ရလဒ်များအား ခန့်မှန်းခြင်း
Vol. 68 Ch. 1014
" ဘုရားရေ ... ပိုက်ဆံတွေ အဲ့လောက် အများကြီး ရှိနေတယ်..."
အမျိုးသမီး နှစ်ဦး၏ မျက်လုံးလေးများ တလက်လက် ဖြစ်လာခဲ့၏။ ဤလူက ရုပ်ရည်လည်း ချောမောပြီး ချမ်းလည်း ချမ်းသာလွန်းနေသည်မှာ ၀တ္ထုများထဲရှိ အမျိုးသား ဇာတ်လိုက်များအဖို့တော့ နားရွက် တံတွေးဆွတ်ခံရသလိုပင်။
" အဲ့လိုလုပ်ပေးဖို့ မလိုဘူး.... ငါ့မှာလည်း ပိုက်ဆံရှိတယ်... နင့်ဟာကို မလိုဘူး...."
" ပန်းလက်ဆောင်ပေးသလိုမျိုးပဲ မှတ်ယူလိုက်ပေါ့..."လင်းရီ ကတ်ကို လီချူးဟန်လက်ထဲ မိမိရရ ထည့်ပေးလိုက်ပြီး " မင်း ဘယ်နေရာမှာ သုံးလဲဆိုတာက အရေးမကြီးဘူး...."
ပြောပြီးနောက် လင်းရီ မိန်းကလေး သုံးယောက်အား လက်ဝှေ့ယမ်းပြ နှုတ်ဆက်လိုက်ကာ ကားထဲသို့ ၀င်လိုက်သည်။ ထို့နောက် စမ်းသပ်ပွဲတွင် ပါ၀င်ဆင်နွဲရန်အတွက် ကျုံးဝေ့တပ်ဖွဲ့၏ အခြေစိုက်ရာသို့ ဦးတည်လိုက်လေသည်။
တစ်နာရီကျော် ကြာပြီးနောက် လင်းရီ ကျုံးဝေ့တပ်ဖွဲ့ကို ရောက်တော့ မွန်းလွဲ သုံးနာရီတောင် တင်းတင်း ရှိနေလေပြီ။
ယခုလို အချိန်မျိုးတွင် လေ့ကျင့်ရေး မြေပြင်၌ မည်သူတစ်ဦးတစ်ယောက်မျှ မရှိတော့ချေ။ လင်းရီ ထောက်ချိန်ထံ ဖုန်းခေါ်ကြည့်တော့ ယနေ့ စမ်းသပ်မှုက ပြီးဆုံးသွားပြီဖြစ်ကြောင်း သိရှိလိုက်ရ၏။
သို့သော်လည်း သူတို့ကတော့ မထွက်သွားသေးဘဲ လင်းရီ ရောက်လာမည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
" ခင်များတို့ ထရိန်နင်က နည်းနည်းလေး မလျော့ရဲလွန်းဘူးလား... အဲ့လောက် အစောကြီး ပြီးသွားတယ်ပေါ့...."
ထောက်ချိန်ကို မြင်တွေ့ပြီးနောက် လင်းရီ မေးမြန်းလိုက်သည်။
" ကျုံးဝေ့တပ်ဖွဲ့က တကယ့်ကို နည်းနည်းလေးပိုပြီး အေးအေးဆေးဆေးနိုင်တယ်လို့ ပြောလို့ရတယ်... လိုအပ်တဲ့ လုပ်ရိုးလုပ်စဉ် တချို့ကလွဲရင် တင်းကြပ်ထားတဲ့ စည်းမျဉ်းဆိုတာ သိပ်မရှိသလောက်ပဲ...."
" ဒါဆို ကျုပ် ပြန်သွားပြီး မနက်ဖြန်ကျမှ ပြန်လာလို့ကော ရလား... "
" ဘာလို့... ရောက်ပြီးမှတော့ ဘာကိစ္စ ပြန်သွားတော့မှာ... "ထောက်ချိန် ပြောလိုက်ပြီး " ဒီနေ့ စမ်းသပ်မှုက မင်းရဲ့ တုံ့ပြန်နိုင်စွမ်းကို စမ်းသပ်တာပဲ... ငါ ဟောခန်းထဲ ခေါ်သွားပေးပြီး သီးသန့် စမ်းသပ်ပေးမယ်... ဒီလိုမှပဲ မင်း သူများတွေနောက် လိုက်မီမှာ.... "
" ရတယ်လေ...."
အစမှ အဆုံးထိတိုင်အောင် လင်းရီ ထောက်ချိန်အပေါ် အမြင်ကောင်းများ ရှိနေသောကြောင့် ဘာမျှ အတွန့်တက်မနေတော့ချေ။
သူ ကျုံးဝေ့တပ်ဖွဲ့သို့ ဆက်သွယ်လာသည်က အဓိကအားဖြင့် စနစ်၏ မူလကို စုံစမ်းကြည့်ချင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ယခု အလုပ်က နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိပေသည်။ သူတို့က သူ့ကို လိုအပ်ပြီး သူကလည်း သူတို့ကို လိုအပ်သည်။ သဟဇီ၀ ဆက်ဆံရေးဟုတောင် ပြော၍ရ၏။
ပြီးနောက် ထောက်ချိန်မှ လင်းရီအား ဟောခန်းထဲ ခေါ်ဆောင်သွားလိုက်လေသည်။
အတွင်းဘက် ဒီဇိုင်းကတော့ ဘတ်စကက်ဘော ကွင်းနှင့် အနည်းငယ် ဆင်တူနေသည်။ သို့သော်လည်း အင်မတန် သစ်လွင်နေသည်မျိုးတော့ မဟုတ်ဘဲ အနည်းငယ်ပင် ဒိတ်အောက်နေပြီးဖြစ်၏။
၎င်းအပြင် ဟောခန်း၏ ပထမ တစ်၀က်လောက် နေရာ၌ အရပ်လေးမျက်နှာသို့ ချိန်ရွယ်ထားသည့် စက်ဆယ်လုံး ရှိနေသည်။ လင်းရီ ချဉ်းကပ်လာပြီး ထိုစက်များအား တစ်ချက် ကြည့်လိုက်တော့မှ တင်းနစ်ဘောလုံးများ လွှတ်ထုတ်ပေးသည့် စက်ဖြစ်နေကြောင်း သတိပြုမိသွားခဲ့သည်။
လင်းရီ သူ့ရှေ့ရှိ စက်ကို လက်ညိုးထိုးပြရင်း " ခင်များတို့က လေ့ကျင့်ဖို့ ဒီလိုစက်တွေအပေါ် မှီခိုနေတာလား...."
" ဟုတ်တယ်... ဒီမှာ စောင့်နေ... ငါ စက်ထဲ ဘောလုံးသွားဖြည့်လိုက်ဦးမယ်... ပြီးရင် စလို့ရပြီ.... "
" အိုကေ.... "
ဤစက်များကို မြင်တွေ့ပြီးနောက် မည်သို့မည်ပုံ စမ်းသပ် စစ်ဆေးမလဲဆိုတာကို လင်းရီ အကြမ်းဖျင်း နားလည်သွားခဲ့သည်။
ကြည့်ရသလောက်တော့ မတူညီသည့် ဦးတည်ရာဘက်မှ လွင့်ပျံလာသည့် တင်းနစ်ဘောလုံးများကို ကျွမ်းကျင်ပိုင်နိုင်စွာ ရှောင်တတ်ဖို့ လိုအပ်သည့် ပုံပင်။ သူ၏ တုံ့ပြန် လှုပ်ရှားနိုင်စွမ်းအပေါ် မူတည်၍ အမှတ်ပေးတွက်ချက်ပြီး လှုပ်ရှားမှုသိပ္ပံ ပညာရပ်အဖို့ ဆန်းသစ်မှုတစ်ရပ်ဟု ဆိုနိုင်ပေသည်။
လင်းရီ ပြောသည့်အတိုင်း ငြိမ်ငြိမ် မနေခဲ့ချေ။ သူ ထောက်ချိန်နားသွား၍ စက်ကို ကူပြီး ပြင်ဆင်ပေးသည်။
ထိုအချိန်တွင် လေ့ကျင့်ရေး ခန်းမ၏ တံခါးပွင့်လာပြီး လျိုဟုန် ၊ ချောင်ကျားတု၊ ချိုးယွီ ၊ ၀မ်ပင်းယွီနှင့် နင်ချဲ့တို့ ၀င်ရောက်လာခဲ့ကြ၏။
ထို့ပြင် သူတို့နောက်မှ လိုက်ပါလာသူ ဆယ်ယောက်ထက် မနည်းလည်း ရှိလေသည်။ ထိုသူများကတော့ ကျုံးဝေ့တပ်ဖွဲ့၀င်များ မဟုတ်ကြဘဲ ထိန်းသိမ်းရေး တာ၀န်ရှိသူများ ဖြစ်ကြ၏။ သန့်ရှင်းရေး ၀န်ထမ်းများအဖြစ်ဟုလည်း ခေါ်ဆိုနိုင်သည်။
သို့တိုင်အောင် ထိုသူတို့သည်လည်း လျှို့ဝှက်သဘောတူညီချက်၌ လက်မှတ်ထိုးရန် လိုအပ်ခဲ့သည်။
အကယ်၍ ဤနေရာ၌ရှိသည့် သတင်း အချက်အလက် တစ်ချို့ ပေါက်ကြားစေခဲ့မည်ဆိုပါက သူလျှိုအဖြစ် သတ်မှတ်ခံရပြီး အရေးယူခံရလိမ့်မည်။
" နောက်ဆုံးတော့ အဲ့သောက်ကလေးကို ခေါ်လာနိုင်ခဲ့ပြီပေါ့... မဟုတ်ရင် ငါတို့ ကျုံးဝေ့တပ်ဖွဲ့က အကြီးကြီး ဆုံးရှုံးသွားရလိမ့်မယ်..."လျိုဟုန် ခံစားချက်ပါသည့် လေသံဖြင့် ပြောဆိုလိုက်၏။
" မျှော်လင့်ချက် ကြီးရင် ကြီးသလောက် စိတ်ပျက်ရလိမ့်မယ်နော... သူ မိကျောင်းကို လက်ဗလာနဲ့ သတ်နိုင်တယ်ဆိုတာက သိပ်ပြီး သန်မာတာ ကြောင့်ပဲ... ဒါပေမယ့် ကျွန်မတို့ ဒီတစ်ခေါက် စမ်းသပ် စစ်ဆေးမှာက သူ့ရဲ့ အဘက်ဘက်က အင်အားကို စစ်ဆေးမှာ... တကယ်လို့မှ အလုံးစုံ ရမှတ်က မမြင့်မားဘူးဆိုရင်တော့ အဆုံးသတ်ကျ ထုတ်ပယ်ခံရမှာပဲ... "ချိုးယွီလော့ ပြောလိုက်၏။
" မင်းကိုက သူ့အပေါ် အဆိုးမြင်ပြီး ဆုံးဖြတ်ထားလို့ပါ..."လျိုဟုန် ပြောလိုက်ပြီး " ငါကတော့ သူ ကျရှုံးမယ်လို့ မထင်ဘူး.... "
" ဘာပဲဖြစ်ဖြစ် ပြန်ခေါ်လာခဲ့ဆိုလို့ ကျွန်မကတော့ ပြန်ခေါ်လာခဲ့ပြီးပြီ... တကယ်လို့ သူ့ရလဒ်တွေ မကောင်းဘူးဆိုရင် ကျွန်မကို အပြစ်လာမပြောနဲ့.... "
" အေးပါ အေးပါ ... "လျိုဟုန် ပြုံးလိုက်ပြီး " ငါ ကျုံးဝေ့တပ်ဖွဲ့မှာ နေလာတာ ကြာပြီ.. ဒါပေမယ့် တစ်ခါမှ လူကဲခတ် မမှားဖူးသေးဘူး... "
" စကားမစပ် အဲ့ဒီတုန်းက နင်တို့ရဲ့ ထရိန်နင် ရလဒ်တွေက ဘယ်လောက်.... "ချောင်ကျားတုံး မေးမြန်းလိုက်၏။
" ကျွန်မက ၇၆၀ ..."၀မ်ပင်းယွီ ပြောလိုက်သည်။
တင်းနစ်ဘောလုံးထုတ်စက် ဆယ်လုံး ရှိပြီး စက်တစ်ခုစီ၌ တင်းနစ်ဘောလုံး အလုံးရေ ၁၆၀ ရှိသည်။ ထို့ကြောင့် အမှတ် စုစုပေါင်း ၁၆၀၀ ဖြစ်ပေသည်။
ယနေ့ ထရိန်နင် ကဏ္ဍ၌ အကောင်းမွန်ဆုံး စွမ်းဆောင်ပြသွားနိုင်သူ၏ ရလဒ်မှာ ၇၄၃ လုံးမျှသာ ရှောင်တိမ်းသွားနိုင်ခဲ့၏။
" ကျွန်မကတော့ ၉၆၈ ..."နင်ချဲ့ ပြောလိုက်သည်။
" ကျွန်မက ၉၇၁..." ချိုးယွီလော့ ပြောလိုက်သည်။
ချိုးယွီလော့နှင့် နင်ချဲ့တို့ နှစ်ဦးလုံးက စစ်တပ် နိုင်ငံရေး နောက်ခံမှ ဆင်းသက်လာပြီး ငယ်စဉ်ကတည်းမှစ၍ ရင်းနှီးလာခဲ့ကြသည်။
ထို့ကြောင့် နှစ်ယောက်လုံးမှာ နှစ်ပေါင်းများစွာ အချင်းချင်း ယှဉ်ပြိုင်နေကြပြီး မည်သည့်ဘက်ကမျှလည်း အရှုံးမပေးလိုကြချေ။
ထရိန်နင်၏ နောက်ဆုံး ရလဒ်ပင် ချွတ်စွပ်တူလုနီးပါအထိ ဖြစ်သွားခဲ့လေသည်။
" အဲ့ဒီတုန်းကသာ အန်တီလာနေတဲ့အချိန် မဟုတ်ခဲ့ဘူးဆိုရင် ငါ့ရလဒ်တွေက နင့်ထက် ပိုကောင်းတယ်..."နင်ချဲ့ ပြောလိုက်၏။
" ပြောနေလည်း အပိုပဲ... နင် ငါ့ထက် မတော်တာက မတော်တာပဲ မဟုတ်ဘူးလား.... "
" ကောင်းပြီ... နှစ်ယောက်လုံးက အသင်းခေါင်းဆောင်တွေကိုပဲ ရန်ဖြစ်မနေကြနဲ့တော့...."လျိုဟုန် ပြောလိုက်ပြီး " ဒါက လှုပ်ရှားမှု နည်းပညာ စမ်းသပ်မှု အသစ်မလား... ငါ့အထင် .. လွန်ခဲ့တဲ့ ငါးနှစ်က စခဲ့တာထင်တယ်... ဒီလိုမျိုး စစ်ဆေးမှုမှာ ဘယ်သူက ရလဒ်အကောင်းဆုံးလဲ... မင်းတို့ မှတ်မိကြသေးလား.... "
" အသင်းတစ်ရဲ့ ခေါင်းဆောင် ၀မ်မြန်ပဲလေ... သူက ၁,၃၈၆ မှတ် ရခဲ့တယ်..."နင်ချဲ့ ပြောလိုက်ပြီး " အဲ့အကောင်က တော်တော်လေးကို ပုံမှန်မဟုတ်တာ...သူရတဲ့ အမှတ်ကလည်း ကြောက်လန့်စရာကြီး.... "
လျိုဟုန် ရယ်သွမ်းလိုက်ပြီး " မင်းအဲ့လိုပြောတာ ငါ ပထမဆုံး ကြားဖူးတာပဲ...."
" အဲ့တာက ကျွန်မတို့ ပြောနေတဲ့ လူကြောင့်ပဲ... ၀မ်မြန်က တကယ့်ကို လူထူးဆန်း... ကျုံးဝေ့တပ်ဖွဲ့ထဲ ၀င်လာပြီး တစ်နှစ်ကြာတော့ အသင်းခေါင်းဆောင် ဖြစ်သွားတယ်... ကျွန်မဆို သုံးနှစ် လုံးလုံး ရုန်းကန်ပြီးမှ ဖြစ်လာတာ... သူနဲ့ ယှဉ်လို့ကို မရပါဘူး.... " ၀မ်မြန် အကြောင်း ပြောဆိုသည့် အချိန်၌ မည်သူကမျှ မည်သည့်စကားကိုမျှ မဆိုကြချေ။
အဘယ်ကြောင့်ဆိုသော် သကောင့်သားကလည်း တကယ့်ကို လူထူးဆန်းကြီး တစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်သည်။
လွန်လေပြီးသော သုံးနှစ်ခန့်က သူ၏ ထရိန်နင် ရလဒ်မှာ အတိတ်ကာလများ၏ အမြင့်ဆုံး အမှတ် ဖြစ်ခဲ့လေသည်။
ထို့ပြင် ၀မ်မြန်က ယခု စစ်ဆေးမှု၌သာ ပထမ ရခဲ့ခြင်း မဟုတ်ပဲ အခြားသော စစ်ဆေးမှုများ၌တွင်ပါ ဒုတိယ နေရာ ဆွတ်ခူးသူ၏ ရလဒ်ထက် အပုံကြီး သာနေခဲ့လေသည်။ သူတို့၏ အမြင်တွင်တော့ လူထူးဆန်းဟု ခေါ်ဆိုသည်က ၀မ်မြန်၏ ထူးခြားချက်ကို ဖော်ညွှန်းပြရန်အတွက် မလောက်ငှသေးချေ။
" ဒါဆို လင်းရီ ဘယ်လောက်ထိ ရနိုင်မယ်လို့ မင်းထင်လဲ...."
" ၇၆၀ အောက်လောက်..."၀မ်ပင်းယွီ ပြောလိုက်သည်။
" သူပိုကောင်းအောင် လုပ်ပြမှာကို မင်းက မမြင်ချင်တဲ့ပုံပဲ... "လျိုဟုန် အပြုံးတစ်ခုအား တပ်ဆင်ရင်း ပြောလိုက်သည်။
" ကျွန်မက အဲ့လောက်ထိ သဘောထား သေးသိမ်နေတဲ့သူရုပ် ပေါက်နေလို့လား... ၇၆၀ ဆိုရင်လည်း မဆိုးလှပါဘူး...."၀မ်ပင်းယွီ ၀န်မခံပဲ ပြောလိုက်၏။ " ကျွန်မကတော့ ကျန်းဟွေ့ကို ပိုပြီး အကောင်းမြင်တယ်... သူက ၇၄၃ ရထားတာ... ဒီအပိုင်းမှာ သူက ကျန်းဟွေ့ရဲ့ ပြိုင်ဘက် ဖြစ်လိမ့်မယ်လို့ ကျွန်မတော့ မထင်.... "
" မင်းတို့ နှစ်ယောက်ကကော..."လျိုဟုန် နင်ချဲ့နှင့် ချိုးယွီလော့တို့အား ကြည့်ရင်း မေးမြန်းလိုက်သည်။
" ၈၀၀ ... ဒီထက်ပိုပြီးမှတော့ မမြင့်နိုင်ဘူး.... "
ချိုးယွီလော့ လင်းရီကို သဘောမတွေ့သော်လည်း ထိုကောင်က သန်မာလွန်းနေသည်ကိုတော့ ၀န်ခံရလိမ့်မည်။
သို့သော်လည်း သူမနှင့် နှိုင်းယှဉ်နိုင်လိမ့်မည်လို့တော့ မမျှော်မှန်းထားချေ။ ထိုအကောင်က အတွေ့အကြုံမရှိသူ ငစနူလေး မဟုတ်ပေလော။
" ကျွန်မလည်း ဘောလုံး ၈၀၀ က သူ့ရဲ့ အကန့်အသတ်ပဲလို့ ထင်တယ်.... "
နင်ချဲ့ ပြောလိုက်၏။
သူမ ကျုံးဝေ့တပ်ဖွဲ့တွင် ရှိလာသည်မှာ သုံးနှစ်ကြာလာပြီး စစ်ဆေးမှုတွင် ပါ၀င်ယှဉ်ပိုင်သူ အမျိုးမျိုးနှင့် ကြုံတွေ့ဖူးလေသည်။ ထိုလူများ မည်မျှ အရည်အချင်း ရှိကြောင်း သူမ အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
အတိတ် သုံးနှစ်တွင် သူမ လူ နှစ်ရာကျော် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး နှစ်ဦးကသာလျှင် ရမှတ် ၈၀၀ ကို ကျော်လွန်နိုင်ခဲ့သည်။ သို့သော်လည်း ၈၃၀ အောက်မျှသာ ဖြစ်၏။ ထို့ကြောင့် ယေဘုယျ အားဖြင့် ၈၀၀ ကို အကန့်အသတ်ဟု မှတ်ယူ၍ ရသည်။
ထိုသို့ ရောက်နိုင်သူ ဦးရေကလည်း သိပ်မများ။
အကယ်၍ ဤ လင်းရီမည်သော အမျိုးကောင်းသားသည်သာ ယခု ရလဒ်ကို စွမ်းဆောင်နိုင်မည် ဆိုပါက သူ၏ ထူးချွန်ပြောင်မြောက်မှုကို သက်သေပြပြီး ဖြစ်ပေလိမ့်မည်။
" ဖိုးကြီးချောင် ... မင်းကော ဘယ်လိုထင်လဲ.... "လျိုဟုန် မေးမြန်းလိုက်သည်။
" ငါတော့ ၈၃၀ လို့ထင်တယ်... ငါ သူ့ကို မြင့်မြင့်လေး မှန်းထားတယ်လေ.... "
" ဒါဆို ငါတို့နှစ်ယောက် အကြံတူတယ်လို့ ပြောရတော့မှာပဲ... ငါ မှန်းတာတော့ ၈၃၀ နဲ့ ၈၅၀ ကြားပဲ... သူ ငါ့ကို စိတ်မပျက်စေဘူးလို့တော့ မျှော်လင့်ပါရဲ့....."