ချင်မိသားစု
Vol. 68 Ch. 1016
အချိန် သုံးလေးစက္ကန့် ကြာမြင့်သွားခဲ့၏။ လူတိုင်း၏ အမူအရာမှာ မယုံကြည်နိုင်သည့် အခြေအနေ၌သာ ရှိနေပြီး စိတ်နှင့် လူနှင့်ကပ်ဖို့ရာ အချိန်ယူရဦးမည့်ပုံပင်။
" သူ .. သူ တကယ်ကြီး ကျော်ဖြတ်သွားနိုင်တယ်.... "
ယခုလို ရလဒ်က လူတိုင်းကို နှလုံးရှော့ခ်ရစေလောက်သည်အထိ ထိတ်လန့်ဖို့ ကောင်းလွန်းလှသည်။ ဤသည်က ကျုံးဝေ့တပ်ဖွဲ့၏ လေ့ကျင့်ရေး သမိုင်းမှတ်တမ်း တစ်ခုလုံးထက်တွင် နက်နက်နဲနဲ ချန်ထားရစ်ခဲ့နိုင်မည့် ရလဒ်မျိုးပင်။
" အဲ့လောက်ပဲလား..."လင်းရီ တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေပြီး " နောက်ထပ် မရှိတော့ဘူးလား...."
" မလိုဘူး... နောက်ထပ် မရှိတော့ဘူး... ပြီးသွားပြီ..."ထောက်ချိန် အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေသည့် လေသံဖြင့် ဆိုလိုက်၏။
" မင်း ရလဒ်က ကျော်ဖြတ်နိုင်ပြီလို့ သတ်မှတ်လို့ရတယ်... "
" ကျုပ်က ဒီတိုင်းပဲ အောင်သွားပြီပေါ့ .. ဟုတ်လား... ခင်များတို့က ဒီလို ရိုးရှင်းတာလေး လုပ်ခိုင်းဖို့ကို စမ်းသပ်စစ်ဆေးမှုဆိုပြီး ကိန်းကြီး ခန်းကြီးတွေ လုပ်ပြနေတယ်...ဒါကြီးက မုန်းလောက်အောင် အမွှန်းတင်ထားတာပဲ မဟုတ်ဘူးလား.... "
" ဒါက...."
ထောက်ချိန် ဘာပြန်ပြောရမှန်း မသိ ဖြစ်နေတော့၏။
" တကယ်လို့ တခြား ဘာမှ မရှိတော့ဘူးဆိုရင် ကျုပ် ပြန်တော့မယ်... စစ်ဆေးရေးရဲ့ နောက်တစ်ဆင့်က မနက်ဖြန် ကိုးနာရီမှမလား... "လင်းရီ ပြောလိုက်၏။
" ဟုတ်တယ် ဟုတ်တယ်... ကိုးနာရီပဲ.... "
" မနက်ဖြန် တွေ့ကြတာပေါ့ဗျာ.... "
နှုတ်ဆက်စကား ပြောပြီးနောက် လင်းရီ ထွက်ခွာသွားခဲ့တော့သည်။ သူ ချိုးယွီလော့ကို လျစ်လျူရှု၍ လေ့ကျင့်ရေး ကွင်းပြင်မှ ထွက်ခွာသွားခဲ့လေသည်။
" ဒီတစ်ကြိမ်တော့ မင်းတို့ အားလုံး သူ့ကို မှားယွင်းပြီး အကဲဖြတ်မိပြီပဲ... အခု လင်းရီက သာမန် မဟုတ်ဘူးဆိုတာ မင်းတို့ ယုံကြပြီမလား... ၀မ်မြန်တောင်မှ သူ့လောက် မတော်ဘူး.... "
" ဖိုးကြီးလျို... မင်းတော့ ဒီတစ်ကြိမ် ရတာန ကောက်ရလိုက်တာပဲ... တကယ်လို့ ဒီကလေးကိုသာ သေချာလေး လေ့ကျင့်ပေးလိုက်မယ်ဆိုရင် သူ့ရဲ့ အနာဂတ်ကတော့ သေချာပေါက်ကို တောက်မယ့်မီးခဲ တရဲရဲပဲ...."
" ငါလည်း အဲ့လို စဉ်းစားနေတာ...
လျိုဟုန် ရယ်မောလိုက်ပြီး " စောင့်တောင် မစောင့်နိုင်တော့ဘူး.... "
" ရှေ့ဆက်ဖို့ သုံးလေးရက် လိုသေးတယ်.. ဘော့စ် .. ရှင် တအားလည်း အပျော်စောလွန်းမနေနဲ့ဦး..."ချိုးယွီလော့ ပြောလိုက်သည်။
" သူက တကယ့်ကို သိပ်ပြီး စွမ်းအားကြီးလွန်းတယ်... ဒါပေမယ့် တစ်ခုရှိတာ သူ့ရဲ့ အတွေးတွေက ပုံမှန်မဟုတ်သလိုပဲ... သူ့ကြည့်ရတာ သာမန်လူနဲ့လည်း မတူဘူး..."၀မ်ပင်းယွီ စောဒက တက်လာသည်။
" မင်းကတော့ တကယ့်မေးခွန်းမှ မေးချထည့်လိုက်တာပဲ.... ဘယ်လို သာမန်လူက ငါတို့ ကျုံးဝေ့တပ်ဖွဲ့ကို လာမှာမို့တုန်းကွ .. ဟားဟား....."
တစ်ချိန်တည်းတွင် လင်းရီ တံခါး အပြင်ဘက်သို့ ထွက်လာခဲ့ပြီး Rolls-Royce တစ်စီး ပါကင်ထိုးထားသည်ကို မြင်တွေ့လိုက်ရသည်။
သာမန် အ၀တ်အစားနှင့် လူငယ်လေးတစ်ဦးမှ ကားနံဘေးတွင် ကျောမှီထားလျက် ရှိပြီး သူ့ကေကိုလည်း ရှယ်ရွှိုင်းထား၏။ ပါးစပ်ထဲတွင် စီးကရက်ခဲလျက် ဖုန်းပွတ်နေသည်။
ချက်ချင်းဆိုသလို နှစ်ယောက်သား နှစ်စက္ကန့်မျှ အကြည့်ချင်း ဆုံသွားခဲ့၏။
ထို့နောက် လူငယ်မှ ဆေးလိပ်ပြာ တောက်ခါလိုက်ပြီး လင်းရီကလည်း အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် ကားဆီသို့ တန်းမတ်စွာ ဦးတည်ပြီး လေ့ကျင့်ရေး နေရာမှ ထွက်ခွာလာလေသည်။
မသိလိုက်စွာဖြင့် လူငယ်လေးမှ ကားသွားရာဘက်သို့ ငေးမောနေမိသည်။ သူ၏ အမူအရာကလည်း အနည်းငယ် သဘာ၀ မကျ ဖြစ်နေသည်။ သို့သော်လည်း ထွေထူး သိပ်စဉ်းစားမနေခဲ့ချေ။
ထိုအခိုက်အတန့်တွင် ချိုးယွီလော့ ထွက်လာခဲ့၏။
လူငယ်လည်း ဆေးလိပ်ကို ခြေထောက်ဖြင့် တက်နင်းလိုက်ပြီး ချိုးယွီလော့ အနား ပြေးလာသည်။
သို့သော်ငြား ချိုးယွီလော့က အခြား တစ်ဖက်သို့ အမူအရာကင်းမဲ့စွာဖြင့် ဦးတည်လိုက်ပြီး သူ့အား လျစ်လျူရှုထားလိုက်၏။
လူငယ်၏ နာမည်ကတော့ ချင်ရန်လင်း ဖြစ်ပြီး ချိုးယွီလော့၏ ရည်စားဖြစ်သူပင်။
တစ်ချိန်က ကျုံးဝေ့တပ်ဖွဲ့၀င်ဖြစ်ပြီး အသင်းတစ်၏ အဖွဲ့၀င်တစ်ဦး ဖြစ်လေသည်။ သို့သော်လည်း စစ်ဆင်ရေး တစ်ခုတွင် ဒဏ်ရာ ရရှိသွားပြီးနောက် တပ်ဖွဲ့မှ အနားယူလိုက်ရသည်။ မဟုတ်ပါက ယခုလို နေရာမျိုးသို့ လွတ်လပ်စွာ ၀င်ထွက်သွားလာခွင့် ရှိနေလိမ့်မည် မဟုတ်ချေ။
" ယွီလော့... မင်း ဘယ်သွားနေတာလဲ..."ရန်လင်း သူ့နောက်မှ လိုက်ပါရင်း မေးမြန်းလိုက်သည်။
" ငါ သူငယ်ချင်း တစ်ယောက်နဲ့ ညစာ ချိန်းထားလို့... နင် ပြန်သွားလိုက်တော့... "
" ငါ မရှင်းပြခဲ့ဘူးလား... မနေ့က အိမ်မှာ အရေးကြီး ကိစ္စ ဖြစ်နေလို့လို့... ဒါကြောင့်မို့ ကိုယ်မင်းကို လာမတွေ့နိုင်တာလေ...."
" မကြားချင်ဘူး... ဘာဆင်ခြေမှ ငါ့ကို လာမပေးနဲ့.... "
" တကယ်ကြီး မလိမ်ရပါဘူးကွာ... သူများပြောတာ ငါ့အန်တီလေးကို တစ်နေရာမှာ တွေ့လိုက်ရတယ်တဲ့... ဒီကိစ္စက မိသားစုအတွက် သိပ် အရေးကြီးတာလေ... အဲ့တာကြောင့်မို့ ငါ့ကို ပေးမထွက်ဘူး... မဟုတ်ရင် မင်းပြန်လာတာကို ငါ မလာပဲ ဘယ်နေပါ့မလဲဟာ..."
ဤသည်ကို ကြားပြီးနောက် ချိုးယွီလော့ သူမ ခြေလှမ်းများအား ရပ်တန့်လိုက်သည်။ " ချင်ရင်ယွဲ့လား...."
" အင်း... သူပဲ... နှစ်တွေ အများကြီး ကြာပြီးတော့ ရန်ကျင်းမှာ ရုတ်တရက် ထွက်ပေါ်လာပုံရတယ်..." ချင်ရန်လင်း ပြောလိုက်သည်။ " တကယ်လို့ ဒီကိစ္စကြောင့်တာ မဟုတ်ဘူးဆိုရင် ဘယ် မလာဘဲ နေပါ့မလား ယွီလော့ရယ်... "
ချိုးယွီလော့ ခေါင်းညိမ့်လိုက်ပြီး " ဒါပေမယ့် ငါတကယ်ကြီး သူငယ်ချင်းနဲ့ အတူစားဖို့ ချိန်းထားတာ... မနက်ဖြန်မှ ငါ့ကို လာရှာတော့... "
ပြောပြီးနောက် ချင်ရန်လင်းအား လျစ်လျူရှုရင်း ချိုးယွီလော့ ကားထဲ ၀င်သွားခဲ့လေသည်။
နောက်တွင် ကျန်ရစ်ခဲ့ရသူ မောင်ရှင်မှာတော့ ခေါင်းသာ ခါရမ်းရင်း ကူကယ်ရာမဲ့စွာဖြင့် ကားထဲပြန်၀င်၍ ထွက်ခွာသွားခဲ့တော့သည်။
လမ်းတွင် လင်းရီ ကျီချင်းရန်ထံ ဖုန်းဆက်၍ ခေတ္တမျှ စကားပြောပြီး ဖုန်းပြန်ချလိုက်၏။
ဖုန်းချပြီးနောက် လီချူးဟန်ထံ သွားရန် စိုင်းပြင်းတော့သည်။
သို့သော်လည်း ထိုအချိန်တွင်မှ လျန်ရူရွှယ် ဖုန်းဆက်လာလေသည်။
" နင် ဒီည အားလား...."
" ဘာလုပ်မလို့ မေးတာ.... ငါ့ကို အပြင်ဖိတ်ချင်လို့လား....."
" ငါက မတွေ့ချင်ရင် နင့်ကို ခေါ်ပါ့မလားဟဲ့..."
" လာနောက် မနေစမ်းနဲ့... ငါက ရန်ကျင်းမှာ .. မင်းက ကျိုးဟိုင်မှာ.. ငါတို့ကြား ကီလို တစ်ထောင်လောက် ကွာဝေးနေတာကို ဘယ်လိုလုပ်ပြီး တွေ့လို့ရမှာ.. တကယ်လို့ မင်းက နေရာကူးပြောင်းနိုင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့...."
" နင် ပေါက်ကရတွေ ပြောတာ ဘယ်အချိန်မှ ရပ်မှာလဲ...."လျန်ရူရွှယ် စောဒကတက်လိုက်ပြီး " ငါ မနေ့ညက ရန်ကျင်းကို ပြန်လာတာ... အမေက နင်နဲ့အတူ ထမင်းစားချင်တယ်တဲ့... "
" အနာဂတ် ယောက္ခမလောင်းကြီးက ဒီသမက်တော်လေးကို တွေ့ချင်နေတယ်ဆိုမှတော့ သေချာပေါက် ပြဿနာ မရှိဘူးပေါ့... ဘယ်နေရာမှာ တွေ့ကြမလဲ...."
" နယူးဂလိုရီ စားသောက်ဆိုင်... ခဏကျရင် လိပ်စာ ပို့ပေးလိုက်မယ်... ပြထားတဲ့အတိုင်း မောင်းခဲ့လိုက်...."
" အိုကေ.... "
သူ ဖုန်းချပြီး မကြာမီ လျန်ရူရွှယ်ဘက်မှ လိပ်စာ ပို့ပေးလာခဲ့သည်။
လင်းရီ ကားခေါင်းလှည့်၍ စားသောက်ဆိုင်ထံသို့ ဦးတည်လိုက်တော့၏။
အကယ်၍ လျန်ရူရွှယ်မှ သူနှင့် သီးသန့် တွေ့ချင်နေသောကြောင့် ဆိုပါက လင်းရီ သဘောတူလိမ့်မည် မဟုတ်ချေ။
သူ လီချူးဟန်နှင့်အတူ အချိန်ဖြုန်းခဲလေသည်။ ထို့ကြောင့် ဤသို့သော အခြေအနေမျိုး အောက်တွင် သူ သေချာပေါက် လီချူးဟန်ကိုသာ ရွေးချယ်မည်ဖြစ်သည်။
သို့သော်လည်း ရှန်းရှူရီကပါ ထမင်း အတူစားမည် ဆိုသောကြောင့် လင်းရီလည်း ငြင်းဆန်ရန် အကြောင်းပြချက် မရှိတော့ချေ။
အဆုံးတွင်တော့ လင်းရီလည်း လီချူးဟန်ထံ ဖုန်းဆက်၍ သူမကို အကျိုးအကြောင်း ရှင်းပြလိုက်သည်။
လီချူးဟန် ဘာမျှ မဆို။ လင်းရီကို နည်းနည်းပဲ သောက်ရန်သာ မှာကြားပြီး မူးပြီး မမောင်းဖို့သာ ပြောလာခဲ့၏။ သူမက အမြဲတစေ သိမ်မွေ့ပြီး မမေးမြန်းသင့်တာကိုလည်း မမေးချေ။
မိနစ်လေးဆယ်ကျော် မောင်းနှင်ပြီးနောက် လင်းရီ နယူးဂလိုရီ စားသောက်ဆိုင်သို့ ဆိုက်ရောက်လာသည်။
နယူးဂလိုရီ စားသောက်ဆိုင်က ထိုင်၀မ် အစားအသောက်များ အထူးရောင်းချသော နေရာဌာနဖြစ်၏။ မီချယ်လင်း ကြယ်တစ်ပွင့် စားသောက်ဆိုင် အဖြစ် သတ်မှတ်ခြင်း ခံထားရပြီး စစ်မှန်ပြီး အရသာစုံလင်သည့် ဟင်းပွဲတို့ တည်ခင်းပေးသည့်အတွက်လည်း ဂုဏ်သတင်း မွှေးသည်။ လူတစ်ယောက်အတွက် သာမန်ပျှမ်းမျှ ကုန်ကျစရိတ် ယွမ် ၉၀၀ မျှ ကျသင့်သည်ကလည်း ရန်ကျင်း၌ ရေပန်းစားရန်အတွက် ဦးတည်သွားပြီး အစားအသောက် နှစ်ခြိုက်သူများကြားတွင် အထူးပင် နာမည်ကြီးလေသည်။
လင်းရီ အထဲ ၀င်လာတော့ သူ့အား လက်ဝှေ့ရမ်းပြနေသူ လျန်ရူရွှယ်အား မြင်တွေ့လိုက်ရ၏။ သို့နှင့် သူလည်း လမ်းလျှောက်သွားလိုက်တော့သည်။
" အန်တီရှန်း ... "လင်းရီ အပြုံးလေးဖြင့် နှုတ်ဆက်ပြီး ထိုင်ချလိုက်၏။ ထို့နောက် လျန်ရူရွှယ်ကို ကြည့်လျက် " နေရော ကောင်းလား... ဘာလို့ ရန်ကျင်းကို ပြန်လာခဲ့တာ... မင်းက ကျိုးဟိုင်မှာ အလုပ်နဲ့ နပန်းသတ်နေရမယ့်သူ မဟုတ်ဘူးလား... "
" နင်က ပြောထွက်သေးတယ်ပေါ့နော်... နင့်ကြောင့်သာ မဟုတ်ရင် ငါကလည်း ပြန်လာမယ်လို့ ထင်လား...."
" ဟမ်.... ငါနဲ့ ဘာဆိုင်လို့... "
" မနေ့ညက အဖြစ်အပျက်ပြီးတော့ နင် ရန်ကျင်းမှာ နာမည်ကြီးသွားတယ်လေ... တကယ်လို့ ငါ့အမေသာ နင့်ဘက်က မရပ်တည်ပေးဘူးဆိုရင် နင် ခုချိန် အချုပ်ကျနေလောက်ပြီ.... "
" အဲ့ကောင်တွေ တကယ်ကြီး သူတို့ မိဘတွေနဲ့ သွားတိုင်တယ်ပေါ့...."
" သူတို့တွေလည်း အရိုးတွေကျိုး .. မကျိုးရင် သတိလစ်နေကြတာလေ... သွားတိုင်ဖို့တောင် စိတ်ရှိမှာ မဟုတ်လောက်တော့ဘူး... ဒါပေမယ့် သူတို့ မိသားစု၀င်တွေက သိတော့ နင့်ကို ဘယ်လိုလုပ်ပြီး အလွှတ်ပေးနိုင်ကြမှာလဲ.... "
" ကျွတ် ကျွတ် ကျွတ်..."လင်းရီ မေးစေ့ကို ပွတ်သပ်လိုက်ပြီး " ငါ သိနေတယ်လေ.... ဒီကောင်တွေ မျှမျှတတ လုပ်မှာ မဟုတ်ဘူးလို့ ... ငါ မှန်းတာ မှန်သွားတဲ့ပုံပဲ...."
ရှန်းရှုရီ လင်းရီကို ပြုံးလျက် ကြည့်လိုက်ပြီး " ငါ အတော်လေး သိချင်နေတာ နင် ဘာလို့ သူတို့ကို ရိုက်နှက်လိုက်ရတာလဲ... နင် ဒီလိုလုပ်လိုက်တဲ့ အကျိုးဆက်ကို မသိဘူးလို့ လာမပြောနဲ့... တကယ်လို့ နင့်မှာ ယုံကြည်ချက် အပြည့်အ၀ မရှိဘူးဆိုရင် ဒီလိုမျိုး မလုပ်ဘူးမလား..."
လင်းရီ ရယ်ကျဲကျဲ အမူအရာဖြင့် " အန်တီ ထင်သလောက်လည်း အံ့ဩဖို့ မကောင်းပါဘူးဗျာ... ကျွန်တော်လည်း အဲ့တုန်းက စိတ်လေး နည်းနည်း ကြွသွားလို့... ပြီးတော့ ကျောက်မိုနဲ့ ကျန်တဲ့ကောင်တွေကလည်း ကျွန်တော့်ရှေ့ ဂျိုလာကြွပြနေတာလေ... ကြည့်မရတာနဲ့ ရိုက်စုတ်ပစ်လိုက်တာပဲ...."
ရှန်းရှုရီ လင်းရီကို အကဲခတ်ရင်း ဖျော့တော့စွာ ပြုံး၍ " နင်က အန်တီ့ကို ဘာတွေ လျှို့ဝှက်ထားချင်နေတာ...."