← Chapters

ဆေးဘက်ဆိုင်ရာ ထွဋ်ခေါင်

Vol. 68 Ch. 1012

ဆေးဘက်ဆိုင်ရာ ထွဋ်ခေါင်

Vol. 68 Ch. 1012

" ဒါ... ဒါရိုက်တာမာ... ခင်များ ဘာတွေ လာပြောနေတာ..."ချိန်ရူကျန်းနှင့် ချိန်ရွေ့တို့ စိတ်ရှုပ်ထွေးသွားခဲ့ပြီး အနည်းငယ်ပင် ကြက်သေသေသွားခဲ့ကြသည်။

ဒီလူက ဘာလို့ အကြောင်းပြချက်မရှိ လာပြီး ဒေါသထွက်နေရတာတုန်းဟ...

ပြီးတော့ သူ့ရဲ့ အနေအထားနဲ့ဆို ငါတို့ချင်း ပိုပြီး ရင်းနှီးတယ်လို့တောင် ပြောလို့ရသေးတယ်...

" ငါပြောပြမယ်.... မင်းရှေ့မှာ မတ်တပ်ရပ်နေတဲ့သူက ဟွာရှရဲ့ အကျော်ကြားဆုံး နှလုံးသွေးကြော အထူးပြု ခွဲစိတ်ဆရာ၀န်.. သူက ဆေးနယ်ပယ် သီးနှံရဲ့ အကာအနှစ်ပဲ...ရူကျန်း ... မင်းရဲ့ စက်ရုံကို ဆက်ပြီး လည်ပတ်ချင်သေးတယ်ဆိုရင် စကားကို ယဉ်ယဉ်ကျေးပြောရင် ကောင်းမယ်... "

လင်းရီ၏ စစ်မှန်သည့် လွှမ်းမိုးမှုက နှလုံးသွေးကြော ခွဲစိတ်ဌာန၏ ခေါင်းဆောင်ဟူသော အထောက်အထားမှ မဟုတ်ပဲ သူ၏ ဆေးနယ်ပယ်၌ အာဏာရှိသော အဆက်အသွယ်များထံမှ မြစ်ဖျားခံလာခဲ့ခြင်း ဖြစ်သည်။

ဆေးဝါး ထုတ်လုပ်ရေးနယ်ပယ်၌ အလုပ်လုပ်နေရသူတိုင်း မည်သူကမျှ သူ့အား ပြစ်မှားဖို့ရာ တတ်နိုင်လိမ့်မည် မဟုတ်ချေ။

" ဒီတော့ သူက အဲ့လင်းရီကိုး ...."

" ငါထင်သားပဲ... ဒီနာမည် ရင်းနှီးနေပါတယ်လို့... ငါထင်တဲ့အတိုင်း အတိအကျကို ဖြစ်လာတာပဲ..."

လင်းရီ မည်သူဖြစ်ကြောင်း သိရှိပြီးနောက် ရောက်ရှိနေကြသည့်လူတိုင်း အင်မတန် အံ့အားသင့်သွားခဲ့ကြသည်။

လူက ငယ်ငယ်လေး ရှိ‌သေးတာကို လွှမ်းမိုးမှုက တယ်ကြီးလှပါလားဟ... ပြည်ထောင်စု ဆေးကောလိပ်ရဲ့ လက်ထောက် ခေါင်းဆောင်တောင်မှ ဒီလိုမျိုး ရိုရိုကျိုးကျိုးနဲ့ ဆက်ဆံပေးရတယ်... ဒီလိုမှန်းသိရင် အစောကတည်းက သွားနှုတ်ဆက်လိုက်ပါတယ်ကွာ...

လူတိုင်းမှာ မရင်းနှီးလိုက်ရ၍ ရင်နာ၍ မဆုံး ဖြစ်နေကြတော့သည်။

လင်းရီ ချိန်ရူကျန်း၏ ပခုံးကို လေးလေးနက်နက် ပုတ်လိုက်ပြီး " ကျုပ်ကို သံသယမရှိနဲ့... ကျုပ်ရဲ့ လွှမ်းမိုးမှုပေါ် မမှီခိုရင်တောင် လက်ထဲရှိတဲ့ ပိုက်ဆံနဲ့ ခင်များကို ဖို့သတ်လိုက်လို့ရတယ်.... လူရှေ့သူရှေ့ ငကြွားကြီး လုပ်ချင်တယ်ဆိုလည်း တစ်ဖက်သူ ဘယ်လို အနေအထားရှိလဲဆိုတာ အရင်လေ့လာ... စုံစမ်း ... ရမ်းတမ်းပြီး လျှောက်လုပ်မနေနဲ့... "ပြောပြီးနောက် လင်းရီ မာရန်ပေါ်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

ချောင်ညန်နှင့် ချွေ့ရင်တို့ အချင်းချင်း ကြည့်လိုက်ကြ၏။

ကြည့်ရသလောက်တော့ သူမတို့ လင်းရီအပေါ် နားလည်မှု အသစ်တစ်ခု ရလိုက်သည့်ပုံပင်။

ချူးဟန်က ဒီလောက်နှစ်တွေ အကြာကြီး စင်ဂယ်ဖြစ်နေပြီးမှ ကောက်ရွေးလိုက်တော့လည်း တကယ့်ကို ရတနာ ဖြစ်နေတာပဲ...

"ဒါရိုက်တာလင်းကလည်း ဒီရောက်နေတာကို ကျုပ်ကို မပြောဘူး... တကယ်ဆို ကျုပ် ဒါရိုက်တာလင်းကို လက်ချာပေးခိုင်းလိုက်မှာပေါ့...."

" ကျုပ်လည်း ဒီတိုင်း လမ်းလျှောက်ရင်း ၀င်ဖြစ်သွားတာပါဗျာ... သိပ်ပြီးလည်း အတည်ယူမနေပါနဲ့..."

" ခဏနေကျရင် လှည့်ပတ်ကြည့်ကြမယ့် အစီအစဉ် ရှိသေးတယ်လေ... ကျုပ်ကို လိုက်ပြခွင့် ပေးလို့ရမလား......."

" ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် ဒါရိုက်တာမာ.... "

လင်းရီ အလိုအတိုင်း ဆိုပါက ထိုကဲ့သို့ ပျင်းရိငြီးငွေ့ဖွယ် လှည့်ပတ်ကြည့်မည့်ထဲ ပါ၀င်လိမ့်မည် မဟုတ်ပေ။

သို့သော် လီချူးဟန်မှ တစ်စုံတစ်ရာ သင်ယူနိုင်လိမ့်မည်ဟု ပြောကြားလာသောကြောင့် လီချူးဟန်ကို အဖော်ပြုပေးရာ ဆုံးဖြတ်လိုက်လေသည်။

မာရန်ပိုကလည်း စူးရှထက်မြက်သည်။ လင်းရီ ၊ လီချူးဟန်နှင့် ကျန်သူများအားလုံးက နှလုံးခွဲစိတ်ဌာနမှ ဖြစ်သည်ကို သိသောကြောင့် နှလုံးဌာနသို့ပဲ တိုက်ရိုက် ခေါ်ဆောင်သွားလိုက်သည်။

ထို့ပြင် ခွဲစိတ်မှု သမိုင်းစာမျက်နှာ အစဉ်အဆက်ကို လှန်ကြည့်မည်ဆိုပါကလည်း စိန်ခေါ်မှု အရှိဆုံး ခွဲစိတ်မှုတို့မှာ နှလုံးခွဲစိတ်မှုများသာ ဖြစ်လေသည်။

အခြားသော ခွဲစိတ်မှုများနှင့် စပ်လျဉ်း၍ကတော့ ဒုတိယနှင့် တတိယ အဆင့်ရှိမြို့များနှင့် ပထမအဆင့် မြို့တို့ကြား ခြားနားမှု သိပ်မရှိချေ။

သို့သော်လည်း နှလုံးခွဲစိတ်မှု ဆိုလျှင်တော့ မတူညီသည့် တစ်ကဏ္ဍ ဖြစ်သွားခဲ့လေပြီ။

မျက်မှောက်အချိန်ကာလတွင် နှလုံးခွဲစိတ်မှုဌာနက နိုင်ငံတွင်း တိုးတက်မှု အနှောင့်နှေးဆုံးဆိုသည်မှာ ခြွင်းချက်မရှိ မှန်ကန်ပေသည်။

ထို့ကြောင့် ဒေါက်တာလင်း၏ ရောက်တတ်ရာရာ မှတ်ချက်တစ်ခုကပင် ဌာနတစ်ခုလုံး၏ စံချိန်စံညွှန်းအား မြင့်တက်သွားစေလောက်သည်အထိ တန်ဖိုးကြီးမားမည် ဖြစ်၏။

ဤသည်က ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်ခြင်းပင်။

ကလင် ကလင် ကလင် ....

နှလုံးခွဲစိတ် ဌာနသို့ ၀င်ရောက်ခါနီးတွင် လင်းရီ ဖုန်းသံ မြည်လာခဲ့သည်။ ထောက်ချိန်မှ ဆက်သွယ်လာခဲ့ခြင်းပင်။

" လင်း... ငါတို့တော့ ရောက်ပြီ... မင်းအခု ဘယ်မှာတုန်း...."

" ကျုပ်အခု ပြည်ထောင်စု ဆေးကောလိပ်ရဲ့ နှလုံးခွဲစိတ် ဌာနမှာ ရှိတယ်... လုပ်စရာ ရှိသေးလို့ တစ်နေရာမှာ ခဏစောင့်နေဦး.... သိပ်မကြာခင် လာခဲ့မယ်...."

" ဖျားနေလို့လား... ငါ သီးသန့် သမားကောင်းနဲ့ ချိတ်ပေးလို့ရတယ်နော်...."

" မဟုတ်ဘူး... ဒီတိုင်း အလည်လာတာ..... "

" ကောင်းပြီလေ...."

ကားပါကင်နေရာ၌ ထောက်ချိန် ဖုန်းချလိုက်ပြီး " သူပြောတာ သူအခု နှလုံးခွဲစိတ် ဌာနကို သွားလည်နေလို့ ငါတို့ကို ခဏစောင့်ပါဦးတဲ့..."

" သွားလည်တယ်... ဟုတ်လား..."ချိုးယွီလော့ ပြောလိုက်ပြီး " အဲ့ကောင်က အပင်စိုက်တဲ့ကောင် မဟုတ်ဘူးလား... ဆေးရုံမှာ ဘာလာလုပ်နေတာလဲတဲ့...."

" အဲ့တာက ဒီတိုင်း သူ့ရဲ့ ဝါသနာ သပ်သပ်လေ... အမှန်ဆို သူက စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ပဲ.... "

" ငါသိတယ်... ဒါပေမယ့် သူ့ရဲ့ စီးပွားရေးက အင်တာနက်နဲ့ semiconductor နယ်ပယ်မှာပဲ မဟုတ်ဘူးလား.... ဆေးရုံတွေနဲ့လည်း ဘာမှမဆိုင်ပဲနဲ့.... "ချိုးယွီလော့ ပြောလိုက်၏။

" ငါတို့ သွားပြီး တစ်ချက်ကြည့်ကြရင်ကော..... "

ထောက်ချိန် ပြောလိုက်ပြီး "ဘယ်လိုပဲဖြစ်ဖြစ် အားနေမယ့် တူတူတော့ မဟုတ်ဘူးလား... ပြီးတော့ ဒီလို သွားရှာလိုက်ရင် ကိုယ့်ဘက်က ပိုပြီး ရိုးသားရာ ရောက်သွားမယ်လေ.... "

ထောက်ချိန်၏ လက်ရှိ အကြံဉာဏ်က လင်းရီစိတ်ထဲတွင် အမြင်ကောင်းများ တတ်နိုင်သမျှ ချန်ထားရစ်နိုင်ရန်သာ ဖြစ်သည်။

မဟုတ်ပါက သကောင့်သား၏ စရိုက်ဖြင့် ဆိုပါက သူတို့နှင့်အတူ ပြန်လိုက်ခဲ့လိမ့်မည် မဟုတ်ချေ။

"သွားစို့..."ချိုးယွီလော့ ပြောလိုက်သည်။

" အသင်းခေါင်းဆောင် .. မင်းအဲ့လိုကြီး မျက်နှာ မတင်းထားပါနဲ့လား.. မဟုတ်ရင် ငါတို့ သူ့ကို ပြန်ခေါ်နိုင်မှာ မဟုတ်ဘူးနော်...."ထောက်ချိန် ပြောလိုက်ပြီး " တကယ်လို့ အဆင်မပြေဘူးဆိုရင် ဘော့စ်လျို သေချာပေါက် မင်းကို ဆူငေါက်လိမ့်မယ်....."

" ငါသိတယ်.... "

" ဒီတော့.... ပြုံးရွှင်နေတဲ့ မျက်နှာထားလေးနဲ့ သွားတာ ပိုမကောင်းဘူးလား....."

" ထားလိုက်စမ်းပါ... သွားကြစို့.... "

စိတ်ပိုင်းဖြတ်ပြီးနောက် နှစ်ယောက်မှာ ကားထဲမှ ထွက်လိုက်ကြပြီး နှလုံးဌာန၏ တည်နေရာကို စုံစမ်းလိုက်ကြသည်။ ထို့နောက် လမ်းလျှောက်လာခဲ့ကြ၏။

သူတို့၏ အတွေးဉာဏ်ကတော့ ရိုးစင်းသည်။ ယခုလို အချိန်မျိုး၌ သူတို့ လင်းရီကို နှောင့်ယှက်နေရန် မလိုချေ။

သွားပြီး မျက်နှာပြရုံမျှဖြင့် ၎င်းတို့၏ ရိုးသားလေးနက်မှုကို ဖော်ပြနိုင်မည် ဖြစ်သည်။

သို့သော်လည်း သူတို့ နှလုံးဌာနကိုရောက်တော့ နှစ်ယောက်သား ရှော့ခ်ရဖို့ ကောင်းလောက်သည့် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ကြရ၏။

ဤသည်က ..... အဘယ်ကြောင့်ဆိုသော် လင်းရီ ဓာတ်လှေကားထဲမှ ထွက်လာသည့် အခိုက်အတန့်၌ သွားကြုံသောကြောင့်ဖြစ်၏။

သို့သော်လည်း လင်းရီက သူတစ်ယောက်တည်း ထွက်လာခဲ့ခြင်း မဟုတ်။

ရှေ့နောက် ဘယ်ညာ လေးဖက်လေးတန်တွင် လူအများအပြား စုဝေးနေသည်။ အသက်အငယ်ဆုံးသူမှာ လေးဆယ် အရွယ်ခန့်ရှိပြီး ပြည်ထောင်စု ဆေးကောလိပ် အမှတ်တံဆိပ်နှင့် အဖြူရောင် ကုတ်များအား ၀တ်ဆင်ထားကြသည်။ သူတို့အားလုံး လင်းရီဘေးနားတွင် နေ၍ ရယ်မော စကားပြောဆိုနေကြပြီး ရင်းနှီးမှု ရရှိနိုင်ရန် ကြိုးပမ်းနေကြသည့်ပုံပင်။

ထို့ပြင် အဝေး၌ ရှိနေသည့် နာ့စ်အချို့ကလည်း ဖုန်းကင်မရာဖြင့် လင်းရီဓာတ်ပုံကို ဖမ်းယူနေခဲ့ကြ၏။

ဤသည်ကတော့ လင်းရီ၏ ချောမောခန့်ညားလှသော ရုပ်ရည်သွင်ပြင်ကြောင့်ပင်။

ထောက်ချိန် မျက်လုံးများ မှေးကျဉ်းသွားပြီး သေသေချာချာ ကြည့်လိုက်မိသည်။ " ဘာတွေလဲ ဖြစ်နေတာ... သူတို့ထဲ အနိမ့်ဆုံး မရှိဘူးဆိုရင်တောင် အနည်းဆုံး လက်ထောက် ခွဲစိတ်သမားတော်ပဲ... သူတို့က ဘာလို့ ထျန်းလျက်နား ပုရွက်ဆိတ်တွေ အုံသလို ဝိုင်းအုံနေကြတာလဲတဲ့...."

" ငါလည်း အဲ့တာကို မစဉ်းစားတတ်ဖြစ်နေတာ... ဒီတိုင်း လှည့်ပတ်ကြည့်တာလို့ ပြောတယ် မဟုတ်ဘူးလား..ဘာလို့ ဆယ်လီနောက် လိုက်နေတဲ့ ပါပါရာဇီတွေနဲ့ တူနေရတာလဲတဲ့... ."

ထိုအချိန်တွင်ပဲ လင်းရီလည်း ထောက်ချိန်နှင့် ချိုးယွီလော့တို့အား မြင်တွေ့သွားခဲ့သည်။ မျက်မှောင် တစ်ချက်ကြုတ်သွားပြီး တည်ငြိမ်သည့် လေသံဖြင့် " ဒီမှာ ခဏ စောင့်ပေးဦး... ကျုပ် လုပ်စရာလေး တစ်ချို့ ရှိသေးတယ်... "

" ရတယ် ရတယ်... မင်း လုပ်စရာရှိတာလုပ်... ငါတို့ မလောဘူး.... "ထောက်ချိန် ပျူငှာစွာ ပြောလိုက်၏။

" ဒီရဲ့ Thoracoabdominal သွေးလွတ်ကြော အစားထိုး ခွဲစိတ်ကုသမယ့် အပေါ် ဒါရိုက်တာလင်း ဘယ်လိုထင်လဲ... "လျောင်ဟုန်ဂန်း... ပြည်ထောင်စု ဆေးကောလိပ် ဆေးရုံ၏ ခေါင်းဆောင် ခွဲစိတ်သမားတော် တစ်ဦးမှ မေးမြန်းလိုက်သည်။

ထူထဲသည့် ဖိုင်တွဲတစ်ခုအား ကိုင်ထားရင်း လင်းရီ အကြမ်းဖျင်း တစ်ချက် ဖတ်ကြည့်ပြီးနောက် " ကျုပ် အကြံပြုချင်တာကတော့ နှစ်ဆင့် ခွဲစိတ်မှု လုပ်ဆောင်ဖို့ပဲ...ပထမ အဆင့်မှာ bentall လုပ်ထုံး လုပ်ပြီး ပင်မသွေးလွတ်ကြောခုံးကြီးတစ်ခုလုံးကို အစားထိုးရမယ်... နောက် ဒုတိယ အဆင့်မှာမှ ပင်မသွေးလွတ်ကြောရဲ့ Thoracoabdominal သွေးကြောကဏ္ဍ အစားထိုးတာကို လုပ်ဆောင်သင့်တယ်... "

" နောက်ပြီး ဒီလူနာရဲ့ အခြေအနေက ထူးခြားတယ်... ဘာလို့ဆို အစားထိုးဖို့ လိုအပ်တဲ့ ပင်မသွေးလွတ်ကြောမကြီးနဲ့ ဆက်စပ်နေတဲ့ သွေးကြောမျှင်ကလေးတွေ အများကြီး ရှိနေတယ်... ဒီထဲကျောရိုးရဲ့ ဏ္ဍိုင် အာရုံကြော ၊ ကျောက်ကပ် ၊ အူ နဲ့ တင်ပါးဆုံးရိုးကို ထောက်ပံ့ပိုးနေတဲ့ သွေးလွတ်ကြောတွေလည်း ပါတယ်..."

" ကျောရိုး မဏ္ဍိုင် အာရုံကြောကို ပံ့ပိုးပေးနေတဲ့ သွေးကြောကို တစ်နာရီအတွင်း သေသေချာချာလေး ချိတ်ဆက်မိဖို့က အရေးကြီးတယ်... ဒါမှလည်း ရေရှည် ထိခိုက်မှုတွေနဲ့ လူနာရဲ့ ခြေထောက်တွေ လှုပ်ရှားနိုင်စွမ်းအပေါ် ရှုပ်ထွေးမှုတွေကို ကာကွယ်ပေးနိုင်မှာ....တကယ်လို့ ခင်များတို့ကမှ တိကျသေချာတဲ့ အချိန်အတွင်း အောင်မြင်အောင် သွယ်ဆက်နိုင်မယ့် အာမခံချက် မပေးနိုင်ဘူးဆိုရင် အနာဂတ်ကျ ပိုပြီး ခက်ခဲသွားမှာမို့လို့ သေချာပြန်စဉ်းစားဖို့ အကြံပေးချင်တယ်.... "

" ကောင်းပြီ... ကျုပ်တို့ မှတ်ထားပါ့မယ်..."လျောင်ဟုန်ဂန်းမှ ပြောလိုက်ပြီး " ဒါရိုက်တာလင်းရဲ့ အဖိုးတန်လှတဲ့ အတွေ့အကြုံတွေကို ဝေမျှပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်...."

ထောက်ချိန်နှင့် ချိုးယွီလော့တို့ မျက်လုံးအဝိုင်းသား ဖြစ်သွားခဲ့ကြသည်။

သူက နှလုံးသွေးကြော ခွဲစိတ်မှုတွေ အကြောင်းတောင် သိနေတယ်လား...

သူက တကယ်ကြီး ဆရာကြီးတစ်အုပ်ကို ညွှန်ပြပေးနေတယ်....

သူ အတိအကျ ဘာတွေများ လုပ်ခဲ့တာလဲ...

" အိုး ... ဒါနဲ့ ခင်များတို့ အာရုံစိုက်သင့်တဲ့ အရေးကြီးတာ နောက်တစ်ခု ရှိသေးတယ်... "လင်းရီ ဆေးမှတ်တမ်းအား လှန်လောရင်း " ဒီ ဓာတ်ပုံကို ကြည့်... အဓိက သွေးလွတ်ကြောမကြီးက ကွက်ပြီး ကြီးမားနေတယ်... ခွဲစိတ်နေတဲ့ချိန် မတော်တဆ ဖြတ်တောက်မိသွားခဲ့ရင် သွေးကြောပိတ်နိုင်ခြေ များတယ်.... ဒါကြောင့် ခင်များတို့ ပိုပြီး ဆန်းစစ်လေ့လာသင့်တယ်... တခြား ဌာနတွေနဲ့ သေချာဆွေးနွေးပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ဖယ်ရှားဖို့ အတူလုပ်ကြတာ အကောင်းဆုံးပဲ... "

ထောက်ချိန်နှင့် ချိုးယွီလော့တို့ သံသယ မရှိတော့ချေ။

သူက ဆေးပညာ ထွဋ်ခေါင်တစ်ပါးလည်း ဖြစ်နေပါရောလား....

All Chapters