သူ့ကို သာမန်ဆန်တယ်လို့ မင်း လာပြောနေတာလား
Vol. 68 Ch. 1010
" မင်းတော့ ဒီတစ်ခေါက် ရတနာ ကောက်ရလိုက်တာပဲ...."ချောင်ကျားတု ပြောလိုက်ပြီး " သူ့ရဲ့ အရည်အချင်းတွေနဲ့ဆိုရင် စမ်းသပ်မှုကို ကျော်ဖြတ်ဖို့ ပြဿနာ ရှိမှာ မဟုတ်ဘူး.... ခုကစပြီး သူက မင်းရဲ့ တပ်သားပဲ...."
" ခံစားလို့ သိပ်ကောင်းကွာ...အရင်တုန်းက ၀မ်မြန်ကလွဲရင် ဒီလိုလူမျိုး ကျုံးဝေ့တပ်ဖွဲ့ထဲမှာ မမြင်တာတောင် အတော်ကြာပြီ... တွေးကြည့်လိုက်တာနဲ့ ငါ့သွေးတွေ ဆူပွက်လာသလိုပဲ...."လျိုဟုန် ပြန်ပြောလိုက်၏။
" မင်းသူ့ကို ဘယ်အသင်းထားမယ် စိတ်ကူးထားလဲ.... သူ့အရည်အချင်းနဲ့ဆိုရင် နှစ်ဖက် အသင်းခေါင်းဆောင်တွေက လိုချင်လွန်းလို့ ရန်ဖြစ်ကြရလောက်တယ်..... "
" ငါ အသင်း ၂ကို ပေးမယ်..."လျိုဟုန် ပြောလိုက်၏။ " အရင်တစ်ခေါက် စစ်ဆင်ရေးတုန်းက အသင်း ၂ က တော်တော်လေး ထိခိုက်ထားတာဆိုတော့ နှိုင်းယှဉ်ကြည့်ရင် အသင်း ၃ က နေသာသေးတယ်.... အချိန်ကျလာရင် ငါ နင်ချဲ့ကို ချွေးသိပ်(ချော့ပြော)လိုက်မယ်.... ပြဿနာမရှိဘူး..."
ဒေါက် ဒေါက် ဒေါက် .......
" ၀င်ခဲ့... "
ရုံးခန်း တံခါးခေါက်သံ ထွက်ပေါ်လာပြီး လျိုဟုန် တုံ့ပြန်လိုက်သည်။
" ဒါရိုက်တာလျို ၊ ဒါရိုက်တာချောင် ..."
၀င်ရောက်ပြီးနောက် နှစ်ယောက်မှာ ခေါင်းဆောင်တစ်ဦးချင်းစီကို နှုတ်ဆက်လိုက်သည်။ သို့သော်လည်း သူမတို့၏ လေသံနှင့် ကိုယ်ဟန်အမူအရာကတော့ သာမန်လျှံကာမျှသာဖြစ်ပြီး သူငယ်ချင်း အပေါင်းအဖော်ကဲ့သို့ ဖြစ်နေကာ စည်းကမ်းများစွာ ရှိမနေချေ။
" ကိုးနာရီထိုးပြီ ဆိုတော့ စစ်ဆေးပွဲလည်း စရောပေါ့...."
ချိုးယွီလော့ ခေါင်းညိမ့်၍ ပြန်ဖြေလိုက်သည်။ " စနေပါပြီ.... "
" လင်းရီလို့ခေါ်တဲ့ တစ်ယောက်ကို မင်းတို့ ဘယ်လိုမြင်လဲ...."
နှစ်ယောက်လုံး အနည်းငယ် အံ့အားသင့်သွားခဲ့ကြ၏။ လျိုဟုန်မှ လင်းရီအကြောင်း တကူးတက မေးမြန်းလာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
အခြေအနေ မဟန်သည်ကို သိတော့ နင်ချဲ့လည်း ဉာဏ်အမြော်အမြင်ကြီးစွာဖြင့် နှုတ်ဆိတ်၍သာ နေလိုက်သည်။ သူမက တာ၀န်ခံ ဟုတ်မနေသည်ကလည်း တစ်ကြောင်း ၊ ထို့ကြောင့် ရှင်းပြနေရန် မလိုပေ။
" သူ နောက်ကျတယ်.... ဒါကြောင့်မို့ ကျွန်မ စည်းကမ်းနဲ့ မညီညွှတ်ဘူးဆိုပြီး ထုတ်ပယ်လိုက်ပြီ.... သူလည်း ပြန်မောင်းထွက်သွားခဲ့ပြီ... "ချိုးယွီလော့ ပြန်ပြောလိုက်၏။
" စည်းကမ်းနဲ့ မညီညွတ်ဘူးလား...."လျိုဟုန် အံ့အားတကြီးနှင့် ဖြစ်သွားခဲ့ပြီး " ငါ ခုလေးတင် ပြတင်းပေါက်ကနေ သူ၀င်လာတာ မြင်လိုက်ပါတယ်ဟ... နောက်မကျပါဘူး... "
" ဖုန်းထဲက အချိန်အတိုင်း မဟုတ်ဘူး... တံခါးက နာရီအတိုင်း လုပ်တာ...."ချိုးယွီလော့ တည်ငြိမ်စွာဖြင့် ပြောလိုက်ပြီး " သူ တစ်မိနစ် နောက်ကျတယ်... ဒါကြောင့်မို့ ထုတ်ပစ်လိုက်ပြီ... "
" သောက် အဓိပ္ပာယ် မရှိတာ...."
လျိုဟုန် ဒေါသတကြီးဖြင့် စားပွဲကို ဗြန်းကနဲ ရိုက်နှက်လိုက်ပြီး " တံခါး၀က နာရီက ငါးမိနစ် မြန်နေတာကို မင်းမသိဘူးလား...."
ချိုးယွီလော့ ခေါင်းညိမ့်လိုက်၏။
" ကျွန်မသိတယ်... ဒါပေမယ့် ကျွန်မအထင် သူက တော်တော်လေးကို သာမန်ဆန်နေသလိုပဲ... သူ့ရဲ့ သဘောထားကလည်း ပြဿနာရှိနေသေးတယ်... ကျုံးဝေ့တပ်ဖွဲ့က သူ့လိုလူမျိုးကို မလိုပါဘူး.... "
" တော်တော်လေး သာမန်ဆန်တယ် ...အဲ့လိုလူမျိုးကို မလိုအပ်ဘူး... ဟုတ်လား... "လျိုဟုန် မေးခွန်းထုတ်လိုက်ပြီး " ဒါ မင်း သူ့ကို ထုတ်ပယ်လိုက်ရခြင်း အကြောင်းပြချက်ပေါ့လေ..."
နင်ချဲ့ ဘယ်ညာ လှည့်ကြည့်လိုက်ပြီး သူမ သူဌေး နည်းနည်း စိတ်မကြည်သာ ဖြစ်နေသည်ဟု ခံစားနေရ၏။
အဲ့လောက်ထိ စိတ်တိုနေစရာ လိုလို့လားဟယ်... ချိုးယွီလော့ဆိုတာ ရှင့်ရဲ့ ချစ်တပည့်ကြီးပဲလေ....
" ဟုတ်တယ်.... "ချိုးယွီလော့ ပြန်ပြောလိုက်ပြီး " ကျုံးဝေ့တပ်ဖွဲ့မှာ လူ ဒီလောက် အများကြီးရှိနေတာ သူတစ်ဦးတည်း ရှိနေတာမှ မဟုတ်ပဲနဲ့.... "
" လာ.... သူ ဘယ်လောက်ထိ သာမန်ဆန်လဲ မင်းကိုငါ ပြမယ်.... "
လျိုဟုန် သူ့လက်တော့ကို ဖွင့်လိုက်ပြီး သူမတို့ နှစ်ယောက်ထံ လှည့်ပေးလိုက်၏။
စခရင်ပေါ်တွင် ဗွီဒီရိုတစ်ပုဒ် ရှိနေပြီး ခေါင်းစဉ်က ပြောထားသည်ကတော့ " ကမ္ဘာ့ ပထမဆုံး survival reality show ၊ လူသားနှင့် တောရိုင်းမှ အောက်ပါ ဖလင်ကို မိတ်ဆက်၍ အကြီးအကျယ် ဖြစ်စေလေပြီ ။ "
နှစ်ယောက်သား အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။
သူမတို့ကို ဘာလို့ ဒါကြီး လာပြနေတာ....
လျိုဟုန် ဗွီဒီယိုကို ဖွင့်၍ 1: 08 စက္ကန့်သို့ ဆွဲသွားလိုက်သည်။
ချိုးယွီလော့နှင့် နင်ချဲ့တို့ မျက်၀န်းများ ပြူးကျယ်သွားကြလေသည်။ အကြောင်းမူကား သူမတို့ လင်းရီကို ဗွီဒီယိုထဲ မြင်တွေ့လိုက်ရသောကြောင့်ပင်။
ထိုအခိုက်အတန့်တွင်တော့ လင်းရီမှာ ဓားမြောင်တစ်ချောင်းနှင့်အတူ သတိရှိရှိ လမ်းလျှောက်နေရင်း ပတ်၀န်းကျင်ကို ဂရုတစိုက် လေ့လာနေလေသည်။
ရုတ်ချည်းဆိုသလို မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့၏။ နှစ်မီတာမျှ ရှည်လျားသည့် မိကျောင်းတစ်ကောင် ဖြည်းညင်းစွာ ချဉ်းကပ်လာနေသည်ကို မြင်တော့ နင်ချဲ့တို့ နှစ်ဦးလုံး အသက်ရှူရန် မေ့လျော့သွားခဲ့ကြလေသည်။
" သူ.... သူ မိကျောင်းကို သတ်တော့မှာတော့ မဟုတ်ပါဘူးနော်...."နင်ချဲ့ မေးမြန်းလိုက်၏။
" ဆက်ပြီး ကြည့်စမ်းပါ...."
မကြာမီ သူမ၏ မေးခွန်းကို အလိုလို ဖြေနှင့်ပြီး ဖြစ်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် လင်းရီမှာ ဓားမြောင်တစ်ချောင်းနှင့် ဦးစွာ လက်ဦးမှုရယူ၍ မိချောင်းထံ တိုး၀င်သွားသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။
ထို့နောက် ... သူမတို့ တစ်ဘ၀လုံး မမေ့လျော့နိုင်လောက်သည့် မြင်ကွင်းတစ်ခုအား မြင်တွေ့လိုက်ရ၏။
လင်းရီ မိကျောင်း၏ မေးရိုးနှစ်ဖက်အား ဆွဲ၍ ဖြဲပစ်လိုက်ခြင်းပင်။
" သောက်ကျိုးနည်း...."
နင်ချဲ့ ကျိန်ဆဲလိုက်ပြီး " မိကျောင်းကို လက်ဗလာနဲ့ ဆွဲဖြဲပစ်တယ်.... ဒါကြီးကတော့ လွန်လွန်းသွားပြီ...."
" အောက်က အသင်း၀င်တွေဆို ဒီလိုမျိုး လုပ်နိုင်မယ်လို့ မင်းထင်လား.... မင်းတောင် မလုပ်နိုင်ဘူးမလား...."
" ဒါ ထုတ်လုပ်ရေး အသင်း ဖန်တီးထားတာပဲ ဖြစ်ရမယ်... "ချိုးယွီလော့ ပြောလိုက်ပြီး " သူတို့ ကြည့်ရှုသူများအောင် ဇာတ်လမ်းဆင်ထားတယ်ဆိုတာ သေချာတယ်..."
" ကျွန်မလည်း ဒီတစ်ကြိမ်တော့ သူပြောတာကို ထောက်ခံတယ်..."နင်ချဲ့ ချိုးယွီလော့ကို လက်ညိုးထိုး၍ ပြောလိုက်ပြီး " ခုခေတ်မှာ လက်တွေ့ စစ်မှန်တဲ့ ရှိုးတွေဆိုတာ မရှိတော့ဘူး... လက်ဝါးရိုက်ထားကြတာက ခပ်များများနဲ့... ဒီမိကျောင်းကလည်း သူတို့ အစကတည်းက ပြင်ဆင်ဖန်တီးထားတဲ့ အကောင်ပဲ ဖြစ်ရမယ်...."
နင်ချဲ့ ယခုလို ပြောနေရခြင်း အကြောင်းပြချက်ကတော့ သူမကိုယ်တိုင်ပင် ယခုလို စွမ်းဆောင်နိုင်သည့် အရည်အချင်း ရှိမရှိ မသေချာသောကြောင့် ဖြစ်၏။
သူမနှင့် ချိုးယွီလော့မှာ ဒုတိယအဆင့်သို့ ရောက်နှင့်နေပြီး လင်းရီကဲ့သို့ ပရော်ဖက်ရှင်နယ် ကျကျ လေ့ကျင့်ထားခြင်း မရှိသည့် သာမန်လူတစ်ဦးက ယခုလို ပြုလုပ်နိုင်ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ချေ။ ဖြစ်လည်း မဖြစ်သင့်ပေ...။
လင်းရီ မိကျောင်းကို သတ်ဖြတ်လိုက်စဉ်က သူ၏ တိုက်ပွဲခွန်အားမှာ ပထမအဆင့်သာ ရှိသေးပြီး တိုက်ခိုက်ရေး နည်းစနစ် တစ်ခုတည်းနှင့်ပင် သူမတို့နှစ်ဦးအတွက် ပြိုင်ဘက် မဖြစ်နိုင်ချေ။
သို့သော်လည်း လင်းရီတွင်က တိုက်ပွဲခွန်အားအပြင် အရိုး သိပ်သည်းမှု၊ ကြွက်သားများ အလိုအလျောက် တုံ့ပြန်နိုင်မှု ၊ ပြီးပြည့်စုံသည့် ရုပ်ခန္ဓာ အစရှိသဖြင့် ...အခြားသော အားသာချက်တို့ကလည်း ရှိနေသေးပြန်သည်။
အဆိုပါ ရုပ်လက္ခဏာများ၏ တိုးမြင့်မှု အောက်တွင် ရုတ်ချည်း ပေါက်ကွဲထွက်လာသည့် စွမ်းအားက သူမတို့နှစ်ဦး ယှဉ်သာနိုင်သည့် အရာမျိုး မဟုတ်ခဲ့ပြန်ချေ။
သို့ပေမယ့် ထိုအားသာချက်များကို သူမတို့ နှစ်ဦးက သိရှိခြင်း မရှိခဲ့ချေ။ ထို့ပြင် ခေတ်သစ် TV အစီအစဉ်များ၌ အလွန်အကြူး ချဲ့ကား ပြသမှုတို့ကလည်း ပြဿနာ တစ်ရပ်ဖြစ်နေသောကြောင့် သူမတို့နှစ်ဦး မယုံကြည်နိုင် ဖြစ်နေသည်ကိုလည်း အပြစ်ပြောလို့တော့ မရချေ။
" မင်းတို့ အတွေးလွန်နေပြီ...."လျိုဟုန် ပြောလိုက်ပြီး " ဒီ ဗွီဒီယိုကို ကြည့်ပြီးတော့ ငါ တီဗွီဌာန ခေါင်းဆောင်နဲ့ ဖုန်းပြောပြီးသွားပြီ... သူတို့ မှတ်တမ်းတင်မယ့် အစီအစဉ်ထဲမှာ ဒါက မပါဘူးတဲ့... မိကျောင်းကလည်း တကယ့်အစစ်... လင်းရီကလည်း အဟုတ်ကို သူ့အစွမ်းအစနဲ့သူ သတ်ခဲ့တာ.... "
" ဒါက....."
သတင်းကို အတည်ပြုပြီးနောက် သူမတို့ နှစ်ဦး၏ အမူအရာမှာ သဘာ၀မကျ ဖြစ်လာခဲ့သည်။ အကယ်၍ ဤဗွီဒီယိုသာ လုပ်ဇာတ် မဟုတ်ခဲ့ပါက အနှီ လင်းရီ အမည်တွင်သော လူသားသည် အင်မတန် ကြောက်မက်ဖွယ် ကောင်းသွားချေပြီ။
" ဒါပေမယ့် ... ကျွန်မ သူ့ကို ထုတ်ပြီးသွားပြီလေ.... "
" ဒါဆိုလည်း မင်းသွားပြန်ခေါ်လာခဲ့လေ..."လျိုဟုန် မြဲမြံစွာ ပြောလိုက်ပြီး " ချိုးယွီလော့... ငါမင်းကိုပြောမယ်... မင်း သူ့ကို ကိုယ်တိုင် သွားခေါ်ရင် သွားခေါ်... မဟုတ်ရင် မင်း ဒီက လစ်လိုက်တော့...."
" ဟေ့ ဟေ့ ... လျို... မင်း စိတ်လျော့စမ်းပါ... ကိုယ့်တပည့်တွေကို အဲ့လောက်ကြီး ဒေါပွမနေစမ်းပါနဲ့ဟ..."ချောင်ကျားတုံး ကိစ္စများ ချောမွေ့စေရန် ၀င်ပြောလိုက်သည်။
" ငါ့တပည့်တွေ ဖြစ်နေလို့ကို ဒီလိုပြောနေရတာပေါ့ကွ..."လျိုဟုန်မှာ ဒေါသထွက်လွန်း၍ မျက်နှာကြီး နီရဲနေပြီး " သူတို့က ဘာမဟုတ်တဲ့ အကြောင်းပြချက်လေး တစ်ခုနဲ့ တစ်ဖက်သူကို ထုတ်ပစ်လိုက်တာလေ... တကယ်လို့ ဒီကိစ္စသာ လူတွေသိသွားခဲ့ရင် ကျုံးဝေ့တပ်ဖွဲ့က အာဏာသုံးပြီး အနိုင်ကျင့်တဲ့ နေရာလို့ ထင်ကုန်ကြလိမ့်မယ်...... "
" ဘော့စ်လျို... သူတို့နှစ်ယောက်ကြား အချေအတင် ဖြစ်ထားတယ်ဆိုတော့ အဲ့လိုလုပ်ဖို့ ရာ ခက်ခဲလိမ့်မယ် ထင်တယ်..."နင်ချဲ့ ပြုံးလျက် ပြောလိုက်ပြီး " ယွီလော့ မလိုချင်ပေမယ့် ကျွန်မ လိုချင်တယ်လေ... ကျွန်မ ပဲ သူ့ကို သွားရှာလိုက်မယ်.... ကျွန်မက အရေထူတော့ အရှက်ရမှာကိုလည်း မကြောက်ပါဘူး...."
" မင်းက ဘာတွေကျိတ်ပျော်နေတာ...."လျိုဟုန် ပြောလိုက်ပြီး " အသင်း ၂ က လူကို မရှိသလောက် ဖြစ်နေပြီ... တကယ်လို့ လင်းရီကိုသာ မင့်ဆီ ပေးလိုက်ရလို့ကတော့ အသင်း ၂က ပိတ်သိမ်းလိုက်ရုံပဲ... "
ထိုသို့ပြောပြီးနောက် လျိုဟုန် ချိုးယွီလော့ကို ကြည့်လိုက်ပြီး " ငါ ပြောနေတာ .. မင်း ကြားတယ်မလား..."
" မြန်မြန် သူ့ကို သွားရှာလိုက်တော့..."လျိုဟုန် ပြောလိုက်ပြီး " ငါ တစ်ဖန် ပြန်ပြောမယ်... သူ့ကို ရှာမတွေ့ရင် မင်းလည်း ပြန် မလာခဲ့နဲ့...."
" ဟုတ်ကဲ့... နားလည်ပါပြီ... "ချိုးယွီလော့ ထူးမခြားနားသည့် လေသံဖြင့် တုံ့ပြန်၍ ထွက်ခွာသွားခဲ့သည်။
သူမ တောင်းဆိုလို့ မရနိုင်တော့သည်ကို သိတော့ နင်ချဲ့လည်း နှုတ်ခမ်းကိုက်ရင်း နောက်မှ လိုက်ထွက်လာခဲ့လိုက်သည်။
အဆောက်အအုံ ပြင်ပ၌ ချိုးယွီလော့ အပြင်သို့ ထွက်လာပြီးနောက် ထောက်ချိန်ကို ကြည့်လိုက်ကာ " လင်းရီ ဖုန်းနံပါတ် ဘယ်လောက်လဲ....”