အရှေ့ဘက် ပျက်စီးမြေ၏ မျှော်လင့်ချက်။
Vol. 151 Ch. 2106
ရေှာင်ရိကို တိုက်ခိုက်ပြီးနောက် အမျိုးသမီးက နောက်ဆက်တွဲ ပုံရိပ်များ ချန်ကာ ပြန်ဆုတ် သွားသည်။ သူမ လုံးဝ မလှုပ်သည့် အလား ထင်မှားစေ၏။
လူတိုင်း တုန်လှုပ် သွားကုန်သည်။ ရှောင်ရိသည် မဟာတာအိုကို နားမလည်သေး သော်လည်း မရဏ မူလအဆင့် ထိပ်တန်း ကျွမ်းကျင်သူ ဖြစ်သည်။
သူ့ဘဝတွင် ကြီးကျယ်သော စွမ်းဆောင်ရည်ကောင်း များစွာကို ပြသထားပြီး၊ ဤသို့ တစ်ချက် တည်းနှင့် ရှုံးနိမ့်သွားသည်မှာ အဓိပ္ပါယ် မရှိချေ။
ဝမ်ယွဲ့နှင့်ချန်ကျန့်မှ အသက်ပြင်းပြင်း ရှူလိုက်သည်။ နောက်ဆုံးတွင် အဓိက ရန်သူမှာ မျက်လုံးပင် ဖွင့်မလာသေးချေ။
သူ့လက်အောက် ငယ်သားသည် မဟာ တာအိုကို နားမလည် သော်မှ ပြိုင်ဘက်ကင်း နေခဲ့သည်။
ဆိုလိုသည်မှာ သူမ၏ ခြေထောက် အောက်က သွေးမီးတောက် ပန်းပွင့်ကြီးတွင် ထူးခြားချက် တစ်ခုခု ရှိနိုင်ပေမည်။
“ ဒါ ... နင်တို့ လုပ်နိုင်တာ အကုန်ပဲလား၊ နဂါးပြာ မှတ်တမ်း ပေါ်လာတဲ့ အခါ အရှေ့ဘက် ပျက်စီးခြင်းမြေက လူတိုင်း အမှိုက်ဖြစ်ကြောင်း ပျံ့နှံ့သွားမှာ ငါကြောက်မိတယ်။ ”
“ ဟမ့် ... တစ်ချိန်လုံး ပုန်းနေပြီး၊ အခုချိန်ကျမှ ထွက်လာဝံ့တဲ့ သွေးလဂိုဏ်း ထက်တော့ ပိုကောင်း ပါသေးတယ်။ ”
ရုတ်တရက် ပိုင်ချင်းယွီမှ တုန့်ပြန် ပြောဆို လိုက်သည်။ ထိုစကားကြောင့် ကြက်သွေးရောင် သခင်မှ အနည်းငယ် အံ့အားသင့်ပြီး၊
“ အချိန်တွေ ပြောင်းသွားပြီ၊ နတ်မိစ္ဆာ ဂိုဏ်းက ခွန်လွန် သိမ်းပြီး၊ ရွှေခေတ်မှာ ငါတို့ရဲ့ ဘုန်းနေလကို ဖြန့်ကျက်လိမ့်မယ်။”
-ဟု ပြုံးပြီး ပြောကြား လာ၏။
“ မိစ္ဆာတွေ အတွက် ... အခွင့်အရေး မရှိပါဘူး။ ”
ပိုင်ချင်းယွီက အမျိုးသမီးကို စိုက်ကြည့်ကာ တိုက်ပွဲဝင် ဆန္ဒများ ပေါက်ကွဲ ထွက်လာ တော့ သည်။
သူမသည် မွေးရာပါ ယင်-သူတော်စင် ခန္ဓာ နိုးထလာ ပြီးနောက်၊ ခရမ်းငယ်ထံမှ လမ်းညွှန်မှု အချို့ ရရှိထား၏။
အရေးကြီးဆုံးမှာ အသက်နှင့် သေဆုံးခြင်း ဆိုင်ရာ တိုက်ပွဲများ ကြုံတွေ့ထားပြီး၊ စိတ်နေ စိတ်ထား ပြောင်းလဲလာသည်။
အလားအလာအရ ပိုင်ယွင်ဖေးကို ကေျာ်တတ်သွားချေပြီ။ သို့သော် ပိုင်ယွင်ဖေးမှ သူမလက်ကို ဆုပ်ကိုင်ထား လိုက်သည်။
ခေါင်းခါလျက် သူရဲကောင်း မလုပ်ရန် အချက်ပြလိုက်၏။ သွေးလဂိုဏ်းမှ ရန်လိုမှုဖြင့် ရောက်ရှိ လာခြင်း ဖြစ်ကာ၊ ထင်ပေါ်ဝံ့ သူတိုင်းကို ဒုက္ခပေးပေ လိမ့်မည်။
မဟာ တာအိုကို ဆုပ်ကိုင်ထားသူ မဟုတ်သော်၊ မရဏ မူလအဆင့်မှ အမည်ခံ သူတော်စင်ပင် ကြက်သွေးရောင် သခင်ရှေ့၌ အမှိုက်သာ ဖြစ်နေပေမည်။
သည့်ပြင် အနိုင်ယူ နိုင်သော်မှ မဟာ တာအိုကို ဆုပ်ကိုင်ထားသော ကျောက်တျန်းယွီ ရှိနေသေးသည်။
လင်းယွန်က ကြက်သွေးရောင် အမျိုးသမီးကို သင်ခန်းစာတစ်ခု သင်ပေးရန် စဉ်းစားနေမိသည်။
ယခင်က သူမနှင့် တိုက်ခိုက်ဖူးပြီး၊ ယခုအချိန်၌ သူမကို ကိုင်တွယ် ဖြေရှင်းရန် ပို၍ ယုံကြည်မှု ရှိလာ၏။
“ ကြက်သွေးရောင် သခင် မင်းကို ရင်ဆိုင်နိုင်တဲ့ လူ အရှေ့ဘက် ပျက်စီးမြေမှာ မရှိဘူးလို့ တကယ် ထင်နေတာလား။ ”
ရုတ်တရက် နတ်တာအို ခန်းမ၏ သခင်ငယ်ဝူရှောင်က လူအုပ်ကြားမှ လှမ်းထွက် လာသည်။
ဂီတမျိုးနွယ်စုမှ ဆင်းသက် လာသူ ဖြစ်ပြီး စွမ်းရည်သည် မျိုးဆက်တူ လူငယ်များ အတွင်း အထက်တန်းစား ကျပေ၏။
ကျင့်ကြံမှုအရ မရဏ မူလ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ ထွက်လာသည်ကို မြင်သောအခါ မြင့်မြတ်မြေ ခြောက်ပါးက မျှော်လင့်ချက်များ တောက်ပလာ၏။
ဤလူငယ်သည် ယဲ့ချင်းရှန်ကို ရှုံးနိမ့်ခြင်းမှ လွဲ၍ ရှုံးပွဲမရှိချေ။ နဂါးပြာ မှတ်တမ်း မတိုင်ခင် မဟာတာအိုကို နားလည် လိမ့်မည်ဟု ထင်ကြေး ပေးထားကြသည်။
“ နောက်ဆုံးတော့ သခင်ငယ် ဝူရှောင်က လှုပ်ရှားတော့မယ်၊ အခု သူတို့ကို သင်ခန်းစာ ပေးမယ့်လူ ရှိလာပြီ။ ”
“ သခင်ငယ် ဝူရှောင်သာ ဒီတိုက်ပွဲကို အောင်နိုင်ရင် .. သူ့နာမည်က ယဲ့ချင်းရှန် အပေါ်၊ ကျော်သွားလိမ့်မယ်။ ”
“ သခင်ငယ် ဝူရှောင်က ... အဲဒီ ကြက်သွေးရောင် သခင်ကို သင်ခန်းစာ တစ်ခု သေချာပေါက် သင်ပေးနိုင်တယ်။ ”
ဤအခိုက်အတန့်တွင် သခင်ငယ် ဝူရှောင်သည် အရှေ့ဘက် ပျက်စီးမြေ တစ်ခုလုံး အပေါ် ကိုယ်စားပြု၏။
“ မဆိုးပါဘူး ... အနည်းဆုံးတော့ မင်းက အဲဒီ အမှိုက်ထက် သာတယ်။ ”
ကြက်သွေးရောင် သခင်မှ ပြုံးကာ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။ သူမသည် မာနကြီး သော်လည်း သခင်ငယ် ဝူရှောင်ကို စေ့စေ့စပ်စပ် ကိုင်တွယ်ရန် ဆုံးဖြတ်သည်။
“ အရှေ့ဘက် ပျက်စီးမြေမှာ ... ဘယ်သူမှ မရှိဘူးလို့ မထင်နဲ့ ... မင်းကို အရင်ဆုံး သုံးကြိမ် လှုပ်ရှားခွင့် ပေးမယ်။ ”
“ ဟား ဟား ဟား ... ကောင်းပြီ။ ”
ကြက်သွေးရောင် အမျိုးသမီးက ရယ်မော လိုက်၏။ အားနာခြင်း မရှိဘဲ၊ သူမ မျက်ဝန်း၌ မီးလျှံများ တောက်လောင်လာသည်။
လှိုဏ်ဂူ တစ်ခုလုံး ကြက်သွေးရောင် အလင်းများ ဖုံးလွှမ်းသွား ပြီးနောက်၊ မီးလျှံ ရွှေကြာပန်း သစ်ပင် တုန်လှုပ်လာသည်။
“ ဝှစ် ... ။ ”
သူမသည် လျင်မြန်ပြီး ကြက်သွေးရောင် အလင်းအဖြစ် သခင်ငယ် ဝူရှောင်၏ ရင်ဘတ် ဆီသို့ ပြေးဝင်သွား၏။
“ ဝှစ် ... ။ ”
အရှိန်ကြောင့် သခင်ငယ် ဝူရှောင် ခမျာ မျက်နှာကို ပြောင်းလဲလျက် ရှောင်တိမ်းရန် တစ်ပါတ်လှည့် လိုက်သည်။
ခြေတစ်လှမ်း နှေးခဲ့သော် သူ့နှလုံးကို နုတ်ယူခံရ နိုင်၏။ ရန်သူ အပေါ် လျှော့တွက် လိုက်မိမှန်း နားလည်သွားသည်။
သုံးကြိမ်ပြည့် ပြီးနောက် သခင်ငယ် ဝူရှောင်မှာ၊ ဆိုးရွားသော အခြေအနေသို့ ဆိုက်ရောက် လာ၏။
တိုက်ပွဲအပေါ် ဦးဆောင် နိုင်စွမ်းများ ဆုံးရှုံးသွား သည်သာ မကဘဲ ခန္ဓာကိုယ်၌ ဒဏ်ရာများစွာ ရရှိလာခဲ့သည်။
ယင်းကြောင့် ပလွေ ထုတ်ယူကာ ချက်ချင်း တီးမှုတ်လိုက်မိ၏။ ပလွေသံနှင့် အတူ ဦးခေါင်း ထက်၌ နဂါးကိုးကောင် ထွက်ပေါ်လာသည်။
“ နတ်နဂါးကိုးကောင် ... ။ ”
နဂါး ကိုးကောင်က ဟိန်းဟောက် လိုက်သဖြင့်၊ ကြက်သွေးရောင် အမျိုးသမီးမှာ ဆုတ်ခွာ ပေးလိုက်ရသည်။
တစ်ချိန်တည်းမှာပင် တန်ခိုးကြီးသော သူတော်စင် အငွေ့အသက် များက သခင်ငယ် ဝူရှောင် ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။
ထိုအဆင်းသည် ရွှေရောင် ဖြစ်သည်။ ဤသည်မှာ သူ့မိသားစု၏ ပျံသန်းနေသော နဂါး စွမ်းအင် ကျင့်ကြံမှု နည်းစနစ် ဖြစ်ချေပြီ။
နဂါးကိုးကောင်က ပေတစ်ရာ အထိ ကြီးထွားလာပြီး ကြောက်မက်ဖွယ် ရောင်ဝါများ ထုတ်ပေး၏။
၎င်းတို့ထံမှ လွှမ်းမိုး ချုပ်ကိုင်လိုသော ဖိအားများနှင့်အတူ၊ ရှေးဟောင်း ဖြစ်စဉ်များ ပေါ်လာသည်။
“ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ... ။ ”
ကြက်သွေးရောင် အမျိုးသမီးက သူမ ခန္ဓာကိုယ်မှ နွယ်ပင်များဖြင့် ထိုနဂါးများထံ ပစ်ခတ်ကာ ပြုံးလေသည်။
“ ဝုန်း ... ။
နှစ်ဦးနှစ်ဖက် ထိပ်တိုက် ရင်ဆိုင် မိချိန်၌ သူတော်စင် ရောင်ဝါများက လှိုင်းများသဖွယ် ပျံ့ကား သွားတော့သည်။
***