← Chapters

ဒီကလေး တယ်ကြမ်းလှချည်လား

Vol. 68 Ch. 1009

ဒီကလေး တယ်ကြမ်းလှချည်လား

Vol. 68 Ch. 1009

" မင်း ရောက်လာပြီ...." ထောက်ချိန် ကြက်သေသေနေမိတော့၏။ ဤသည်က အနည်းငယ်ပင် ယုံကြည်နိုင်စရာ မကောင်းလှပေ။

" ငါ ခုနက ဖုန်းဆက်တော့ မင်းပြောတာ ခရီးတစ်၀က်ကျိုးဖို့ကို မိနစ် လေးဆယ်လောက် ကြာတယ်ဆို.... ဆယ်မိနစ်တည်းနဲ့ ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာတုန်းဟ....."

" စိတ်ကျန်းမာရေး ပြဿနာ ရှိနေတဲ့ ခင်များတို့ရဲ့ အသင်းခေါင်းဆောင်ကြောင့်ပေါ့ဗျာ.... သူပဲ ကျုပ် ကိုးနာရီ မထိုးခင် အရောက်လာရမယ်ဆိုပြီး တင်းခံနေတာ မဟုတ်ဘူးလား.... ဒါနဲ့ ကျုပ်လည်း မီးနီ ဆယ်ခုလောက် ဖြတ်မောင်းခဲ့လိုက်တယ်....."

ဖူး.....

ဘေးတွင် ရပ်နေသည့် နင်ချဲ့ မနေနိုင်တော့ပဲ အသံထွက် ရယ်မောမိသွားခဲ့၏။

" ကျုပ် နည်းနည်းလေးများ တိုက်ရိုက်ဆန်လွန်းသလား..... ခင်များတို့ အသင်းခေါင်းဆောင် ဒီမှာ ရှိမနေပါဘူးနော.... "

ချိုးယွီလော့ "........"

၀မ်ပင်းယွီ ".........."

ထောက်ချိန် "........"

ကျုံးဝေ့တပ်ဖွဲ့၏ တရား၀င် တပ်ဖွဲ့၀င်များသာမက စမ်းသပ်မှုကို စောင့်ဆိုင်းနေကြသူများပင် အံ့အားသင့်မှုကြောင့် ပြုံးစိစိ ဖြစ်နေကြလေသည်။

ဒီကောင်က ဘာလား.... သူရှေ့ ရပ်နေတဲ့သူက ဘယ်သူမှန်း မသိရင်တောင် ဒီလိုစကားမျိုးကို မစဉ်းစားပဲနဲ့တော့ မပြောသင့်ဘူးမလား.....

ဒီကောင် ကျုံးဝေ့တပ်ဖွဲ့ထဲ မ၀င်ချင်တော့လို့များလားဟ.....

" မီးနီ ဆယ်ခုကြီးများတောင် ဖြတ်ခဲ့တယ်ဆိုတော့ မင်းရဲ့ ဒရိုင်ဘာ လိုင်စင်လည်း အခြေအနေ မဟန်လောက်တော့ဘူးကွ....."

ချိုးယွီလော့ ပေါက်ကွဲ မထွက်လာခင် ထောက်ချိန် စကားလမ်းကြောင်း လွှဲလိုက်လေသည်။

" ရပါတယ်... ဘာပဲဖြစ်ဖြစ် ဒါ ကျုပ်ကားမှ မဟုတ်တာ.... နောက်ဆုံး ခြေရာခံလာရင်လည်း သူများဆီ ရောက်သွားမှာပဲလေ....."

" အကြံ တယ်ပိုင်လှချည်လား...."

" ဘာမှားနေလို့.... ဒီလို ကိစ္စမျိုးတွေ လုပ်တဲ့ အခါကျရင် သူများကား ယူသုံးတာက ပုံမှန်ပဲ မဟုတ်ဘူးလား....."

" အေးပါ... မင်း ဇာတ်မင်းနိုင်ရင် ပြီးတာပါပဲ....."ထောက်ချိန် အပြုံးလေးဖြင့် ပြောလိုက်၏။ သူ ကိုးရို့ကားယား ဖြစ်နေသည့် လေထုကို အကောင်းမွန်ဆုံး ချေဖျက်နေလေသည်။

သူက ရောက်လာလာချင်းပဲ သူ့ရဲ့ အသင်းခေါင်းဆောင်ကို စော်ကားလိုက်တယ်... အခု ထောက်ချိန်က ၀င်ပြီး ချောချောမွေ့မွေ့ ဖြစ်အောင် လုပ်ပေးနေရပြီ....

နင်ချဲ့ လင်းရီကို နှစ်ခြိုက်စွာ ပြုံးလျက် ကြည့်နေမိသည်။ တွေးရင်းဖြင့် ဤကောင်လေးမှာ သိပ်စိတ်၀င်စားဖို့ကောင်းသည်ဟု သူမ ခံစားနေရ၏။

တကယ်လို့ သူ့ကိုသာ သူမ အသင်းထဲ ခေါ်ယူနိုင်မယ်ဆိုရင် ချိုးယွီလော့ကို တိုက်ခိုက်နိုင်ရုံတင် မကသေးဘူး... သူနဲ့ တစ်ခုခု မသင့်လျော်တာတွေပါ လုပ်နိုင်သေးတယ်.... ဟီးဟီး... တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားဖို့ ကောင်းနေပြီ....

" ပြောရတာ စိတ်မကောင်းပါဘူး.... နင် တစ်မိနစ် နောက်ကျသွားပြီ... ဒီတော့ စမ်းသပ်မှုထဲ ၀င်ပါဖို့ အခွင့်အရေး မရှိတော့ဘူး.... ကျေးဇူးပြုပြီး လာရာလမ်းကို ပြန်လိုက်ပါတော့....."

ချိုးယွီလော့၏ လေသံမှာ အေးစက်နေပြီး ဒေါသကို ချုပ်တည်းထားနေဟန်ရကာ လူတိုင်းကို ကြက်သေသေသွားစေသည်။

သူ သတ်မှတ်ထားတဲ့ အချိန်အတွင်း ရောက်အောင် လာခဲ့တယ် မဟုတ်ဘူးလား... ဒါတောင်မှ သူ့ကို နောက်ကျတယ်ဆိုပြီး ပြောနေတယ်....

ဒါ ရာထူးကို သုံးပြီး သပ်သပ် လက်စားချေနေတာပဲ မဟုတ်ဘူးလား.....

" မိန်းက‌လေး .... မင်းက ဘယ်သူတုန်း....ငါ့ရဲ့ ၀င်ခွင့်ကို ဖြတ်သိမ်းနိုင်တဲ့ အခွင့်အရေး မင်းမှာ ရှိလို့လား.... ဒါမှမဟုတ် မင်းလည်းပဲ စိတ်ကျန်းမာရေး ပြဿနာ ရှိနေတာများလား..... "

" အာ..... လင်းရီ.... မင်း စကားကို ဆင်ခြင်ပြီး ပြောဟ... ဒါ ကျုံးဝေ့တပ်ဖွဲ့ ၊ ဒုတိယ အသင်းရဲ့ အသင်းခေါင်းဆောင် ချိုးယွီလော့...."

" သောက်ခွေးးးးး "

လင်းရီ စိတ်ထဲ တီးတိုးမြည်တမ်းလိုက်၏။ " -ီးတွေ ဖြစ်ပြီ ..ငါ့ -ီးတွေတော့ ဖြစ်ကုန်ပါပြီ...."

" နင့် လာရာလမ်းကို ဂျောင်းလိုက်တော့.... ကျုံးဝေ့တပ်ဖွဲ့က နင့်ကို မကြိုဆိုဘူး....."

" အသင်းခေါင်းဆောင်ချိုး... အဲ့တာတော့ နည်းနည်းလေး များသွားပြီ ထင်တယ်နော်... သူ သုံးမိနစ် စောပြီး ရောက်လာတယ်ဆိုတာ အရှင်းကြီးရယ်.... သူ နောက်ကျပြီးရောက်လာတယ်လို့ ပြောဖို့ နင့်မှာ ဘာအခွင့်အရေးရှိလဲ....."နင်ချဲ့ ပြောလိုက်၏။

" နင့်ခေါင်းထိပ်မှာလည်း နာရီရှိနေရဲ့သားနဲ့ ကိုယ့်ဘာကိုယ် ကြည့်ပေါ့....."

အဆောက်အဦးရှေ့ တိုင်နံရံထိပ်တွင် နာရီတစ်စင်း ကပ်ထားလေသည်။ သို့သော်လည်း အချိန်ကြည့်ဖို့ရာထက် အလှဆင်သည့်ဘက် ယိမ်းညွှတ်ထားခဲ့သည်။

ထို့ကြောင့် အချိန်မမှန်ချေ။

ယခု တိုင်ကပ်နာရီဖြင့်ဆိုပါက လင်းရီမှာ အမှန်ပင် နောက်ကျနေတော့သည်။

သို့သော်လည်း စင်စစ်တွင်တော့ ဤသည်က မမျှမတ ဖြစ်နေသည်။

" နင့်နာမည် လင်းရီ.. ဟုတ်တယ်နော်...."နင်ချဲ့ မေးလိုက်၏။

" ဟုတ်တယ်...."

" နင်သူနဲ့ တစ်ခါ ချိန်းတွေ့ခဲ့ဖူးသေးလား.... အဲ့တုန်းက နင်သူ့ကို အရမ်း ဆိုးဆိုးရွားရွားကြီး ဆက်ဆံခဲ့လို့ အခု နင့်ကို မပျော်မရွှင် ဖြစ်နေတာများလား....."

လင်းရီ ဆွံ့အသွားခဲ့ရ၏။

ကျုံးဝေ့တပ်ဖွဲ့က အမျိုးသမီးတိုင်း ဒီလိုပဲ တည့်တိုး ဆန်ကြသလားဟ....

သူမ ဘာပြောလိုက်မိလဲ ဆိုတာတောင် ဂရုမစိုက်တော့ဘူးလား....

" နင့်ပါးစပ်နဲ့ နင့်စကားလုံးတွေကို ဆင်ခြင်နော်..."ချိုးယွီလော့ ပြောလိုက်၏။

" ဒေါသတွေ ထွက်မနေစမ်းပါနဲ့... ငါက ဒီတိုင်း မှန်းဆကြည့်နေတာလေးကိုပဲ... ဧကန္တ .. ငါပြောတာ ဟုတ်နေတာများလား...."

" နင်....."

" အသင်းခေါင်းဆောင်ချိုး... စိတ်လေးလျှော့ပါဦး....."ထောက်ချိန် ချိုးယွီလော့ကို နောက်ပြန်ဆွဲထားလိုက်ပြီး " ဒီမှာ လူတွေ ဒီလောက်များနေတာကို ခင်များတို့နှစ်ယောက် ရန်ဖြစ်နေမယ်ဆို မဟုတ်သေးဘူးနော်... နောက်ပြီး ခေါင်းဆောင်က အပေါ်ထပ်မှာ... ခင်များ ဂရုစိုက်..... "

" ငါလည်း ဂရုစိုက်မနေပါဘူး...."ချိုးယွီလော့ အေးစက်စွာ ပြောလိုက်၏။

" မင်းလည်း နားလည်မှုလွဲနေပြီ..."လင်းရီ နင်ချဲ့ကို ‌ကြည့်လိုက်ပြီး " သူ့ရဲ့ ရုပ်ရည်က ငါ့ရဲ့ စံနှုန်းနဲ့ မကိုက်ညီသေးဘူး... ဈေးကွက်ပေါက်ဈေးက တစ်ညကို ယွမ်ရှစ်ရာပဲရှိတာ... ပြီးတော့ ဈေး‌တ တောင် ထပ်ညှိလို့ ရသေး... ငါ့ရဲ့ ရသက အဲ့လောက်ထိ မသိမ်ဖျင်းသေးဘူး...."

ထောက်ချိန် "....."

ယွမ် ရှစ်ရာ .... ??

အဲ့ဈေးရအောင် မင်းဘယ်လို စစ်မလဲကွ...

ဒီကောင်တော့ ရူးပြီ....

" နင်..... တစ်ဖန် ပြန်ပြောစမ်း...."ချိုးယွီလော့ ပြောလိုက်၏။

" နောက်တစ်ခေါက်ပြောလည်း ဒီစကားပဲ..."လင်းရီ ပြောပြီးနောက် ထောက်ချိန်ကို ကြည့်လိုက်ကာ " တကယ်လို့ ကျုံးဝေ့တပ်ဖွဲ့မှာ ဒီလို ငတုံးတွေ ရှိမယ်မှန်းသိရင် ကျုပ် မလာပါဘူး...အသင်းခေါင်းဆောင်ဆိုတာကလည်း ကျပ်မပြည့်ရှာဘူးပဲ.... "ပြောပြီး‌နောက် လင်းရီ ကားထဲ၀င်၍ မောင်းထွက်သွားခဲ့သည်။

လင်းရီ၏ ကားနောက်မီးကို ငေးရင်း ရောက်နေကြသည့် လူတိုင်း ကြက်သေသေနေမိကြတော့၏။

သူရောက်လာလာပြီးချင်းပဲ အသင်းခေါင်းဆောင်ကို ငေါက်သွားတယ်.... ကြောက်စရာကြီးပါလား....

နင်ချဲ့ပင် လင်းရီ၏ စရိုက်က ထိန်းချုပ်ရ ခက်ခဲလိမ့်မည်ဟု ခံစားနေရလေသည်။

သူ၏ ယခုလေးတင် အပြုအမူ သဘောထားတို့ အရ ကျုံးဝေ့တပ်ဖွဲ့ကို အထင်မကြီးသည်မှာ ပေါ်လွင်လေသည်။

အဆောက်အအုံရှေ့ရှိ လေထုမှာတော့ တိတ်ဆိတ်လို့နေ၏။ ချိုးယွီလော့ ဒေါသထွက်နေသော်လည်း ရှက်ရွံ့ဒေါသ ဖြစ်နေခြင်းပင်။

ဤ လူသစ်လေးများရှေ့တွင်တော့ သူမသည်က ကြီးမြတ်သူတစ်ဦးပင်။ သို့သော်လည်း အပြင်လူများ၏ အမြင်တွင်တော့ သူမနှင့် ပတ်သက်လို့ သူလိုငါလို ပခုံးနှစ်ဖက်ကြား ခေါင်းထွက်သည့်သူပင်။

စစ်ဆေးမှုက ယခုထိ မစတင်ရသေးပဲ သူမကတော့ အငေါက်ခံထားရပြီးဖြစ်၏။ ထိုသို့သော အချင်းအရာမျိုးကို မည်သူကမျှ လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။

" ဘာလို့ ငါ့ကို လာကြည့်နေကြတာလဲ... စမ်းသပ်စစ်ဆေးဖို့ လူစုမယ်...."ချိုးယွီလော့ အေးစက်စွာ ပြောလိုက်၏။

ထောက်ချိန် အမူအရာ ပြောင်းလဲသွားခဲ့၏။ လင်းရီ ထွက်ခွာသွားခဲ့သည်က နှမြောဖို့ ကောင်းနေသော်လည်း ယခုအခြေအနေသို့ ရောက်လာပြီးမှတော့ သူပြောလို့လည်း ဘာမျှ မထူးချေပြီ။ စမ်းသပ် စစ်ဆေးမှုကို တတ်နိုင်သမျှ မြန်မြန်စတင်သည်က ပိုကောင်း၏။

" အသင်းခေါင်းဆောင်ချိုး ၊ အသင်းခေါင်းဆောင်နင် ... ဒါရိုက်တာလျိုက အပေါ်တက်ခဲ့ပါဦးတဲ့...."

စစ်ဆေးမှု စတင်တော့မည့် အချိန်တွင်ပဲ ကျုံးဝေ့တပ်ဖွဲ့၀င်တစ်ဦးမှာ အဆောက်အဦးအတွင်းမှ ပြေးထွက်လာပြီး သတင်းပေးပို့လာသည်။

" ကောင်းပြီ... ငါတို့သိပြီ..."ချိုးယွီလော့ တုံ့ပြန်လိုက်သည်။ ထို့နောက် သူမ ထောက်ချိန်ဘက် အကြည့်လှည့်လိုက်ပြီး " နင်ပဲ ဆက်လုပ်ထားလိုက်တော့... ငါ အပေါ်တက်ပြီး သူတို့ ဘာပြောချင်လဲ သွားကြည့်လိုက်ဦးမယ်..... "

" ကောင်းပြီ...."

ချိုးယွီလော့နှင့် နင်ချဲ့တို့ အဆောက်အအုံထဲ တစ်ဦးပြီးတစ်ပြီး ၀င်သွားကြလေသည်။

တစ်ချိန်ထဲတွင် တတိယအလွှာရှိ ရုံးခန်းထဲ၌ သက်လတ်ပိုင်း လူကြီးနှစ်ဦးမှာ လက်ဖက်ရည်သောက်ရင်း စကားစမြည်နေကြ၏။

နှစ်ဦးအနက် တစ်ဦးမှာ အနည်းငယ် ၀ဖိုင်းဖိုင့် နိုင်ပြီး ပုကွကွရှိလှ၏။ ခြောက်လရှိပြီဟု အထင်မှားလောက်သည့် ဗိုက်နှင့် ကြည်ညိုချင်စရာ တစ်စက်မျှမရှိ။ အဆီပေါသည့် သက်လတ်ပိုင်း လူကြီးများ၏ ဝိသေသန အလုံးစုံတို့သည် ထိုလူ့ထံ၌ စုပြုံနေသည်ကို ကောင်းမွန်စွာ တွေ့မြင်နိုင်လေသည်။

ထို အမျိုးသား၏ နာမည်က လျိုဟုန်။ သွင်ပန်းသဏ္ဌာန်က သာမန်ဆန်နေသော်လည်း အထောက်အထားလေးက မဆိုးလှ။ အာဏာရှိသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

ကျုံးဝေ့တပ်ဖွဲ့တွင် အသင်း ရှစ်သင်းရှိပြီး ပထမ လေးသင်းက တိုက်ခိုက်ရေး မစ်ရှင်အတွက် တာ၀န်ယူထားရကာ အန္တရာယ် များပေ့ဆိုသည့် မစ်ရှင်များကို ထမ်းဆောင်ရလေသည်။

လျိုဟုန်သည်က အဆိုပါ အသင်းလေးသင်းအတွက် သက်ဆိုင်ရာ တာ၀န်များ ဖြန့်ဝေပေးရပြီး မြင့်မားစွာ စွမ်းဆောင်နိုင်စွမ်း ရှိသည့်သူပင်။

ရုံးခန်းထဲတွင် သူကဲ့သို့ အခြားသော အမျိုးသားတစ်ဦးလည်း ထိုင်နေခဲ့၏။

ထိုသူ့နာမည်ကတော့ ချောင်ကျားတု။ လျိုဟုန်နည်းတူ ဆွဲဆောင်မှု ကင်းမဲ့နေသည့် သာမန်လူဖြစ်သည်။ သူ၏ သွင်ပြင်က လူတို့ တွေ့မြင်နေကျ သိပ္ပံကျွမ်းကျင်သူတို့၏ သဏ္ဌာန် ရှိနေသည်။

သူက အသင်း ၅ မှ ၈ အထိ တာ၀န်ယူထားရပြီး တိလိယကျွန်းပေါ်ရှိ သိပ္ပံသုတေသနများကို ဦးဆောင်ရပေသည်။

" လျို.... မနေ့ညက ဖြစ်သွားတဲ့ သတင်း မင်း ကြားလိုက်သေးလား...."ချောင်ကျားတု မေးမြန်းလိုက်သည်။

" မင်း ပြောနေတာ .. ဘားအပြင်မှာ ရန်ဖြစ်တဲ့ ကိစ္စကိုလား...."

" အမှန်ပဲ... ဒီလင်းရီ ဆိုတဲ့ ကလေးက တယ်လည်း သတ္တိကောင်းလွန်းတယ်... လူ သုံးဆယ်ကျော်လောက်ကို တစ်ချီတည်း ရိုက်နှက်သွားခဲ့တာနော်... အကုန်လုံးကလည်း နိုင်ငံရေး နောက်ခံ ရှိနေကြတဲ့ လူတွေချည်းပဲ.... သာမန်လူဆိုရင် ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး.... တကယ်လို့ လျန်မိသားစုကြောင့်သာ မဟုတ်ရင် ဒီကိစ္စ ရပ်တန့်ဖို့တောင် ခဲယဉ်းလောက်တယ်..... "

ချင်ရင်ယွဲ့နှင့် စပ်လျဉ်း၍ကတော့ လူတိုင်း နောက်ဆုံးတွင် သဘောတူညီမှု တစ်ခု ရှိထားကာ သူတို့ကိုယ်ပိုင် လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားလိုက်ကြလေသည်။

အချို့သောအရာများက အတွင်းကြိတ်၍သာ ရင်၀ယ်ပိုက်ထားရပြီး အခြားသူများနှင့် ဝေမျှဖို့ရာ မသင့်လျော်ချေ။

ထို့ကြောင့် အပြင်လူများက အပေါ်ယံလောက်သာ နားလည်ထားကြကာ အခြေအနေ အသေးစိတ်ကို မသိရှိကြချေ။

" ဘယ်သူတွေ ဘာပဲပြောကြပြောကြ... ဒါပေမယ့် ဒီကလေးကတော့ တကယ်ကို အထင်ကြီးဖို့ကောင်းတယ်ကွ... ငါတော့ နည်းနည်းတောင် လေးစားသွားပြီ.... "

All Chapters