← Chapters

မစ်လျန် .. အခန်းရှင်းထားလိုက်ရတော့မလားဗျ

Vol. 68 Ch. 1020

မစ်လျန် .. အခန်းရှင်းထားလိုက်ရတော့မလားဗျ

Vol. 68 Ch. 1020

ပြောလိုက်သူမှာတော့ ယွမ်ဟောက်။ သူက ၁.၈ မီတာထက် ပိုမြင့်ပြီး လေးထောင့်စပ်စပ် မျက်နှာ အချိုးအစားမျိုး ရှိသည်။ သူဆိုသည်က နောက်ကျောဘက်မှ ကြည့်လျှင် ကြည့်ကောင်းမည့်ဟန် အမျိုးအစား ရှိပြီး မျက်နှာကတော့ တော်တော်လေးကို ကြည့်ရဆိုးလှ၏။

ယွမ်ဟောက်၏ အသိုင်းအဝိုင်းထဲ၌ ဆွေကြီးမျိုးကြီး တစ်ဦးမျှ မရှိချေ။ သို့သော်လည်း သူ၏ ဖခင်မှာ တစ်ခါက ကျုံးဝေ့တပ်ဖွဲ့၀င်ဖြစ်ခဲ့ဖူးပြီး သူ၏ မိဘများကလည်း ကိုယ့်ကိုယ်ကို သိုသိုသိပ်သိပ် နေလျက်ရှိကာ အေးချမ်းစွာဖြင့် နောက်ကွယ်ဘက်၌ စီးပွားရေး လုပ်ကိုင်လျက်ရှိသည်။

ထိုသို့ဆိုလျှင်ပင် သူ့အဖေက ရန်ကျင်း၌ ဩဇာတစ်ချို့ ရှိသေးပေသည်။

" မင်း ဘာလို့ အဲ့လောက်ထိ ဒေါပွနေရတာ... ဘယ်သူ မင်းကို စိတ်တိုအောင် လုပ်လိုက်တာလဲ..."ကျန်းဟွေ့ မေးမြန်းလိုက်သည်။

" မနေ့ကနဲ့ ဒီနေ့ရဲ့ ရလဒ်တွေ အတိုင်းဆို ငါ့ရဲ့ လက်ရှိ အဆင့်က ၁၂ လောက်မှာ ရှိတယ်... ကျုံးဝေ့တပ်ဖွဲ့ထဲကို ၀င်ဖို့ လုံလောက်တယ် ဆိုရုံလေးပဲ ရှိတာ... အခု .. လင်းရီ ဆိုတဲ့ကောင် ရောက်လာတော့ ငါ့ အဆင့်က ၁၃ ကို ထိုးကျသွားပြီလေ... ငါ့အတွက် အခွင့်အရေးကလည်း ပိုပိုပြီး သေးလာပြီ..."

ကျန်းဟွေ့နှင့် ကော်ချင်းခွန်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး ထိုကောင် အဘယ်ကြောင့် ဤမျှ ဒေါပွနေရသလဲဆိုတာကို သဘောပေါက်သွားခဲ့ကြတော့သည်။

ကျုံးဝေ့တပ်ဖွဲ့က တစ်အုပ်စုလျှင် ၁၂ ယောက်သာ ခေါ်ယူလေ့ရှိပြီး လင်းရီ၏ ရောက်ရှိလာမှုက သူ့အား အပြင်ဘက်သို့ ဆောင့်ကန်ထုတ်ပစ်လိုက်သည့် သဖွယ် ဖြစ်သွားခဲ့လေသည်။

ထို့ပြင် နောက်ထပ် လူခေါ်မည့် အချိန်က ဘယ်တော့ ဆိုတာလည်း သူတို့ သေချာ မသိကြချေ။

အကယ်၍ နောင် သုံးလေးငါးနှစ်လောက်ကြာမှ ဆိုပါက သူတို့ အသက်အရွယ်သည်လည်း တဖြည်းဖြည်း အိုမင်းလာပြီး ကျုံးဝေ့တပ်ဖွဲ့၏ လိုအပ်ချက်တို့နှင့် ကိုက်ညီတော့လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သွေးထွက်အောင် လေ့ကျင့်ပါမှသာ အခွင့်အရေးနှင့် မလွဲချော်မည်။

" အရမ်းကြီးလည်း အဆိုးမြင်မနေစမ်းပါနဲ့ ငါ့ကောင်ရာ..... မနက်ဖြန် စစ်ဆေးရေး နှစ်ခုတောင် ကျန်သေးတာကိုပဲ... အဲ့ခါကျရင် မင်း ပိုအားစိုက်လိုက်... အဲ့လိုဆိုရင် ၀င်ခွင့်ရဖို့ အခွင့်များနိုင်တယ်.... "ကော်ချင်းခွန် နှစ်သိမ့်ပေးလိုက်၏။

" ဒါပေမယ့် အလားအလာက အရမ်းနည်းလွန်းတယ်... အဲ့ဒီ အခွင့်အရေးကို မလိုချင်တော့ဘူး..."

ကျန်းဟွေ့နှင့် ကော်ချင်းခွန်တို့ ယွမ်ဟောက်ကို အလိုအလျောက် ပြိုင်တူ ကြည့်မိသွားကြပြီး " ဒါဆို မင်းက ဘယ်လို လုပ်ချင်တာ... မင်း သူ့ကို တိတ်တိတ်လေး သွားရှုပ်ဖို့ ကြံစည်နေတာတော့ မဟုတ်ဘူးမလား..."

" ငါစဉ်းစားနေတာ သူ့ကို ငွေလေး နည်းနည်းပါးပါး ပေးပြီး အရှုံးပေးခိုင်းရင် ကောင်းမလားလို့... အဲ့လိုဆို ငါ့ရဲ့ အောင်မြင်နိုင်ချေက ပုံမှန် ပြန်ဖြစ်သွားတော့မှာ... "

" မင်း အဲ့လို စဉ်းစားနေတယ်ဆိုရင် တခြားသူတွေကိုလည်း မေးကြည့်ပေါ့ဟ..."

" ငါ့ရှေ့က လူတွေ အကြောင်း ငါသိတယ်... သူတို့ မိသားစုတွေက ရန်ကျင်းမှာ အရမ်း နာမည်ကြီးတာ... ပြီးတော့ နိုင်ငံရေး နောက်ခံကလည်း ကောင်းတယ်... လင်းရီဆိုတဲ့ကောင်ရဲ့ နောက်ခံကပဲ မရှင်း မရှင်း ဖြစ်နေတာ... ဒါကြောင့်မို့ ငါ ကြိုးစားကြည့်မလို့... ဒီရဲ့ အခွင့်အရေးကို ငါ လက်မလွှတ်လိုက်ချင်ဘူး..."

" အင်း .. လုပ်ကြည့်ပေါ့... ဒါပေမယ့် မင်း မိသားစုရဲ့ အမြင်ကို အရင်မေးတာက ပိုကောင်းလိမ့်မယ်လို့တော့ ငါထင်တယ်... သူတို့ ဘာပြောမလဲ မင်း ကြည့်ကြည့်ပေါ့... "

" ကောင်းပြီ.. ငါ ပြန်ပြီး သေချာလေ့လာလိုက်ဦးမယ်..."ယွမ်ဟောက် စီးကရက် မီးညှိရင်း ပြောလိုက်ပြီး " လခွမ်းပဲ.. အစက မျှော်လင့်ချက် လေးနည်းနည်း ရှိနေတာကို ဒီကောင်ရောက်လာတော့မှ ရှိတာလေးတောင် စုန်းစုန်းမြုပ်သွားခဲ့ပြီ..."

သုံးယောက်သား ခေတ္တ စကားပြောဆိုပြီးနောက် ကိုယ်စီ အိမ်သို့ ပြန်သွားခဲ့ကြ၏။

ကျုံးဝေ့တပ်ဖွဲ့မှ ထွက်လာခဲ့ပြီးနောက် လင်းရီ ချိန်ရန်ထံ ဖုန်းဆက်လိုက်ပြီး သူနှင့် တစ်ဆက်ရှင်လောက် ယူဖို့ ပြောလိုက်သည်။ တစ်ကိုယ်တည်း အပန်းဖြေရသည်မှာ ပျင်းရိဖို့ ကောင်းလွန်းလှပေသည်။

" အစ်ကိုရီ... ဆုံနေကြနေရာမှာပဲ တွေ့ကြစို့..."

ချိန်ရန်၏ ဖုန်းကို ချပြီးနောက် လင်းရီ ရွှေကော်ထန်ချွမ်သို့ မောင်းသွားလိုက်သည်။

သို့သော်လည်း ချိန်ရန် ရောက်လာခဲ့သည့် အချိန်၌ သူမနှင့် အတူ လိုက်ပါလာခဲ့သူမှာ ကူနန်ကျစ်း ဟုတ်မနေပဲ လျန်ရူရွှယ် ဖြစ်နေခဲ့လေသည်။

" ဒါက...."

လင်းရီ ကြက်သေသေသွားခဲ့ပြီး " အဲ့ဟာမကြီးကို ဘာလို့ ခေါ်လာခဲ့တာတုန်းဟ... "

" အစ်ကိုရီ ဖုန်းဆက်လာတော့ အစ်မမီလည်း ရှိနေတာလေ... ဒါကြောင့်မို့ အတူလာခဲ့လိုက်တာ..."

" အဟမ်း..." လင်းရီ လျန်ရူရွှယ်ကို ကြည့်လိုက်ပြီး " ငါဒီကို ထမင်းစားဖို့ ဖိတ်လိုက်တယ်လို့ ပြောရင် မင်း ယုံမှာလား..."

" ငါ့ကို ပေါက်တတ်ကရ လာမပြောနဲ့... "လျန်ရူရွှယ် ပြောလိုက်ပြီး " အတူသွားကြစို့.. ငါလည်း အတွေ့အကြုံရချင်တယ်... "

လင်းရီ ပြောစရာ စကား ကင်းမဲ့သွားခဲ့သည်။

" မင်း သေချာတယ်နော်..."

" သေချာတယ်... မဟုတ်ရင် ငါက ဘာလုပ်ဖို့ ဒီရောက်လာမှာလဲ..."

ယခုလို အတွေးမျိုးကို လျန်ရူရွှယ် ဤနေရာသို့ ရောက်လာခဲ့ပြီးမှသာ ရှိလာခြင်း ဖြစ်သည်။ ဤသို့သော နေရာမျိုးက သူမ စိတ်ကူးထားသကဲ့သို့ ညစ်ညမ်းမနေကြောင်း သူမ သတိပြုမိသွားခဲ့လေသည်။

ဤအတိုင်း ရေချိုးသည့် ပတ်၀န်းကျင်က သာမန်ထက် ထူးကဲကောင်းမွန်နေသည်မှလွဲ၍ တစ်စုံတစ်ရာ မှားယွင်းနေခြင်း မရှိချေ။ ထို့ကြောင့် လင်းရီ အဘယ်ကြောင့် ရေချိုးစင်တာများအား သိပ် နှစ်ခြိုက်နေရသလဲဆိုတာကို သူမ စူးစမ်းချင်မိလာသည်။

" မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီလိုနေရာမျိူတွေ လာဖို့ မသင့်တော်ဘူး မဟုတ်လား..."

" ငါ မာ့စ်တပ်ထားတယ်လေ.. ဘယ်သူမှ ငါ့ကို မှတ်မိမှာ မဟုတ်ဘူး..."လျန်ရူရွှယ် ပြောလိုက်၏။

" အစ်ကိုရီ အဲ့ကိစ္စအတွက် ဘာမှ စိတ်ပူနေစရာ မလိုဘူး... လျန်မိသားစုရဲ့ လွှမ်းမိုးမှုနဲ့ဆိုရင် အစ်မမီ ဒီလိုနေရာမျိုးလာတဲ့ ဓာတ်ပုံကို တစ်စုံတစ်ယောက်က ရိုက်တင်လိုက်ရင်တောင် ဘယ်သူမှ မမျှဝေရဲဘူး..သူတို့ ဟွာရှမှာ မနေချင်တော့ဘူးဆိုရင်တော့ တစ်မျိုးပေါ့...."

" ဒါဆို ဘာကို စောင့်နေဦးမှာ..."

လင်းရီ လျန်ရူရွှယ်၏ လက်ကို ဆွဲလိုက်ပြီး " ဒီနေ့ ငါ မင်းကို ထိပ်တန်း အနှိပ်သမလေးရဲ့ အပြုအစုတွေနဲ့ အတွေ့အကြုံရအောင် လုပ်ပေးမယ်... အဲ့ခါကျမှ ပျော်ရွှင်မှု အစစ်က ဒါလားဆိုပြီး မဖြစ်သွားနဲ့ဦး..."

သို့နှင့် သုံးယောက်သား ရွှေကော်ထန်ချွမ်ထဲ ၀င်ရောက်လိုက်ကြသည်။

ဤအချိန်၌ ကျောက်ဟိန်တုန်း ရှိမနေချေ။ သို့သော်လည်းပဲ ခန်းမမန်နေဂျာမှ လျန်ရူရွှယ်ကို မြင်တော့ ချက်ချင်း လွှားကနဲ ရောက်လာ နှုတ်ဆက်၏။

တမြန်မနေ့ သူမတို့ ရောက်လာခဲ့စဉ်ကတည်းကပင် ကျောက်ဟိန်တုန်းမှ သူမတို့ နောက်တစ်ကြိမ်ရောက်လာသည့် အခါ၌ အကောင်းဆုံး ၀န်ဆောင်မှုပေးရန် ညွှန်ကြားထားခဲ့လေသည်။

ထို့ကြောင့် လျန်ရူရွှယ်ကို မြင်သည့် အခါ၌ ခန်းမ မန်နေဂျာမှ အပြေးအလွှ ရောက်ရှိလာခြင်း ဖြစ်ဟ။ သူမက မာ့စ်တပ်ထားသော်ငြားလည်းပဲ သူ၏ အမြင်အပေါ် အကျိုးသက်ရောက်မှု မရှိချေ။ အကြောင်းမူကား လျန်ရူရွှယ်မှာ တူညီ‌သော အ၀တ်အစားများကို ၀တ်ဆင်ထားခဲ့သောကြောင့် ဖြစ်ပေသည်။

" ဟယ်လို မစ်လျန် ... အခန်း ရှင်းထားပေးရမလားခင်ဗျ..."

လျန်ရူရွှယ် ခေတ္တမျှ စဉ်းစားလိုက်ပြီး " အင်း.. ရှင်းထားလိုက်... "

" အခုပဲ စီစဉ်လိုက်ပါ့မယ်.. ကျေးဇူးပြုပြီး လိုက်ခဲ့ပေးကြပါ..."

လင်းရီ "....."

ချိန်ရန် "....."

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ရှုပ်ထွေးမှုပေါင်း များစွာဖြင့် အပြန်အလှန် ကြည့်လိုက်ကြရင်း လျန်ရူရွှယ်နှင့်အတူ ဓာတ်လှေကားထဲ ၀င်ရောက်လိုက်ကြသည်။

သူမက ဒီကို ခုမှ ပထမဆုံး ရောက်ဖူးတာ မဟုတ်ဘူးပေါ့...

သူမအတွက် ဧရိယာ တစ်ခုလုံး ရှင်းပေးရလောက်တဲ့အထိ ၀န်ဆောင်မှု ပေးခံထားရနေတယ်....

သေစမ်း.. ငါတောင် အဲ့လို ၀န်ဆောင်မှုမျိုး မရဘူး...

အနည်းငယ် ပြင်ဆင်ပြီးနောက် သုံးယောက်သား အ၀တ်လဲပြု၍ ရေပူစမ်းထဲ ၀င်လိုက်ကြလေသည်။

" အစ်မမီ.. ဒါက ဘယ်လိုတောင် အလေးပေး ဆက်ဆံမှုကြီးလဲ... အစ်မရောက်လာတာနဲ့ ဧရိယာ တစ်ခုလုံးကို ရှင်းပေးလိုက်တယ်ပေါ့..."ချိန်ရန် မေးမြန်းလိုက်ပြီး " အစ်ကိုရီဆို ဒီက ထိပ်တန်း မန်ဘာ၀င်နော်... သူတောင် အဲ့လို အလေးပေးမှုမျိုး မရဘူး..."

" ဘာလို့ဆို သူ့ရဲ့ အဆင့်က လုံလောက်အောင်မှ မမြင့်ပဲကိုး..."

" ဟင်း...."လင်းရီ သက်ပြင်းချလိုက်၏။ " ငါက မင်းကို ဒီခေါ်လာခဲ့တာ... ဒါပေမယ့် မင်းက ငါ့ထက်တောင် ထူးပြီး အလေးပေးခံနေရလိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူး... ဒါ ငါ့မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ....."

" နင် ဆန္ဒရှိရင် ငါ နင့်ကို ဒီလိုမျိုး အလေးပေးဖို့ ပြောလိုက်မယ်လေ..."လျန်ရူရွှယ် ပြုံးပြီး ပြောလိုက်၏။ သူမ၏ အပြုံးက ကန်ရေပြင်ကို လှိုင်းဂယက်‌လေးများ ထကြွသွားစေသည်။

" ထားလိုက်.. နောက်ကျ ငါလာရင် မင်း နာမည်ပဲ ပြောလိုက်တော့မယ်... မန်ဘာကတ်တောင် လိုမယ် မထင်ဘူး..."လင်းရီ ပြောလိုက်သည်။

" စကားမစပ် မင်း ကိစ္စတွေကရော ပြီးသွားပြီလား... ကျိုးဟိုင်ကို ဘယ်အချိန် ပြန်ဖို့ စဉ်းစားထားလဲ..."

" နင်ကရော.... "လျန်ရူရွှယ် မေးမြန်းလိုက်သည်။

" ငါ နောက်သုံးလေးရက်လောက် ကြာဦးမှာ... မင်းက ငါနဲ့အတူ ပြန်ချင်လို့လား..."

" ငါမရဘူးလား...."

" ရတာပေါ့... အဲ့တာဆို ငါ့ရဲ့ ကိုယ်ပိုင် လေယာဉ်ကြီးကို မင်းဆီ ကြွားလို့ရပြီ...."

" ပေါက်တတ်ကရတွေ တော်သင့်ပြီ..."လျန်ရူရွှယ် မျက်စောင်းခဲလိုက်၏။

သုံးယောက်သား ခေတ္တစိမ်ပြီးနောက် ထိပ်ဆုံး အလွှာရှိ သီးသန့်ခန်းထဲသို့ ရောက်လာခဲ့ကြသည်။

အတော်အတန်ကြာအောင် အနှိပ်ခံပြီးနောက် လျန်ရူရွှယ်လည်း အညောင်းအညာ ပြေသွားပြီး တစ်ကိုယ်လုံး အားအင်များ ပြည့်၀လာသလို ခံစားလိုက်ရလေသည်။

လင်းရီ အကြောင်းပြချက် ရေရေရာရာ မရှိပဲ ဒီကို လာရ ကြိုက်နေတာ မထူးဆန်းတော့ပါဘူး...အရသာကလည်း သိပ်ရှိသကိုး...

အနှိပ်ခံပြီးနောက် သုံးယောက်သား စားသောက်ဆိုင် တစ်ဆိုင်တွင် ထမင်းစား၍ ကိုယ်စီ အိမ်သို့ ပြန်လိုက်ကြသည်။

နောက်တစ်နေ့ နံနက်ခင်း ရှစ်နာရီတွင် လင်းရီ အိပ်ရာ နိုးလာခဲ့သည်။

အစောကြီး နိုးလာရခြင်း အကြောင်းပြချက်ကတော့ ကိုယ့်အသိစိတ်နှင့်ကိုယ် မဟုတ်ပဲ ၀က်ပေါက်လေးမှ နို့တောင်းနေသောကြောင့်ပင်။

လတ်တလော ၀က်ပေါက်လေးအား နို့တိုက်ရသည့် အကြိမ် အရေအတွက်မှာလည်း တဖြည်းဖြည်းလျော့နည်းလာပြီး မကြာမီ တခြား အစားအစာများ စားတတ်နိုင်လောက်ချေပြီ။ သူ ပြန်သွားသည့် အခါတွင်တော့ အစာပြောင်းကျွေးဖို့ လင်းရီ စဉ်းစားထား၏။

အားလုံး စီစဉ်ပြီးနောက် လင်းရီ နံနက်စာ စားသောက်၍ လေ့ကျင့်ရေး စခန်းသို့ ထွက်လာခဲ့လိုက်သည်။

စမ်းသပ် စစ်ဆေးမှု၏ သုံးရက်မြောက်နေ့မှာ မကြာမီ စတင်တော့ပေမည်။

စာစဉ် (၆၈)ပြီး၏။

All Chapters