သူ ၀မ်မြန်ရဲ့ စံချိန်ကို ချိုးဖြတ်နိုင်လောက်လား
Vol. 68 Ch. 1018
ဤသည်က သူစဉ်းစားနေသည့် အရာပင်။ သို့သော်လည်းပဲ ရောက်နေကြသည့် အခြားလူများက ကျုံးဝေ့တပ်ဖွဲ့ ခေါင်းဆောင်ကို မြင်တော့ ချက်ချင်း ဆိုသလို အစီအရီ သုံးတန်းစီလိုက်ကြပြီး အမြင်ကောင်းများ ချန်ထားရစ်နိုင်ရန် ကြိုးပမ်းကြတော့သည်။
လင်းရီကသာလျှင် ထူးမခြားနားသည့် အမူအရာဖြင့် ဆက်လက်တည်ရှိနေသည်။ သူ တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး တန်းစီရန် အချိန်မကျသေးသည်ကို မြင်တော့ ၀က်ပေါက်လေးအား နို့ဘူး ဆက်တိုက်နေလိုက်၏။
တစ်ချိန်တည်းတွင် တန်းစီပြီး စစ်ဆေးမှု စတင်ရန် စောင့်ဆိုင်းနေကြသူများကလည်း လင်းရီထံ လှည့်ကြည့်၍ လှောင်ပြောင်မှုတို့အား လှစ်ဟာပြလာကြသည်။
ဒီသောက်ရူးက ဘာတွေလဲ လုပ်နေတာ...
တန်းစီဖို့ အချိန်မကျသေးဘူးဆိုရင်တောင် ခေါင်းဆောင်တွေက ဒီရောက်နှင့်နေပြီလေ.. ဘာလို့ ၀က်ကို ဆက်ပြီး နို့တိုက်နေတာလဲ...
ဒီကောင်က လူစုလူဝေး မမြင်ဖူးတဲ့ ငဒူများလား...
ဒီလိုလုပ်ရပ်မျိုး ဘယ်လိုတောင် လုပ်ရက်နိုင်တာပါလိမ့်...
" ကြည့်လိုက်... အသင်းခေါင်းဆောင်ချိုး မျက်နှာ မလှတော့ဘူးကွ... သူ အဲ့ကောင်ကို မမှိတ်မသုန် စိုက်ကြည့်နေပြီ..."ကော်ချင်းခွန်မှ ပြောလိုက်သည်။
" မနေ့က သူတို့ နှစ်ယောက်ကြားမှာ အချင်းများထားကြတယ်လေ... အခု ခွင့်ပြုချက် မပါဘဲ ရောက်လာတယ်ဆိုတော့ အသင်းခေါင်းဆောင်ချိုး သေချာပေါက် ခွင့်ပြုမှာ မဟုတ်ဘူး...."ကျန်းဟွေ့ ပြောလိုက်ပြီး " သူ့ကို မောင်းထုတ်ပါလိမ့်မယ်... ဒီမှာ နေဖို့ဆိုတာ မဖြစ်နိုင်ဘူး... မျက်ကွယ်ပြုထားလိုက်..."
လူတိုင်းတွင်လည်း တူညီသော အတွေးတို့ ဖြစ်ပေါ်နေကြသည်။
လူပုံအလယ်တွင် အသင်းခေါင်းဆောင်အား တစ်ခွန်းမကျန် အာခံပြောသည့်ကောင်အား ကျုံးဝေ့တပ်ဖွဲ့က မည်သို့မည်ပုံ လက်ခံလိမ့်မည်နည်း။
ဆယ်မိနစ် ကြာပြီးနောက် လင်းရီ ၀က်ပေါက်လေးအား နို့ဘူးတိုက်ပြီးသွားပြီး အနောက်တန်း တစ်နေရာ၌ သွားရပ်နေလိုက်သည်။
ထောက်ချိန် မတ်တပ်ရပ်ပြီး လည်ချောင်းရှင်းလိုက်ကာ " မနေ့က ငါပြောထားတဲ့အတိုင်းပဲ ဒီနေ့ စစ်ဆေးမှာက ခွန်အားကို အထူးပြုတယ်...ငါတို့ လေ့ကျင့်ခန်း သုံးမျိုး လုပ်မယ်... အဲ့သုံးမျိုးစီက ရမှတ်တွေကို ပေါင်းပြီး နောက်ဆုံး မင်းတို့ရဲ့ ရလဒ်တွေ ထွက်လာလိမ့်မယ်... " "လေ့ကျင့်ခန်းသုံးခုက ထိုင်ထ (squat) ၊ ဝိတ်တုံးမတာနဲ့ (deadlift) bench press ပဲ... "
(စကားချပ် : ဒီရဲ့ထိုင်ထက ဝိတ်ချောင်းရဲ့ နှစ်ဖက်ထိပ်မှာ ဝိတ်တုံးတွေ တပ်ပြီး ပခုံးမှာတင် ၊ ထိုင်ထ လုပ်သလိုမျိုး လုပ်တာကို ဆိုလိုချင်တယ် ထင်ပါရဲ့...ဒီထဲက ကီလိုတွေ အတိုင်းဆိုရင်တော့.. အားပါးပါး တကယ့်မလွယ်ကြောပဲ...
Deadlift ကျ ကြမ်းပြင်မှာရှိတဲ့ ဝိတ်တုံးကို ခါးမတ်နေအောင် မပြီးမှ ပြန်ပစ်ချလိုက်တဲ့ လေ့ကျင့်ခန်းကို ဆိုလိုပါတယ်
Bench press ကျ ခုံသေးသေးလေးမှာ လဲပြီး ဝိတ်မတာကို ဆိုလိုပါတယ်...ရင်အုံ ကစားတာကို မြင်ယောင်ကြည့်ရင် ပိုပြီး သိသာပါလိမ့်မယ်...)
" အမျိုးသားတွေအတွက် စံသတ်မှတ်ချက်က ထိုင်ထအတွက် ၂၀၀ ကီလိုဂရမ် ၊ ဝိတ်တုံးမတာ အတွက် ၁၅၀ ကီလိုဂရမ် ၊ bench press အတွက် ၁၄၀ ကီလိုဂရမ် ... အမျိုးသမီးတွေ အတွက်ကတော့ ထိုင်ထအတွက် ၂၇၀ ကီလိုဂရမ် ၊ ဝိတ်မဖို့အတွက် ၁၃၀ ကီလိုဂရမ် ၊ bench press အတွက် ၁၂၀ ကီလိုဂရမ် အသီးသီးပဲ... အမှတ်တွေကိုတော့ မင်းတို့ လုပ်နိုင်တဲ့ အခေါက်ရေပေါ်မှာ မူတည်ပြီး သတ်မှတ်မယ်... ဒီနေရာမှာ ပိုပြီး တိတိကျကျ ရှိစေဖို့ မင်းတို့ရဲ့ ဘော်ဒီဝိတ်ကိုလည်း ထည့်သွင်းစဉ်းစားမယ်... ဒါကြောင့်မို့ သူများထက် အခေါက်ရေ များများ လုပ်နိုင်တိုင်း ပထမ ရမယ်လို့ ထင်မနေနဲ့... မင်းတို့အကုန်လုံး ဒီသဘောတရားကို နားလည်ထားဖို့လိုတယ်.... "
ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းရီ ခေါင်းညိမ့်လိုက်သည်။
ကျုံးဝေ့တပ်ဖွဲ့၏ စမ်းသပ်မှုများက ရှုပ်ထွေးပွေလီနေခြင်း မရှိ။ အင်မတန် ရိုးစင်းလှသည်။
ထို့ပြင် လေ့ကျင့်သည့် နည်းလမ်းများကလည်း နားလည်ရန် လွယ်ကူပြီး ညစ်ပတ်ဖို့ လမ်းမရှိပေ။
" ဒါ ဒီနေ့အတွက် စစ်ဆေးမှုပဲ... အားလုံး နားလည်ကြလား...."
" နားလည်ပါတယ်..."လူတိုင်း တစ်ပြေးညီ ဖြေဆိုလိုက်ကြသည်။ သို့တိုင်အောင် သူတို့၏ အမူအရာများကတော့ ကြည့်လို့ လှပမနေချေ။
ထောက်ချိန် ညွှန်းဆိုသွားသည့် အလေးချိန်များက ပရော်ဖက်ရှင်နယ် ခန္ဓာကိုယ် ထုဆစ်သူများ၏ အဆင့်သို့ ရောက်ရှိနေချေပြီ။
Gym ၌ အထူးလေ့ကျင့်ထားသူများပင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
လက်ရှိ ရောက်နေကြသူတိုင်းက သူတို့၏ စွမ်းရည်နှင့် ပတ်သက်၍ ယုံကြည်ချက် အပြည့်အ၀ ရှိသော်လည်း အများကြီး လုပ်နိုင်လိမ့်မည်လို့ မစဉ်းစားရဲချေ။
ယနေ့ စမ်းသပ်မှုက သူတို့ စိတ်ကူးထားသည်ထက်ကို အဆပေါင်းများစွာ ခက်ခဲနေတော့၏။
သို့သော်လည်း သူတို့ကို သိချင်စိတ် ပြင်းပြလာအောင် ဆွဲဆောင်သွားသည်က ၀က်ကို နို့ဘူးတိုက်နေသည့် ကောင်မှာ ယခုလက်ရှိတိုင် ထုတ်ပယ်ခံရခြင်း မရှိသည်ကိုပင်။
" အားလုံး အဆင်သင့်ဖြစ်ပြီဆိုတော့ လေ့ကျင့်ရေး ခန်းမကို သွားကြတာပေါ့..."
" ဟုတ်ကဲ့... "
၀န်ထမ်းများ၏ လမ်းညွှန်မှုအောက်တွင် အုပ်စုမှာ ယခင် စစ်ဆေးမှု ပြုလုပ်ခဲ့သည့် နေရာသို့ ပြန်လည် ရောက်ရှိလာကြသည်။
ဤအတောအတွင်း ထောက်ချိန် လင်းရီကို ဓာတ်ပုံ၊ နာမည်နှင့် နံပါတ် ၃၆ ပါရှိသည့် နံပါတ်ပြား တစ်ခုအား ကမ်းပေးလိုက်၏။
" ရော့ .. ဒီမှာ မင်းရဲ့ နံပါတ်ပြား...."
" ကျုပ်က နောက်ဆုံးပေါ့... "
ထောက်ချိန် ပြုံးလိုက်ပြီး " မင်း စောင့်လို့ ပျင်းရင် ဂိမ်းဆော့နေလိုက်.. ဒါမှမဟုတ် လမ်းထွက်လျှောက်နေလို့လည်း ရတယ်... "
" ကောင်းပြီလေ... ကျုပ်ကို စိတ်ပူမနေနဲ့.. ခင်များ လုပ်စရာရှိတာသာ လုပ်..."
" အင်း.... "
ကျုံးဝေ့တပ်ဖွဲ့၏ စမ်းသပ်မှုများက အင်မတန် လက်တွေ့ကျသည်။ လေ့ကျင့်ရေး ပစ္စည်း သုံးစုံ ရှိနေပြီး တစ်ချိန်တည်းတွင် ပါ၀င်သူ သုံးယောက်က အစစ်ဆေးခံနိုင်သည်။
ထို့ကြောင့် အချိန်အများအပြား သက်သာသွားခဲ့၏။
" ရွှီကျောက် ၊ ကောင်းရန် ၊ မြောင်ထျန်းဟော်... စတင်ဖို့ ပြင်ဆင်ထားကြ... "
အမိန့်ပေးသံကို ကြားပြီးနောက် သုံးယောက်သား စိတ်လှုပ်ရှားစွာဖြင့် တန်းစီသည့် နေရာမှထွက်၍ ပစ္စည်းများ မသုံးမီ ခေတ္တ သွေးပူအောင် ပြုလုပ်လိုက်ကြသည်။
လင်းရီလည်း တစ်နေရာတည်း၌ ကျောက်ဆူးချထားသလို ရပ်မနေချေ။ ဘေးတွင် သွားရပ်၍ လှုပ်ရှားနေသည်များအား ကြည့်ရှုလေသည်။ ဤလူများက သူ စိတ်ကူးထားသလို စူပါသောက်ကြမ်းကြီးများ ဟုတ်မနေကြောင်းကို လင်းရီ သတိထားမိလိုက်၏။
ဖြစ်စဉ် တစ်ခုလုံး၌ သူတို့က ကိုယ်ဟန်ကို လုံး၀ လျစ်လျူရှုထားပြီး အားစိုက်ထုတ်နေရသည့် အမူအရာများအား လှစ်ဟာပြထားကြသည်။ ကြည့်ရသလောက်တော့ အားကုန် ညစ်ထုတ်နေကြဟန်ပင်။
မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် သုံးယောက်လုံး စစ်ဆေးမှုသုံးခုလုံးကို တစ်ယောက်ပြီး တစ်ယောက် ပြီးစီး သွားခဲ့ကြသည်။
တစ်ချိန်တည်းတွင် နောက်ဆုံး ရလဒ်လည်း ထွက်ပေါ်လာခဲ့ချေပြီ။
" ကျောက်ရွှီ ထိုင်ထ ၈ ကြိမ် ၊ ဝိတ်မ ၆ ကြိမ် ၊ bench press ၉ ကြိမ် ..." " ကောင်းရန် ထိုင်ထ ၁၀ ကြိမ် ၊ ဝိတ်မ ၄ ကြိမ် .. Bench press.. ၇ ကြိမ် ... "
" မြောင်ထျန်းဟော် .. ထိုင်ထ ၇ ကြိမ် ...ဝိတ်မ ၆ ကြိမ် ... Bench press.... ၅ ကြိမ်... "
သူတို့၏ ရလဒ်အသီးသီးကို မြင်တွေ့ပြီးနောက် လင်းရီ ၎င်းတို့၏ စံချိန်စံညွှန်းများအား နားလည်သဘောပေါက်သွားခဲ့သည်။
ဤလူ အုပ်စု၏ စံချိန်စံညွှန်းပေါ် အခြေခံ၍ ပျှမ်းမျှ ၁၀ လောက် ရလျှင် အင်မတန် ကောင်းမွန်နေပြီဟု သတ်မှတ်၍ ရလေသည်။
ထို့နောက် နောက်ဆက်တွဲ လူများ၏ စမ်းသပ်မှုအား လင်းရီ စိတ်မ၀င်စားတော့ချေ။ သူ ကားအနားသို့သာ ပြန်လာ၍ ကျီချင်းရန်နှင့် စာပို့နေလိုက်သည်။
" ဒီအကောင်ကတော့ ဘယ်တော့မှ လေးလေးနက်နက်ကို မရှိဘူး..."ချိုးယွီလော့ ပြောလိုက်၏။
" စွမ်းဆောင်နိုင်စွမ်း ရှိတဲ့သူတွေ အကုန်လုံးက ဒီလိုချည်းပဲလေ... အသင်းခေါင်းဆောင် .. စိတ်ထိန်းပါဦး..."ထောက်ချိန် ပြောလိုက်သည်။
နှစ်နာရီခန့် ကြာမြင့် ပြီးနောက် ပထမ ၁၁ ယောက် အုပ်စုကို စစ်ဆေး၍ ပြီးဆုံးသွားခဲ့ပြီ။
ဤအုပ်စုထဲ ထိုင်ထ ၁၄ ခေါက်က အမြင့်ဆုံး စံချိန် ဖြစ်လေသည်။
ဝိတ်မ အတွက်တော့ ၁၈ ခေါက် ၊ bench press အဖို့တော့ ၁၆ ခေါက်ပင်။
ထိုအထဲ အကောင်းဆုံး စွမ်းဆောင်ပြနိုင်သူကတော့ ကျန်းဟွေ့ ဖြစ်သည်။
သူတစ်ဦးတည်းကပင် အထက်ပါ စံချိန် နှစ်ခုအား သတ်မှတ်သွားခြင်းဖြစ်၏။
Bench press စံချိန်ကို မချိုးဖြတ်သွားနိုင်သော်လည်းပဲ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ၁၅ ခေါက်အထိ ရရှိခဲ့လေသည်။
သူ့ဝိတ်ကို ထည့်တွက်လိုက်မည်ဆိုပါက သူ၏ အလုံးစုံ ရလဒ်က ပထမ နေရာ၌ ဦးဆောင်နိုင်ချေများ၏။
" ညီကိုဟွေ့.. မင်းက တကယ့်ကို ပုံမှန်မဟုတ်ဘူးပဲ..."ကော်ချင်းခွန် ပြောလိုက်ပြီး " နောက်တစ်ခေါက်လေးပဲ ဆိုရင်ကို စံချိန် ချိုးဖြတ်နိုင်နေပြီ.... "
" ပြောမနေစမ်းနဲ့... Bench press လုပ်တုန်းက ကြွက်နည်းနည်း တက်သွားလို့ .. အဲ့တာနဲ့ ငါ စိတ်ရှိသလောက်ကို မလုပ်နိုင်လိုက်ဘူး... "
" မနေ့က စမ်းသပ်မှုတုန်းကလည်း မင်းက ပထမ.. ခု ခွန်အား စစ်ဆေးတဲ့ အခါကျလည်း ကြောက်ဖို့ကောင်းတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြန်ပြီ... မင်းနဲ့ တစ်ဖွဲ့ထဲ လာကျတာ ကံဆိုးတယ် ပြောရတော့မှာပဲ... "
ကျန်းဟွေ့ နှစ်ခြိုက်စွာ ရယ်မောလိုက်ပြီး " မင်းရဲ့ စကေးတွေကလည်း မဆိုးပါဘူးကွာ... ခဏနေကြရင် နည်းနည်းလောက်လေးပဲ အားစိုက်လိုက်.. မင်းရဲ့ ပျှမ်းမျှ အခေါက်ရေက ၁၀ လောက် ရောက်ရင် လုံလောက်အောင် ကောင်းမွန်တယ်လို့ သတ်မှတ်လို့ ရနေပြီ... "
" အကြံပေးတဲ့အတွက်ပဲ ကျေးဇူးပဲ ညီကိုဟွေ့... "
ထိုအချိန်တွင် အပြင်၌ ဂိမ်းနှိပ်နေသည့် လင်းရီသည်လည်း ထောက်ချိန်ကြောင့် အထဲပြန်၀င်လာသည်။
" ဒါ နောက်ဆုံးအုပ်စုပဲ.. သွေးပူလေ့ကျင့်ခန်း လုပ်ပြီး သွားလိုက်တော့...."
" မလိုဘူး... အဲ့တာက အချိန်ဖြုန်းနေတာနဲ့ အတူတူပဲ... "
ပြောရင်းဖြင့် လူတိုင်း၏ အကြည့်များအောက်တွင် လင်းရီ ဝိတ်ပြားကြီးများအား တပ်ဆင်လိုက်သည်။
" ဒီကောင် သရုပ်ဆောင်တာ တော်တော်လေး ကောင်းသားပဲ.. တကယ်ကြီး သွေးပူအောင် မလုပ်ဘဲနဲ့ အလေးမမယ်ပေါ့... သူ့ခြေထောက်တွေ ကြွက်တက်လာမှာ စောင့်ကြည့်နေလိုက်..."ကျန်းဟွေ့ အထင်သေးမှု အပြည့်ဖြင့် ပြောလိုက်သည်။
" ဘယ်လောက်ထိ အတွေ့အကြုံမရှိလိုက်လဲ ကြည့်စမ်း... ဒီကောင့်ပုံစံ ကြည့်ရတာ Gym ရောက်ဖူးတဲ့ပုံလည်း မပေါ်ပါဘူးကွာ...."
" ဒီလိုကောင်စားမျိုးက ဘယ်လိုကုသိုလ်ကံနဲ့များ ဒီရောက်လာခဲ့လဲ မသိပါဘူး... အဲ့ကောင်က ခေါင်းဆောင်တစ်ချို့ရဲ့ ဆွေမျိုးများလား...."
" ဖြစ်နိုင်တယ်.. ဒီကောင် အနောက်တံခါး သုံးပြီး လာတာပဲ ဖြစ်ရမယ်... "
" တိတ်စမ်း..."
ထောက်ချိန် အမိန့်ပေးလိုက်ပြီးနောက် လင်းရီအား ကြည့်ကာ " မင်း အဆင်သင့်ဖြစ်ရင် စတော့... "
" ဒီခု ထရိန်နင်ရဲ့ အမြင့်ဆုံး စံချိန်က ဘယ်လောက်လဲ..."လင်းရီ မေးမြန်းလိုက်သည်။
" အမ်...."တစ်ခုခု ဖြစ်တော့မည်ကို အာရုံရနေသည့်အလား ထောက်ချိန် သူ့လက်ထဲရှိ မှတ်တမ်းကို ကြည့်၍ " ထိုင်ထ ၁၄ ခေါက် ၊ ဝိတ်မ ၁၈ ခေါက် နဲ့ bench press 16 ခေါက်..."
" သိပြီ...."
လင်းရီ၏ အားတက်သရော ရှိနေသည့် အမူအရာကို မြင်တော့ လျိုဟုန် မေးမြန်းလိုက်သည်။
" အဲ့တုန်းက ၀မ်မြန်ရဲ့ စံချိန်က ဘယ်လောက်လဲ..."
" ထိုင်ထ ၂၆ ခေါက် .. ဝိတ်မ ၂၉ ခေါက် ... Bench press ၂၉ ခေါက် "ထောက်ချိန် ပြောလိုက်၏။
" မင်းတို့ကောင်တွေ လင်းရီ ၀မ်မြန်ရဲ့ စံချိန်ကို ချိုးနိုင်မယ်လို့ ထင်လား..."
( TL note : ဟဲဟဲ ကိုယ်လည်း လင်းရီလိုပဲ gym တစ်ခါမှ မရောက်ဖူးဘူးဗျ... စာဖတ်မိတ်ဆွေတို့ရော ....)