လျန်ရူရွှယ်၏အတွေးများ
Vol. 68 Ch. 1006
“ ဥက္ကဌကျောက်လည်း ဒီရောက်နေတာကိုး…”
ရှန်းရှူရီ မှန်ပြတင်းချ၍ တုံ့ပြန်ပြောဆိုလိုက်၏။ သူမ ကားအပြင်ထွက်၍ နှုတ်ဆက်ရန်တော့ ရည်ရွယ်ချက် မရှိချေ။
“ ကျုပ်လည်း ခုလေးတင် ဝန်ထမ်းတွေနဲ့ အစည်းအဝေး လုပ်ပြီးလို့ပါဗျာ….” ကျောက်ဟိန်တုန်း ပြောလိုက်ပြီး “ ကျုပ် ဥက္ကဌရှန်းတို့ဖို့ နေရာတစ်ခုလုံး ရှင်းလိုက်ပါ့မယ်နော….”
“ အဲ့လောက်ထိ အလုပ်ရှုပ်ခံမနေပါနဲ့ ဥက္ကဌကျောက်ရယ်… ဒီတိုင်း ရေနွေး ရေချိုးခန်းကိုပဲ နေရာလုပ်ပေးလိုက်ရင် အဆင်ပြေပြီ…”
“ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ …. ကျုပ် အခုပဲ သွားစီစဉ်လိုက်ပါ့မယ်….”
ကျောက်ဟိန်တုန်း ဒရိုင်ဘာကို ရှန်းရှူရီကားသွားဖို့ရန်အတွက် အလျင် အမြန် လမ်းဖယ်ပေးဖို့ရာ ညွှန်ကြားလိုက်လေသည်။
ယခုလို ပေါ်ထွက်လာမှုမျိုး တစ်ခုတည်း သပ်သပ်ကပင် လင်းရီမှာ ရှန်းရှူရီထက် ဝေးကွာနေဆဲဆိုတာကို မြင်သာနိုင်ပေသည်။
သုံးယောက်သား ရွှေကော်ထန်ချွမ်ထဲ ဝင်ရောက်လိုက်ကြပြီး ရေပူစမ်းထဲ ခေတ္တ စိမ်လိုက်ကြကာ ရေနွေးရေချိုးခန်းထဲသို့ ဦးတည်လိုက်ကြ၏။
သူမတို့ အဲ့ဒီကို ရောက်သွားတော့ ဒါဇင်ချီသော သစ်သီးပန်းကန်ပြားများ၊ လက်ဖက်ရည်ကြမ်းများနှင့် အဖျော်ယမကာတို့ မျိုးစုံ ချထားပေးကြောင်း လျန်ရူရွှယ် မြင်တွေ့လိုက်ရသည်။ ကျောက်ဟိန်တုန်းမှ အမြော်အမြင်ကြီးစွာဖြင့် ထိုပစ္စည်းများ စီစဉ်ထားပေးခြင်း ဖြစ်လေသည်။
သူတို့ စားပွဲနားရောက်တော့ လျန်ရူရွှယ် လက်ဖက်ရည်ကြမ်း နှစ်ခွက်ငဲ့၍ ချင်ရင်ယွဲ့ထံ ကမ်းပေးလိုက်၏။
“ အန်တီချင်…. ရေနွေးကြမ်း သုံးဆောင်ပါဦးရှင့်….”
“ အချိန်တွေ ကုန်လာလိုက်တာ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ရူရွှယ်လေးတောင် အပျိုကြီးဖားဖား ဖြစ်နေပါရောလား….” ချင်ရင်ယွဲ့ ခံစားချက် ပါသည့် လေသံ ဖြင့် ပြောဆိုလိုက်ပြီး “ ငယ်ငယ်တုန်းက တို့တွေ သားရေး သမီးရေး သဘောတူခဲ့ကြတာတောင် မှတ်မိပါသေးတယ်….”
လျန်ရူရွှယ် မျက်နှာ ရဲပတောင်းခတ်သွားခဲ့တော့၏။ သူမ ကံတရား၏ မာယာကိုလည်း တိတ်တဆိတ်ကျိတ်၍ မြည်တမ်းနေမိသည်။ အကယ်၍ ကျီချင်းရန်သာ မရှိခဲ့ဘူးဆိုပါက သူမနှင့် လင်းရီတို့မှာ အတူနေနှင့်ပြီး မဟုတ်ပေလော။
ယခုတော့ သူမတို့နှစ်ဦး၏ ဆက်ဆံရေးက မရေမရာနှင့် သို့လော သို့လော ဖြစ်နေပြီး မည်သူကမျှလည်း မရှင်းပြနိုင်ချေ။
“ အမှန်ပဲ… နှစ်တွေအများကြီး ကုန်သွားခဲ့တာ မျက်တောင် တစ်ခတ်အလားပဲ… သူတို့ကတော့ ဒီအသက်အရွယ်ရောက်လာကြပြီ…. ငါတို့ကျတော့ ဖြည်းဖြည်းချင်း အိုသွားခဲ့ကြပြီ….” ရှန်းရှူရီ သက်ပြင်းချလိုက်သည်။ “ နင်ရော…. ဘယ်လိုလဲ…. နင် အဲ့ဒီတုန်းက ညတွင်းချင်း ပျောက်သွားခဲ့တာ ဒီနှစ်တွေထဲ ဘယ်ရောက်နေခဲ့တာ…. လင်းကျင်ကျန့်နဲ့ အတူရှိနေတာလား….”
ချင်ရင်ယွဲ့ ခါးသီးစွာ ပြုံးလိုက်ပြီး “ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ… သူ့လိုမျိုး ပင်လယ်လေးစင်းကို သူ့အိမ်သူ့ယာလို့ သတ်မှတ်ထားတဲ့ လူက ဘယ်လိုလုပ်ပြီး အေးအေးချမ်းချမ်း နေနိုင်မှာလဲဟယ်… ဒါကြောင့်မို့ ငါနင့်ကို တစ်ခါတစ်လေကျတော့လည်း မနာလို ဖြစ်မိတာပေါ့… ချွင်ရှောင်က ရိုးကုပ်ပြီး တာဝန်ကျေတယ်… ကျင်ကျန့်ကကျ ထက်မြက်ပေမယ့် မိုက်ရူးရဲဆန်တယ်… သူကကျ နင့်အပေါ် အချိန်တွေကော လူကော ရင်းနှီးမြုပ်နှံပေးထားတာ ဘယ်လောက်ကောင်းထားလိုက်လဲ….”
“ နင်ကသာ ပြောနေတာ တကယ်လို့ နောက်တစ်ကြိမ် ရွေးချယ်ခွင့်ရှိရင်တောင် နင် သူ့ကိုပဲ ရွေးချယ်မှာမလား….. သူ့ရဲ့ ဆွဲဆောင်မှုက ရုန်းကန်ဖို့ အရမ်းခက်ခဲတယ်ကိုး…” ရှန်းရှူရီ ပြောလိုက်ပြီး “ ဒါပေမယ့် သူ ဒီနှစ်တွေထဲ ဘယ်ရောက်နေလဲဆိုတာ ငါတကယ် သိချင်တာ…. ကမ္ဘာကြီးက ကြီးပဲကြီးတာ…. လည်ပတ်ဖို့ ထိုက်တန်တဲ့ နေရာလည်း သိပ်မရှိပါဘူး…”
“သူက နင်ထင်သလောက်လည်း လျှို့ဝှက်ဆန်းကြယ် မနေပါဘူးဟယ်… ဒီတိုင်း ကမ္ဘာပတ်နေတာ… ငါ တွေ့ချင်တဲ့ အချိန်ကျရင် သူငါ့ဆီလာတယ်… ဒါမှမဟုတ် ငါက သူ့ဆီ သွားတွေ့တယ်…. သူက အထိန်းအကွပ်မဲ့တဲ့ လူတစ်ယောက်ဆိုပေမယ့် သူ့သားနဲ့ ဇနီးကိုတော့ ပစ်မထားပါဘူး… ငါတောင် သူနဲ့ ထူးထူးဆန်းဆန်း စီစဉ်ပြီး တွေ့ဆုံရတာလေးတွေတောင် တော်တော်လေး သဘောခွေ့လာပြီ…”
“ ဟမ့် … အစကတော့ နင်ပြောတော့ ဒီလိုဘဝမျိုးကို မနှစ်သက်ပါဘူးဆို…. နင်က ရိုးသားတဲ့ လူရှာပြီး တည်ငြိမ်တဲ့ ဘဝမှာပဲ နေချင်ပါသဘိဆို…. ပြီးရင် အသက်ကြီးလာတဲ့ အခါကျ သာယာအေးချမ်းတဲ့ တစ်နေရာရှာပြီး ကြက်ကလေးတွေ မွေးချင်ပါသတဲ့ဆို….ခုကျ နင်ပြောခဲ့တဲ့ ဘဝနဲ့ လက်တွေ့က တလွဲစီတွေနော်….” ရှန်းရှူရီ ပြုံးလိုက်ပြီး “ နင် ဘယ်လို ဘဝမျိုးကို လိုချင်လဲဆိုတာ ငါ တကယ် မတွေးတတ်တော့ဘူးသိလား….”
“ လူတွေကသာ သူတို့ ဆန္ဒရှိတဲ့ ဘဝမျိုးကို ရွေးချယ်နိုင်ခဲ့မယ်ဆိုရင်၊....လက်လွှတ်လိုက်ရမှာတွေက အများကြီးပဲလေ….”
ချင်ရင်ယွဲ့ လက်ဖက်ရည်ကြမ်းခွက်ကို သစ်ခေါက် ပင်စည်ခွေကဲ့သို့ တစ်လှည့်ပြီး တစ်လှည့် လှည့် နေလိုက်သည်။
စိမ်းစိမ်းစိုစို သစ်ပင်ကြီးထံ၌ ၎င်း၏ ငယ်ရွယ်နုပျိုမှုတို့ မရှိတော့ပြီ။
ပင်လယ်နတ်သမီးသည်လည်း အသွင် သဏ္ဌာန်ပြောင်းခဲ့ရလေပြီ။ တစ်ချိန်က အတိုင်းမသိ ကျယ်ပြောသော ပင်လယ်ကြီးမှာ အမှတ်တရ မှတ်ဉာဏ်အပိုင်းတို အပိုင်းစလေး ဖြစ်သွားပြီး ၀မ်းနည်းမှုတို့ကိုတော့ ရင်ထဲ မြုပ်နှံထားရ၏။
“ ငါမှတ်မိပါတယ်….တို့တွေ အရင်တုန်းက ရေချိုးပြီး အိပ်ရာပေါ်မှာ အလှဆီလိမ်းရင်း နင်ငါ့ကို ဘယ်လိုကောင်လေးမျိုး အလိုရှိလဲ မေးမြန်းခဲ့တယ်လေ…. ငါကလည်း လိုအပ်ချက်တွေ အများကြီးကို တရစပ် ပြောဆိုခဲ့တာပေါ့…. အဲ့ဒီအချိန်တုန်းက ငါ ချင်ရင်ယွဲ့က အဲ့သလိုလူစားမျိုးကို သေချာပေါက် ရှာဖွေပြီး လက်ထပ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိခဲ့တယ်…. သူနဲ့ ကလေးလေးတွေ မွေးရင်းပေါ့…. ဒါပေမယ့်လည်း... အချစ်က မှော်ဆန်လွန်းပါတယ်ဟယ်… နင်သိလား…. နင် နှစ်သက်တဲ့ တစ်စုံတစ်ယောက်နဲ့ တွေ့တာနဲ့ သူက နင်လိုချင်တဲ့ အချက်တွေ တစ်ဝက်တောင် မရှိတာတောင်မှ နင်က သူနဲ့ အတူရှိဖို့ ဆန္ဒရှိဦးမှာပဲ…”
လျန်ရူရွှယ် ချင်ရင်ယွဲ့အတွက် လက်ဖက်ရည်ကြမ်းခွက် ဖြည့်ပေးလိုက်ပြီး သူမတို့ ပြောသည့် ဇာတ်လမ်းကို တိတ်တဆိတ် နားထောင်နေခဲ့၏။
သူမ၏ စကားတို့က လက်ရှိ လျန်ရူရွှယ်၏ အခြေအနေကို ပြောနေသည်နှင့်ပင် ဆင်တူနေသည်။
"ဒါပေမယ့် ဒီလောက် နှစ်တွေအများကြီး ကြာနေပြီကို နင် သူ့ကို ဖမ်းပြီး အေးအေးဆေးဆေး နေကြည့်ဖို့ စိတ်မကူးဖူးဘူးလား...."
" ငါမတွေးဖူးတာ မဟုတ်ပါဘူးဟာ... ဒါပေမယ့်......."ချင်ရင်ယွဲ့ သက်ပြင်းချလိုက်သည်။ " ဒါပေမယ့် မဖြစ်နိုင်ပါဘူးလေ...."
လျန်ရူရွှယ်နှင့် ရှန်းရှုရီတို့ နှစ်ဦးလုံး တိတ်ဆိတ်သွားကြ၏။ ဤ အချင်းအရာနှင့် စပ်လျဉ်း၍ သူမတို့ထဲ မည်သူကမျှ ဝေဖန်ပြစ်ရေးဆိုခွင့် မရှိသလို တစ်ခုခု ပြောရန်ကလည်း မသင့်လျော်ချေ။
" နင်ကျတော့ရော... နင် ဒီနှစ်တွေထဲ ဘယ်လိုတွေ အသက်ရှင်နေခဲ့တာ...."
" ငါ သူ့ကို လန်ထျန်း မိဘမဲ့ဂေဟာစီ ပို့ခဲ့တဲ့ အချိန်တုန်းက သူနဲ့ငါ့ကြားမှာ သားအမိ ဆက်ဆံရေး ထာ၀ရ ပြတ်တောက်သွားပြီလို့ ငါတွေးခဲ့မိတယ်...." ပြောပြီးနောက် ချင်ရင်ယွဲ့ အသက်ပြင်းပြင်း ရှိုက်လိုက်၏။ သူမ၏ မျက်လုံး ထောင့်စွန်းတို့ မသိမသာ စွတ်စိုနေကြောင်း လျန်ရူရွှယ် သတိထားမိလိုက်၏။
" ဒါပေမယ့် စွဲလမ်းစိတ်ကြောင့်လို့ပဲ ပြောရမလား .... ငါ့စိတ်က ငါထင်သလို မပြတ်သားနိုင်ခဲ့ဘူး... ဒါကြောင့်မို့ ဒီနှစ်တွေထဲ ရန်ချိန်မှာပဲ အချိန်ကုန်နေခဲ့တာပေါ့.....
တစ်ခါတစ်လေဆို ဖြတ်သွားဖြတ်လာသူလိုမျိုး၊ ဒါမှမဟုတ် ခေါင်းရွက်သည်လိုမျိုး ပုံစံနဲ့ ဂေဟာရှေ့ သုံးလေးကြိမ်လောက် ဖြတ်လျှောက်မိတယ်... သူ တခြားကလေးတွေနဲ့ ဆော့ကစားနေတာကို ငေးမောရင်းပေါ့.... "
လက်ဖက်ရည်ခွက် ကိုင်ထားသည့် လျန်ရူရွှယ်၏ လက်ကလေး တုန်ယင်သွားခဲ့သည်။
ကြည့်ရသည်မှာ အမျိုးသမီးတစ်ယောက်က မိခင်တစ်ယောက် ဖြစ်လာခဲ့ပြီးနောက်တွင် သူမကိုယ်သူမ အများကြီး နိမ့်ချထားနိုင်မည့် ခိုင်မာသည့် စိတ်ဓာတ်တို့ အလိုအလျောက် ပိုင်ဆိုင်သွားခဲ့ဟန်ပင်။
" ဟီးဟီး... ဒါပေမယ့် ငါ အမြင်မကန်းခဲ့ဘူး... ဂေဟာက အစ်မကြီးက သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်.... တစ်ခါတစ်လေ အရိုက်ခံရတယ်ဆိုပေမယ့် သူကိုက ဆိုးလို့လေ... နှစ်တွေ အများကြီး ကြာပြီးတော့ သူတောင် တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပြီ...အဲ့ဒီအတွက်လည်း တော်တော်လေး ကျေနပ်မိတယ်...."
" ဒါနဲ့ ငါမှတ်မိတာ သူ ကျောင်းပြီးတော့ ကျိုးဟိုင်သွားခဲ့တာမလား... နင်ရောပဲ ကျိုးဟိုင် သွားခဲ့သေးလား...." " အင်း..."ချင်ရင်ယွဲ့ ပြောလိုက်၏။
" ဒါပေမယ့် သူ တက္ကသိုလ် စတက်တော့ ငါ သူ့အစား ဘေးကနေ လိုက်ပြီး ပူပေးနေတာတွေ ရပ်ပစ်လိုက်ပြီ...တစ်ခါတစ်လေ လှပတဲ့ ရှုခင်းတွေကို သွားကြည့်တယ်.. အားရင် သူ့အဖေဆီ သွားလည်တယ်... ပျင်းရင် သားဆီ သွားတယ်... အရင်နှစ်တွေမှာ သူတို့နှစ်ယောက်ကြားထဲ ငါ ပတ်ချာလှည့်နေတာပဲ.... "
ပြုံးပျော်ရွှင်နေသည့် ချင်ရင်ယွဲ့၏ မျက်နှာကို ငေးကြည့်ရင်း လျန်ရူရွှယ် ကူကယ်ရာမဲ့စွာဖြင့် စိတ်ထဲ သိမ်ငယ်စိတ် ၀င်နေမိသည်။
ဒီလိုဘ၀မျိုး နေနေရတာတောင်မှ ပျော်ရွှင်နိုင်သေးတယ်နော်... ဘယ်လိုတောင် သိမ်မွေ့တဲ့ အမျိုးသမီးပါလိမ့်.....
" ဒါဆို ဒီနှစ်၀က်အတွင်း ကျိုးဟိုင်မှာ သူရုတ်ချည်း ကျော်ကြားလာတာက နင်တို့နှစ်ယောက်ကြောင့်ပေါ့....ဟုတ်လား..."
" နင် အဲ့လို စဉ်းစားနေတယ်ဆိုရင်တော့ နင် ငါ့သား၊ လင်းရီကို အထင်သေးနေတာပဲ "ချင်ရင်ယွဲ့ ပြောဆိုလိုက်ပြီး " သူ့အဖေက ကမ္ဘာကြီးကိုပဲ ပိုင်ဆိုင်တာ ... ပြီးတော့ နင်လည်း ငါ့အကြောင်း သိရဲ့သားနဲ့... နင့်ကိုတောင် မယှဉ်နိုင်တာကို....တကယ်လို့ သူသာ စီးပွားရေးမှာ မစွမ်းဆောင်နိုင်ရင် ဒါတွေ အကုန်လုံး ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နိုင်မှာလဲ.... "
" အဲ့လောက်ကြီးတဲ့ စီးပွားရေး လုပ်ငန်းတွေကို သူ့ဘာသူ စတင်ခဲ့တယ်လို့ နင်ပြောလိုက်တာလား...."ရှန်းရှုရီ အံ့အားသင့်နေသည့် လေသံဖြင့် ပြောလာခဲ့ပြီး " ငါအမြဲတွေးနေခဲ့တာ နင်က အမှောင်ထဲကနေ သူ့ကို ကူညီပေးနေခဲ့တယ်ပေါ့...."
" ဘယ်နားကသာ... သူ့အတွက် လမ်းဖောက်ပေးဖို့ ငါ စဉ်းတောင် မစဉ်းစားခဲ့ဖူးဘူး...."
ချင်ရင်ယွဲ့ ပြောလိုက်ပြီး " ဒါပေမယ့် သူ တစ်နေရာမှာ အကျိုးအမြတ် ရလာခဲ့ပြီး အဲ့ကနေမှ သူ့စီးပွားရေးကို တဖြည်းဖြည်း ထူထောင်လာတယ်လို့တော့ ငါထင်တယ်...."
" သူ့ဉာဏ်ရည်ဉာဏ်သွေးက လင်းကျင်ကျန့် အတိုင်းပဲ... သူ့ကို ကျော်လွှားသွားဖို့တောင် ဖြစ်နိုင်တယ်.... "
" ဒါပေါ့ဟဲ့...ဘယ်သူ့သားမို့လို့... ငါတို့သားပဲကို..."ချင်ရင်ယွဲ့ ရွှင်ပြစွာ ပြောလိုက်၏။
" ကြည့်စမ်း... နိမ့်နိမ့်ချချကို မရှိတော့ဘူး.... ငါ့သမီးကိုတောင် အဲ့လိုမျိုး မချီးမွမ်းဖူးသေးဘူး...."
" ရူရွှယ်လေးကလည်း ထူးချွန်ပြီးသားပါ...ဒါပေမယ့် နင်နဲ့တော့ မတူဘူး... သူ့ရဲ့ စရိုက်က သူ့အဖေနဲ့ သွားတူတာ...... "
လျန်ရူရွှယ် စိတ်ထဲ ကျိန်ဆဲနေလိုက်၏။ ' ကျွန်မသာ အမေ့လို ထက်မြက်နေလို့ကတော့ အန်တီ့သားကိုတောင် အခွင့်အရေး ပေးလိုက်မိမှာ မဟုတ်ဘူးရှင့်....’