နောက်မကျနဲ့
Vol. 68 Ch. 1008
စကားပြောလိုက်သူမှာတော့ ဂျင်းနှင့် ဒေါ့ မာတင် ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦးဖြစ်သည်။
သူမက အနက်ရောင် လည်သာ ဂျက်ကတ်နှင့် နေကာ မျက်မှန် တစ်လက်ကိုလည်း တပ်ဆင်ထားပြီး အင်မတန် ဝင့်ဝင့်ဝါဝါ ရှိနေတော့၏။
အဆိုပါ အမျိုးသမီး၏ နာမည်က ချိုးယွီလော့။ ကျုံးဝေ့တပ်ဖွဲ့ ဒုတိယအသင်း၏ အသင်းခေါင်းဆောင်လည်း ဖြစ်လေသည်။
“ သူက ကျုံးဟိုင်ကဆိုတော့ ရန်ကျင်းရဲ့ ယာဉ်ကြောလမ်းအကြောင်း သိပ်မသိဘူးလေ… အဲ့တာကြောင့် အချိန်တွက် မှားသွားတာနေမှာပါဟ… ခုလည်း လမ်းပေါ် ရောက်နေပါပြီ….” ထောက်ချိန် ပြောလိုက်ပြီး “ ကျုပ် ခုနက လောထားသေးတယ်… သူ ခဏဆို ဒီရောက်လာတော့မှာ…”
ချိုးယွီလော့ သူမနာရီကို ကြည့်နေရင်း “ သူ ကိုးနာရီ မတိုင်ခင် ရောက်မလာသေးဘူးဆိုလို့ကတော့ အဆိုးမဆိုနဲ့ပေါ့… ဒီလိုလူမျိုးကို လက်သင့်မခံနိုင်ဘူး…. အရမ်း စည်းမဲ့ ကမ်းမဲ့ နိုင်လွန်းတယ်… ဟမ့်...”
ဝမ်ပင်းယွီ ဘေးတွင် ရပ်နေရင်း ဘာမျှ ဝင်မပြောပေ။ သူမ အောက်နှုတ်ခမ်းလေးကိုသာ အသာအယာ ကိုက်နေလျက်ရှိသည်။
နှစ်သစ်ကူးပြီးတော့ အသင်းခေါင်းဆောင်ရဲ့ စရိုက်က ပိုပိုပြီး ဆိုးလာနေတော့တာပဲ… ကောင်လေးနဲ့ အချင်းများလာခဲ့ပြန်ပြီနဲ့ တူပါရဲ့ဟယ်…
“ အဲ့လိုလုပ်လို့ မသင့်ဘူးထင်တယ်နော... ခေါင်းဆောင်…. လင်းရီကို ကျုံးဝေ့တပ်ဖွဲ့ကနေပြီး အထူး ခေါ်ယူထားတာ…. တကယ်လို့ မင်း ဒီလိုလုပ်လိုက်မယ်ဆိုရင် တခြား အသင်းခေါင်းဆောင်တွေ ဆန့်ကျင်လာလောက်တယ်….”
" အဲ့ ဆန့်ကျင်ရဲတဲ့ကောင်ရှိရင် ငါ့အရှေ့ ခေါ်ခဲ့လိုက်....."ချိုးယွီလော့ ခက်ထန်စွာ ပြောလိုက်ပြီး " ငါအခု တစ်ဖန် ထပ်ပြောမယ်.... ငါတို့က စည်းမျဉ်းစည်းကမ်းတွေကို တစ်သွေမတိမ်း လိုက်နာရမယ်.... တကယ်လို့မှ သူ ကိုးနာရီ မထိုးခင် ရောက်မလာဘူးဆိုလို့ကတော့.... ထပ်ပြီး လာနေစရာ မလိုတော့ဘူး....."
"ဟင်းဟင်း ... ယွီလော့.... ငါကြားတာ အဲ့ လင်းရီဆိုတဲ့ ကောင်လေးက အရမ်း ခန့်တာတဲ့နော်..... နင်မလိုချင်ဘူးဆို ငါတို့အသင်းက ယူလိုက်တော့မယ်.... အကြောင်းပြချက်ကောင်း မရှိဘဲနဲ့ ထုတ်ပယ်ပစ်စရာ အကြောင်း မရှိဘူးလေ....."
ထိုသို့ ပြောလိုက်သူကတော့ နင်ချဲ့။ သူမက ကျုံးဝေ့ တပ်ဖွဲ့ တတိယအသင်း၏ အသင်းခေါင်းဆောင် ဖြစ်လေသည်။
နင်ချဲ့၏ အသွင်မှာ မြင်တွေ့နေကျဖြစ်သည့် အင်တာနက် ဆယ်လီတို့၏ မျက်နှာအသားအရေမျိုး ပိုင်ဆိုင်ထားသည်။ သို့သော်လည်း မိတ်ကပ်
စိုးစဥ်းမျှမပါဘဲနှင့် သဘာ၀အလှတရားလေး ဖြစ်နေခဲ့ခြင်း ဖြစ်ပေသည်။
သူမက ၀င့်ဝါပြီး သူရဲကောင်းဆန်နေသည့် ချိုးယွီလော့ကဲ့သို့လည်း ၀တ်စားထားခြင်း မရှိ။ ထိုအစား အနက်ရောင် ချည်ထည် ဘောင်းဘီရှည်နှင့် ကက်ရှ်မီးယား ကုတ်ကို ၀တ်ဆင်ထားသည်။
ဒေါက်သေးသေးလေးပါသည့် ဖိနပ်လေးကိုပင် စီးလို့ ထားလိုက်သေး၏။ လှိုင်းတွန့်ကဲ့သို့ သန်မာအားကောင်းသည့် အနက်ရောင် ဆံကေသာနှင့် နီစွေးသော နှုတ်ခမ်းရဲရဲလေးများနှင့်ပါ ပေါင်းစပ်လိုက်သည့် အခါတွင်တော့ သူမက ယောက်ျားပျိုတို့အား ဖမ်းစား ညှို့ငင်နိုင်သည့် စုန်းမလေး တစ်ဦးနှယ်ပင်။
ယခုတစ်ခေါက် ကျုံးဝေ့တပ်ဖွဲ့၏ လူသစ်စုဆောင်းမှုက အသင်း '၂' နှင့် '၃' တို့အတွက် ရည်စူးထားသည်။
ယခင်တစ်ခေါက် စစ်ဆင်ရေးတွင် အဆိုပါ အသင်းနှစ်သင်းမှ ကြီးကြီးမားမား ထိခိုက် ဆုံးရှုံးခဲ့ရပြီး စုစုပေါင်း လူအယောက် ၁၃ ဦး သေကြေပျက်စီးခဲ့ရလေသည်။ သူတို့ အသင်းနှစ်သင်း၏ ခေါင်းဆောင်နှစ်ယောက်သည်လည်း များစွာသော စတေးမှုအပြီး၌ ရာထူးတိုးခြင်း ခံခဲ့ရ၏။
အသင်း ၁ နှင့် ၄ တို့ဖြင့် နှိုင်းယှဉ်မည် ဆိုပါက သူတို့ နှစ်သင်း၏ အလုံးစုံအင်အားမှာ အများအပြား အားနည်းနေသည်။ ထို့ကြောင့် ယခုတစ်ခေါက် လူသစ်စုဆောင်းမှုက သူတို့၏ တိုက်ပွဲ၀င်ခွန်အားကို ဖြည့်တင်းလိုက်သည့် သဘောပင်။
" ငါက ဒီတစ်ခေါက် စမ်းသပ်ပွဲရဲ့ ခေါင်းဆောင် နည်းပြ...... ငါ လုပ်မယ့်ကိစ္စ နင် ၀င်လျှာရှည်စရာ မလိုဘူး......"ချိုးယွီလော့ ပြောလိုက်ပြီး " ဒီတစ်ခေါက် စုဆောင်းမှုမှာ နေရာ ၃၆ နေရာ ရှိတယ်.... ၃၅ ယောက်က မိနစ်နှစ်ဆယ် စောရောက်ပြီး အချိန်မှန်တယ်..... အဲ့ဒီ အချိန်အတိုင်းအတာမသိ ၊ အဖွဲ့အစည်း စိတ်ဓာတ်မရှိ ၊ စည်းကမ်းမလိုက်နာတတ်သူတွေက ကျုံးဝေ့တပ်ဖွဲ့မှာ ရှိနေစရာ မလိုဘူး...."
စစ်ဆင်ရေးတွင် ချိုးယွီလော့၏ အသင်းက လူကိုးယောက် ဆုံးရှုံးခဲ့ရလေသည်။ အကောင်းဆုံး ထရိန်နီ သင်တန်းသားများက သူမတို့ ဒုတိယအသင်းထဲ ကူးပြောင်းခြင်း ခံရလိမ့်မည်။ သို့ကြောင့်လည်း သူမက ခေါင်းဆောင်နည်းပြ ဖြစ်လာရခြင်း ဖြစ်၏။
" စည်းကမ်း ဥပဒေရဲ့ အခြေခံသဘောတရားတွေက လူသားတွေရဲ့ စိတ်ခံစားချက်တွေလည်း လျစ်လျူရှုမထားသင့်ဘူးလေ.... နင့်ချစ်ချစ် ညက ကျေနပ်မှု မပေးနိုင်တိုင်းနဲ့ လူသစ်လေးတွေပေါ်မှာ ဒေါသပုံချနေတာကြီးကတော့ နည်းနည်းလေး လွန်တယ်လို့ နင်မထင်ဘူးလား..... "နင်ချဲ့ အပြုံးလေးဖြင့် ပြောလိုက်၏။ သူမ မျက်နှာထက်၌ ကြောက်ရွံတုန်လှုပ်သည့် အရိပ်အယောင် လုံး၀ ရှိမနေချေ။
သူတို့နှစ်ယောက်မှာ လွန်ခဲ့သော သုံးနှစ်ကတည်းက ကျုံးဝေ့တပ်ဖွဲ့ထဲသို့ အတူ၀င်ရောက်လာခြင်း ဖြစ်သည်။ သို့သော်လည်း အမြဲတစေ သဘောထား ကွဲလွဲနေပြီး အချင်းချင်း အမြင်သဘောထား တိုက်ဆိုင်ရန် ခက်ခဲနေလှကာ ယနေ့တွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်နေတော့သည်။
" ဒါငါ့စည်းမျဉ်း ... နင် မကျေနပ်ရင် ခေါင်းဆောင်ကိုသွားပြော.... ငါ့ကို အဲ့စကားမျိုး လာမပြောနဲ့....."
ချိုးယွီလော့ အဘယ်ကြောင့် ဒေါနမော ကြီးနေရခြင်းတွင် အကြောင်းပြချက် တစ်ခု ရှိလေသည်။
လင်းရီ ယမန်နေ့ညက ရိုက်နှက်လိုက်သည့် ချိုးတုန်းနန်ဆိုသူက သူမ၏ မောင်လေးဖြစ်၏။
ဖြစ်ရင်း အကြောင်းခံ၏ အတွင်းအပြင်ကို သေချာနားလည်ပြီးနောက် ထိုသို့ ဖြစ်ပျက်ရခြင်းအတွက် လင်းရီအပေါ် အပြစ်ပုံချလို့ မသင့်ကြောင်း သူမ ကိုယ်တိုင်လည်း သဘောပေါက်ပေသည်။
သို့သော်လည်း သူမမောင်လေး သူများ ရိုက်နှက်သည်ကို ခံရပြီး ဆေးရုံရောက်သွားရသည်ကို သိရတော့ အစ်မတစ်ယောက် ဖြစ်သူအနေနှင့် စိတ်မသက်မသာ ဖြစ်သလို ခံစားရသည်ကတော့ ပုံမှန်ဖြစ်သည်။
ယခု ရောက်နေကြသည့် မည်သူကမျှလည်း ထိုအကြောင်း မသိကြသလို ချိုးယွီလော့ အဘယ်ကြောင့် ဒေါပွနေရသလဲ ဆိုတာကိုလည်း နားမလည်ကြချေ။
အားလုံး၏ အတွေးကတော့ သူမ၏ ဓမ္မတာ သို့မဟုတ် ကောင်လေးနှင့် အချင်းများခဲ့ခြင်းကြောင့်ဟုသာ တွေးထင်နေကြလေသည်။
" အသင်းခေါင်းဆောင် .... လင်းရီရဲ့ အရည်အချင်းက အဟုတ်ကို မြင့်တာနော်.... ဒီလို ဘာမဟုတ်တဲ့ အကြောင်းပြချက်ကြောင့်နဲ့ ထုတ်ပယ်ပစ်လိုက်မယ်ဆိုရင် တကယ်နှမြောစရာကြီးဗျ....."
သူ လင်းရီကို မြင်လိုက်စဉ်ကတည်းကပင် လင်းရီမှာ အင်မတန် စိတ်၀င်စားဖို့ကောင်းသည်ဟု ခံစားနေရပြီး သူတို့ အသင်း ၂ ထဲသို့ ဆွဲသွင်းချင်မိခဲ့၏။
" ပြီးတော့ အရင် မစ်ရှင်တုန်းကလည်း ငါတို့အသင်း ၂က အထိခိုက်ဆုံးနော်... တိုက်ပွဲစွမ်းရည်က ခြုံငုံလိုက်ရင် အသင်း ၃ နဲ့ ဝေးနေပြီ.... ခေါင်းဆောင်ကလည်း လင်းရီကို အသင်း ၂ ထဲ ၀င်စေချင်နေတာ... ဒါက ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတဲ့ လက်ဆောင်လို့တောင် ပြောလို့ရတယ်... ကျုပ်တို့ မငြင်းသင့်ဘူး.... "
" ငါတခြား ဘာဆင်ခြေတွေမှ မကြားချင်ဘူး.... ဒါ ငါ့စည်းမျဉ်းပဲ... ကိုးနာရီမတိုင်ခင် ရောက်မလာလို့ကတော့ ဂျောင်းပဲ....."
ချိုးယွီလော့၏ သဘောထားက အဘယ်ကြောင့် သိပ်ခေါင်းမာနေရသလဲ ဆိုသည်နှင့် ပတ်သက်ပြီူ အခြားအကြောင်းပြချက် တစ်ခုလည်း ရှိသေးသည်။
သူတို့အားလုံး၏ မျက်လုံးထဲ၌ ကျုံးဝေ့တပ်ဖွဲ့သည်က အထွဋ်အမြတ်နေရာတစ်ခု ဖြစ်သည်။ ဤသည်က သာမန်လူတစ်ယောက်မှ အစိုးရ အမှုထမ်းများအား ကြည့်သည့် အကြည့်မျိုးနှင့် ဆင်တူလေသည်။ သူတို့အားလုံးက ၀င်ရောက်နိုင်ရေးအတွက် မည်သည်ကိုမဆို ပေးဆပ်နိုင်လောက်သည်အထိ ရူးရူးမူးမူး ဖြစ်နေသင့်သည်။
ထို့ကြောင့်လည်း လက်ရှိ လင်းရီ၏ ထူးမခြားနား ဖြစ်နေသည့် သဘောထားအပေါ် သူမ အထင်တသေး ဖြစ်နေရခြင်းပင်။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါက လင်းရီကို ၀င်ခွင့်မရစေချင်ပေ။
" ဒါဆိုလည်း ကျုပ် သူ့ကို ပြန်လောလိုက်ဦးမယ်...."
ချိုးယွီလော့၏ မပြောင်းလဲသည့် ရပ်တည်ချက်ကို မြင်တော့ ထောက်ချိန်လည်း ဘာမျှ ဆက်မပြောဆိုနိုင်တော့ပေ။ လင်းရီထံ ဖုန်းဆက်၍သာ ကိုးနာရီမထိုးမီ အရောက်လာခဲ့ဖို့ သတိပေးရန် တတ်နိုင်လေတော့သည်။
"အစ်ကိုချိန်... သူ့ဆီ ဖုန်းတက်မနေနဲ့တော့....နင်လည်း ရန်ကျင်းရဲ့ ယာဉ်ကြောအကြောင်း သိရဲ့သားနဲ့.... သူ အမြန်ကြီး ရောက်လာနိုင်မှသာ ထူးဆန်းနေလိမ့်မယ်.... "၀မ်ပင်းယွီ ပြောလိုက်ပြီး " သူက တော်တော်လေး ခန့်ညားတယ်ဆိုပေမယ့် သူ့ ဦးနှောက်ကတော့ နည်းနည်းလေး မူမမှန်သလိုပဲ.... ကျွန်မသာ သူ့လိုမျိုး အသင်းဖော်နဲ့သာဆိုရင် အလှည့်စား ခံရလောက်တယ်....."
"လူကိုအပေါ်ယံလောက်ကြည့်ပြီး မဝေဖန်နဲ့.... သူ့အရည်အချင်းက ဒီလောက် အသိသာကြီးကိုပဲ.... အသာနေ.... ငါ ဖုန်းဆက်ပြီး အခြေအနေ လှမ်းမေးကြည့်လိုက်ဦးမယ်....."
သို့နှင့် ထောက်ချိန် လင်းရီထံ ဖုန်းခေါ်လိုက်သည်။
" မင်းအခု ဘယ်ရောက်ပြီလဲ....."
" ဘယ်နားလေးလဲတော့ မသိဘူး.... ဒီနား တစ်ဝိုက်မှာက အထပ်မြင့် အဆောက်အဦးတွေချည်းပဲ..... ကျုပ် ခင်များဆီ မောင်းလာနေပြီလေ....."
" ဒါဆိုလည်း မြန်မြန်လာကွာ.... မင်းကိုးနာရီ မထိုးခင် ရောက်မှ ဖြစ်မှာကွ.... မဟုတ်လို့ကတော့ မင်း ၀င်ခွင့် မရှိတော့မှာကို စိုးရိမ်ရတယ်....."
" ဟမ်.... အဲ့လောက်ထိ တင်းကြပ်တယ်လား....."
" ငါလည်း ရွေးချယ်စရာ မရှိဘူး.... အသင်းခေါင်းဆောင်က အဲ့လိုပြောပြီး နေပြီ..... သူပြောတာ စည်းကမ်းချိုးဖောက်လို့ မရဘူးတဲ့....."
" ခင်မျ အသင်းခေါင်းဆောင်က ရာသီလာနေလို့လား..... ကျုပ် သုံးလေးမိနစ်လောက် နောက်ကျသွားရင် သူသေသွားမှာ မို့လို့တဲ့လား... အဖြစ်သည်းလိုက်တာ....."
" ဒါ .... ဒါက..... " ထောက်ချိန် ဘာပြန်ပြောရမှန်းမသိ ဖြစ်နေလေသည်။ " အဲ့တာတွေ နောက်မှပြောတော့ ... အခု မြန်မြန်လာ... ငါတို့ မင်းကို စောင့်နေတယ်....."
" ကောင်းပြီလေ.... နားလည်ပြီ....."
" အစ်ကိုချိန်.... သူ ဘာပြောလဲ....."၀မ်ပင်းယွီ သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။
" ကလေးတွေက အရမ်းမစပ်စုရဘူး....."
" သူ မပြောသင့်တာတွေ ပြောလိုက်တယ်လို့တော့ မပြောနဲ့နော်......"
" မစပ်စုပါနဲ့ဆိုတာကို ဘာလို့ စကားလာနှိုက်နေတာ......"
အကယ်၍ သူ၏ အသင်းခေါင်းဆောင်သာ လင်းရီ ပြောသည့် စကားများကို သိရှိသွားပါက သွေးရူးသွေးတမ်း ဖြစ်သွားလိမ့်မည်ဟု ထောက်ချိန် ခံစားနေရလေသည်။
" တော်ပြီ.....ငါသူ့ကို ထပ်မစောင့်ချင်တော့ဘူး.... အခုပဲ စကြစို့....." ချိူးယွီလော့ ပြောလိုက်၏။
" ငါးမိနစ်တောင် လိုသေးတာကို နည်းနည်းလေး ထပ်မစောင့်တော့ဘူးလား......"
" မလိုတော့ဘူး.... ငါသူ့ကို နောက်ထပ် ငါးမိနစ် ထပ်ပေးရင်တောင် သူလာနိုင်မှာ မဟုတ်ဘူး.... သူ့မှာ အခြေခံ အကျဆုံး သဘောထားလေးတောင် မရှိတာကို ငါက ဘယ်လိုလုပ်ပြီး လက်ခံပေးလို့ရမှာ..... "
" အဲ့လိုပြောလို့ ဘယ်ရမှာ.... ကျုပ် ခုလေးတင် သူနဲ့ ဖုန်းပြောလို့ ပြီးတာ သူ အချိန်မီ ရောက်လာမှာပါ....."
" သူ့ကိုယ်စား လာပြောပေးမနေနဲ့.... ရန်ကျင်းရဲ့ ယာဉ်ကြောအကြောင်းကို ငါမသိနေတာလည်း မဟုတ်ဘူး..... သူ အချိန်မီ ရောက်လာနိုင်ရင် အံဖွယ်တစ်ပါးပဲ ဖြစ်လိမ့်မယ်......"
ဘွန်း ဘွန်း ဘွန်း......
ချိုးယွီလော့မှ ဆက်လက်၍ မောင်းမဲမည်တွင် ကျယ်လောင်သည့် ကားအင်ဂျင်သံကြီးကို သူမ ကြားလိုက်ရလေသည်။
နောက်ပိုင်းတွင်တော့ လူတိုင်း တစ်ယောက်ပြီးတစ်ယောက် မသိစိတ်အရ ၀င်ပေါက်သို့ ခေါင်းလှည့်မိလိုက်ကြ၏။
အော်ဒီတစ်စင်းမှာ သူတို့ထံ အကြမ်းပတမ်း မောင်းနှင်လာနေသည်ကို မြင်တွေ့လိုက်ရလေသည်။ မီးခိုးနှင့် ဖုန်မှုန့်များက နေရာအနှံ့ လွင့်ပျံနေပြီး အင်မတန် မြန်ဆန်သည့် အဟုန်ဖြင့် ရွေ့လျားနေခြင်းဖြစ်၏။ အနည်းဆုံးတော့ တစ်နာရီ မိုင်ရှစ်ဆယ်လောက်အထိ ရှိရပေမည်။
သူတို့ မြို့တွင် ၈၀ အထိ နင်းသည်ကို နှေးသည်ဟူ၍ သတ်မှတ်၍ မရချေ။
ဤမျှ မြန်ဆန်စွာ မောင်းနှင်နေသူက မည်သူဖြစ်လိမ့်မလဲဆိုတာကို လူတိုင်းက စူးစမ်းချင်နေကြလေသည်။
ကျုံးဝေ့တပ်ဖွဲ့ရဲ့ လေ့ကျင့်ရေး စခန်းထဲကို အစ်မနောက် ကျွဲလိုက်ခတ်သလို အကြမ်းပတမ်း ရောက်လာနေတယ်.... ဘယ်လိုတောင် ရိုင်းစိုင်းထားလိုက်သလဲ.....
စက္ကန့်အနည်းငယ်ကြာပြီးနောက် လင်းရီ ကားကို ထောက်ချိန်ရှေ့တွင် ရပ်တန့်လိုက်ပြီး ဖြည်းညင်းစွာဖြင့် ကားထဲမှ ထွက်လာခဲ့၏။
" ကိုးနာရီ ထိုးဖို့ သုံးမိနစ်အလို.... ကျုပ် နောက်မကျဘူးနော်......"