ကြောက်စရာ ကောင်းသော အတွေး
Vol. 009 Ch. 883
ယွီကလန်ကား နွေဦးပြည်နယ် အတွင်းတွင်ရှိသော တော်ဝင်မြေ လေးခုထဲမှ တစ်ခုဖြစ်ပေသည်။ သူတို့ကား သမိုင်းရှည်ကြာစွာ တည်ရှိခဲ့သော မိသားစုဖြစ်ကာ အင်အား ကြီးမားပေသည်။ သူတို့က ရှားကလန်ကဲ့သို့ အင်အားကြီးမားခြင်း မရှိသော်လည်း ပြည်နယ်ကိုးခုတွင် သူတို့၏အင်အားက ထိပ်သီး ဆယ်နေရာ အတွင်းသို့ ဝင်ပေသည်။
ဤသို့သော မိသားစုက စေ့စပ်ကြောင်းလမ်းခြင်းကို လမ်းခင်း လာသည်တွင် နောက်ကွယ်တွင် များစွာသော အဓိပ္ပာယ်များ ပါဝင်နေပေသည်။ ယွီကလန်၏ လူငယ်မျိုးဆက် တစ်ယောက်က မည်သို့ တော်ဝင်ကျဲနန်းတော် သခင်ထံတွင် လာရောက် သင်ယူရမည်နည်း။ သူတို့ ရည်ရွယ်ချက်က ထင်ရှားပေသည်။
သို့သော်လည်း သူတို့ အဆင့်အတန်းဖြင့် ရီဖူရှင်းအား တိုက်ရိုက် ပြောစရာမလိုပေ။ ရီဖူရှင်းသာ လိုလားပါက ရှေ့ဆက် တိုးနိုင်ရန် သူတို့က လမ်းဖွင့်ပေးခြင်းသာ ဖြစ်သည်။
ရီဖူရှင်းနောက်တွင် ဝမ်ရှင်း၊ ဓားမိစ္ဆာနှင့် တခြားလူများကလည်း အချင်းချင်းကြည့်ကာ အတွေးများ ခေါင်းထဲ ပြေးလွှား နေကြသည်။ သိသာစွာပင် ယွီကလန်က ရီဖူရှင်း၏ ပါရမီကို သတိထားမိကာ ရင်းနှီးသော ပတ်သက်မှု တစ်ခုအား တည်ဆောက် လိုကြသည်။ ယွီကလန်၏ သမီးတစ်ယောက်ကသာ ရီဖူရှင်း၏မိန်းမ ဖြစ်လာပါက နှစ်ဖက်အင်အားစုမှာ ပိုမို၍ နီးကပ် လာကြပေမည်။
ထို့ကြောင့် ယွီကလန်မှာ ရီဖူရှင်းတွင် ဇနီးရှိကြောင်း သိရပေမည်။ ထို့ကြောင့် လက်ထပ်မှုကလည်း ကိုယ်လုပ်တော် အဆင့်သာ ဖြစ်ရပေမည်။ ထို့ကြောင့် ယွီလင်းရှောင်မှာ ကလန်အတွင်း၌ အလွန် အရေးပါသော နေရာ၌ ရှိမနေဟု ဆိုလိုနိုင်ပေသည်။ မည်သို့ဆိုစေ ယွီကလန်ကား ထောင်ပေါင်း များစွာသော သမိုင်းကို ပိုင်ဆိုင်သော အင်အားကြီးကလန် ဖြစ်ပေသည်။
သို့တိုင်အောင် တော်ဝင်ကျဲ နန်းတော်ကား လတ်တလော ပြည်နယ်ကိုးခုတွင် နာမည်ကျော်ကြား လာသည့်တိုင် ယွီကလန်နှင့် နှိုင်းယှဉ်ပါက သိပ်အရေးပါခြင်း မရှိသေးပေ။
ပုံမှန်အားဖြင့် ရီဖူရှင်းကလည်း ယွီကျင့်လျူ၏ သဘောထားကို နားလည်ပေသည်။ သူက ယွီလင်းရှောင်ကို ကြည့်သည်။ ယွီလင်းရှောင်ကား အမှန်ပင် လှပေချောမော ပေသည်။ သူမ၏ မျက်လုံးများထဲ ရှက်ရွံ့ဟန်များအား သူသတိထားမိရာ သူမမှာ ကြောင်းလမ်းခြင်းကို သိထားပြီး ဖြစ်ဟန်ရသည်။
အမှန်တကယ်အားဖြင့် ယွီလင်းရှောင်မှာ မူလက ကြောင်းလမ်းခြင်းကို သဘောတူခဲ့သည် မဟုတ်ပေ။ သူမက ကလန်အတွင်း၌ အကောင်းဆုံးသော ပါရမီကို မပိုင်ဆိုင်သည့်တိုင် သူမကား လူငယ် မျိုးဆက်ထဲတွင် ထိပ်သီး သုံးယောက်ထဲ၌ ပါဝင်ပေသည်။ ထို့ကြောင့် သူမမှာလည်း ကိုယ်ပိုင်မာန ရှိသည်။ သူမက သာမန်ဇနီးမယား ဖြစ်ရမည် ဆိုပါလျှင် သိပ်ဂရုစိုက်မည် မဟုတ်ပေ။ မည်သို့ဆိုစေ ရီဖူရှင်းကား ပြည်နယ်ကိုးခုကို လျှမ်းလျှမ်းတောက် ကျော်ကြားသော လူငယ်ခေါင်းဆောင် တစ်ယောက် မဟုတ်ပါလား။
သို့သော်လည်း ကလန်အတွင်း၌ ရီဖူရှင်းကို မြင်ဖူးသူများမှာ ရီဖူရှင်းကား အနာဂတ်တွင် ပြိုင်ဘက်ကင်း ဖြစ်လာကာ တော်ဝင်မြေများအား အုပ်စိုးမည့်သူဟု အားလုံးက တစ်ပေးကြသည်။ ထို့အပြင် သူကား အလွန်ချောမောကာ ငယ်ရွယ်၏။ သူမက ထိုအကြောင်းများကို ပြန်တွေးလျှင် သိပ်ငြင်းဆန်ခြင်း မရှိတော့ပေ။ ပြည်နယ်ကိုးခု၌ များစွာသော ပုဂ္ဂိုလ်ကြီးများမှာ မိန်းမနှင့် ကိုယ်လုပ်တော် အများအပြား ရှိကြပေသည်။ အချို့ ကိုယ်လုပ်တော်များမှာ အလွန်တရာ နာမည်ကျော်ကြားပြီး စွမ်းအား ကြီးမားသော သူများပင် ဖြစ်ကြ၏။
ယခု သူမက ရီဖူရှင်းအား ကိုယ်တိုင်မြင်ရပြီ ဖြစ်သည်။ သူကား အမှန်ပင် လူကြီး လူကောင်းဆန်ကာ ထူးခြားသော ဟန်ပင် ရှိသူဖြစ်၏။ ထို့ကြောင့် ရီဖူရှင်းအပေါ် ငြင်းဆန်သော စိတ်များ ပျက်ပြယ်သွားရကာ စိတ်ဝင်စား လာခဲ့သည်။ ထိုအခိုက်တွင် အခန်းက တိတ်ဆိတ်သွားကာ အားလုံးကလည်း တစ်စုံတစ်ခုကို စောင့်နေကြသည်။ ရီဖူရှင်းကလည်း မည်သို့ ပြန်ပြောရမည်ကို တွေးနေသည်။
“ယွီကလန်က သမိုင်းရှည်ကြာတဲ့ တော်ဝင်မြေတစ်ခုပဲ… သူတို့ရဲ့ ချုပ်နှောင်ခြင်း ပညာက နာမည် ကျော်ကြားတယ်… ကျုပ်ဆီက ဘယ်လိုလုပ် သင်ယူမှာလဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူ၏လေသံနှင့် စကားကို ကြားသူများမှာ မသက်မသာ ခံစားကြရသည်။ ယွီကလန်မှ လူများမှာ အနည်းငယ် အံ့အားသင့် သွားကြသည်။ ရီဖူရှင်းက ဆက်ပြောသည်… “တကယ်လို့ မိန်းကလေးယွီက ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး နားမလည်တာ ရှိရင်တော့ သေချာတာပေါ့ ... ကျုပ်က ဝမ်းသာအားရပဲ သိသလောက် ပြောပြပေးပါ့မယ် ... ဒါပေမဲ့ ကျုပ်က ဒီကကိစ္စတွေ ပြီးသွားရင် မြေရိုင်းပြည်နယ်ကို ပြန်စရာရှိသေးတယ်…” ရီဖူရှင်း၏ စကားများမှာ ရိုးရှင်းကာ ယဉ်ကျေးပေသည်။ သူက ငြင်းပယ်ခြင်း ဖြစ်သည့်တိုင် ကောင်းမွန်စွာ ငြင်းပယ် နိုင်ပေသည်။
ယွီကျင့်လျူ၏ မျက်လုံးများမူကား ပြုံးနေပေသည်။ သူ၏ခေါင်းထဲ ဘာရှိသည်ကို မည်သူမှ မသိပေ။ အမှန် တကယ်အားဖြင့် သူကလည်း ရီဖူရှင်းငြင်းသည်ကို နားလည် ပေသည်။
ရီဖူရှင်းပြောသည်ကို ယွီလင်းရှောင် ကြားသောအခါ သူမက စိတ်ပျက်မှုကို ခံစားရသည်။ ရီဖူရှင်းက သူမအား ငြင်းပယ်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း ထိုငြင်းပယ်မှုမျှဖြင့် သူမကား အားငယ် ဝမ်းနည်းခြင်းများ မဖြစ်ခဲ့ပေ။ သူမတို့ကား ယခုမှသာ တွေ့ဆုံဖူးခြင်း ဖြစ်ပြီး သည်မတိုင်မီကလည်း သူမကိုယ်တိုင် သည်ကိစ္စကို သဘောတူခဲ့သည် မဟုတ်ပေ။ ရီဖူရှင်းက မည်သို့ အလွယ်တကူ သဘောတူ မည်နည်း။
ထိုအရာက ပုံမှန်ဖြစ်ပေမည်။ မြေရိုင်းပြည်နယ်၏ ခေါင်းဆောင် တစ်ယောက် အနေဖြင့် သူ့အတွက် မိန်းမလှတစ်ယောက် အပေါ်တွင် သာယာမည် မဟုတ်သည်မှာ သေချာသည်။ ရီဖူရှင်း၏ပါရမီ၊ အသက်အရွယ်နှင့် ရုပ်ရည်တို့ဖြင့် ဆိုပါက သူကား အလိုရှိသည့် မိန်းမလှကို ရနိုင်ပေသည်။
“ကျင့်ကြံခြင်း လမ်းစဉ်တွေမှာ ကိုယ်ပိုင်အားသာချက် ရှိကြတယ်… နန်းတော်သခင်ရီက တစ်ယောက်တည်းနဲ့ တော်ဝင်မြေလေးခုက ပါရမီရ၏ ရှင်တွေကို အနိုင်ယူခဲ့တယ်… ပုံမှန်အားဖြင့် ကျွန်မက နန်းတော်သခင်ရီဆီမှာ အများကြီး သင်လို့ရတယ်…” ထိုအချိန်တွင် ယွီလင်းရှောင်က ပြုံးလျက်ပြောသည်… “မြေရိုင်းပြည်နယ်က နွေဦးပြည်နယ်နဲ့ အလှမ်းကွာဝေးတယ်… တကယ်လို့ အနာဂတ်မှာ အခွင့်အရေးရှိလို့ လာလည်တဲ့အခါ နန်းတော်သခင်ရီက ရှောင်မနေဖို့ မျှော်လင့်ပါတယ်...”
ယွီလင်းရှောင်က စိတ်ထဲထားဟန် မရပေ။ သူမ၏အပြုံးမှာကား ပိုမို၍ပင် ဆွဲငင်အား ကောင်းပေသည်။ ယွီလင်းရှောင်၏ စကားကို ကြားသည်တွင် ယွီကျင့်လျူမှာ တိတ်ဆိတ်စွာ ရပ်နေရင်းက ပြုံးလိုက်သည်။ ယွီလင်းရှောင်မှာ ရုပ်ရည်သာရှိသော မိန်းကလေး တစ်ယောက် ဆိုပါက သူက ခေါ်လာမည်ပင် မဟုတ်ပေ။
“မိန်းကလေး လင်းရှောင်က နန်းတော်ကို လာလည်ရင် ကျုပ်က ကိုယ်တိုင် ဧည့်ခံရမှာပေါ့…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ကြည့်ရတာ လူငယ်တွေမှာပဲ ပြောစရာ စကား အများကြီး ရှိတယ်…” ယွီကျင့်လျူက ပြုံးလျက် ရီဖူရှင်းအား ပြောသည်… “ကျုပ်က အချိန် သိပ်မယူတော့ပါဘူး… နန်းတော်သခင်ရီက ကျုပ်တို့ကလန်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်…”
“သေချာတာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“နှုတ်ဆက်ပါတယ်…” ယွီကျင့်လျူက လက်နှစ်ဖက်ကို ဆုပ်ကာ ပြောပြီး ထွက်သွားသည်။
ယွီကလန် ထွက်သွားသည်တွင် အားလုံး၏အာရုံက ရီဖူရှင်းထံကို ရောက်လာသည်။ စုရှမ်းက မသက်မသာ ပြုံးကာ ပြောသည်… “ခံစားချက်တွေ မတိုက်ဆိုင်တာ စိတ်မကောင်းစရာပဲ…”
ရီဖူရှင်းက စုရှမ်းအား ကြည့်ကာ ပြောသည်… “ကျုပ်တို့က အခုမှ တွေ့ကြတာ.. ဘာခံစားချက် တိုက်ဆိုင်ရမလဲ…”
“ဘယ်လိုပြောပြော ယွီကလန် ကြောင်းလမ်းတဲ့အချိန်က ကျုပ်တို့အတွက် အရမ်းအကျိုး ရှိနေတယ်…” ဓားမိစ္ဆာက ပြောသည်။ လက်ရှိ သူတို့က တော်ဝင်စစ်ပွဲထဲတွင် ဖြစ်ရာ ယွီကလန်ဖြင့်သာ ကြောင်းလမ်း စေ့စပ်နိုင်ပါက အလွန်တရာ အထောက်အကူ ဖြစ်ပေမည်။ သူတို့က ရီဖူရှင်းအား ကာကွယ်ပေးနိုင်ကာ တော်ဝင်လမ်းသို့အထိ ရောက်အောင် တွန်းပေး နိုင်ပေသည်။
“ဒီလောက်ကောင်းတဲ့ ကိစ္စကို မင်းမို့ ငြင်းတယ်…” စုရှမ်းကလည်း ပခုံးတွန့်သည်။ မိန်းမလှ တစ်ယောက်အား ကိုယ်လုပ်တော်အဖြစ် ရရှိမည့် အခွင့်အရေးမှာ သေးငယ်သည်တော့ မဟုတ်ပေ။ မည်သို့ပုံစံဖြင့် ကြည့်ပါစေ ထိုကိစ္စမှာ ကောင်းမွန် ပေသည်။ သို့သော်လည်း ရီဖူရှင်းကား ပုဂ္ဂိုလ်ရေးနှင့် တခြားအရေးကိစ္စများကို သီးသန့် ခွဲထားနိုင်သူ ဖြစ်သည်။
“နင် ဘာလို့ လက်မခံလိုက်တာလဲ…” ထိုအခိုက်တွင် အသံတစ်သံ အနောက်မှ ရောက်လာသည်။ ချက်ချင်းပင် အားလုံးမှာ တိတ်ဆိတ် သွားရ၏။ အားလုံးက လှည့်ကြည့် ကြသည်တွင် လှပသော မိန်းကလေး တစ်ယောက် ရောက်လာသည်ကို မြင်ကြရသည်။ ဤတွင် အားလုံးမှာ အချင်းချင်း ကြည့်လိုက်ကြပြီး အခန်းထဲမှ ထွက်သွား ကြတော့သည်။
ဟွာဂျီယူက ရီဖူရှင်းထံကို လျှောက်လာကာ သူ့အား ကြည့်သည်။
သည်မတိုင်ခင်က လိပ်ပြာလေးအား ရီဖူရှင်းနှင့် စပ်ပေးရန် ကြံစည်စဉ်ကလည်း ရီဖူရှင်းက စိတ်ဝင်စားဟန် မရရာ သူမက လက်လျှော့ခဲ့သည်။ ယခု ယွီကလန်က ထိုမျှကောင်းသော အစီအစဉ်ဖြင့် လာရောက် ကြောင်းလမ်းသည်ကို ရီဖူရှင်းက ငြင်းပယ် လိုက်ပြန်သည်။ သူမက လေးနက်စွာ ဆွေးနွေးရန် လိုလားသည်ဟု ထင်သည်။
“ကျောက်ပြည်ထောင် ဘုရင်ရဲ့ သဘောထားနဲ့ဆို သူက အားလုံးကို မဆုံးရှုံးခြင်ဘူး… မဟုတ်ရင် သူက အဲဒီနေ့ကတည်းက လုပ်ပြီးပြီ … အခု ရှားကလန်က ကြားဝင်ညှိပေးမယ် ဆိုတော့ ကျောက်ပြည်ထောင် ဘုရင်ရဲ့တောင်းဆိုမှုက အရမ်းလွန်ကဲမှာ မဟုတ်ဘူး… ငါက သဘောတူတိုင်တဲ့ အခြေအနေတွေကို သဘောတူပေးလို့ ရတယ်…” ရီဖူရှင်းက ပြောသည်… “ဒါက တော်ဝင်စစ်ပွဲပဲ… ယွီကလန်နဲ့ စေ့စပ်ကြောင်းလမ်း ခဲ့ရင်တောင် သူတို့က တော်ဝင်စစ်ပွဲကို ဝင်ရောက် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး…”
“ဒါပေမဲ့…” ဟွာဂျီယူက တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ရီဖူရှင်းက သူမအား ပါးစပ်အား ပိတ်လိုက်ကာ ပြောသည်… “မင်းက ငါ့ကို ရည်းစားနဲ့ ကိုယ်လုပ်တော်တွေ ထားခွင့်ပြုလိုက်တာ… ဟုတ်တယ်မလား ... နောက်တမရနဲ့…”
ဟွာဂျီယူက ရီဖူရှင်း၏ ခြေထောက်ကို နင်းလိုက်သည်။ သည်အကောင်ကား ယခုတွင်ပင် စနောက် နေနိုင်သေးသည်။
“သို့သော်လည်း ယွီကလန် ရောက်လာတာက ငါ့ကို သတိရစေတယ်… တော်ဝင်မြေတွေ အကုန်လုံးက အခု နတ္တိမြို့ကို ရောက်လာကြတယ်… ဒီအခွင့်အရေးကို ယူပြီး သူတို့ဆီ သွားလည်ကြမယ် … ဂျီယူ.. ငါနဲ့လိုက်ခဲ့ပါ…” ရီဖူရှင်းက ပြောသည်တွင် ဟွာဂျီယူက ခေါင်းညိတ်သည်။
နောက်တစ်နေ့တွင် ရီဖူရှင်းနှင့် ဟွာဂျီယူက တော်ဝင်ကျဲ နန်းတော်မှ လူများကို ခေါ်ကာ ယွီကလန် အိမ်တော်ဘက်သို့ ထွက်လာခဲ့သည်။ ယွီကလန်မှ ရှန့်ထိုက ကိုယ်တိုင်ပင် ဧည့်ခံကာ စားပွဲတစ်ခု ပြုလုပ်သည်။ ယွီလင်းရှောင်လည်း တက်ရောက် ပေသည်။ ရီဖူရှင်းဘေးမှ ဟွာဂျီယူကို မြင်သောအခါ ရီဖူရှင်းက အဘယ်ကြောင့် သဘောမတူသည်ကို သူမက နားလည် လိုက်သည်။ သူမက ချောမောလှပသူ ဖြစ်သော်လည်း ရီဖူရှင်းနှင့် ဟွာဂျီယူတို့ အတူတူ ထိုင်လျှင် သူတို့ကား ကောင်းကင်ဘုံမှ တွဲစပ်ပေးသော စုံတွဲဟု ထင်မှတ် ရပေသည်။
ရီဖူရှင်းက ယွီလင်းရှောင်နှင့် ပတ်သက်သော ကိစ္စရပ်များအား ပြောကြားခြင်း မပြုပေ။ သူက ကလန်မှ အကြီးအကဲများအား လေးစားစွာ လာရောက် တွေ့ဆုံခြင်းသာ ဖြစ်ကြောင်း သူ၏ အပြုအမူများက သိသာစေသည်။ သို့သော်လည်း ရီဖူရှင်း၏အပြုအမူနှင့် စိတ်နေ သဘောထားမှာ ယွီကလန် အကြီးအကဲများ၏ သဘောကျ နှစ်ခြိုက်မှုကို ရရှိပေသည်။
ယွီကလန်မှ ထွက်လာပြီးနောက် ရီဖူရှင်းက ကောင်းကင် ရှန့်ထိုထံသို့ သွားရောက် တွေ့ဆုံသည်။ တော်ဝင်မြေများ တည်နေရာ အားလုံးကို သူစုံစမ်းထားပြီး ဖြစ်သည်။ သည်တစ်ကြိမ် ကောင်းကင်ရှန့်ထိုက သူ၏တပည့် ဟန်ယွီနှင့်အတူ ရောက်လာသည်။ ပြည်နယ်ကိုးခု ညီလာခံ၌ ကောင်းကင် ရှန့်ထိုအပေါ် ရီဖူရှင်က ကောင်းမွန်သော အမြင်များ ရှိခဲ့သည်။ ကောင်းကင် ရှန့်ထိုအား သွားလည်ပတ် ပြီးနောက် သူက မှန်နန်းတော် သခင်မထံကို သွားလည်ပတ်ရန် ဆုံးဖြတ်သည်။
ထို့နောက် ညနေပိုင်းမှသာ ရီဖူရှင်းက ဟွာဂျီယူနှင့် သူ၏နေရာကို ပြန်ရောက် လာခဲ့တော့သည်။
“ကောလာဟလတွေအရ သူငယ်တုန်းက ကျောက်ပြည်ထောင်ဘုရင်ရဲ့ စွဲလမ်း နှစ်ခြိုက်မှုကို ရခဲ့တယ်… ဒါက မှန်လား မှားလားတော့ မသိဘူး…” ရီဖူရှင်းက တီးတိုးပြောသည်။
“အဲဒါ အမှန်ပဲလေ… သူ့လို မိန်းမလှကို အရှေ့ဘက် ပြည်နယ်က လူတွေက သေချာပေါက် ကြိုက်နှစ်သက်မှာ သေချာတယ်…” ဟွာဂျီယူက ပြောသည်… “ဒီနေ့ထက် ထိတောင် သူမက မိန်းကလေးငယ် တစ်ယောက်နဲ့ ထူးမခြားနားဘူး…”
“မင်း မြန်မြန် လေ့ကျင့်… မကြာခင် မင်းလည်း မှန်နန်းတော် သခင်မလို ဖြစ်လာလိမ့်မယ်…” ရီဖူရှင်းက ပြုံးသည်။
“ဘယ်သူက ပိုကြည့်ကောင်းလဲ... ငါလား... သူလား…” ဟွာဂျီယူက ပြုံးလျက် ပြောသည်။
“မှန်နန်းတော်သခင်မက အရှေ့ဘက် ပြည်နယ်ရဲ့ နံပါတ်တစ် မိန်းမလှပဲ… ဒါပေမဲ့ ပြည်နယ်ကိုးခုလုံး မှာတောင် သူမလို နောက်တစ်ယောက် ရှာတွေ့ဖို့ခက်တယ်…” ရီဖူရှင်းက ပြောသည်… “ဒါပေမဲ့ လက်ရှိ ငါ့ဘေးမှာ ရှိနေတဲ့ တစ်ယောက်ကို ထည့်မတွက်ရင်ပေါ့…”
ဟွာဂျီယူက ပြုံးလိုက်ကာ ရီဖူရှင်း၏ နားထဲနှင့်ကပ်လျက် တီးတိုးပြောသည်… “တကယ်လို့ နင်က မှန်နန်းတော် သခင်မကို ရရင် ကျောက်ပြည်ထောင် ဘုရင်က အသည်းကွဲမှာ သေချာတယ်…”
ရီဖူရှင်က ဟွာဂျီယူအား ထိတ်လန့်စွာ ကြည့်သည်။ သည်မိန်းကလေးကား တစ်နေ့တခြား အတင့်ရဲလာသည်။ အကယ်၍ မှန်နန်းတော် သခင်မသာ ထိုစကားကို ကြားပါက သူတို့ နှစ်ယောက်လုံးအား အသေရိုက်သတ် ပေလိမ့်မည်။
ရီဖူရှင်းက မျက်လုံး ပြူးသွားပြီးမှ လေးနက်စွာ ပြောသည်.. “ဒါက အကြံကောင်းပဲ…”
“သွားသေလိုက်ပါလား…”
***