မေးခွန်းထုတ်သင့်တာက မင်းကိုလို့ပဲ ငါထင်တယ်
Vol. 68 Ch. 1011
" ဟမ်.... မင်းက လင်းရီရဲ့ ဖုန်းနံပါတ်ကို လိုချင်နေတယ်...."
ထောက်ချိန် ခေတ္တမျှ ကြက်သေသေသွားပြီး " အသင်းခေါင်းဆောင်... မင်းသူ့နောက်လိုက်ပြီး ဆူမလို့တော့ မဟုတ်ဘူးမလား.... အသင်းခေါင်းဆောင်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် အဲ့လိုလုပ်မယ်ဆို အရှက်ရစရာ ဖြစ်နေပါလိမ့်မယ်...."
" နင် တွေးတာ မှားနေပြီ... နင်တို့ အသင်းခေါင်းဆောင်က သူ့ကို သွားပြီး ပြန်ခေါ်လာမလို့ဟေ့...."နင်ချဲ့မှ ပြောလိုက်သည်။
" ပြန်ခေါ်လာမလို့လား... "ထောက်ချိန်နှင့် ၀မ်ပင်းယွီတို့ နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြ၏။
သူပဲ ခုလေးတင် ခေါင်းမာမာနဲ့ မောင်းထုတ်ပြီးတော့မှ အခုကျ ပြန်ခေါ်ချင်နေပြန်ပြီ...
အသင်းခေါင်းဆောင်က တတ်လည်း တတ်နိုင်လွန်းတယ်
" ဘော့စ်လျိုက အဲ့လူကို မြင့်မြင့်မှန်းထားတယ်လေ... အဲ့ဒီတော့....."နင်ချဲ့ လှောင်ပြုံး ပြုံးလိုက်ပြီး " နင် သိပါတယ်....."
" ရှောင်၀မ်... မင်း ထရိန်နင်ကို ဦးဆောင်ထားလိုက်... ငါ အသင်းခေါင်းဆောင်နဲ့ လိုက်သွားဦးမယ်...."
ထောက်ချိန်မှာ ငယ်ရွယ်သော်လည်း အင်မတန် ယုံကြည်ရသည့်လူပင်။ အကယ်၍ အသင်းခေါင်းဆောင် တစ်ယောက်တည်း လွှတ်လိုက်မည်ဆိုပါက ပို၍ပင် ပြဿနာ များသွားလိမ့်မည် ဖြစ်၏။ ထို့ကြောင့် သူပါ လိုက်သွားပြီး ညှိနှိုင်းပေးရပေမည်။
" ကောင်းပြီလေ... ကျွန်မနဲ့ လွှဲထားခဲ့လိုက်...."
ချိုးယွီလော့နှင့် ထောက်ချိန်တို့ ကားထဲ တစ်ယောက်ပြီးတစ်ယောက် ၀င်သွားခဲ့ကြသည်။ ထို့နောက် ထောက်ချိန် လင်းရီထံ ဖုန်းခေါ်လိုက်၏။
" လင်း... ငါလေ .. ထောက်ချိန်.... "
" သိတယ်.... ဘာကိစ္စလဲ..... "
" ငါ မင်းကို ပြောစရာလေးရှိလို့... မင်း အခု ဘယ်ရောက်နေတာလဲ.... ငါ မင်းဆီ လာခဲ့မလို့...."
" ပြောစရာရှိရင် ဖုန်းထဲပဲ ပြောလိုက်... လူကိုယ်တိုင် လာစရာ မလိုပါဘူး...."
" လူချင်းတွေ့ပြီး ပြောတာက ပိုကောင်းတယ်... ထောက်ချိန် ပြောလိုက်ပြီး " ဒီကိစ္စက နည်းနည်းလေး ရှုပ်ထွေးတော့....."
" ကောင်းပြီ... ကျုပ် အခု ပြည်ထောင်စု ဆေးကောလိပ်ကို သွားနေတာ... အဲ့မှာ ဆုံကြတာပေါ့... ခင်များ အဲ့နေရာရောက်ရင် ကျုပ်ကို ဖုန်းခေါ်လိုက်.... "
" အိုကေ အိုကေ ... ငါ အခုပဲ လာနေပြီ.... "
ဖုန်းချပြီးနောက် ထောက်ချိန် စိတ်သက်သာ ရစွာဖြင့် သက်မချလိုက်ပြီး ချိုးယွီလော့ထံ ပြောလိုက်သည်။
" အသင်းခေါင်းဆောင်.... ငါ ကျုံးဝေ့တပ်ဖွဲ့မှာ နေလာတာ နှစ်ပေါင်း မနည်းတော့ဘူး... ဒါပေမယ့် လူသစ်တစ်ယောက်က ဒီလိုလေသံမျိုးနဲ့ ပြောတာတော့ ပထမဆုံး မြင်ဖူးတာပဲ... သူက တခြားသူတွေနဲ့ မတူဘူး... ကျုံးဝေ့တပ်ဖွဲ့ရဲ့ ဩဇာကို ဂရုမစိုက်ဘူးဆိုတာ သိသာတယ် ...."
" ငါသိတယ်... အရင်ဆုံး ဟိုကို မောင်းသွားရအောင်..."ချိုးယွီလော့ ပြောလိုက်သည်။
သူမလည်း လင်းရီကို ခွဲခြားသည့် အကြည့်ဖြင့် ကြည့်ပြီး သူ၏ သဘောထား အမြင်ကို သိပ် သဘောမတွေ့ချေ။
သို့သော်လည်း ထိုသို့သော လူစားမျိုးကို ဘော့စ်လျိုမှ အင်မတန် တန်ဖိုးထားနေလိမ့်မည်လို့တော့ သူမ မျှော်လင့်မထားခဲ့ချေ။
၎င်းအပြင် ယခုအချိန်ထိ ချိုးယွီလော့ရင်ထဲ သံသယတစ်ချို့က ရှိနေသေး၏။
သူမှာ တကယ်ပဲ မိကျောင်းကို လက်ဗလာနဲ့ သတ်နိုင်တဲ့ အစွမ်းအစ ရှိနေတာလား....
နည်းနည်းလေး များသလိုပဲ...
❄️❄️❄️
ရန်ကျင်း ပြည်ထောင်စု ဆေးကောလိပ်။
လင်းရီ ကျုံးဝေ့တပ်ဖွဲ့မှ ထွက်ခွာလာပြီးနောက် လီချူးဟန်ထံ ဖုန်းခေါ်၍ သူမနှင့် တွေ့ရန် ဟန်ပြင်လေသည်။
သူမကလည်း လင်းရီ လာတွေ့မည်ဆို၍ အပျော်ကြီး ပျော်နေခဲ့တော့၏။
ထို့ကြောင့် အစည်းအဝေးပင် မပြီးသေးခင်ပဲ တံခါး၀သို့ ပြေးသွားကာ လင်းရီ လာမည်ကို စောင့်မျှော်နေတော့သည်။
" ချူးဟန်... အစည်းအဝေးကဖြင့် ပြီးတောင် မပြီးသေးဘူး...နင်က သူ့ကို ဒီမှာလာပြီး စောင့်နေတယ်ပေါ့... နင် အဲ့လိုလုပ်ဖို့ စိတ်ရှိသေးတယ်နော်...."ချောင်ညန် အရွှန်းဖောက်လိုက်၏။
"ငါ ငါက ဒီတိုင်း သူ ငါ့ကို ရှာမတွေ့မှာ စိုးလို့ပါဟာ...."
" ဒါဆိုလည်း သူ့ကို ဖုန်းမဆက်ပဲ ဘာလို့ ဒီမှာလာစောင့်နေတာ... "
" သူခဏနေရင် ရောက်လာတော့မှာပါ... နင် မပူနဲ့... "
ချောင်ညန်နှင့် ချွေ့ရင်တို့ အချစ်နာကျနေသည့် သူမတို့၏ အခန်းဖော် သူငယ်ချင်းလေးအား သေချာ အကဲခတ်ရင်း ရှော့ခ် အကြီးကြီး ရနေမိတော့၏။
ချူးဟန်လည်း လက်တွဲဖော် ရှာတွေ့သွားပြီးနောက် အဘယ်ကြောင့် စုံတွဲများမှ မခွဲနိုင် မခွာရက် တပူးတပူး တတွဲတွဲ ဖြစ်နေကြလဲဆိုတာ နားလည်သွားလေပြီ။
ဤသို့ဖြင့် သုံးယောက်သား မိနစ်အနည်းငယ် ကြာအောင် စောင့်ဆိုင်းလိုက်ကြသည်။ လင်းရီကားမောင်းလာသည်ကို မြင်တော့ လီချူးဟန် သူ့ဆီ သော့သော့ကလေး ပြေးသွားလိုက်၏။
" နင် အဆင်ပြေခဲ့လား...."လီချူးဟန် မေးလိုက်သည်။
" မေးမနေစမ်းနဲ့... သွားလိုက်တာ ငကြောင်တစ်သိုက်နဲ့ တိုးခဲ့လို့... ဒီလိုမှန်း သိရင် အစကတည်းက မသွားပါဘူး.... "
" ဒါဆို နောက်တစ်ခေါက်ကျ မသွားနဲ့တော့ပေါ့..."
" အင်း...."လင်းရီ ပြောလိုက်ပြီး " ပြောတော့ လက်ချာရှိတယ်ဆို ... အစောကြီး ပြီးသွားတာလား.... "
" လက်ချာက ခဏဆိုရင် ပြီးတော့မှာ..နောက်ကျရင် လှည့်ပတ်ကြည့်တဲ့ အပိုင်း ရှိသေးတယ်.... အတူကြည့်ကြရအောင်လေနော်.... "လီချူးဟန် ပြောလိုက်ပြီး " တစ်ချို့အပိုင်းတွေမှာကျ ပြည်ထောင်စု ကောလိပ်က ငါတို့ ဟွာရှန်းဆေးရုံထက် မဆိုသလောက်လေး ပိုကောင်းတယ်... ကြည့်ပြီး သင်ယူလို့ရတာပေါ့...."
" သွားစို့လေ... ငါလည်း ဘာမှ လုပ်စရာ မရှိတာနဲ့ အတော်ပဲ.... "
" အိုကေ...."
သို့နှင့် အုပ်စုမှာ ပြည်ထောင်စု ဆေးကောလိပ် ညီလာခံ အခန်းထဲသို့ ၀င်လာခဲ့ကြသည်။ နေရာက တက္ကသိုလ် လက်ချာခန်း သေးသေးလေးနှင့် ဆင်တူနေကာ လူ ၂၀၀ ကျော်မျှ ၀င်ဆံ့၏။
စင်ပေါ်၌ လက်ချာပေးနေသည့် မာရန်ပိုကတော့ လင်းရီတို့ ၀င်ရောက်လာမှုနှင့် ပတ်သက်၍ ထွေထူး ဂရုစိုက်မနေချေ။
သို့သော်လည်း သူ လင်းရီကို မြင်လိုက်ရတော့ လုံး၀ ကြက်သေသေသွားခဲ့၏။
ဒါ ဟွာရှန်းဆေးရုံက ခေါင်းဆောင် သမားတော်လင်း မဟုတ်ဘူးလား....
လင်းရီကို ဤနေရာ၌ မြင်တွေ့လိုက်ရသည့် အတွက် မာရန်ပို အံ့အားသင့်သွားခဲ့ရသည်။ ပြည်ထောင်စု ဆေးကောလိပ်အတွက် ယခုလို ပုဂ္ဂိုလ်ထူးကြီးတစ်ယောက်အား ဧည့်ခံ တွေ့ဆုံရမည်မှာ ဂုဏ်ယူဖွယ်ရာပင်။
သူ တော်တော်လေး စိတ်လှုပ်ရှားနေသော်လည်း မာရန်ပို မိမိကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။ အကယ်၍ တစ်ခုခု ပြောဆိုလိုပါက အစည်းအဝေးပြီးမှ ဆက်သွယ်ပြောဆိုရုံပင်။
အုပ်စုမှာ သူတို့၏ သက်ဆိုင်ရာ ထိုင်ခုံများ၌ ၀င်ထိုင်ကြပြီး လေးယောက် စုထိုင်လိုက်ကြသည်။ ကံကောင်းစွာဖြင့် ၀ဖိုင့်သူ တစ်ဦးမျှ ပါမလာသောကြောင့် ကျဉ်းကျဉ်းကြပ်ကြပ်တော့ ရှိမနေပေ။
ယနေ့ လက်ချာက ဆေးရုံတွင်းပိုင်း လက်ချာတစ်ခု ဖြစ်သောကြောင့် အချို့ခေါင်းဆောင်ကြီးများနှင့် ဒိတ်ဒိတ်ကျဲကြီးများက မရှိကြချေ။ ရောက်လာကြတို့ကလည်း ဆေးစက်ရုံအသီးသီး၏ ကိုယ်စားလှယ်များနှင့် အဓိက ဒါရိုက်တာ အဖွဲ့၀င်များ ဖြစ်ကြလေသည်။
ဆရာ၀န်များ၏ ရည်ရွယ်ချက်ကတော့ ဆေးပညာချင်း နှီးနှော ဖလှယ်ရန် ဖြစ်ပြီး စက်ရုံကိုယ်စားလှယ်များ၏ ရည်ရွယ်ချက်ကတော့ လုပ်ဖော်ကိုင်ဖက် ပါတနာ ရှာရန်ဖြစ်သည်။
သူတို့ လေးယောက် ထိုင်ချပြီး မကြာမီ လက်ချာသည်လည်း နိဂုံးသို့ ရောက်ရှိလာသည်။ လက်ချာ၏ အကြောင်းအရာများက အင်မတန် လက်တွေ့ကျသောကြောင့် သိသင့်သိထိုက်၊ ဆိုသင့်ဆိုထိုက်သည်များ ပြောကြားပြီးနောက် လျင်မြန်စွာဖြင့် အဆုံးသတ်လိုက်သည်က သာ၍ ကောင်းမွန်ပေသည်။
လက်တွေ့လုပ်ဆောင်ပြမှ ထင်သာမြင်သာ ရှိမည့် အရာများအား တစ်နာရီကျော်ကြာ အချိန်ဆွဲ ပြောကြားနေမည်ဆိုပါက နားထောင်သူများလည်း ပျင်းရိမည် ဖြစ်သလို ပြောကြားသူ၏ အားစိုက်ထုတ်မှုသည်လည်း အချည်းနှီးမျှသာ ဖြစ်လိမ့်မည်။
လက်ချာပြီးဆုံးတော့ သုံးယောက်သား ပစ္စည်း သိမ်းဆည်း၍ လင်းရီနှင့်အတူ ထွက်ခွာရန် ဟန်ပြင်လေသည်။
ကျန်သည်ကတော့ လှည့်ပတ်ကြည့်ရှုဖို့ရာပင်။ လီချူးဟန်ကတော့ ထိုအတွက် နေ့လည် မတိုင်ခင် ပြီးဆုံးလိမ့်မည်ဟု ခန့်မှန်းထား၏။
" ချူးဟန်... ကြည့်.... ချိန်ရွေ့လည်း ဒီမှာပဲ...."
ချွေ့ရင် လက်ညိုးညွှန်သည့် နေရာအတိုင်း လိုက်ကြည့်လိုက်တော့ ချိန်ရွေ့နှင့် သက်လတ်ပိုင်း လူကြီး တစ်ဦးတို့ အတူ မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
လင်းရီအမြင်တွင်တော့ နှစ်ယောက်မှာ အတော်လေး ရုပ်ချင်း ဆင်တူနေကာ သားအဖများ အလားပင်။
" သူတို့ကို ဂရုစိုက်မနေနဲ့.... အရင်ပဲ သွားစားကြစို့.... "
လီချူးဟန် ပြောလိုက်သည်။
" ခဏ....." ထိုအခိုက် ချိန်ရွေ့ လှမ်းအော် ဟန့်တားလိုက်၏။
" ဘာကိစ္စလဲ....."
" မင်းက မနေ့တုန်းက ငါ့သားကို ရိုက်လိုက်တဲ့ လင်းရီဆိုတာလား...."
ပြောလိုက်သူကတော့ ချိန်ရွေ့၏ ဖခင် ချိန်ရူကျန်းပင်။ အင်မတန် မောက်မာစီးပိုးသည့်လေသံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
ထိုစကားကို ကြားတော့ ချောင်ညန်နှင့် ချွေ့ရင်တို့ အံ့အားသင့်သွားခဲ့ကြ၏။
ဒါဆို သူတို့ မနေ့က ကားပြိုင်မောင်းရုံ သပ်သပ်ပဲ မဟုတ်ဘူးပေါ့....
နှစ်ဖက်ကြား သဘောထားကွဲလွဲမှုက ဖြတ်သွားဖြတ်လာများ၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။ ချိန်ရူကျန်းက သူဌေးကြီး တစ်ဦးဖြစ်ပြီး ဆေးဝါး ထုတ်လုပ်ရေး နယ်ပယ်တွင်လည်း နာမည်ကျော်ကြားသူ တစ်ဦးဖြစ်သည်။
ထို့ကြောင့် အကုန်လုံးကလည်း နားစွင့်နေခဲ့ကြ၏။
" ဟုတ်တယ် ဘိုးတော် အဲ့တော့ ခင်များ ဘာစောက်ပြဿနာ ရှိနေလို့လဲ..."လင်းရီ ပြောလိုက်၏။
"မင်းက ငါ့သားရဲ့ ကားကို ဖျက်စီးပစ်ရုံတင် မကသေးဘူး... ရိုက်ပါရိုက်ပစ်လိုက်တာ... ဒီအတွက် မင်းငါ့ကို ဖြေရှင်းချက် ပေးရမယ်...."
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်ရင်း သူ့ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ကိုယ့်ဘာကိုယ် လမ်းရှင်းလိုက်သည်။
" ဘာတွေ လာပွားနေလဲမသိဘူး... ဆေးဝါး ထုတ်လုပ်ရေး နယ်ပယ်မှာ ကျင်လည်နေပြီး ကျုပ်အကြောင်း မသိသေးဘူးဆိုတော့ ဖိုးကြီး ခင်များ တစ်ဘ၀လုံး ဖြစ်ဖြစ်မြောက်မြောက် ရှိမှာ မဟုတ်တော့ဘူး...."
" မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာတုန်း... ငါက ဘာမို့လို့ မင်းကို သိရမှာတုန်းကွ..."
လက်ရှိ ရောက်နေကြသူတိုင်း၏ အဆင့်အတန်းကို ချိန်ရူကျန်း အကြမ်းဖျင်း ခန့်မှန်း၍ ရသည်။
ယေဘုယျအားဖြင့် အကုန်လုံးက အဓိက ဆေးရုံကြီးများ၏ ဌာန ဒါရိုက်တာများ ဖြစ်ကြပြီး အနေအထားအရ ဆိုပါက သူက ... ဤလူများကြားတွင် ထူးချွန်သူတစ်ဦးဟု သတ်မှတ်၍ရ၏။
" ကျုပ်ဘယ်သူမှန်း ခင်များမသိရင်လည်း လိုက်စုံစမ်းလိုက်... မဟုတ်ရင် ခင်များရဲ့ ဆေးဝါးစက်ရုံလည်း ဒေဝါလီခံရဖို့ ဝေးတော့မှာ မဟုတ်ဘူး....."
' ဘာတွေဖြစ်နေတာ.. သူတို့ တကယ်ကြီး စကားများ ရန်ဖြစ်နေကြတာလားဟ...'
ထိုအချိန်တွင် မာရန်ပို လျင်မြန်စွာ ရောက်ရှိလာပြီး ဘာဖြစ်နေသလဲဆိုတာကို သိချင်နေမိတော့သည်။
" ဒါရိုက်တာမာ .. ခင်များရောက်လာတာ အတော်ပဲ.... ဒီကောင်က မနေ့တုန်းက ကျုပ်သားကို ရိုက်လိုက်တဲ့ကောင်ပဲ... ကျုပ် သူ့ဆီက ဖြေရှင်းချက် လိုချင်တယ်..."ချိန်ရူကျန်း ပြောလိုက်ပြီး " ဒီလိုမျိုး ရိုင်းစိုင်းရမ်းကားတဲ့ကောင်က ဘယ်ဆေးရုံကလဲ... ကျုပ် သူတို့ခေါင်းဆောင်တွေကို ဒီကိစ္စ အသိပေးမှကို ဖြစ်မှာ..."
" မင်း ငါ့ကို လာနောက်နေတာလား... ဒါရိုက်တာလင်းရဲ့ ကျင့်၀တ်သိက္ခာက မေးခွန်းထုတ်စရာပဲလို့ မင်း ပြောချင်နေတာလား...."မာရန်ပေါ် ပြောလိုက်ပြီး " ငါ့အထင်တော့ မေးခွန်းထုတ်သင့်တာ မင်းလို့ပဲ ထင်တယ်....”