မိတ်ဆွေဟောင်း။
Vol. 151 Ch. 2105
“ ယဲ့ချင်းရှန်က ခြိမ်းခြောက်မှု မရှိပါဘူး၊ သူ့ရဲ့အောင်မြင်မှု ကျရှုံးပြီးတဲ့နောက် အစွယ် ကျိုးသွားပြီ။ ”
“ သူ့လို ဉာဏ်ကြီးရှင် တစ်ယောက် အစွယ်တွေ ဆုံးရှုံးသွားတာ နှမျောစရာ ကောင်း လိုက်တာ၊ အနာဂါတ်မှာ အမည်ခံ သူတော်စင် ဖြစ်လာရင်တောင်၊ ကျော်ကြားဖို့ မလွယ်တော့ဘူး။ ”
“ အစွယ်က ဓားသမားတွေ အတွက် အရေးကြီးတယ်၊ အရင်က ယဲ့ချင်းရှန်သာ ဆိုရင်၊ ဓားဆွဲထုတ် လိမ့်မယ်။ ”
လူအများက ထင်ကြေးဖြင့် ခေါင်းယမ်းကြသည်။ နတ်ဖီးနစ် တောင်တန်း၏ တပည့် ခေါင်းဆောင်က၊
“ ပိုင်ယွင်ဖေး အခု စောင့်နေတဲ့လူ ရောက်လာပြီ ... ငါတို့စဖို့ အချိန်တန်ပြီ မဟုတ်လား။ ”
-ဟု ပြောကြားလိုက်သည်။
ဤလူသည် မဟာ တာအိုကို ဆုပ်ကိုင် ထားသော နတ်ဖီးနစ်တောင်၏ ရွှေမျိုးဆက် ပါရမီရှင် ကျိဟွာယု ဖြစ်သည်။
သူ့ခွန်အားသည် နက်နဲပြီး နားမလည်နိုင် လောက်အောင် ဖြစ်၏။ မီးရည်ရွယ်ချက် အပေါ် အဆင့်မြင့်မြင့် နားလည်ထားသည်။
“ ကောင်းပြီ ... ဒါဆို စကြရအောင်။ ”
၎င်းတို့ ဂိုဏ်းနှစ်ဂိုဏ်းသည် အရှေ့ဘက် ပျက်စီးမြေ၌ ရှေးအကျဆုံး မြင့်မြတ်မြေများ ဖြစ်ပြီး၊ နှစ်ဖက်စလုံးမှ အသန်မာဆုံးဂိုဏ်း ဘွဲ့အတွက် ပြိုင်ဆိုင်နေကြသည်။
ဤနည်းဖြင့် မီးလျှံ ရွှေကြာပန်း အတွက် ပြိုင်ပွဲ တရားဝင် စတင် လာချေပြီ။ သို့သော် ဂူဝမှ ကျယ်လောင်သော အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာ၏။
အော်သံ မဆုံးခင်မှာပင် လူအချို့ ပျံဝဲ လာသည်။ ယင်းက လူတိုင်း၏ မျက်နှာကို ချက်ချင်း ပြောင်းသွားစေ၏။
အပြင်ဘက်တွင် စောင့်ကြပ်နေသော တပည့်များအားလုံး ဒဏ်ရာ အပြင်းအထန် ရရှိသွား ကုန်သည်။
“ ဝှစ် ... ။ ”
လူလေးယောက် ဘေးချင်းယှဉ်လျက် လှိုဏ်ဂူအတွင်း ပျံသန်း ဝင်ရောက် လာ၏။ အမျိုးသား သုံးယောက်နှင့် အမျိုးသမီး တစ်ယောက် ဖြစ်သည်။
ပြေပြစ်သော အသွင်အပြင်နှင့် အစွမ်းထက်လွန်းသည့် ရောင်ဝါများ ထုတ်ဖော် ထားချေ၏။
သူတို့သည် ဖြောင့်မတ်သော ကျင့်ကြံသူများ မဟုတ်ကြောင်း တစ်ချက် ကြည့်ကာ ပြောနိုင်သည်။
လင်းယွန်မှ ကြက်သွေးရောင် ၀တ်စုံနှင့် အမျိုးသမီးကို ချက်ခြင်း သတိ ထားမိလိုက်၏။ ထိုအမျိုးသမီးသည် သွေးလ ဂိုဏ်း၏ ကြက်သွေးရောင် သခင် ဖြစ်သည်။
“ သွေးလဂိုဏ်းရဲ့ နတ်သားတော် ကျောက်တျန်းယွီပဲ ... သူက ဘာလာလုပ် တာလဲ။ ”
တစ်စုံ တစ်ယောက်မှ အော်သည်။ ကျောက်တျန်းယွီတို့ နောက်၌ စူးစမ်းလိုသော လူတစ်စု ရောက်ရှိလာ၏။
ကျောက်တျန်းယွီက မိစ္ဆာ ကျင့်ကြံသူနှင့် မတူဘဲ၊ အပြာရောင် ၀တ်ရုံကို ဆင်မြန်းလျက် သပ်ရပ် ကြော့ရှင်းနေသည်။
၎င်းထံမှ လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင် နိုင်သော ကြောက်မက်ဖွယ် ရောင်ဝါ ယိုစိမ့်ကျ နေ၏။
“ သူက သွေးလဂိုဏ်းရဲ့ သားတော်ပဲ၊ ဒီရက်တွေထဲမှာ ခရီးထွက်ပြီး ... နေရာတိုင်းက ရတနာတေွကို သိမ်းယူထားတယ်။ ”
လင်းယွန်သည် ၎င်းနှင့် ဆုံဖူးမှန်း ဝမ်ယွဲ့ မသိချေ။ ထို့ကြောင့် လင်းယွန်ကို မိတ်ဆက်ပေး လိုက်သည်။
ကေျာက်တျန်းယွီ တည်ရှိမှုသည် လူတိုင်း အပေါ် အသက်ရှူ ကြပ်စေ၏။ သူ ပေါ်လာသော အခါ အားလုံး နောက်ပြန် ဆုတ်သွားကြသည်။
ဤလူသည် မျိုးဆက်သစ် လူငယ်များ အတွင်း အသန်မာဆုံး ပါရမီရှင်များ အနက်မှ တစ်ပါး ဖြစ်သည်။
ပိုင်ယွင်ဖေး သည်ပင် သူ့ထက် တစ်ဆင့် နိမ့်သည်။ သခင် (၃)ပါးက လူတိုင်း နောက်သို့ ဆုတ်သွားသည်ကို မြင်ချိန်၌ ပြုံးလိုက်ကြ၏။
“ မင်း ဒီကို ဘာလာ လုပ်တာလဲ။ ”
ပိုင်ယွင်ဖေးက အော်ငေါက်လိုက်သည်။ ကျောက်တျန်းယွီ အစား လိမ္မော်ရောင် သခင်က ပြုံးလျက်၊
“ ရှင်းနေတာပဲ၊ မီးလျှံ ရွှေကြာပန်းကို လာယူတာ ... တခြားဘာများ ရှိမှာလဲ၊ ဒီမီးလျှံ ရွှေကြာပန်း သစ်ပင်က ... လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက လျှပ်စီး ကောင်းကင် ကျောင်းတိုက်ကို ငါတို့ပေးခဲ့တဲ့ သစ်ပင်ပဲ။ ”
-ဟု ဖြေကြား လာသည်။
ထိုစကားကို ကြားသောအခါ မြင့်မြတ်မြေ ခြောက်ပါးမှ လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။
“ ခွေးတစ်ကောင်က အရှေ့ဘက် ပျက်စီးမြေကို လုပ်ချင်တာ လုပ်နိုင်တယ်လို့ ထင်နေတာလား။ ”
“ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က တစ်စုံ တစ်ခုကို ပြန်ယူတယ် ဆိုတော့ ... ဓားပြတိုက် နေတာနဲ့ ... ဘာများ ကွာခြားလို့လဲ။ ”
သွေးလဂိုဏ်းသည် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပြီး နတ်နဂါး အင်ပါယာကို စိန်ခေါ် ဝံ့သော ရှေးခေတ် အင်အားတစ်ခု ဖြစ်၏။
နတ်ဖီးနစ် တောင်တန်းက ကျိဟွာယုက ကျောက်တျန်းယွီထံ အေးစက်စွာ ကြည့်ပြီး၊
“ ငါတို့ မြင့်မြတ်မြေ ခြောက်ပါးကို မင်းတကယ် စိန်ခေါ်ချင် နေတာလား ကေျာက်တျန်းယွီ။ ”
-ဟု မေးလိုက်သည်။
“ စိတ်မဝင်စားဘူး ... ၊ အရှေ့ဘက် ပျက်စီးမြေရဲ့ ကျွမ်းကျင်သူ အစစ်အမှန် တေွက နတ်ဘုရား သင်္ချိုင်း တောင်တန်းကို ရောက်နေပြီ၊ သူတို့ ပြန်လာလို့ ...
... ငါက မင်းတို့ကို ရိုက်နှက်နေတဲ့ ဒီသတင်းသာ ကြားသွားရင် အနိုင်ကျင့်တယ်လို့ အပြစ်တင် ကြလိမ့်မယ်။ ”
ကျောက်တျန်းယွီက ပြုံးကာ ပြန်ဖြေ လိုက်သည်။
“ ဘယ်လောက် မာနကြီးလဲ ... မင်းရဲ့ ယုံကြည်မှုကို ဘယ်ကရလဲ ကြည့်ရအောင်။ ”
လင်းယွန်ကို အစောပိုင်း စိန်ခေါ်ခဲ့သော မင်ဂိုဏ်းမှ ရှောင်ရိက လှမ်းတက် သွားသည်။ သို့သော် ကျောက်တျန်းယွီမှ လျစ်လျူရှုလျက် မျက်လုံး မှိတ်ချလိုက်သည်။
“ မင်းလို အမှိုက်တွေကို ကြည့်ဖို့တောင် စိတ်မဝင်စားဘူး၊ မင်ဂိုဏ်းရဲ့ ... သန့်ရှင်းသော သားတော် ဆိုရင်တော့ ... လက်ခံနိုင်စရာ ရှိသေးတယ်။ ”
ထိုစကားက ရှောင်ရိ မျက်နှာကို နီရဲသွားစေသည်။ သူသည် ကျောက်တျန်းယွွီ၏ ပြိုင်ဘက် မဟုတ်မှန်း သိသဖြင့် စမ်းသပ် ရန်သာ တေွးထားသည်။
၎င်းနှင့် လှုပ်ရှားမှု အနည်းငယ် ဖလှယ် နိုင်လျှင်ပင် အချိန်အကြာကြီး ကြွားလုံးထုတ် နိုင်မည် ဖြစ်၏။
ထို့ကြောင့် သူ့နောက်၌ နေနှင့်လ မြင့်တက်လာကာ ‘မင်’ဟူသော စကားလုံး အဖြစ် ပေါင်းစပ် ပစ်သည်။
ယင်နှင့်ယန်များ လျှံကျလာပြီး သူ့ပတ်ဝန်းကျင်၌ အကာအကွယ် ချပ်ဝတ် အလွှာ ထင်ရှားလာသည်။
ဤယင်-ယန် သူတော်စင် ချပ်ဝတ်ကြောင့် တစ်ဖက်လူနှင့် လှုပ်ရှားမှု ဆယ်ကြိမ် ခံနိုင်ရည် ရှိမည်ဟု ယုံကြည်ခဲ့ခြင်း ဖြစ်၏။
“ ဟား ဟား ဟား ... ။ ”
ယင်-ယန် ချပ်ဝတ်ကို မြင်သောအခါ ကြက်သွေးရောင် အမျိုးသမီးက ရယ်မောလျက် ကျောက်တျန်းယွီရှေ့ ဝင်ရပ်သည်။
ပြီးနောက် လက်ဖဝါးကို တွန်းထုတ် လိုက်၏။ ရုပ်သွင် အရ နုနယ်သည်ဟု ထင်ရ သော်လည်း ခွန်အားတွင် ကြောက်စရာ ကောင်းလေသည်။
ရှောင်ရိခမျာ ချက်ချင်း နောက်ပြန် ဆုတ်လိုက်ရ၏။
“ ဟား ဟား ဟား ... နင်က ငါ့ဆီက လက်ဖဝါး တစ်ချက်ကို ခံနိုင်ရည် ရှိပုံထောက် မှတော့ ... အမှိုက် ဟုတ်ပုံ မရပါဘူး။ ”
နတ်မိစ္ဆာ သွေးမီးတောက် ကြာပန်းကြီး သူမခြေဖဝါး အောက်၌ ပွင့်နေသည်။ ဤအရာမှ သူမ ခွန်အားကို ထောက်ပံပေးချေ၏။
၎င်း၏ သွေးသည် လူသို့မဟုတ် နတ်ဆိုး သားရဲမှ လာခြင်း မဟုတ်ချေ။ အပင်မှ လာခြင်း ဖြစ်လေသည်။
ရှောင်ရိ တစ်ယောက် ဒေါသထွက် လာပြီး စကားပြန် ပြောမည့် အချိန်၌ ကြက်သွေးရောင် အမျိုးသမီးက ပြေးတက်ကာ ရိုက်နှက်လာ၏။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
“ ခရစ် ... ။ ”
ထိုလက်ဖဝါး ရိုက်ချက် ထိမှန်ကာ၊ ရှောင်ရိ၏ ယင်-ယန် သူတော်စင် ချပ်ဝတ်နှင့် အတူ၊ နံရိုးများ ကြေမွှလျက် မြေပြင်ပေါ် လွင့်ကျသွားသည်။ ပြန်မထနိုင် တော့ချေ။
သေသည်လော၊ ရှင်သည်လော မည်သူမျှ မသိကြဘဲ၊ မင်ဂိုဏ်း၏ တပည့်များ မျက်နှာကို မည်းနက်သွား စေ၏။
ကြက်သွေးရောင် အမျိုးသမီးသည် မဟာတာအိုကို နားမလည် သေးသော်လည်း၊ နောက်ဆုံး အကြိမ် တွေ့ဆုံရ ခြင်းထက် များစွာ အားကောင်း လာခဲ့ကြောင်း လင်းယွန် သိလိုက်သည်။
***