← Chapters

ငါ့ကို ဒယ်ဒီလို့ခေါ်ရင် သင်ပုန်းချေပေးလိုက်မယ်

Vol. 68 Ch. 1013

ငါ့ကို ဒယ်ဒီလို့ခေါ်ရင် သင်ပုန်းချေပေးလိုက်မယ်

Vol. 68 Ch. 1013

" ဒီရဲ့ ခွဲစိတ်မှုက ခက်ခဲလွန်းပါတယ်... ကျုပ်တို့မှာ အောင်မြင်နိုင်ဖို့ ၃၀ ရာခိုင်နှုန်းပဲ ယုံကြည်ချက် ရှိတယ်..."လျောင်ဟုန်ဂန်း ပြောပြီးနောက် အကဲစမ်းသည့် အနေဖြင့် " ဒါရိုက်တာလင်းကော ကျုပ်တို့ကို မကူညီပေးချင်ဘူးလား...."

" အနာရောဂါတွေ ကုသပြီး လူနာ အသက်တွေ ကယ်တင်မယ့် အရေးမှာ ခင်များတို့ ကလေးကစားနေသလို လုပ်နေလို့ မရဘူး... ဒါပြီးရင် ကျုပ် ခွဲစိတ်မယ့် အစီအစဉ်ကို ကူလုပ်ပေးမယ်.... အဲ့တာကိုမှ စိုးရိမ်နေသေးတယ်ဆိုရင် ကျုပ် ပြန်လာပြီး ကိုယ်တိုင် ဦးဆောင် ခွဲစိတ်ပေးမယ်... ဒီလောက်ဆို အဆင်ပြေပြီလား...."

" ကောင်းတာပေါ့ ကောင်းတာပေါ့... ကျေးဇူးတင်ပါတယ် ဒါရိုက်တာလင်း... "

" မပြောပလောက်ပါဘူးဗျာ....."

သို့နှင့် လင်းရီ ဆေးမှတ်တမ်းကို လျောင်ဟုန်ဂန်းထံ ပြန်ကမ်းပေးလိုက်ပြီး " တခြား ဘာမှ မရှိတော့ဘူးဆိုရင် ကျုပ် အရင် ပြန်နှင့်ပြီ... ကိုယ်ရေး ကိုယ်တာ ကိစ္စလေးတွေ ရှိသေးလို့..."

" ဒါပေါ့ ဒါပေါ့... ဒါရိုက်တာလင်း လုပ်စရာရှိတာ လုပ်ပါ... ဒါပေမယ့် နောင်ကျ အချိန်ရခဲ့ရင်တော့ ကျုပ်တို့ ဆေးရုံကိုလာပြီး ညွှန်ပြပေးရမယ်နော်.... "

" ဒေါက်တာက အားနာလွန်းနေပါပြီ...."

နှစ်ဖက် အပြန်အလှန် သာယာနာပျော်ဖွယ် စကားအချို့ ပြောကြားပြီးနောက် လင်းရီ လီချူးဟန်တို့ အုပ်စုနှင့်အတူ ခွဲထွက်လာခဲ့လိုက်သည်။

ထောက်ချိန်နှင့် ချိုးယွီလော့တို့သည်လည်း နောက်မှ အတူလိုက်လာခဲ့ပြီး ဌာန အဆောက်အဦးထဲမှ ထွက်ခွာလာခဲ့လေသည်။

သို့သော်လည်း သူတို့ လင်းရီ အပေါ် ကြည့်သည့် အမြင်တို့ကတော့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

သူတို့၏ စိတ်ထဲတွင်တော့ ယုံမှား သံသယတို့ဖြင့် စိတ်နှစ်ခွ ဖြစ်နေသည်။

" ချူးဟန် ဒီမှာ ခဏစောင့်နေပေးဦး... ငါ ကိုယ်ရေးကိုယ်တာ ကိစ္စလေး တစ်ချက် ရှိသေးလို့ သွားကိုင်တွယ်လိုက်ဦးမယ်...."ပြောပြီးနောက် လင်းရီ ထောက်ချိန်ကို အကြည့်တစ်ချက်ပေးပြီး လူမရှိသည့် ထောင့်တစ်နေရာသို့ ခေါ်သွားလိုက်သည်။

" ကျုပ်ကို ဘာကိစ္စ ရှာနေတာလဲ... "

လင်းရီ၏ မေးခွန်းထုတ်သည့် လေသံက သူတို့ နှစ်ယောက်ကို အနည်းငယ် ခက်ခဲသွားစေသည်။

ယခုလေးတင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းက သူတို့ ရှေ့၌ ရပ်နေသည့် လူအပေါ် လုံး၀ ပြောင်းလဲသည့် အမြင်မျိုးဖြင့် ရှုမြင်ရန် ဖြစ်သွားစေခဲ့သည် မဟုတ်ပါလား။

" ထရိန်နင် ကိစ္စပါကွာ... ငါတို့ အသင်းခေါင်းဆောင်က နည်းနည်းလေး စိတ်လိုက်မာန်ပါ ဖြစ်သွားတော့ မင်းအပေါ် မတရား လုပ်မိသွားသလို ခံစားနေရတာ ... ဒါကြောင့်မို့ မင်းကို ကိုယ်တိုင် ပြန်လာပြီး ဖိတ်ခေါ်ဖို့ ဆုံးဖြတ်လိုက်တာပဲ.... "

" မေ့လိုက်တော့... အဲ့လိုလူနဲ့ အတူရှိနေရင် ကျုပ်ကိုပါ စိတ်ရောဂါ ကူးစက်သွားမှာကြောက်တယ်... "

" နင်က ငါ့မောင်ကို ရိုက်နှက်ပြီးတော့ ဒီလိုစကားမျိုး ပြောထွက်သေးတယ်ပေါ့လေ.... နင် အရင်ဦးဆုံး မှားတယ်ဆိုတာ အရှင်းကြီးပဲ..."ချိုးယွီလော့ စိတ်တိုကြီးစွာဖြင့် ပြောလိုက်၏။

" ငါက မင်းမောင်ကို ရိုက်လိုက်တယ် ဟုတ်လား...."

လင်းရီ ချိုးယွီလော့ကို စိုက်ကြည့်လိုက်ပြီး " မနေ့ညက ငါရိုက်လိုက်တဲ့ လူတွေမှ အများကြီးပဲ... အဲ့ကောင် အခု ဆေးရုံမှာ ရှိနေတာလား....."

" ချိုးတုန်းနန်ရဲ့ ဒဏ်ရာက မပြင်းသွားဘူး... ဆေးရုံကတောင် ဆင်းပြီးနေပြီ... "

" ဆိုတော့ သူကိုး... အဲ့ကောင်က လူတိုင်း ရှေ့မှာလာပြီး မိမိုက်သလို လာလုပ်ပြချင်နေတာလေ.... အဲ့လိုကောင်မျိုးကို သင်ခန်းစာပေးလိုက်တာ ဘာဖြစ်လို့လဲ.... "

" ဆွေကြီး မျိုးကြီး အသိုင်းအဝိုင်းကြီးထဲက လူတွေကိုတောင် ရိုက်နှက်ဝံ့နေတယ်ဆိုတော့ နင့်ကိုယ်နင် ကျားအသည်း စားထားတယ်လို့များ အောက်မေ့နေလား.... "

" ရှင်းတယ်... ငါကတော့ နေ့တိုင်း အပြင်ထွက်ရင် သူတကာထက် အဆင့်အတန်းမြင့်တယ်ဆိုပြီး သွေးနားထင် ရောက်နေတဲ့ကောင်တွေကို ငါမုန်းတယ်... ကြည့်လို့လည်း မရဘူး... "လင်းရီ ပြောလိုက်ပြီး " မင်းတို့လို အသိုင်းအဝိုင်းကြီးထဲကလူတွေက သူများထက် ထူးတယ်ဆိုပြီး ဘယ်အရာကများ အဲ့လိုထင်အောင် လုပ်ပေးလိုက်တာလဲ...."

" မင်းတို့ အသိုင်းအဝိုင်းထဲက ကောင်တွေက ငါ့ထက် ရုပ် ပိုချော ၊ ပိုက်ဆံ ပိုရှိတယ်လို့ ထင်နေတာလား... ဒါမှမဟုတ် ငါ့ထက်ပိုပြီး လက်ရုံးရည် ပြည့်၀တယ်လို့များ ထင်နေတာလား... မင်းတို့ရဲ့ မော်ကြွားလွန်းတဲ့စိတ်က ဘယ်ကနေ ရောက်လာတာလဲ... မင်းကိုကော နားလည်သွားအောင် ငါ ရိုက်နှက်ပေးရဦးမလား...."

" နင်..... "

" အသင်း ခေါင်းဆောင် .. အသင်းခေါင်းဆောင် ... မင်း စိတ်လိုက်မာန်ပါ မလုပ်လိုက်နဲ့... ငါတို့ ဒီကိစ္စ သေသေချာချာလေး ဆွေးနွေးမှ ဖြစ်မှာ....."

ချိုးယွီလော့မှ ပျံထွက်ပေါက်ကွဲတော့မည့် မီးရှူးဒိုင်းနှယ် ဖြစ်နေသည်ကို မြင်တော့ ထောက်ချိန် ခြေတစ်လှမ်းတိုးပြီး သူမအား နောက်သို့ ဆွဲထားလိုက်ရသည်။

စိတ်ထဲတွင်လည်း ခါးသီးစွာ ခံစားနေရတော့၏။

ငါတို့ ဒီတစ်ခေါက် လာတယ်ဆိုတာ သူ့ကို ပြန်ခေါ်ဖို့လေ... သူနဲ့ ရန်ဖြစ်ဖို့မှ မဟုတ်တာ...

လင်းရီကလည်း စရိုက်ဆိုးဆိုးနဲ့ သူမသာ ဒေါသထွက်အောင် လုပ်မိလိုက်လို့ကတော့ ရှိနေတဲ့ အခွင့်အရေးလေးပါ ပျောက်ကွယ်သွားနိုင်တယ်....

ထောက်ချိန်၏ ဟန့်တာခြင်းကို ခံရပြီးနောက် ချိုးယွီလော့ သူမ၏ စိတ်ခံစားချက်များကို အတင်း ချုပ်ထိန်းထားလိုက်သည်။

သူမ ခေါင်းကို တစ်ဖက်သို့လှည့်ပစ်လိုက်ပြီး ဘာမျှ ဆက်မပြောတော့ချေ။

" လင်း... မင်းလည်း အခြေအနေကို သိပါတယ်... ငါတို့နဲ့ ပြန်လိုက်ခဲ့ပါ.... "ထောက်ချိန် အပြုံးဖြင့် ပြောလိုက်ပြီး " ငါ မင်းရဲ့ ရဲဘော်ရဲဖက်တစ်ယောက် ဖြစ်လာဖို့ကို မျှော်လင့်နေတယ်.... "

" ကျုပ်လည်း ခင်များကို လူကောင်းတစ်ယောက်လို့ ထင်ပါတယ်...."

လင်းရီ ချိုးယွီလော့ကို လက်ညိုးထိုးလိုက်ပြီး " ဒါပေမယ့် သူကတော့ စိတ်ပြဿနာ ရှိနေသလိုပဲ... ဒီတော့ ခင်များနဲ့ ပြန်မလိုက်ပေးနိုင်ဘူး...."

" အမ်........"

" ငါ နင့်ကို ခေါ်ဖို့ ဒီအထိ ရောက်လာပြီးတာတောင် နင်က ဘာတွေ ထပ်လိုချင်နေသေးတာလဲ... ငါ့ကို ဒူးထောက် တောင်းပန်စေချင်နေတာလား...."

" ဟုတ်တယ်... ဒူးထောက်ပြီး တောင်းပန်လိုက် .. အဲ့လိုလည်း ရတယ်... ဒါမှမဟုတ် ပါပါးလို့ ခေါ်မယ်ဆိုရင် ဒီကိစ္စ သင်ပုန်းချေပေးလိုက်မယ်..."

" ငါနင့်ကို သတ်ရဲတယ်ဆိုတာ ယုံလား.... "

" ဟေ့ ဟေ့ .. အသင်းခေါင်းဆောင်... မင်းလည်း စိတ်လေး လျော့ပါဦးဟာ..."

ထောက်ချိန် ချိုးယွီလော့ကို အလျင်စလို ပြန်ဆွဲထားလိုက်ပြီး " ဒါက ဆေးရုံနော်... ငါတို့ရဲ့ အပြုအမူတွေကို ဆင်ခြင်ဖို့ လိုတယ်...."

ချိုးယွီလော့ စိတ်တည်ငြိမ်စေရန်အတွက် တော်တော်လေး အားတင်းယူလိုက်ရသည်။

ထောက်ချိန်ကတော့ သူလိုက်လာခဲ့လိုက်သည်မှာ မှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်သွားကြောင်း ခံစားမိပြီး ကျေနပ်မိနေတော့၏။

အကယ်၍ သူတို့ နှစ်ယောက်တည်းဆိုပါက ဆေးရုံထဲတွင် နပန်းလုံးရင် လုံးနေကြပေလိမ့်မည်။

" လင်း.... တကယ်တမ်းဆို မင်းတို့နှစ်ယောက်ကြား ဖြစ်သွားတဲ့ ကိစ္စက ဘာမှ ကြီးကျယ်တာလည်း မဟုတ်ဘူး... ဒီတိုင်း အထင်လွဲသွားရုံ သပ်သပ်ပဲ ရှိတာ ... ငါ့အသင်းခေါင်းဆောင်ကိုယ်စား ငါကပဲ တောင်းပန်ပါတယ်... ငါတို့နဲ့ ပြန်လိုက်ခဲ့ပါ.... ငါတို့ရဲ့ ခေါင်းဆောင်က မင်းကို အများကြီး မျှော်မှန်းထားတယ်...."ထောက်ချိန် ပြောလိုက်သည်။

" ပြီးတော့ မင်း ကျုံးဝေ့တပ်ဖွဲ့ကို လာရင် တခြား အရေးကြီး ကိစ္စတွေနဲ့ ရှုပ်ထွေးမိမှာကို စိုးရိမ်စရာ မလိုဘူး... မင်းကို ကာကွယ်ပေးမယ့် မမြင်ရတဲ့ ထီးတစ်လက်လိုတောင် ဖြစ်နေဦးမှာ... ဒါက မင်းအတွက်လည်း အကျိုးရှိတယ် မဟုတ်ဘူးလား...."

" ခင်များက ဘာလို့ လာတောင်းပန်နေတာ... သူ့ကို တောင်းပန်ခိုင်းလိုက်.... "

ထောက်ချိန် ချိုးယွီလော့ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်၏။ ဤကိစ္စက အင်မတန် ရှင်းလင်းနေပြီးဖြစ်သည်။

အသင်းခေါင်းဆောင်က တောင်းပန်လိုက်သည်နှင့် အားလုံး အဆင်ပြေသွားလိမ့်မည်။

" အသင်းခေါင်းဆောင်.... ငါတို့ကပဲ အရင်ဦးဆုံး မှားယွင်းကြတဲ့သူတွေလေ.... တကယ်လို့ မင်းတောင်းပန်လိုက်ရင် ဒီကိစ္စ အဆင်ပြေပြီ..."ထောက်ချိန် ပြောပြီးနောက် တီးတိုးလေသံဖြင့် " ဘော့စ်က ငါတို့ သူ့ကို ပြန်ခေါ်လာမှာ စောင့်နေသေးတယ်နော်...."

ချိုးယွီလော့၏ အမူအရာမှာ ရှုပ်ထွေးနေပြီး အတန်ကြာ မတည်မငြိမ် ဖြစ်နေလေသည်။ အချိန်အတော်ကြာပြီးနောက် စိတ်ပိုင်းဖြတ်လိုက်သည့် ဟန်ဖြင့် " ငါတောင်းပန်ပါတယ်...."

" မင်း အသံ၀င်နေတာလား... ကျယ်ကျယ် မပြောနိုင်ဘူးလား... ငါ ဆေးကုပေးဖို့ရော လိုသေးလား..."

" ငါ တောင်းပန်တယ်လို့...."

" အဲ့လိုလုပ်စမ်းပါ...."လင်းရီ ပြောလိုက်ပြီး " ခင်များတို့ နှစ်ယောက် အရင်ပြန်သွားနှင့်လိုက်... ကျုပ် ကိုယ့်ဘာကိုယ် လာခဲ့မယ်.... "

" ကောင်းပြီ... ဆက်ဆက်လာဖြစ်အောင် လာနော်.... "

" မပူနဲ့... ကျုပ်ဘက်က ကတိပေးပြီးပြီပဲ... ကျုပ် ထပ်ပြီး ပြဿနာ မရှာပါဘူး.... "

ပြောပြီးနောက် လင်းရီ တစ်ဖက်သို့လှည့်၍ ထွက်ခွာသွားလိုက်သည်။ ထောက်ချိန်တို့လည်း ဆေးရုံ၀န်းထဲမှ မောင်းထွက်သွားခဲ့လေသည်။

" နင့်ကိစ္စ ပြီးသွားပြီလား...."လီချူးဟန် မေးလာသည်။

" ပြီးပြီ... တစ်ခုခု သွားစားကြစို့...."လင်းရီ ပြန်ဖြေလိုက်၏။

" မနေ့က နင်ကျွေးတာဆိုတော့ ဒီနေ့တော့ ငါတို့ ကလှည့်နော်.... "ချွေ့ရင် ပျူငှာစွာ ပြောလိုက်လေသည်။

" ဘယ်သူကျွေးကျွေး အရေးမကြီးဘူး... "လင်းရီ လက်ဝှေ့ယမ်း ပြောဆိုလိုက်ပြီး " ကောင်းတာ တစ်ခုခု သွားစားကြစို့...."

ထို့နောက် လင်းရီ မီချယ်လင်း ကြယ်တစ်ပွင့် ဘာဘီကျူးဆိုင် တွေ့သွားပြီး စမ်းကြည့်ရန် ဟန်ပြင်လိုက်တော့သည်။

သို့သော်လည်း မစားသောက်မီ လင်းရီ ၀က်ပေါက်လေးအား ဆာလောင်မွတ်သပ်ပြီး မသေသွားစေရန်အတွက် အရင်ဆုံး နို့ဘူးတိုက်လိုက်၏။ မည်သို့ပင်ဆိုစေ သူ မစ်ရှင်တစ်ခုကို နှစ်ခါပြန် မလုပ်ချင်ပေ။

" ဘုရားရေ... ဒီနေရာက ဈေးမပေါဘူးပဲ..."

သူတို့ဆိုင်ကို ရောက်တော့ ချွေ့ရင် သက်ပြင်းချလိုက်ပြီး " ငါ ဒီဆိုင်ကို တစ်တော့ပေါ်မှာ မြင်ဖူးတယ်.. ကျပန်း ဟင်းတစ်ပွဲတောင် ယွမ်သောင်းဂဏန်းပဲနော်...."

" ဘယ်လောက်ကျတယ်ကို စိတ်ထဲ ထားမနေနဲ့... အဓိကက ကောင်းကောင်းစားရဖို့ပဲ ... မဟုတ်ဘူးလား...."

" ကျွတ် ကျွတ်... နင့်လို ဘောစိကြီးနဲ့ သူငယ်ချင်းဖြစ်ရတာ အရမ်းကောင်းတာပဲ... "ချောင်ညန် တခစ်ခစ် ရယ်မောလိုက်ပြီး " ကဲပါ... ဒီနေ့တော့ အ၀ကြီး စားပစ်လိုက်တော့မယ်... အားမနာတော့ဘူးနော်....."

" စားချင်သလောက်သာ စားကြပါဗျာ...."

လင်းရီ တော်တော်လေးကို ရက်ရောနေခဲ့သည်။တစ်ဂရမ်ကို ခြောက်ယွမ်ကျသင့်သည့် ခိုဘီ အမဲသား လေးကတ္တီယူလိုက်၏။ ထို အသားတစ်ခုတည်းနှင့်တင် ယွမ်တစ်သောင်း ကုန်ကျသွားခဲ့လေပြီ။

ချောင်ညန်နှင့် ချွေ့ရင်တို့ကတော့ အနေကြာလာလေ မနာလိုဖြစ်လာပြီး " ချူးဟန်... နင်တော့ ဒီတစ်ခေါက် တကယ့်ခေါင်ကိုမှ စားသွားတာပဲ... အနာဂတ်ကျရင် သူဌေးကတော်ကြီးလုပ်ပြီး အေးဆေး ထိုင်နေရုံပဲ.... "

လီချူးဟန် မျက်နှာလေး နီရဲသွားပြီ ဘာကိုမျှ မဆိုချေ။ သူမ၏ ရှက်တက်တက် ဖြစ်နေသည့် မျက်နှာ အမူအရာလေးက အလိုအလျောက် အဖြေပြန်ပေးပြီးသား ဖြစ်နေလေသည်။

တစ်နာရီကြာပြီးနောက် အားလုံးလည်း စားသောက်ပြီးစီးသွားခဲ့ပြီး လင်းရီမှ " မွန်းလွဲပိုင်းကျ ဘာလုပ်မယ် စိတ်ကူးထားလဲ... "

" ငါ ဈေး၀ယ်ထွက်မလို့... နင်ကော... ဘာလုပ်ဖို့ စီစဉ်ထားလဲ..."

လီချူးဟန် မေးလိုက်သည်။

" ငါ အလုပ်ကိစ္စ သွားစရာ ရှိတယ်..."

ပြောရင်းဖြင့် လင်းရီ ဘဏ်ကတ် ကမ်းပေးလိုက်ပြီး " SKP မှာ ဈေး၀ယ်ရတာ မဆိုးဘူး... သွားကြည့်ကြည့်...."

" SKP ရဲ့ ပစ္စည်းတွေက တစ်ခုမှ ဈေးမပေါဘူးနော်... နင်ကတော့ ငါတို့ ချူးဟန်ကို တကယ်ကြီး မွေးစားနေတာပဲ...."ချွေ့ရင် ပြုံးဖြီးဖြီး ပြောလိုက်၏။

" မပူနဲ့... မင်းတို့အားလုံးရဲ့ ဒီနေ့ ကုန်ကျစရိတ်တွေ အကုန် ငါရှင်းပေးမယ်...."

" တကယ်ကြီး ပြောနေတာလား... အဲ့လိုဆို အားနာနေမှာ မဟုတ်ဘူးနော်.... ဒီကတ်ထဲ ပိုက်ဆံက SKP မှာ သုံးဖို့ လောက်ရော လောက်ပါ့မလားဟယ်....."

" SKP အဆောက်အအုံ တစ်ခုလုံးကိုတောင် ၀ယ်လို့ရတဲ့အထိ လုံလောက်တယ်... “

All Chapters