← Chapters

သူ ၀က်ပေါက်လေးကို နို့ဘူးတိုက်ပြီးတဲ့အထိစောင့်မယ်

Vol. 68 Ch. 1017

သူ ၀က်ပေါက်လေးကို နို့ဘူးတိုက်ပြီးတဲ့အထိစောင့်မယ်

Vol. 68 Ch. 1017

" ဘာမှ မလျှို့ဝှက်ထားရပါဘူးဗျာ... တချို့ ဆုံးဖြတ်ချက် မချရသေးတဲ့ ဟာလေးတွေတော့ ရှိတယ်... ဒီတော့ ပြောပြလို့ မရသေးဘူး..."လင်းရီ ပြုံးလိုက်ပြီး "" ပရောဂျက် ပလန်ကို ဆုံးဖြတ်ပြီးတာနဲ့ သေချာပေါက် အန်တီ့ကိုပဲ ပထမဆုံး ကျွန်တော် အသိပေးမှာ..."

ရှန်းရှုရီက အင်မတန် ထက်မြက်လွန်းပြီး သူမမျက်စိအောက်၌ အများကြီး လျှို့ဝှက်ထားလို့ မရချေ။

ထိုသို့သော လူမျိုးများဖြင့် လင်းရီ ရန်သူဖြစ်ချင်စိတ် အာသီသ သိပ်ပြင်းပြမိသည်။ ယခုလို ပြုလုပ်ရသည်က ဘ၀ကို ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းသွားစေသည်ဟု လင်းရီ ခံစားမိ၏။

သို့သော်ငြားလည်းပဲ သူတို့၏ လက်ရှိ ဆက်ဆံရေးအရ ရန်သူများ မည်သို့မျှ မဖြစ်လာနိုင်ချေ။ ပခုံးချင်းယှဉ်ပြီး အတူတိုက်ခိုက်ရမည့် ရဲဘော်ရဲဖက်တစ်ယောက် ဖြစ်ဖို့က ပိုပြီး သင့်လျော်နေခဲ့၏။

" နင်က အချိန်အတိအကျ မသိရသေးပဲနဲ့တောင် ဒီလိုမျိုး ရွေ့ကွက်တွေ ရွေ့ဝံ့နေတယ်ပေါ့... နင် ဝှက်ထားတဲ့ကတ်က ဘယ်လောက်တောင် ကြီးနေတာမို့လို့... အထက်ကြီးပိုင်းတွေက နင့်ကို ကာကွယ်ပေးမယ်ဆိုတာ သေချာလို့လား.... "

" အဲ့လိုမျိုးပဲပေါ့... ဘာပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး..."လင်းရီ ပြောလိုက်ပြီး " ဒါပေမယ့် ဒီကောင်တွေက ခုထိ ကျွန်တော့်ကို လာမရှာသေးဘူးဆိုတော့ ထူးတော့ ထူးဆန်းတယ်..."

" ‌နောက်ဆုံးကျတော့လည်း သူတို့အားလုံးက ဣန္ဒြေ သိက္ခာနဲ့ နေကြရတဲ့ လူတွေချည်းပဲလေ... သူတို့လည်း အဲ့လိုလုပ်လို့ ကျိုးကြောင်းမသင့်ဘူးဆိုတာ နားလည်မှာပဲ... အဲ့တာကြောင့်မို့ မီးခိုးကြွက်လျှောက် မလိုက်တော့တာ... "လျန်ရူရွှယ် ပြောလိုက်သည်။

" သူတို့က နေရာ ရွေ့လို့မရတဲ့ ခွေးတစ်အုပ်သာသာလေးပါပဲ... သူတို့လိုကောင်တွေက အဲ့လိုစဉ်းစားတတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ... "လင်းရီ ရှန်းရှုကိုကြည့်၍ ပြုံးလိုက်ပြီး

" အန်တီရှန်း... ကျွန်တော့်အထင်တော့ အန်တီ ကျွန်တော့်ကို ကူညီလိုက်တာမလား... တကယ်လို့ အန်တီ့ကြောင့်သာ မဟုတ်ရင် ရန်ကျင်းက အခုလို အေးချမ်းနေမှာ မဟုတ်ဘူး... ကျွန်တော့်ကို အချိန်အတော်ကြာလောက်ကတည်းက ရန်လာရှာပြီးလောက်ပြီ.."

လျန်ရူရွှယ် အောက်နှုတ်ခမ်းကို အသာကိုက်လိုက်ပြီး သူမကိုယ်သူမ တွေးတောလိုက်၏။

' ငါ့အမေက တကယ်ပဲ ကူညီခဲ့တယ်...သိပ်ပြီး ထိရောက်မှာ မရှိဘူးဆိုပေမယ့်ပေါ့... နင့်ကို တကယ်ကြီး ကူညီပေးလိုက်တဲ့သူက အခု နင့်နောက် ကျောမှာ ထိုင်နေတယ်လေ... '

ရှန်းရှုရီ ပြုံးလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ချေ။

" နှစ်သစ်ကူး မတိုင်ခင်တုန်းက semiconductor ထိပ်သီး အစည်းအဝေး ကျင်းပမယ်လို့ ပြောတာ နင်မှတ်မိသေးလား... ငါ့အထင် သုံးရက်အတွင်း ဖြစ်လိမ့်မယ်... အချိန်ကျရင် ငါ နင့်ဆီ ဖုန်းဆက်လိုက်မယ်လေ... နင်လည်း ငါနဲ့အတူ လိုက်လည်လို့ရတာပေါ့.... "

" နားလည်ပြီ ... ကျေးဇူးပါ အန်တီရှန်း...."

" နင့်ရဲ့ လက်ရှိ အနေအထားနဲ့ဆိုရင် ကျုံးဝေ့တပ်ဖွဲ့မှာ ဘာပြဿနာမှ ရှိလိမ့်မယ်လို့တော့ မထင်ဘူး... ဒါပေမယ့် ကျိုးဟိုင်က နင့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုကျ ဘယ်လိုလုပ်မှာ... နင် ဒီနှစ်ခုကို ဘယ်လိုစီမံမယ်လို့ စဉ်းစားထားလဲ ..."

ရှန်းရှုရီနှင့် လျန်ရူရွှယ်တို့က ကျုံးဝေ့တပ်ဖွဲ့အကြောင်း အပေါ်ယံမျှသာ သိထားကြခြင်း ဖြစ်ပြီး အသေးစိတ်ကိုတော့ သူမတို့ မသိကြချေ။

မည်သို့ပင်ဆိုစေ ဟွာရှ၌ လျန်ရှန့်ဟော်၏ လွှမ်းမိုးမှုဖြင့် နည်းနည်းပါးပါးလောက် သိရန်က ပြဿနာ မရှိပေ။

" ကုမ္ပဏီကိုတော့ ကျွန်တော် စိတ်မပူပါဘူး..."လင်းရီ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပြီး " ကျွန်တော်က ဟွာရှရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်လာဖို့လည်း ရည်မှန်းချက် မရှိဘူးလေ... ကျွန်တော့်လက်ထဲ သုံးဖို့လုံလောက်တဲ့ ပိုက်ဆံ ရှိတယ်ဆိုရင် ရပြီ... ဒါပေမယ့် ကျုံးဝေ့တပ်ဖွဲ့ကိုတော့ ကျွန်တော် တော်တော်လေး စိတ်၀င်စားမိတယ်...."

" နင့်မိဘတွေ အကြောင်းကော... နင် ဘာလုပ်ဖို့ စဉ်းစားထားလဲ..."ရှန်းရှုရီ မေးလိုက်သည်။

" အန်တီ အရင်တုန်းကလည်း ကျွန်တော့်ကို ဒီမေးခွန်း မေးပြီးသားပဲ..."

" ကျွန်တော် ဘာမှ မစဉ်းစားထားဘူး.... "

လျန်ရူရွှယ် မသိမသာ ခေါင်းမော်၍ လင်းရီ နောက်ကျော၌ ထိုင်နေသည့် ချင်ရင်ယွဲ့ကို မသိမသာ လှမ်းရှိုးလိုက်သည်။

လင်းရီ ပြောသည့် စကားကို ကြားတော့ သူမ တော်တော်လေး ၀မ်းနည်းသွားလောက်ပေသည်။

" နင် သူတို့ကို မုန်းလား..."ရှန်းရှုရီ မေးလိုက်၏။

" ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ... ကျွန်တော်က ပျော်ရွှင်အောင် နေတတ်တဲ့ လူတစ်ယောက်ပဲဟာကို... "လင်းရီ ပြောလိုက်ပြီး " သူတို့မှာလည်း သူတို့ အခက်အခဲနဲ့ နေမှာပေါ့... "

" ဒီတော့ ‌နင် သူတို့ကို မမုန်းဘူးပေါ့ .. ဟုတ်လား...."လျန်ရူရွှယ် စကားနှိုက်လိုက်သည်။

" သေချာပေါက်ပဲပေါ့..."လင်းရီ ပြောလိုက်ပြီး " ငါ့ကို ဒီလောကထဲ ခေါ်လာပေးတာကိုပဲ ကျေးဇူးတင်ရဦးမှာ... သူတို့က ဒီတိုင်း ငါ့ကို ကြီးပြင်းလာအောင် ကျွေးမွေး မပြုစုပေးနိုင်ရုံပဲလေ... ဒီတော့ မုန်းစရာ အကြောင်းလည်း မရှိပါဘူး...."

" ဒါပေမယ့် နင်က သူတို့ကို လိုက်လည်း မရှာဘဲနဲ့...."

" အနှစ် ၂၀ ကျော်နေပြီလေကွာ... ရှာလို့ ဘယ်လွယ်ပါ့မလဲ .. ပြီးတော့ သူတို့ဘ၀နဲ့ သူတို့တောင် ဖြစ်နေပြီလား မသိဘူး... ငါ့အတွက် ညီလေး ဒါမှမဟုတ် ညီမလေး တစ်ယောက်ယောက် မွေးရင်လည်း မွေးထားရောပေါ့... တကယ်လို့ ငါက လိုက်ရှာနေမယ်ဆိုရင် ပြဿနာ တက်သွားနိုင်တယ်...."လင်းရီ ရယ်သွမ်းလိုက်ပြီး " ဒါပေမယ့် သူတို့ ကျန်းကျန်းမာမာနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့တော့ ငါမျှော်လင့်တယ်.... "

" နင် အဲ့လိုစဉ်းစားတယ်ဆိုရင် ကောင်းတယ်..."ရှန်းရှုရီ ငါးအသားစ တစ်ဖက် ကောက်ညှပ်လိုက်ပြီး လင်းရီ ပန်းကန်ထဲသို့ ထည့်ပေးရင်းဖြင့် သူမ၏ ခံစားချက်တို့အား ဖုံးကွယ်ထားလိုက်လေသည်။

" စားကြည့်ကြည့်.. မဆိုးဘူး... "

" ကျေးဇူးပါ အန်တီရှန်း... "

တစ်နာရီ နီးပါးလောက် ပြောဆိုစားသောက်ပြီးနောက် ကိုယ်စီ ပစ္စည်းများသိမ်း၍ စားသောက်ဆိုင်ထဲမှ ထွက်ခွာသွားကြသည်။

သို့သော် ရှန်းရှုရီနှင့် လျန်ရူရွှယ်ကတော့ ထွက်မသွားသေးပဲ စားသောက်ဆိုင် အပေါက်၀၌ ရပ်နေရင်းဖြင့် လင်းရီ ထွက်ခွာသွားသည်ကို ငေးမောကြည့်နေလေသည်။

မိနစ် အနည်းငယ် ကြာပြီးနောက် ချင်ရင်ယွဲ့ အထဲမှ ထွက်လာခဲ့၏။ သူမ မျက်နှာထက်၌ ပြောင်းလဲနေသည့် ခံစားချက် တစ်စုံတစ်ရာမျှ ရှိမနေချေ။

" ဘယ်လိုခံစားရလဲ.... "

"ဟူး....."

ချင်ရင်ယွဲ့ အသက်ပြင်းပြင်း မှုတ်ထုတ်လိုက်ပြီး " သူ ငါ့ကို မမုန်းဘူး... ကိုယ့်ကိုယ်ကိုလည်း ကျေနပ် နှစ်သိမ့်တတ်တယ်...."

" သားမွေးရင် အမေနဲ့တူတယ်ဆိုတဲ့ စကားပုံအတိုင်းပဲ သူ့ဆီမှာ နင့်လို သိမ်မွေ့မှုတွေ ရှိနေတာပဲနော်.... "

" အတည်ကြီးလား... ငါကဖြင့် အသက်ငါးဆယ် ရှိနေပြီကို သိမ်မွေ့တော့ကော ဘာ အသုံး၀င်မှာမို့လို့...."

" ဒါဆို ဘာလို့ မျက်နှာကြီး ရဲနေတာလဲ... "

နှစ်ယောက်ပေါင်း အသက်တစ်ရာကျော်နေသည့် လူနှစ်ယောက် အချင်းချင်း တွတ်ထိုးနေသည်ကို ကြည့်ရင်း တော်တော်လေး စိတ်၀င်စားဖို့ကောင်းသည်ကို လျန်ရူရွှယ် သိရှိလိုက်ရ၏။

စားသောက်ဆိုင်မှ ထွက်ခွာလာပြီးနောက် လင်းရီ ဟိုတယ်သို့ တန်းမတ်စွာ ဦးတည်သွားလိုက်သည်။ အကြောင်းမူကား လီချူးဟန်မှ ပြန်ရောက်နေပြီး ဖြစ်သောကြောင့်ပင်။

ရှော့ပင်း ထွက်ခဲ့သည့် လီချူးဟန်ကတော့ ပစ္စည်းအများကြီး ၀ယ်မလာချေ။ သူမ သုံးမျိုးသာ ၀ယ်လာခဲ့ပြီး လင်းရီအတွက် ဂျက်ကတ်တစ်ထည်လည်း ပါသည်။

နှစ်ယောက်သား ည၌ ဘာမှမလုပ်ပဲ အေးအေးချမ်းချမ်း အိပ်သည်က အတော်လေးကို ရှား၏။

လီချူးဟန်၏ လေယာဉ်က မနက်ဆယ်နာရီတွင်ဖြစ်ပြီး နှစ်ယောက်လုံးကလည်း အလုပ်များနေသောကြောင့် လင်းရီ သူမကို မောင်းမပို့ပေးတော့ချေ။ ထိုအစား ကျုံးဝေ့တပ်ဖွဲ့၏ လေ့ကျင့်ရေး အခြေစိုက်ရာသို့ ဦးတည်လိုက်လေသည်။

ဤတစ်ကြိမ်တော့ လင်းရီ ရောက်လာသည်မှာ အတော်လေးစောသည်။ မိနစ် နှစ်ဆယ်ခန့် စောလျင်စွာ ရောက်နှင့်နေသည်။

သို့သော်လည်း လင်းရီ အထဲကို ရောက်တော့ ပါ၀င်ယှဉ်ပြိုင်မည့် အခြားသော ပြိုင်ပွဲ၀င်များလည်း ရောက်ရှိနေကြောင်း လင်းရီ သတိပြုမိလိုက်၏။

မိနစ် နှစ်ဆယ် ကြိုရောက်လာသည့်တိုင် သူက နောက်ဆုံး ဖြစ်နေဆဲပင်။

" ကြည့်လိုက်... အဲ့ကောင် ထပ်ရောက်လာပြန်ပြီ.... "

ပြောလိုက်သူက ကော်ချင်းခွန် ။ သူက အရပ်သိပ်မမြင့်၊ မျက်နှာ အသားအရေမှာ အနည်းငယ် မည်းနေသည်။ မြေပြင်ပေါ်တွင် ကွတတ ထိုင်ပြီး ပြောင်ချော်ချော် အခွက်နှင့် ရှိ၏။

" သူ့ကို အသင်းခေါင်းဆောင်ချိုးက မောင်းထုတ်လိုက်ပြီ မဟုတ်ဘူးလား .. ဘာလို့ ပြန်ရောက်ချတာတုန်းဟ..."

ပြောလိုက်သူမှာတော့ ကျန်းဟွေ့ပင် ဖြစ်သည်။ မနေ့တုန်းက လေ့ကျင့်ရေး၌ တင်းနစ်ဘောလုံး ၇၄၃ သုံးလုံး ရှောင်နိုင်ခဲ့ပြီး ပါ၀င်သူ အုပ်စုထဲ၌ အကောင်းဆုံး ရလဒ် ရရှိခဲ့သူများထဲမှ တစ်ဦးဖြစ်လေသည်။ ထို့ကြောင့် သဘာ၀အလျောက် လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်လာခဲ့တော့၏။

" ကျုံးဝေ့တပ်ဖွဲ့က ဘယ်လောက်တောင် ထူးခြားတဲ့ နေရာလဲဆိုတာကို ငနဲသားက သိတော့ မျက်မှာပြောင်တိုက်ပြီး ပြန်လာတာနေမှာ...."

" တအား သူရဲဘောကြောင်လွန်းတယ်... "ကျန်သူများလည်း အသံထွက်လာပြီး " တကယ်လို့ ငါသာဆိုရင်တော့ ပြန်လာဖို့ မျက်နှာ ရှိမှာ မဟုတ်တော့ဘူး... လူတိုင်းရဲ့ လှောင်ပြောင်ကဲ့ရဲ့စရာတောင် ဖြစ်လာနိုင်တယ်.... "

" အဲ့ကောင် လာလည်း မထူးပါဘူး... ကျုံးဝေ့တပ်ဖွဲ့လို တင်းကြပ်တဲ့ နေရာမျိုးမှာ လူတိုင်းက ကိုယ့်လမ်းအတွက် တိုက်ခိုက်ရမှာပဲ... သူ့လိုမျိုး ကိုယ့်အထက် အရာရှိကို မလေးမစား ၊ အသင်းအဖွဲ့ စိတ်ဓာတ်လည်း မရှိ ၊ ကိုယ့်စည်း ကိုယ့်ကမ်းလည်း မရှိတဲ့ကောင်ကို သေချာပေါက် လက်ခံမှာ မဟုတ်ဘူး... ခဏနေကျ အသင်းခေါင်းဆောင် ရောက်လာလို့ရှိရင် အဲ့ကောင် ခွေးမောင်းသလိုကို အမောင်းထုတ်ခံရတော့မှာ.... "

" ငါလည်း အဲ့လိုထင်တယ်... ကျုံးဝေ့တပ်ဖွဲ့က ၀င်ချင်တိုင်း ၀င် .. ထွက်ချင်တိုင်း ထွက်လို့ရတဲ့ နေရာ မဟုတ်ဘူးလေ.... "

" သောက်ပဲ.. ကြည့်စမ်း .. အဲ့ကောင် ဘာလုပ်နေလဲဆိုတာ... အဲ့ကောင် သောက်၀က်ကို နို့ဘူးတိုက်နေတယ်.... "

လင်းရီ ၀က်ပေါက်လေးအား ‌ကားနောက်ဖုံးထဲမှ ခေါ်ထုတ်လာသည်ကို မြင်တော့ လူတိုင်း ရှော့ခ်ရသွားခဲ့ကြသည်။

ဘာလား...

သူ တကယ်ကြီး ဒီလာပြီး ၀က်ကို နို့တိုက်နေတယ်...

ဒီလို ထူးဆန်းတဲ့ ငနဲသားက ဘယ်ကနေ ရောက်ချလာတာတုန်း....

တစ်ချိန်တုန်းတွင် လျိုဟုန် ၊ ချောင်ကျားတု၊ ချိုးယွီလော့ ၊ နင်ချဲ့နှင့် ကျန်သူများအားလုံး အဆောက်အအုံအပြင်ဘက်သို့ ထွက်လာခဲ့ကြလေသည်။

မူလကတော့ သူတို့ လူစုရန် အမိန့်ပေးချင်နေသော်လည်း အခြားတစ်နေရာတွင် ၀က်ပေါက်လေးအား နို့တိုက်ရင်း လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်နေသည့် လင်းရီကို မြင်တော့ သူတို့အားလုံး ချော်လဲတော့မတတ် ဖြစ်သွားခဲ့တော့၏။

" ဒီကလေး လင်းရီက နည်းနည်း ထူးခြားတယ်နော်... "လျိုဟုန် ကိုးရို့ကားယား ဖြစ်စွာ ပြောလိုက်သည်။

" ရုပ်လေးမှ အားမနာ .. အရမ်း ချောတာကိုဟယ်..."

" ဒါဆိုလည်း သူနို့တိုက်ပြီးတော့မှ လူစုကြတာပေါ့... "လျိုဟုန် ပြောလိုက်သည်။

ချိုးယွီလော့ "..... “

All Chapters