← Chapters

ကောင်းကင်ဘုံ ရေမြွေ။

Vol. 151 Ch. 2110

ကောင်းကင်ဘုံ ရေမြွေ။

Vol. 151 Ch. 2110

ဓားနှစ်လက် တိုက်မိသော အခါတွင် လင်းယွန်နှင့် အဖြူဝတ် သခင်က လက်သီးဖြင့် ထိုးနှက်ကန်ကျောက်လျက် ဆက်လက် တိုက်ပွဲဝင်နေ တော့သည်။

လှုပ်ရှားမှု ဆယ်ကြိမ်ပြီးနောက်၊ အဖြူဝတ် သခင်မှ လင်းယွန်၏ အဓိပတိ နဂါး လက်သီးကို ဖြတ်ကျော်ကာ ရင်ဘတ်ထံ ထိမှန်စေခဲ့၏။

“ ဘုန်း ... ။ ”

“ ခရစ် ... ။ ”

မဟာတာအိုသည် လင်းယွန်၏ ကိုယ်လုံး ကိုယ်ပေါက်ကို ထိုးဖောက် ဝင်ရောက် လာပြီး နံရိုးများ ကွဲကြေ သွားစေသည်။

“ ဘုန်း ... ။ ”

နဂါးပြာ အရိုးမှ အသက်ကို ကယ်တင် ခဲ့သော်လည်း၊ ထိုလက်သီး အရှိန်ကြောင့် လွင့်ပျံ သွားရ၏။

ကျောက်တိုင်နှင့် ထိမှန်ကာ နှုတ်ခမ်းမှ သွေးများစီးကျလျက် ဒူးတစ်ဖက် ထောက်ကျ သွားလေသည် ။

လူတိုင်း တိတ်ဆိတ် သွား၏။ မဟာ တာအိုသည် ယဲ့ချင်းရှန် ရင်ဘတ်ကို ထိမှန် သွားကြောင်း သူတို့ သိသည်။

“ မဟုတ်ဘူး ... ။ ”

ပိုင်ချင်းယွီမှ စိတ်ပူ သွားမိသည်။ မျက်လုံးများ နီရဲလျက် ပြေးဝင်ရန် ပြင်နေရာ ပိုင်ယွင်ဖေးမှ ဖမ်းဆွဲ ထားရ၏။

“ နဂါး မျိုးရိုးရဲ့ ... သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်ပဲ၊ မင်း တကယ် ကံကောင်းတယ် ရင်ဘတ်ကို မဟာတာအို ထိမှန်တာတောင် မသေဘူး၊ ဘာပဲဖြစ်ဖြစ် ... ဒီနေ့ မင်းရဲ့ နောက်ဆုံး အချိန်ရောက်ပြီ။ ”

အဖြူဝတ် သခင်မှ လက်ဝှေ့ယမ်းလျက် ကောင်းကင် မြွေဓားကို ခေါ်ယူကာ ရုတ်ချည်း လှမ်းထိုးပစ်သည်။

“ ငါ အခု အသက် ရှူနိုင်သေးတယ်၊ ဒါဆို မင်းငါ့ကို သတ်ဖို့ ... ယုံကြည်မှု ဘယ်က ရသွား တာလဲ။ ”

လင်းယွန်က ပြုံးပြီး ထရပ်လိုက်၏။ မဟာတာအိုသည် စိတ်ဝင်စားစရာ ကောင်းပေ သည်။ အဖြူဝတ် သခင်က လှောင်ပြုံးဖြင့်၊

“ ရင်ဘတ်ကို မဟာတာအို ... ထိမှန် ထားတာတောင် မင်းက ဆက်ပြီး တိုက်ချင်နေ တာလား။ ”

-ဟု မေးမြန် လာ၏။

အမှန်တွင် မည်သို့ ဖြစ်ပျက်နေမှန်း သူ နားမလည် တော့ချေ။ နိဗ္ဗာန် အဆင့် ကျင့်ကြံသူ မဆိုနှင့် မရဏအဆင့်မှ တစ်စုံတစ်ဦး သည်ပင်၊ မဟာတာအိုကို ခံယူဝံ့မည် မဟုတ်ချေ။

သို့သော် လင်းယွန်မှ ထရပ်လာ၏။

“ သူ ထရပ်လာပြီ ... စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ ”

လူတိုင်း စိတ်လှုပ်ရှားမှု နှင့်အတူ သွေးများ ပွက်ပွက်ဆူ လာသည်။ ယဲ့ချင်းရှန်၌ ဝှက်ဖဲ ရှိနေ သေးသည်ဟု သူ ခံစားမိ၏။

လင်းယွန်က လက်ဝှေ့ယမ်းလျက် ပန်းသင်္ချိုင်းကို ပြန်ခေါ်သည်။ ဓားက တိုက်ပွဲဝင် ဆန္ဒများကို ခံစားမိပြီး၊ မြည်ဟည်းသံ ပြုလာ၏။

“ မင်း ရှုံးနိမ့်မှုကို ဝန်ခံပြီး ... ၊ မီးလျှံ ရွှေကြာပန်းကို စွန့်လွှတ်မယ် ဆိုရင် အသက်ရှင် နိုင်မယ်၊ မဟုတ်ရင် သေရလိမ့်မယ်။ ”

အဖြူဝတ် သခင်မှ အေးစက်စွာ ပြောကြားလာ၏။ ဤလူငယ်သည် ယခုအချိန်၌ အရှေ့ဘက် ပျက်စီးမြေ၏ ဂုဏ်သိက္ခာကို ဆုပ်ကိုင် ထားချေပြီ။

၎င်းအပေါ် အနိုင်ယူ ပြီးနောက် ပိုင်ယွင်ဖေးနှင့် ကျိဟွာယု တို့ကို ဆက်၍ တိုက်ခိုက် ရပေလိမ့်မည်။

ထိုအချိန်တွင် နတ်သားတော်သည် ကျန်သူများကို သတ်ပစ်ကာ မီးလျှံ ရွှေကြာပန်း ယူနိုင်မည် ဖြစ်၏။

တစ်ဖက်တွင် ယဲ့ချင်းရှန် သည်သာ ဤအဖြူဝတ် သခင်ကို ထိန်းထား နိုင်ခဲ့သော်၊ ပိုင်ယွင်ဖေးနှင့် ကျိဟွာယုမှ နတ်သားတော်ကို ဟန့်တား နိုင်ပေမည်။

အနိုင် မယူနိုင် လျှင်ပင် အနည်းဆုံး စေ့စပ်ညှိနှိုင်းရန် အခွင့်အရေး ရရှိနိုင်သည်။ ထို့ကြောင့် အရှေ့ဘက် ပျက်စီးမြေမှ လူတိုင်းက ယဲ့ချင်းရှန်အပေါ် မျှော်လင့်ချက် ထားနေခြင်း ဖြစ်၏။

“ ဝှစ် ... ။ ”

လင်းယွန်က ပန်းသင်္ချိုင်းကို ခရုပတ် လမ်းကြောင်း အတိုင်း လွှဲရမ်းလျက်၊

“ ငါ့သွေးတွေ မခမ်းသေးဘူး၊ ဘာလို့ အရှုံးပေး ရမှာလဲ။ ”

-ဟု ပြန်လည် မေးခွန်း ထုတ်လိုက်သည်။

နှလုံးသား အတွင်း တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်းလာပြီး၊ အလင်းမူလကို ထုတ်လွှတ် လိုက်၏။

ဤတစ်ကြိမ်တွင် လင်းယွန် ထံမှ သေစေနိုင်သော အန္တရာယ် အငွေ့အသက်ကို လူတိုင်း ခံစား လိုက်ရသည်။

ယင်းသည် သူ၏ နာမည်ကြီး ဓားရေး ဖြစ်သည်။ သရုပ်ဖော် အဆင့်သို့ ရောက်ရှိနေခဲ့ သည်မှာ ကြာပြီ ဖြစ်၏။

ဆန္ဒရှိသည့် အတိုင်း အလွယ်တကူ အကောင်အထည်ဖော် နိုင်သည်။ ချက်ချင်းပင် ခန့်မှန်း မရသော ရည်ရွယ်ချက် မျိုးစုံနှင့် ဓားတစ်ရပ် အဖြစ် ပြောင်းလဲ သွား၏။

အဖြူဝတ် သခင်မှာ စူးရှလွန်းသော အလင်းရောင်ကြောင့် ပိုးစုန်းကြူး နတ်ဓားကို အလျင်အမြန် ထုတ်ဖော်လိုက်ရသည်။

မဟာ တာအိုသည် ဓားအစွမ်းကို တိုးမြင့် ပေးချေ၏။ သို့သော် အလင်းမူလ ဟူသည် ထိုမျှ ပေါ့တိမ်ခြင်း မရှိချေ။

၎င်းက အာကာသ တာအိုနှင့် ထိစပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် အလှည့်အပြောင်း (၇၀) ခန့် တပြိုင်နက်တည်း ပါရှိလာ၏။

“ မင်း ... အရမ်း နှေးတယ်။ ”

လင်းယွန် ဓားနောက်၌ မူလ စကြဝဠာ ပေါက်ကွဲမှု ဖြစ်စဉ် ပေါ်လာသည်။ ပရမ်းပတာ အခြေအနေ၌ ရောင်ဝါများ မြင့်တက်လာပြီး အမည်ခံ သူတော်စင် အမြင့်သို့ ရောက်ရှိ သွား၏။

“ ထန် ... ထန် ... ။ ”

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

အဖြူဝတ် သခင် ခမျာ သွေးများ ပေကျံလျက် နောက်ပြန် ဆုတ်သွားရသည်။ ဓားရောင်ဝါကြောင့် မဟာတာအို ၌ပင် အက်ကြောင်းများ ပေါ်လာ၏။

“ ကြောက်စရာ ကောင်းလိုက်တဲ့ ဓားပဲ ... ဒီဓားကို နာမည် ဘယ်လို ခေါ်လဲ။ ”

“ ဒါက ကျော်ကြားလွန်းတဲ့ အလင်း မူလ ဖြစ်နိုင်တယ် မပြည့်စုံတဲ့ ရှေးဟောင်း ဓားရေး တစ်ရပ်၊ သူ ဒီဓားပဲ နားလည်တယ်။ ”

“ မပြည့်စုံတဲ့ ဓားရေး တစ်ရပ်ကို ပြီးပြည့်စုံအောင် ကျွမ်ကျင်ဖို့ ဆိုတာ မလွယ် ပါဘူး၊ ဒီဓားရဲ့ စွမ်းအား အရဆိုရင်၊ ...

... အနည်းဆုံး ဒီအဆင့် ရောက်အောင် ဆယ်နှစ်လောက် အချိန်ယူ ရလိမ့်မယ်၊ ဒါက ရှေးခေတ် နတ်နဂါး အဆင့် ဓားပညာ တစ်ရပ်ပဲ။ ”

ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ ဆူညံလာသည်။ အဖြူဝတ် သခင်က မျက်နှာ ဖြူဖျော့လျက် အံကြိတ် လိုက်၏။

“ မင်းက ငါ့ကို အတင်းခိုင်းတယ်။ ”

-ဟု ဆိုကာ အသွင်ပြောင်းမှုကို စတင် လိုက်သည်။

လျှာကို ကိုက်လိုက်သည်နှင့် အရေပြား ပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာတော့၏။ ခန္ဓာကိုယ် ဖောင်းကားလျက် အရိုးများ အက်ကွဲကုန်သည်။

၎င်းထံမှ အားပြင်းသော စွမ်းအင်လှိုင်းများ ပျံ့ကားလာသဖြင့်၊ လင်းယွန်က ဓားကို သူ့ရှေ့၌ ကန့်လန့်ကာပြီး၊ မီတာရာဂဏန်း အကွာသို့ ချက်ချင်း ဆုတ်ခွာလိုက် ရသည်။

“ ရွှပ် ... ။ ”

သို့တိုင် လှိုင်းလုံးမှာ လိုက်ပါနေဆဲ ဖြစ်သောကြောင့် ဓားကို လွှဲကာ ချေဖျက်လိုက် ရ၏။ ထိုအချိန်တွင် ကြောက်မယ်ဖွယ် အသွင် ပြောင်းမှု ဖြစ်ပွား လာခဲ့သည်။

ယင်းမှာ ဧရာမ အနက်ရောင် မြွေကြီး ပေါ်လာခြင်း ဖြစ်၏။ ဤမြွေသည် ကြီးမားလှ သဖြင့်၊ လှိုဏ်ဂူအတွင်း ၎င်း၏ ခန္ဓာကိုယ်နှင့် ပြည့်နှက်သွားသည်။

“ ဝုန်း ... ။ ”

မြွေက အကြောဆန့် လိုက်ရာ တွန့်လိမ်သွားပြီး၊ သူ့လမ်းရှိ ကျောက်တိုင် များကို ကျေမွှသွား စေသည်။

ကျောက်တိုင် အပိုင်းအစ များက၊ အနားရှိ ကျင့်ကြံသူများကို ထိမှန်ကုန်သည်။ သည့်အပြင် ရလဒ် အနေဖြင့် မြွေရောင်ဝါက သူတို့ကို အသက်ရှူ ကြပ်လာစေ၏။

ဤနည်းဖြင့် ဆက်လက် တွန့်လိမ် နေခဲ့သော်၊ လှိုဏ်ဂူကြီး တစ်ခုလုံး ပြိုကျနိုင်ဖွယ် ရှိသည်။ အဖြူဝတ်သခင်သည် သူနှင့်အတူ အားလုံးကို မြေမြုပ်ချင် နေပုံရ၏။

သာမာန် အခြေအနေများ၌ လင်းယွန်က ရှောင်တိမ်းပြီး ပြိုင်ဘက်၏ အားနည်းချက်ကို ရှာဖွေရန် ကြိုးစားမိပေမည်။

ယခုမူ မြင့်မြတ်မြေ ခြောက်ပါး၏ တပည့်များက သူ့နောက်၌ ရှိနေသောကြောင့် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ချေ။

နဂါးနေနှင့်လ တံဆိပ်ကို ဖွဲ့စည်းပြီး၊ ကြောက်စရာ ကောင်းသော တုန်လှုပ်ဖွယ် လှိုင်းများ ဖန်တီးလိုက်၏။

ဆံပင်များ လေထဲ တဖျပ်ဖျပ် ခတ်လျက် လှိုဏ်ဂူတစ်ခုလုံး အမှောင် ကျသွား လေသည်။ မီးလျှံ ရွှေကြာပန်း သစ်ပင်မှ ထွက်လာသော ရောင်ခြည်များပင် မှိန်ဖျော့ သွား၏။

ထာဝရ အမှောင်ည ကျရောက်လာ သလို ပေပင်။ သို့သော် ရုတ်တရက် ညနေဆည်းဆာ အလား၊ ကြက်သွေးရောင် အလင်းတစ်စ ထွက်ပေါ် လာသည်။

“ ရွှပ် ... ။ ”

လင်းယွန်မှ ဓားကို လွှဲလိုက်သော အခါ၊ ဂူအမိုး တစ်ခုလုံး ကြက်သွေးရောင် သန်းလျက်၊ အနက်ရောင် မြွေကြီးကို ထိမှန်သွား၏။

“ ရွှီး ... ။ ”

ကောင်းကင် ရေမြွေတွင် မာကြောသော အကြေးခွံများ ရှိနေလျှင်ပင်၊ ဤဓားရောင်ခြည် အပေါ် ပိတ်ဆို့နိုင်ခြင်း မရှိသဖြင့်၊ သနားစဖွယ် ကောင်းသော အော်ဟစ်သံကို ထုတ်လွှတ် လိုက်ရသည်။

“ ဟိတ် ... ။ ”

လင်းယွန်က လေထဲ ပျံဝဲပြီး၊ နဂါး၊ နေ၊ လနှင့် ကောင်းကင်ကို ဖော်ကြူးနိုင်သော ဓား အလင်းများ ဆက်တိုက် ပစ်ထုတ်၏။

ထွက်ပေါ် လာသော ဓားအလင်း၏ စွမ်းအားကို ရှင်းပြရန်အတွက် မည်သူမျှ စကားလုံး ရှာမတွေ့ နိုင်တော့ချေ။

***

All Chapters