← Chapters

သူတို့နှစ်ယောက်က တွေ့ကောင်းတွေ့နိုင်ပါလိမ့်မယ်

Vol. 68 Ch. 1007

သူတို့နှစ်ယောက်က တွေ့ကောင်းတွေ့နိုင်ပါလိမ့်မယ်

Vol. 68 Ch. 1007

"ဒါဆိုရင် နင့်ရဲ့ အနာဂတ် အစီအစဉ်ကရော... ဒီတိုင်းပဲ ဆက်နေသွားတော့မှာလား..."

"သူတို့ နှစ်ယောက်လုံးက လူကောင်းတွေပဲလေ... ငါ သူတို့နှစ်ယောက်လုံးကို မြင်ခွင့်ရတာနဲ့တင် ကျေနပ်လှပြီ...."ချင်ရင်ယွဲ့ ပြောလိုက်၏။

" ‌ဒါပေမယ့် သူက နင့်သားလေ....."

နှစ်ယောက်လုံးက မိခင်များ ဖြစ်သောကြောင့် သားသမီးများက သူမတို့အတွက် မည်မျှအရေးကြီးကြောင်းကို ကိုယ်ချင်းစာနာပေးနိုင်သည်။

" သူက ငါ့သားဆိုတာ မှန်တယ်... ဒါပေမယ့် သူ့ကို မွေးပဲ မွေးပေးခဲ့တာလေ... ကြီးပြင်းလာအောင်လို့ ပြုစုပေးခဲ့တာမှ မဟုတ်ပဲနဲ့.... ငါ့မှာ အများကြီး တောင်းဆိုနိုင်တဲ့ အခွင့်အရေး မရှိပါဘူးဟာ....."ချင်ရင်ယွဲ့ ပြောလိုက်ပြီး " ဒီတိုင်းလေးပဲ ကောင်းပါတယ်....."

" သမီးအထင်....."လျန်ရူရွှယ် ထိုသို့ စကားချီလိုက်ပြီး..... အနည်းငယ် တုံ့ဆိုင်းနေဟန်ဖြင့် " လင်းရီရဲ့ ဉာဏ်ရည်နဲ့ လုပ်နိုင်စွမ်းတွေအရဆို

အန်တီ့အကြောင်း ရှာဖို့ မခက်ခဲလောက်ဘူး...."

" အန်တီ သိတာပေါ့... သူက အန်တီ့သားပဲလေ...."ချင်ရင်ယွဲ့ အပြုံးလေးဖြင့် ပြောလိုက်ပြီး " ဒါပေမယ့် သူ့မှာ အဲ့လိုလုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတော့ အန်တီတို့နဲ့ ပတ်သက်ပြီး သိပ်ဂရုမစိုက်ဘူးလို့ ခံစားရတယ်.... ဒီတော့...... သူ့ကို တွန်းအားပေးမနေတော့ပါဘူးလေ...."

လျန်ရူရွှယ် ဘာမျှ ပြန်မပြောဘဲ လက်ဖက်ရည်ကြမ်းခွက်ကို ပြန်ဖြည့်ပေးလိုက်၏။ သူမ ချင်ရင်ယွဲ့၏ လေသံထဲမှ ကူကယ်ရာမဲ့မှုနှင့် စို့နင့်မှုကို ခံစားနေရသည်။

အကယ်၍ သူမထံတွင်သာ ရွေးချယ်စရာ ရှိမည်ဆိုပါက ယခုလို လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။

သူမကဲ့သို့ နှလုံးသားမရှိသူပင် ယခုလို ခံစားနေရသည်ဆိုပါက ဤအမျိုးသမီးကဲ့သို့ ကြင်နာတတ်သူဆိုလျှင် မည်သို့နေမည်နည်း။

" ဒါဆို ခုချိန်ကစပြီး လင်းရီ ဘယ်သွားသွား ... နင် သူ့နောက် လိုက်နေမယ်ပေါ့...."ရှန်းရှူရီ မေးလိုက်၏။

" အနည်းနဲ့ အများပေါ့...."ချင်ရင်ယွဲ့ ပြောလိုက်ပြီး " ငါ့အသက်ကလည်း ဒီလောက်ထိ ကြီးနေပြီ... နင်တို့လို အလုပ်အကိုင်ကလည်း ရှိတာ မဟုတ်ဘူး..... ဒါကလွဲပြီး တခြား ဘာလုပ်စရာမှ မရှိတာကို......"

" ချင်မိသားစုကျရော...."ရှန်းရှုရီ မေးလိုက်သည်။

" အဲ့ဒီတုန်းက နင်နဲ့ လင်းကျင်ကျန့်ကို ချင်မိသားစုက အရမ်း အမျက်ထွက်ခဲ့တာ... လင်းရီရဲ့ ဦးလေးနှစ်ယောက်က လင်းကျင်ကျန့်ရဲ့ အမှောက်သိပ်ခံရပြီး ချင်မိသားစုကို နိမ့်ကျသွားစေခဲ့တယ်.... အဲ့ရန်ငြိုးတွေက နှစ်ကာလတွေ ကြာညောင်းလို့ သူ့အလိုလို ပြေပျောက်သွားမယ့် အမျိုးလည်း မဟုတ်တော့ သူတို့ လင်းရီ အကြောင်း သိသွားခဲ့ရင် တစ်ခုခု လွန်ကြူးတာတွေ လုပ်လာနိုင်တယ်နော်....."

" ဟုတ်ရင်လည်း ဟုတ်မှာပေါ့ဟယ်... ဒါပေမယ့် ပြောဖို့တော့ ခက်ပါသေးတယ်...."ချင်ရင်ယွဲ့ ပြောလိုက်ပြီး " သူက ချင်မိသားစု နိမ့်ကျစေရင်းရဲ့ တစ်စိတ်တစ်ပိုင်းဆိုပေမယ့် အဲ့ဒီတုန်းက သူတို့ရဲ့ အမှားကြောင့်ပဲလေ.... ငါတော့ ကျင်ကျန့်ကို အပြစ်မတင်ပါဘူး....."

" ဒီနေ့ ကိစ္စလိုပဲလား...."

ချင်ရင်ယွဲ့ ခေါင်းညိမ့်လိုက်ပြီး " အဲ့လူတွေက အရင်ကျူးလွန်ပြီး သူတို့ ထိုက်သင့်တာ ရသွားခဲ့တာပဲ....."

" တကယ်လို့ ချင်မိသားစုက တစ်နေ့ လင်းရီကို အနံ့ခံမိသွားပြီး သူ့ကို တိုက်ခိုက်မယ်... . လင်းကျင်ကျန့်ကလည်း နင့်ဘက်မှာ မရှိဘူးဆိုရင် နင်ဘယ်လိုလဲ လုပ်မှာ...."

" ငါ့တော့ မထင်ပေါင်....."ချင်ရင်ယွဲ့ ရယ်မောလိုက်ပြီး " ငါ့သား ရှုံးမယ်လို့ ငါမထင်ဘူး....ချင်မိသားစုက ငါ့သားနဲ့ ယှဉ်ရင် ဟိုးအဝေးကြီးမှာ....."

လျန်ရူရွှယ် ချင်ရင်ယွဲ့ကို တိတ်တဆိတ် အကဲဖြတ်ရင်း သူမ၏ ရပ်တည်မှုအပေါ် မယိမ်းယိုင်သည့် သဘောထားကိုလည်း ကြိတ်၍ လေးစားမိ၏။ ထိုအရာက သူမ၏ မိသားစုနှင့် ဆက်စပ်နေခဲ့လျှင်ပင် တစ်စက်ကလေးမျှ တိမ်းစောင်းသွားခဲ့ခြင်း မရှိချေ။

' လူတစ်ယောက်က သိမ်မွေ့နူးညံ့လေ ပိုပြီးညခေါင်းမာလေ 'ဆိုသည့် စကားက အမှန်ပင် ဖြစ်နေပုံရ၏။ ထို ကျားကုပ်ကျားခဲ မလျှော့သော ဇွဲလုံ့လတို့ကြောင့်သာ ဤနှစ်များတွင် သူမ ငြိမ်းချမ်းစွာ နေထိုင်နိုင်လာခဲ့ခြင်း ဖြစ်ရမည်။

" ဒါပေမယ့် နင် အခု လတ်တလော လင်းရီရဲ့ အခြေအနေကိုကော နင်သိရဲ့လား...."

" အင်း ... သူ ဟွမ်ရှီးကျေးရွာမှာ မြေတစ်ကွက်ရထားပြီး ငါးကန်နဲ့ ၀က်တွေ မွေးနေတယ်လေ.... တွေးကြည့်ရသလောက်တော့ တော်တော်လေး ဒုက္ခများစရာပဲ...."ချင်ရင်ယွဲ့ ငိုရအခက် ၊ရယ်ရ ခက်စွာဖြင့် ပြောလိုက်သည်။

" ငါပြောချင်နေတာ အဲ့တာ မဟုတ်ဘူး.... အဲ့ကောင်လေးက ကျုံးဝေ့တပ်ဖွဲ့ထဲ ၀င်ချင်နေတာ...."ရှန်းရှုရီ ပြောလိုက်ပြီး " သူ့ရဲ့ အရည်အချင်းနဲ့ဆိုရင် အရည်အချင်းစစ် စမ်းသပ်မှုကို ဖြတ်ကျော်ဖို့ ပြဿနာ ရှိမှာ မဟုတ်ဘူး..... နင် အဲ့ကိစ္စ ဘယ်လိုထင်လဲ...."

" ဘယ်လိုမှ မထင်ဘူး...."ချင်ရင်ယွဲ့ ပြောလိုက်သည်။ "ငါ သူတို့ ဘယ်သူ့ကိုမှလည်း မထိန်းချုပ်နိုင်ဘူး... ဒါပေမယ့် သူ့အဖေဆီက ပြောသံကြားတာတော့ အဲ့နေရာက စာအုပ်ကြီးအတိုင်း လုပ်တဲ့နေရာဆိုပဲ .... သူ ကျုံးဝေ့တပ်ဖွဲ့မှာ နေနိုင် မနေနိုင်ကတော့ မေးခွန်းထုတ်စရာပဲ.... "

လျန်ရူရွှယ် နှလုံး တုန်ရင်သွားခဲ့ရသည်။

ကျုံးဝေ့တပ်ဖွဲ့က စာအုပ်ကြီးသမားတွေ နေတဲ့နေရာဆိုပါလား... လင်းရီအဖေက ဘယ်လိုလူစားမျိုးမို့လို့ပါလိမ့်....

" ငါကြားတာ ကျုံးဝေ့တပ်ဖွဲ့က အထူးမစ်ရှင် အမျိုးမျိုးကို ထမ်းဆောင်ရပြီး သိပ်လည်း အန္တရာယ်များတယ်တဲ့... နင် ဘယ်လိုမှ မဖြစ်မိဘူးလား....."

" တကယ်လို့ ငါ့ဘက်က စိတ်ပူရင်တောင် တတ်နိုင်တာ ဘာမှမရှိပဲကို နင်ရယ်.... ငါသွားပြောလို့မှ မရတာ.... "ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ တကယ်လို့ သူ တကယ်ကြီး ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ဖြစ်မယ်ဆိုရင် သူတို့နှစ်ယောက်က အနာဂတ်ကျ ပြန်ဆုံရင် ဆုံနိုင်တာလည်း ဖြစ်နိုင်တာပဲလေ…. တွေးကြည့်ရင်းနဲ့ တော်တော်လေးတောင် စိတ်ဝင်စားဖို့ ကောင်းနေပြီ…”

“ နင်က တစ်ခုခုတော့ တစ်ခုခုပဲ… ငါ နင့်စိတ်ကို ဘယ်လိုမှ နားမလည်နိုင်တော့ဘူး သိလား…” ရှန်းရှုရီ အပြုံးလေးဖြင့် ပြောလိုက်၏။

“ နင်ရော ဘာထူးလို့… အရင်တုန်းက နင့်ကို ပိုးပန်းခဲ့ကြတဲ့ လူတွေဆိုမှ အများကြီးပဲ… အများစုက စင်ဟွာနဲ့ ရန်တက္ကသိုလ်က ပညာတတ်တွေ… အဲ့တာတောင် နင်လည်း အဘိုးကြီးလျန်ကိုမှ ရွေးလိုက်တာပဲမလား….”

“ ဒါပေါ့…. အဲ့ဖိုးကြီးက တကယ့်ကို လူကောင်းမို့လို့ပေါ့…”

သုံးယောက်သား ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုရင်းဖြင့် ပိုမို နက်နဲသည့် အကြောင်းအရာများဆီသို့ ဦးတည်သွားခဲ့လေသည်။ နောက်ဆုံးတွင်တော့ လျန်ရူရွှယ်မှာ မည်သို့မျှ မျက်လုံး မခံနိုင်တော့ပဲ ဘေးတစ်နေရာတွင်သာ လဲလျောင်း အိပ်စက်လိုက်တော့၏။

ထိုစဉ် ချင်ရင်ယွဲ့နှင့် ရှန်းရှုရီမှာ မနက်သုံးနာရီအထိ စကားပြောလို့ ကောင်းနေခဲ့လေသည်။

နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီ ပျင်းရိစွာ အညောင်းဆန့်လိုက်ရင်း လီချူးဟန်မှာတော့ သူ့နံဘေး ရှိနေကာ အင်္ကျီကြယ်သီးများ ကူတပ်ပေးနေလေသည်။

“ ငါ တစ်ခုခုကို ကြားဖြတ်မိသွားသေးလား….”

“ မဖြစ်ပါဘူး…. ငါလည်း ဒီနေ့ လုပ်စရာရှိတယ်… ခဏနေကျရင် သွားတော့မှာ….” လင်းရီ မတ်တပ်ရပ်လိုက်ပြီး “ မင်းကော ၊ ဒီနေ့ အစည်းအဝေး ရှိသေးလား….”

“ ပြည်ထောင်စု ကောလိပ်မှာ လက်ချာတစ်ခု ရှိတယ်… အစကတော့ ငါ မသွားဘူး လုပ်နေတာ… ဒါပေမယ့် တီချယ်က နာမည် စာရင်းပေးပြီးသားဖြစ်နေတော့ ခု သွားရတော့မယ်…” လီချူးဟန် ပြောလိုက်ပြီး “ နင် ဒီတစ်ခေါက် ရန်ကျင်းမှာ ဘယ်နှရက် နေဖြစ်လောက်လဲ….”

“ မသိသေးဘူး…” လင်းရီ ပြောလိုက်ပြီး “ မင်းရော… ဘယ်အချိန်လဲ ပြန်မှာ….”

“ ဒီနေ့ လက်ချာပြီးရင် ပြန်ဖို့ စဉ်းစားထားတာပဲ… ဒါပေမယ့် ဒီည နန်းနန်းနဲ့ ကျန်တဲ့သူတွေနဲ့ ချိန်းထားတာလည်း ရှိသေးတော့ အလွန်ဆုံး မနက်ဖြန်ခါလောက် ပြန်ဖြစ်မယ်…”

“ ငါ့ ကိုယ်ပိုင် လေယာဉ်က လေဆိပ်မှာရှိတယ်လေ… မနက်ဖြန် အဲ့ကောင်ကို စီးသွားလိုက်…”

“ ရပါပြီ… ဆေးရုံက လေယာဉ်လက်မှတ် ဖြတ်ပေးပြီးသား ဖြစ်နေလို့….” လီချူးဟန် ပြုံးလိုက်ပြီး “ နင်လည်း ပိုက်ဆံ ချွေသာပြီးသား ဖြစ်တာပေါ့….”

“ ဟားဟား…..” လင်းရီ အားပါးတရ ရယ်မောလိုက်ပြီး “ ဟိုကောင်မလေး ချိန်ရန်ကားကို မင်းအတွက် ထားခဲ့လိုက်မယ်… အဲ့တာနဲ့ဆို သွားလို့ လာလို့ ပိုအဆင်ပြေတာပေါ့….”

လီချူးဟန် ခေါင်းသာ ခါရမ်းလိုက်ပြီး “ နင်ပဲ မောင်းသွားလိုက်… ငါ တက္ကစီ စီးသွားလိုက်မယ်… ပြီးတော့ နန်းနန်းနဲ့ ရင်ရင်ကလည်း ကားတွေ ရှိတယ်လေ…. ငါ သွားချင်ရင် သူတို့ကို လိုက်ပို့ခိုင်းလို့ရတယ်….”

“ ဒီတော့ … သူများကားပေါ်မှာ ထိုင်ပြီး ကိုယ်သွားချင်ရာ လျှောက်သွားမယ်ပေါ့… ကောင်းလှချည်လား….”

လီချူးဟန် ညင်သာစွာ ပြုံးလိုက်ပြီး “ နင်လည်း ကိစ္စရှိသေးတယ်ဆို မြန်မြန် ဝတ်ပြီး သွားတော့လေ… နောက်ကျနေလိမ့်မယ်….”

“ ကောင်းပြီ….”

နှစ်ယောက်သား မျက်နှာသစ် သွားတိုက်ပြီးနောက် ဟိုတယ်၌ပင် နံနက်စာ စားသောက်လိုက်ကြသည်။ စားသောက်နေရင်းဖြင့် လင်းရီ သူ့ဖုန်းထဲရှိ အီးမေးကို ဖွင့်လိုက်လေသည်။

ထောက်ချိန်မှ သူ့ထံ အီးမေးပို့ထားပြီး ထိုအထဲတွင် စမ်းသပ်လေ့ကျင့်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်တို့ ရေးသားထား၏။

အရေးအကြီးဆုံးကတော့ အချိန်နှင့် နေရာပင်။

အချိန် : နံနက် ကိုးနာရီ

နေရာ : ထုံကျိုး လေ့ကျင့်ရေး စခန်း ၈၄၅

စားသောက်ပြိးနောက် လင်းရီနှင့် လီချူးဟန်တို့ လမ်းခွဲလိုက်ကြသည်။

ရန်ကျင်း၏ ယာဉ်ကြော ကြပ်ပိတ်မှုက လင်းရီ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေသည်။ ၂၀ ကီလိုမီတာ ခရီးကို ရောက်ရန် မိနစ် လေးဆယ်ခန့် အချိန်ဖြုန်းလိုက်ရ၏။ ထို့ပြင် သူ သွားနေသည်က ခရီး တစ်ဝက်မျှသာ ကျိုးသေးလေသည်။

ယင်းက လင်းရီကို အင်မတန် စိတ်ရှုပ်ထွေးသွားစေတော့သည်။

ကလင် ကလင် ကလင်….

လင်းရီ ဖုန်းသံ မြည်လာခဲ့ပြီး ထောက်ချိန်မှ ခေါ်ဆိုလာခဲ့ခြင်းပင်။

“ ငါတို့ လူစုတော့မယ်ကွ… မင်း အခု ဘယ်မှာတုန်း….”

“ ခင်များတို့ ရန်ကျင်းရဲ့ ယာဉ်ကြောကလည်း စိတ်တိုဖို့ ကောင်းလိုက်တာဗျာ…. တိုးလို့ကို မပေါက်တာ.... ဟိုနဲ့ဒီရောက်ဖို့ကို မိနစ် လေးဆယ်လောက် ကြာတယ်… ဒီလိုဆို အဆင်မပြေသေးဘူးနော် ကိုယ့်လူ….”

“ အဲ့တာက…..” ထောက်ချိန် စကား ခေတ္တရပ်တန့်လိုက်ပြီး “ ရန်ကျင်းရဲ့ ယာဉ်ကြောက မကောင်းသတင်းတွေ ဒီလောက်မွှေးနေတာကို မင်းသိသင့်တာပေါ့ဟ… အမှန်ဆို တစ်နာရီလောက် စောကြို ထွက်ခဲ့သင့်တာ…..”

“ ကျုပ် နောက်ကျရင် ဘာဖြစ်မှာလဲ… ကွိုင်အကြီးကြီး တက်မှာလား…..”

“ အာ….. ငါမင်းဖို့ ကူပြောပေးထားမယ်ကွာ… ဒါပေမယ့် မင်း မြန်မြန်တော့ လာနော်….”

“ အိုကေ….”

လေ့ကျင့်ရေး စခန်း ၈၄၅ သည်က ကျုံးဝေ့တပ်ဖွဲ့၏ လေ့ကျင့်ရေး စခန်းပင် ဖြစ်သည်။ တစ်ချို့သော သာမန်မျှ လေ့ကျင့်ရေးလောက်ကတော့ ဤနေရာ၌ပင် လေကျင့်၍ ရလေသည်။ များသောအားဖြင့် ကွင်းလေ့ကျင့်ရေးသည်လည်း ဤနေရာ၌သာ ကျင်းပလေ့ရှိ၏။

ထိုစဉ် လေ့ကျင့်ရေး အဆောက်အဦး၏ ရှေ့ဘက် မျက်နှာစာ၌ လူ အယောက် သုံးဆယ်ခန့်မှာ ဆီလျော်သလို မတ်တပ်ရပ်နေကြသည်။

လင်းရီနှင့် ယခင်က တွေ့ခဲ့ဖူးသည့် ထောက်ချိန်၊ ဝမ်ပင်းယွီတို့သည်လည်း ထိုအထဲ ပါ၀င်လေသည်။

“ ဟမ့်.... ကိုးနာရီတောင် ထိုးတော့မယ်…. ခုထိကို ရောက်မလာသေးဘူး… ကျုံးဝေ့တပ်ဖွဲ့ကိုများ ဘယ်လိုနေရာမျိုးလို့ အဲ့အကောင်က ထင်နေတာလဲ…..”

All Chapters