယွင်က စိတ်နာပြီး ကောင်းကင်နတ်ဧကရာဇ်နဲ့ ဖောက်ပြန်ရင်း သားတစ်ယောက်တောင် ထွန်းကားခဲ့သေးတယ်”

တဟုန်၏ သူငယ်အိမ်များ ကျုံ့သွားသည်။ “မဟာဧရာဇ်က ကုန်းယွင်ရဲ့ သစ္စာဖောက်တာ ခံခဲ့ရတာအမှန်ပဲ... ဒါပေမဲ့ သူမ မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို ခွဲခဲ့တာတောင်မှ မဟာဧကရာဇ်က သူမကို ထိခိုက်အောင် မလုပ်ခဲ့ဘူး.... ကောင်းကင်နတ်ဧကရာဇ်ကတော့ ကုန်းယွင်ကို အသုံးချပြီး သတ်ပစ်ခဲ့တယ်”

ဤအချိန်တွင် သူတို့နှစ်ယောက်လုံးသည် လော့ရှောင်၊ ချင်မူနှင့် ကျန်ရှိသူများ ဂရုမစိုက်တော့ချေ။ ဖြစ်ပျက်ခဲ့သော အတိတ်အရ တစ်ဦးနှင့်တစ်ဦး သရုပ်မှန်များကို သိထားကြ၍ သေသည်အထိ တိုက်ခိုက်ကြမည့်အလား ထင်ရသည်။

လော့ရှောင်မှာ ကြောင်အနေသည်။ သူက ခေါင်းရမ်းလိုက်ပြီး ချင်မူ့အား မေးသည်။ “လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်တွေကလည်း အရမ်းရှေးကျတာလား... ရှေးဟောင်းကမ္ဘာခေတ်ဦးက ဖြစ်ပျက်ခဲ့တာတွေ သိနေကြသလိုပဲနော်”

ချင်မူ့မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ သူ့မှာ လော့ရှောင်ကို အသိစိတ်၀င်လာအောင် ထုရိုက်ချင်စိတ်အား မြိုသိပ်ထားရသည်။

တဟုန်နှင့် ကုရှောင်က ခေါင်းတလားကို ဖွင့်ရန် လက်လှမ်းလိုက်ကြသည်။

ချင်မူက နောက်သို့ ခြေတစ်လှမ်း ဆုတ်၏။

အခေါင်းကား ပွင့်သွားချေပြီ။ သို့သော် ထိုနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ဆက်ကြည့်ရင်း မျက်နှာအမူအရာများအား အကဲခတ်နေကြသည်။

ချင်မူမှာ သိချင်စိတ်ကို ချုပ်တည်းမရသဖြင့် အံတင်းတင်းကြိတ်၍ သတ္တိမွေးကာ ခေါင်းတလားအတွင်းသို့ ငုံ့ကြည့်လိုက်သည်။

ခေါင်းတလားသည် ကြီးမားကျယ်ဝန်းသည့်အလျောက် အထဲရှိ အမျိုးသမီးသည်လည်း ကြီးမားလှ၏။ သူမက အိပ်‌ပျော်နေသည့်အလား မျက်လွှာချကာ လှဲလျောင်းနေသည်။

သူမ၏မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးမှာ တစ်စုံတစ်ယောက်၏ ဖောက်ထုတ်ခြင်း ခံထားရသည်။ အနီရင့်ရင့်အကွက်ပြင်ကြီးက ရင်ဘတ်တစ်လျှောက် ရှိနေရာ သူမကို သေစေခဲ့သော ဒဏ်ရာ ဖြစ်လောက်မည်။ မျက်ခုံးနှစ်ဖက်ကြားတွင် မျက်လုံးမရှိသောကြောင့် သူမအသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းမှာ သိသိသာသာ အားနည်းနေချေသည်။

သူမသည် အနီးဆုံးလူတစ်ယောက်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်၏။ သူမကို သတ်ခဲ့သော တရားခံက သူမနှင့် ရင်းနှီးသည့်အတွက် သူမ သတိလက်လွတ်ဖြစ်နေသည့်အချိန် မျက်လုံးဖောက်ထုတ်ကာ သူမ၏စွမ်းအားကို သိသိသာသာ ကျဆင်းသွားစေခဲ့ခြင်း ဖြစ်သည်။

ထိုလူက သူမအပေါ် လိပ်ပြာမလုံသည့်အလား သူမ၏အလောင်းကို လှပစွာ ပြင်ဆင်ပေးထားသည်။ အလှဆုံး အဝတ်အစားများလည်း ဝတ်ဆင်ပေးထားပြီး ဦး‌ခေါင်းထက်တွင် ဇာမဏီသရဖူ ဆောင်းပေးထားသဖြင့် တင့်တယ်ခံ့ညားသော ဧကရီဘုရင်မတစ်ပါးအသွင် ရှိနေသည်။

သူမလက်ထဲ၌မူ ပန်းပွင့်တစ်ပွင့် ကိုင်ထားသည်။ ပန်းသည် ယခုထိတိုင် မညှိုးနွမ်းသေးပေ။ ၎င်းက ရင်ဘတ်အနားတွင် ဖြစ်သောကြောင့် ဒဏ်ရာကို ကွက်တိ ဖုံးထားသလို ဖြစ်နေသည်။

တဟုန်က ဟက်ခနဲ ရယ်လိုက်၏။ “နောင်တော်တို့သုံးယောက်... ကောင်းကင်နတ်ဧကရာဇ်က သေသင့်တယ်... ကျုပ် ပြောတာမှန်တယ်မလား”

ချင်မူ ကြက်သီးမွေးညင်းများ ထသွားသည်။ သူက နောက်ဆုတ်၍ ချောင်းဟန့်လိုက်သည်။ “နောင်တော်လော့၊ မင်းဘိုးဘေးတွေရဲ့ ဝိညာဉ်တွေကို သွားရှာကြစို့လေ”

လော့ရှောင်မှာ ရှေ့သို့ သွားချင်နေသည်။ “ကျွန်တော် နတ်ဘုရင်ကုန်းယွင်ကို တစ်ခါမှမမြင်ဖူးဘူး... အရင် ကြည့်လိုက်ဦးမယ်...”

“မကြည့်နဲ့...”

ချင်မူက ဒေါသတကြီးဖြင့် သူ့အား ဂုတ်မှ ဆွဲခေါ်သွားသည်။

လော့ရှောင်မှာ လန့်သွားပြီး ရယ်ကြဲကြဲဖြင့် ပြောလေသည်။ “နောင်‌တော်မူ၊ ခင်ဗျားက ကျွန်တော်တို့ထဲမှာ အငယ်ဆုံးနော်.. ဒါပေမဲ့ ကျွန်တော့်ကို ဆူလိုက်၊ ငေါက်လိုက်တာများ ကျွန်တော့်အဖေကြီးကျနေရော... မကြည့်စေချင်လည်း မကြည့်ပါဘူး... ဘယ်နှယ့် အကြမ်းပတမ်း ဖြစ်နေရတာတုန်း..”

ထိုအခိုက်အတန့်တွင် တဟုန်၏အသံ ထွက်လာသည်။ “ကောင်းကင်နတ်ဧကရာဇ်၊ ဟားဟား... ‌‌ဒါမှမဟုတ် ထိုက်ချူ လို့ ခေါ်ရမလား... မဟာကမ္ဘာဦးအစမူလကျောက်တုံးနဲ့အတူ မင်းကို ငါ တူးယူလာခဲ့တုန်းက အဲဒီဥထဲမှာ အင်မတန်စွမ်းအားကြီးတဲ့ သတ္တဝါတစ်ကောင် ရှိနေတာ ခံစားခဲ့ရတယ်... ငါတို့ ဖန်ဆင်းရှင်‌တွေထက် ရှေးကျတဲ့ ဖြစ်တည်မှုပေါ့”

လော့ရှောင် ကြောင်အသွားသည်။ ရုတ်တရက် သူ့မှာ တုန်ရီလာပြီး မယုံကြည်နိုင်သော မျက်နှာအမူအရာ ဖြစ်နေတော့သည်။

“ငါ မင်းရဲ့ ခွန်အားကို အာရုံ‌ခံ‌မိခဲ့တယ်.... ဒါပေမဲ့ မင်းက မွေးဖွားရမယ့် အချိန်မရောက်သေးဘူး... မင်းသာ မဟာကမ္ဘာဦးအစ မူလကျောက်တုံးတွင်းထဲမှာ ဆက်နေခဲ့မယ်ဆိုရင် အနှေးနဲ့အမြန် သတ္ထုတွင်းရဲ့ စွမ်းအားကို စုပ်ယူရင်း ပြိုင်ဘက်ကင်းတဲ့အထိ ခွန်အားကြီးလာမှာပဲ”

တဟုန်က ဆက်ပြော၏။ “အဲ့ဒီတုန်းက မင်းရဲ့ခန္ဓာကိုယ်ကို ငှားယူဖို့ စဉ်းစားခဲ့မိပေမယ့် ငါ မြိုသိပ်ခဲ့တယ်... မူလကျောက်တုံးကို ရလိုက်ပြီဆိုတော့ ငါက မင်းကို ကြောက်စရာမလိုတော့ဘူး .. မင်းထက် သန်မာအားကောင်းဖို့ပဲ ရှိတော့တယ် ထင်ပြီး သွေးနားထင် ရောက်သွားမိတယ်... ဒါကြောင့် မင်းကို သားတစ်ယောက်လို ပျိုးထောင်ခဲ့တာ... ‌မင်း ‌မွေးဖွားလာဖို့ လူသားတွေကို ယဇ်ပူဇော်မှုတွေတောင် လုပ်ခိုင်းခဲ့တယ်”

သူက ခပ်ဟဟ ရယ်လျက် ပြောသည်။ “မင်းကို အထင်‌သေးခဲ့မိတာ မှားသွားတယ်”

ကုရှောင်က ပြတ်ပြတ်သားသား ပြောသည်။ “မင်း ငါ့အတွက် လူသားတွေကို ယဇ်ပူဇော်ခိုင်းတာက အပင်တစ်ပင် ကြီးလာအောင် ဆွဲထုတ်နေတဲ့အတိုင်းပါပဲ.... ယဇ်ပူဇော်မှုတွေရဲ့ စွမ်းအားနဲ့ ငါ့ကို ထိန်းချုပ်ပြီး မင်းရဲ့လက်နက်အဖြစ် လက်သပ်မွေးချင်တဲ့ အကြံအစည် ရှိနေခဲ့တာလေ... မင်းရဲ့အစီအစဉ်တွေကို ငါက နားမလည်ဘဲ နေပါ့မလား... ငါ ဥထဲမှာ ကြီးထွားနေတဲ့အချိန်တုန်းက ‌ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုစည်းမျဉ်းတွေကို နားလည်နေခဲ့ပြီးပြီ... ငါက ထက်မြတ်တဲ့ ဉာဏ်ရည်နဲ့ မွေးဖွားလာခဲ့တာ... ဒါပေမဲ့ မင်းက မူလကျောက်တုံးကို ယူသွားပြီး ငါ့ရဲ့ကြီးထွားမှုကို ပိတ်ပင်ခဲ့တယ်... ဒါကြောင့် ငါက ဖန်ဆင်းရှင်တွေရဲ့ စွမ်းအားကို သုံးပြီး လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူခဲ့ရ‌တာပဲ”

လော့ရှောင်မှာ ကျောချမ်းသွားပြီး သတ္ထုတွင်းအပြင်သို့ ခပ်သွက်သွက် လျှောက်နေချေသည်။

ကုရှောင်က ဆက်ပြောသည်။ “မဟာဧကရာဇ်၊ ဒါက မင်းရဲ့ခန္ဓာကိုယ်အစစ်မှ မဟုတ်တာ ဘယ်လောက်စွမ်းအားရှိမှာမလို့လဲ... အဆင့်နိမ့်မိစ္ဆာတစ်ကောင်ရဲ့ ခန္ဓာကိုယ်လေးကို မင်း ငှားနေရပြီလေ... အတိတ်က အကြောင်းတွေ သိပြီး ကုန်းယွင်ကို တွေ့ရတော့ရော မင်း ဘာလုပ်နိုင်မှာလဲ”

“မင်းကို သတ်ဖို့တော့ လုံလောက်တယ်”

တဟုန်သည် ခပ်ပြတ်ပြတ် ပြောလိုက်၏။ “မင်းက လူဝင်စားခန္ဓာကိုယ်ကို သုံးနေတာမဟုတ်ဘူးလား.. မင်းက အရှင်မယွမ်မုနဲ့ မကြာခဏ ခိုးတွေ့ပြီး တောင်းပိုင်းဂိုဏ်းရဲ့ ဂိုဏ်းသခင် ဖြစ်လာဖို့ လူဝင်စားခဲ့တာပဲ.... မင်းရဲ့လူသားခန္ဓာကိုယ်ကရော ဘယ်လောက်အစွမ်းအစ ရှိမှာမလို့လဲ”

ကုရှောင်က မှင်သေသေဖြင့် မေးလိုက်သည်။ “ဒါဖြင့် ဘာကို စောင့်နေသေးတာလဲ”

ချင်မူမှာ လူတစ်ယောက်ကို ကြောက်ဒူးတုန်သွားစေနိုင်သည့် ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်များကို သတ္ထုတွင်းထဲမှ ချက်ချင်း ခံစားလိုက်ရသည်။ သူက အလောတကြီး အော်လိုက်၏။ “ကျွန်တော် ကူညီပေးလို့မရဘူး.. ကျွန်တော်သေသွားရင်... ဘယ်သူမှ...”

“သိတယ်” ကုရှောင်နှင့် တဟုန်၏ ဒေါသတကြီး အော်ငေါက်လိုက်သံများက တစ်ပြိုင်နက် ထွက်ပေါ်လာသည်။

သူတို့အနောက်ရှိ ကြောက်မက်ဖွယ်ရာ လှိုင်းနှစ်လှိုင်း အနည်းငယ် အားနည်းသွားသည်။

ချင်မူမှာ ရင်ထဲမှ အလုံးကြီး ကျသွားသဖြင့် သက်ပြင်းချရင်း ကပျာကယာ လှမ်းအော်လိုက်၏။ “ဖက်တီးနဂါး၊ မမကြီးယန်အာ၊ ရထားလှည်းပေါ် တက်ကြ... နောင်တော်လော့ရောပဲ”

အားလုံး ရထားလှည်းပေါ် ရောက်သည်နှင့် နဂါးချီလင်က ကြာပွတ်ရိုက်လိုက်ရာ ရထားလှည်းကား သတ္ထုတွင်းအပြင်သို့ တရှိန်ထိုး ထွက်ခွာသွားတော့သည်။

ကောင်းကင်ရတနာ ရထားလှည်း သတ္ထုတွင်းအပြင်သို့ ထွက်သွားသည်နှင့် ထူးဆန်းစါာ ခက်ထန်ကြမ်းကြုတ်နေသော ကောင်းကင်နတ်သိုင်း လှိုင်းဂယက်များ ရိုက်ခတ်လာသည်။ ချင်မူ လှည့်ကြည့်လိုက်သည့်အခါ တဟုန်သည် သူ့လက်များကို အင်္ကျီလက်အိုးအတွင်းမှ ထုတ်လိုက်ကြောင်း တွေ့ရ၏။

တဟုန်က အင်္ကျီလက်အိုးထဲမှ လှံကြီးတစ်လက် ထုတ်လိုက်သည်။ စိတ်၀င်စားဖွယ်ကောင်းသည်မှာ အင်္ကျီလက်သည် တစ်ပေထက် ပိုမရှည်သော်လည်း လှံကတော့ သုံးပေ ရှိနေသည်။

လှံသည် မပြည့်စုံသေးပေ။ သာမန်နတ်လှံတစ်လက်အနေဖြင့် ဖြောင့်တန်းသော်လည်း သူ၏လှံကတော့ နဂါးတစ်ကောင်ကဲ့သို့ ကွေးကောက်နေ၏။

လှံအား ဘိုးဘေးနန်းတော်၏ ဘိုးဘေးနဂါးဆီမှ နဂါးသွေးကြောများဖြင့် သန့်စင်ထားခြင်းဖြစ်သည်။ လှံဖြင့် ထိုးလိုက်လျှင် မနှိုင်းသာအောင် ကျယ်လောင်သော နဂါးအော်သံတို့က အားလုံး၏ နားထဲတွင် ပဲ့တင်ရိုက်ခတ်သွားသည်။

တစ်ချိန်တည်းမှာပင် ကုရှောင်၏လက်ထဲရှိ တံစဉ်းသည်လည်း ဓားတစ်လက် အသွင်ပြောင်းသွား၏။ ဓားမျက်နှာပြင်တွင် အစက်သေးသေးလေးများ ပြွတ်သိပ်ကြပ်နေသည်။ တံစဉ်း ပုံစံအစစ်အမှန်အား ဖော်ပြလိုက်သည့်အခါ စကြ၀ဠာအပေါ် ကောင်းကင်နတ်ဧကရာဇ်၏ လွှမ်းမိုးမှုကို ကိုယ်စားပြုသော ဧကရာဇ်ဓားတစ်လက် ဖြစ်လာသည်။

ဓား၏ မျက်နှာပြင်နှစ်ဖက်အပေါ်ရှိ အစက်များက ထူးဆန်းသော အက္ခရာများ၊ သင်္ကေတအမှတ်အသားသဖွယ် ပြောင်းလဲကာ ဓားတစ်လုံးအား လွှမ်းခြုံထားသည်။ ၎င်းတို့က မဟာတာအိုအမှတ်အသားများ ဖြစ်ချေသည်။

ကုရှောင် လက်သည်းများကို တံစဉ်းဖြင့် ပွတ်တိုက်နေစဉ်တုန်းက မည်သူမျှ ဓားဟု ထင်ခဲ့မိမည်မဟုတ်ပေ။ ပွတ်သပ်ကြပ်နေသော အစက်လေးများကလည်း မဟာတာအိုအမှတ်အသားများ ဖြစ်ကြောင်း မည်သူမှ မသိကြခဲ့ချေ။

ဓားပေါ်တွင် အမှတ်အသားအမျိုးအစား ၂၀၀၀ နီးပါးရှိပြီး ကမ္ဘာခေတ်ဦးတုန်းက ရှေးဟောင်းနတ်ဘုရားများ ကောင်းကင်နတ်ဧကရာဇ်ဆီ ဆက်သခဲ့သော ကောင်းချီး ၂၀၀၀ အပြင် သူတို့၏ အညံ့ခံမှုကို ကိုယ်စားပြုချေသည်။

ဧကရာဇ်ဓားနှင့် ရှေးနဂါးနတ်လှံတို့ ဝင်တိုက်သွားသည်နှင့် တာအိုသံ ထွက်လာသည်။ တာအိုသံသည် သန်းပေါင်းများစွာသော ရှေးဟောင်းနတ်ဘုရားများ မဟာတာအိုအသီးသီးဖြင့် သူတို့၏ ဧကရာဇ်မင်းမြတ်ကို အားပေးထောက်ပံ့ရန် သီဆိုနေကြသံပေါက်နေ၏။

ရွှေရောင်‌ခေါင်းတလားနှင့် ရှေးဟောင်းနတ်ဘုရားရှစ်ပါးအထက်တွင် ကြောက်စရာ ပုဂ္ဂိုလ်နှစ်ဦးကား ပထမဆုံးသိုင်းကွက်များ ဖလှယ်နေကြချေပြီ။

လှိုင်းဂယက်များက ချင်မူတို့ထံသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ ယန်အာက ရထားလှည်းနောက်သို့ ရှောင်တိမ်းလိုက်ရင်း သူမ၏ မူလဝိညာဉ်နှင့် ရုပ်ခန္ဓာအား တစ်သားတည်း ဖြစ်စေလျက် ‘ကောင်းကင်ကို အုပ်စိုးသော နဂါးစာကလေး’ အသွင် ပြောင်း၍ ရထားလှည်းအား ကာကွယ်လိုက်သည်။

ဘုန်း...

သူမမှာ အင့်ခနဲ တစ်ချက်ညည်းပြီး နှုတ်ခမ်းထောင့်မှ သွေးမျာ စီးကျလာသည်။ သူမ၏ မူလဝိညာဉ်နှင့် ရုပ်ခန္ဓာမှာ ချက်ချင်းဆိုသလို ဆိုးဆိုးရွားရွား ပျက်စီးသွားသဖြင့် ဝတုတ်မလေးအဖြစ် ပြန်ပြောင်းသွားသည်။

ဤတုန်ခါလှိုင်း၏ ဖိအားသည် ချောက်ချားစရာကောင်းလှအောင် ပြင်းထန်လှသောကြောင့် ပေါင်ချိန် ၃၅၉ ဝတုတ်မလေးမှာ ရထားလှည်းအနောက်တွင် ပြားကပ်သွားပြီး ရထားလှည်းနှင့်အတူ ရှေ့ရွေ့သွားတော့သည်။ ကောင်းကင်နဂါးခြောက်ကောင်က ရထားလှည်းကို အားကုန်ထိန်းကြသော်လည် ကြောက်စရာအင်အားကြီးက သူတို့ကို ဖိနှိပ်လျက် တွန်းထုတ်လိုက်၏။

သူတို့မှာ အင်အားအလွန်အကျူး သုံးစွဲနေရသဖြင့် အရေပြားတို့ အက်ကွဲလာပြီး သွေးကြောပေါက်ကာ သွေးယိုစိမ့်ကုန်သည်။

ချင်မူက လက်ဝှေ့ယမ်းလိုက်ရာ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း အသက်ဝင်သွားပြီး ဧရာမစက်ကွင်းကြီးအသွင် ဖွဲ့လျက် တဟုန်နှင့် ကုရှောင်တို့၏ ကောင်းကင်နတ်သိုင်းများဆီမှ လှိုင်းဂယက်တို့အား ဟန့်တားပိတ်ဆို့ပေးလိုက်သည်။ သို့သော် သူ၏ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းမှာလည်း ရုတ်ခြည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။

ချင်မူက လက်ချောင်းများကို ထပ်ခါတလဲလဲ လှုပ်ရှားရင်း စက်ဝိုင်းကြီးများအား ဆက်တိုက်ဆွဲလိုက်သည်။ ဤစက်ဝိုင်းများအတွင်းမှ မရေမတွက်နိုင်သော နေရာရွှေ့ပြောင်းအက္ခရာများ ပျံထွက်လာကာ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း တစ်ခုပြီးတစ်ခု ဖွဲ့တည်လာသည်။ စက်ကွင်းတစ်ကွင်း ကြေမွသွားတိုင်း နောက်တစ်ကွင်းက အစားထိုးနေရာယူရင်း ယန်အာနှင့်အတူ ကောင်းကင်နတ်သိုင်းလှိုင်းများကို မျှခံပေးနေသည်။

လော့ရှောင်က ဟင်းလင်းပြင်သားရဲကို ချက်ချင်း ထိန်းချုပ်၍ ရထားလှည်းအနောက် ပို့လိုက်သည်။ သို့သော် ၎င်းမှာလည်း လွင့်ထွက်သွားသည်အထိ ဖိအားပေးခံလိုက်ရ၏။

နောက်ဆုံးတော့ ပထမအသုတ် တုန်ခါလှိုင်းများ ရပ်တန့်သွားသည်။ ထိုအခါမှ အားလုံး ဟင်းချနိုင်ကြပြီး အတေးသို့ ကြည့်လိုက်ရာ ရထားလှည်းမှာ မိုင်ရာပေါင်းများစွာ လွင့်လာခဲ့ကြောင်း တွေ့လိုက်ကြရသည်။

“တဟုန်က ကုရှောင်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး”

ချင်မူက ပြိုင်ဘက်ကင်းသော နတ်ဘုရားမျက်လုံးများဖြင့် သတ္ထုတွင်းထဲက မြင်ကွင်းကို မြင်နေရသည်။ တဟုန်မှာ ဒဏ်ရာရထား၏။ ကုရှောင်နှင့်ယှဉ်လျှင် သူက မိစ္ဆာမျိုးနွယ်ခန္ဓာကိုယ်ကြောင့် အနည်းငယ် အားနည်းချေသည်။

၎င်းသည် အင်အားကြီးမားလှသော ပထမဆုံးမိစ္ဆာဖြစ်သော်လည်း မဟာတာအို ထောက်ပံ့ပေနေသော ကုရှောင်၏ ဧကရာဇ်ဓားနှင့် ယှဉ်ပါက စီးချင်းထိုးရာ၌ များစွာ အရေးနိမ့်စေသည်။

ကုရှောင်၏ဓားသည် ဓားဟု ခေါ်၍မရသော မဟာတာအိုလက်နက်တစ်မျိုး ဖြစ်၏။ ဓားလှုပ်ရှားသွားတိုင်း ရှေးဟောင်းနတ်ဘုရား ၂၀၀၀ နီးပါးက သူ့အနောက်၌ အစီအရီ ရပ်လျက် ဖွဲ့တည်သွားတတ်သည်။ သူတို့ထဲတွင် မြေအောက်ဘုံအရှင်သခင်နှင့် အမိကမ္ဘာမြေကဲ့သို့ အံ့မခန်းပုဂ္ဂိုလ်များပင် ပါရှိချေသည်။

“ငါ မင်းကို ရှာနေခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး... မင်း အသက်ရှင်နေသရွေ့ ငါ စိတ်အေးလက်အေး နေနိုင်မှာမဟုတ်ဘူး”

ကုရှောင်သည်‌ အေးအေးလူလူပြောနေသည့်တိုင် သူ၏ဓားရောင်ကား အသည်းတုန်ဖွယ် ကောင်းနေသည်။ တဟုန်က ‌တောင်ပံဖြန့်၍ လေပေါ်ပျံတက်လိုက်ရင်း ခပ်ပြတ်ပြတ် ပြောသည်။ “မင်းကို မျှားထုတ်ဖို့ ဘိုးဘေးနန်းတော်ရဲ့ တည်နေရာကိုတောင် ထုတ်ပြပြီး ကောင်းကင်နတ်အရှင်မူနဲ့ အပေးအယူ လုပ်နိုင်တယ်... ကျန်တဲ့ဖန်ဆင်းရှင်တွေကို ရှာချင်တဲ့စိတ်ကိုလည်း မြိုသိပ်ထားနိုင်တယ်... ငါ့ပန်းတိုင်က ဒီနေရာ၊ ကုန်းယွင်ရဲ့ အရှေ့မှာ မင်းကို အရှက်ခွဲပြီး သတ်ပစ်ဖို့ပဲ”

“မင်းက ငါ့ကို တကယ် အနိုင်ယူနိုင်မယ်ထင်လား”

တဟုန်က တဟားဟား ရယ်သည်။ ရုတ်တရက် ကောင်းကင်သည် အတိုင်းထက်အလွန် လင်းထိန်သွားပြီး ဧရာမကြီးမားသော ဟင်းလင်းပြင်သားရဲမိခင်ကြီးက ဟင်းလင်းပြင်အလွှာအထပ်ထပ်ကြားမှ တိုးထွက်လာသည်။ ၎င်း၏မျက်လုံးက နေလုံးကြီးများသဖွယ် တောက်ပနေ၏။

“နောက်ပိုင်းမျိုးဆက်တွေက မြင်ယောင်ဖန်ဆင်းခြင်း တာအိုကို ခေတ်နောက်ကျနေပြီလို့ မြင်ကြတယ်... ကောင်းကင်နတ်ဧကရာဇ်၊ ငါ့ရဲ့ ဒီခန္ဓာကိုယ်က မင်းရဲ့ ပြိုင်ဘက် မဟုတ်လို့ မင်းခန္ဓာကိုယ်ထဲက‌နေ မင်း ထုတ်သုံးနေတဲ့ ဘယ်တာအိုကိုမှ မနိုင်မှန်း ငါ သိတယ်... ဒါမဲ့ ဘိုးဘေးနန်းတော်မှာတော့ မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး”

တဟုန်၏အသံက သတ္ထုတွင်းထဲမှ ပျံ့လွင့်လာသည်။ ဟင်းလင်းပြင်သားရဲမိခင်ကြီးသည် ဟင်းလင်းပြင်အပြင်သို့ တိုးထွက်လာပြီး သေးငယ်သထက် သေးငယ်လာနေသော ခန္ဓာကိုယ်ဖြင့် သတ္ထုတွင်းဆီ ပြေးဝင်သွား၏။

မနှိုင်းသာအောင် အင်အားကြီးမားသည့် ဟင်းလင်းပြင်မိခင်ကြီးက ခန္ဓာကိုယ်ကို ချုံ့နေချေသည်။ ဟင်းလင်းပြင်သားရဲများသည် အရွယ်အစားကို စိတ်ကြိုက်ပြောင်းလဲနိုင်ကြ၏။ နေနှင့် လများကို ဝါးမြိုနိုင်သလို၊ မုန်ညင်းစေ့အရွယ်အထိလည်း သေးငယ်နိုင်ကြသည်။

ဟင်းလင်းပြင်မိခင်ကြီးကား အင်အားကြီးမားလွန်းသောကြောင့် မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတွင်း၏ စွမ်းအားကို လျစ်လျူရှုလျက် အတွင်းထဲသို့ တိုက်ရိုက်ပြေးဝင်သွားချေပြီ။

“အင်အားအကြီးဆုံး ဟင်းလင်းပြင်သားရဲမိခင်ကြီးက အင်အားအကြီးဆုံး ဖန်ဆင်းရှင်ဆီမှာ အညံ့ခံတယ်... ဒီက ဟင်းလင်းပြင်သားရဲတွေက သူ့ရဲ့ မျိုးဆက်တွေပဲ”

တဟုန်၏အသံတွင် ဝမ်းမြောက်ကျေနပ်မှုနှင့် လှောင်ပြောင်သရော်နေမှုတို့ ရောယှက်နေသည်။ “ထိုက်ချူ၊ ဒါကြောင့် ငါ မင်းကို ဒီမှာ တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာ”

All Chapters