ဗုဒ္ဓ ဧကရာဇ် မျိုးဆက်သွေး။
Vol. 151 Ch. 2111
အဖြူဝတ် သခင်၏ အခြေအနေမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သူသည် လျှို့ဝှက် နည်းပညာကို အကောင်အထည် ဖော်ရန်အတွက် အဖိုးအခ ပေးချေ ခဲ့ရ၏။
ဒဏ်ရာများမှ သက်သာလာ လျှင်ပင် နောင်နှစ်အနည်းငယ် အတွင်း ကျင့်ကြံမှုကို တိုးတက်အောင် လုပ်ယူရ ခက်ပေလိမ့်မည်။
သူ့ အသွင် သဏ္ဍာန်သည် သွေးများ ဖုံးလွှမ်းလျက် နာကျင်စွာ မြည်တမ်းကာ မြေပြင်ပေါ် လှဲလျောင်းနေ၏။
အသက် ရှင်နေသေးသဖြင့် သူ့စကား အတိုင်း အသက် အစားယူရန် လင်းယွန်မှ ပြင်ဆင်လိုက်သည်။
“ ရပ် ...။ ”
ကြက်သွေးရောက် အမျိုးသမီးမှ မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး ရုတ်တရက် ဝင်ရောက် နှောက်ယှက် တော့၏။
လင်းယွန်က သူမ၏ တိုက်ခိုက်မှုမှ လွတ်မြောက်ရန် ဆယ်မီတာ အကွာသို့ ဆုတ်ခွာ ပေးလိုက်ရသည်။
“ ဝှစ် ... ။ ”
ကျောက်တျန်းယွီက ခြေတစ်လှမ်း လှမ်းတည်းနှင့် အဖြူဝတ် သခင်ထံ ရောက်ရှိ သွား၏။
ဆေးတစ်လုံး တိုက်ကျွေး ပြီးနောက်၊ သူတော်စင် ရောင်ဝါများ လောင်းထည့်ပေး လိုက်သည်။ သိုတိုင် ဒဏ်ရာ အချို့သာ ပြန်လည် ကောင်းမွန် လာသည်။
ကျောက်တျန်းယွီသည် သခင် ခုနစ်ပါး အနက် အဖြူဝတ်သခင်ကို တန်ဖိုးထားကြောင်း မြင်သာချေပြီ။
ကြက်သွေးရောင် အမျိုးသမီးနှင့် လိမ္မော်ရောင် သခင်တို့ ဒဏ်ရာရသော အခါ၌ လှည့်ပင် မကြည့်ချေ။
ကျိဟွာယုနှင့် ပိုင်ယွင်ဖေးက လင်းယွန် အနား လျှောက်လှမ်းလာ၏။ အနေအထား အရ သူတို့တွင် အားသာချက် ရရှိပြီ ဖြစ်သည်။
ယဲ့ချင်းရှန်သည် ကျောက်တျန်းယွီ လက်အောက် ငယ်သားများကို ထိန်းထား နိုင်ချေ၏။
သို့သော် ပိုင်ယွင်ဖေးမှ မပျော်နိုင်ချေ။ အားသာချက် ရှိသော်လည်း ပြိုင်ဘက်သည် မည်မျှ ကြောက်စရာ ကောင်းသည်ကို သူ သိချေပြီ။
ယခင် တွေ့ဆုံမှုတွင် ရွှေအစောင့် ဆယ်ယောက် ဖြင့်ပင်၊ အထူး လုပ်ဆောင် နိုင်ခြင်း မရှိခဲ့ချေ။
ကျောက်တျန်းယွီ၏ အင်အားသည် နားမလည်နိုင် လောက်အောင် များပြားကာ၊ ရွှေအစောင့်များ ဒဏ်ရာ ရရှိကုန်သည်။
ထို့ကြောင့် တစ်ဖက်လူ အနားတွင် ရှိနေသရွေ့ စိတ်အေးနိုင်မည် မဟုတ်ချေ။
ကောက်တျန်းယွီက အဖြူဝတ် သခင်ကို ကယ်တင် ပြီးနောက် မတ်တပ် ထရပ်ကာ၊ လူတိုင်းထံ ဝေ့ကြည့်၏။
ယင်းကြောင့် အရှေ့ဘက် ပျက်စီးမြေမှ ကျင့်ကြံသူများ အားလုံး လက်ဖဝါး၌ ချွေးများ ဖုံးလွှမ်းလာ တော့သည်။
အဆုံးတွင် ကျောက်တျန်းယွီက သူ့အကြည့်ကို လင်းယွန်တွင် အဆုံးသတ်လျက်၊
“ မင်းက လွန်ခဲ့တဲ့ နှစ်လက မျက်နှာဖုံးစွပ် လူပဲ မဟုတ်လား။ ”
-ဟု မေးမြန်း လိုက်၏။
“ မှန်တယ် ... ။ ”
“ ရယ်စရာ ကောင်းလိုက်တာ ... ငါက ယဲ့ချင်းရှန်ကို ယဲ့ချင်းရှန်နဲ့ ဆက်ဆံဖို့ စည်းရုံး နေမိခဲ့တာပဲ၊ အဲဒီလို ပြောခဲ့တုန်း အချိန်က မင်းရယ်နေခဲ့တာလား။ ”
“ ငါ မရယ်ဘူး ... မင်း အမြင် အာရုံ တကယ်ကောင်းတယ်၊ ယဲ့ချင်းရှန်ကို ယှဉ်နိုင်တဲ့ လူက ငါပဲရှိတယ်။ ”
သူ့တို့ စကားများ အရ ၎င်းတို့ နှစ်ဦး တိုက်ခိုက်ခဲ့ဖူးကြောင်း လူတိုင်း ခန့်မှန်းမိ လာသည်။
“ တကယ် မင်းပဲကို ... ။ ”
ကျောက်တျန်းယွီက ပြုံးလိုက်တော့သည်။ သူ၏ စိတ်နေ စိတ်ထားသည် လူသတ်လိုသော အရိပ်အမြွက်မျှ မရှိဘဲ တည်ငြိမ်နေ၏။
ထို့ကြောင့် မည်သူ မည်ဝါ ဖြစ်သည်ကို မသိသော သူများမှ ချစ်ခင်ဖွယ် ကောင်းသူ အဖြစ် ထင်ကောင်း ထင်နိုင်ပေမည်။
ပိုင်ယွင်ဖေးက လင်းယွန် လက်ကို ဆွဲလိုက်ကာ၊ သူနှင့် ကျိဟွာယု နောက်သို့ ပို့၏။ သုံးကြိမ် ဆက်တိုက် တိုက်ပွဲဝင်ထား သဖြင့် ကျောက်တျန်းယွီမှ အငိုက်ဖမ်း တိုက်ခိုက် လာမည်ကို စိုးရိမ်သည်။
“ ကျောက်တျန်းယွီ ... မင်း မီးလျှံ ရွှေကြာပန်းမီးကို ယူချင်သေး တယ်လို့ မပြောနဲ့၊ မင်းရဲ့ ကျွန်သုံးပါးက အသက် အန္တရာယ် မရှိရင်တောင် အချိန်မီ ကုသဖို့ မလုပ်ရင် သူတို့ရဲ့ အနာဂတ် ပျက်စီး ရလိမ့်မယ်။ ”
ကျောက်တျန်းယွီ နောက်မဆုတ်သော် သခင်သုံးပါး သေရမည်ဟု အရိပ်အမြွက် ပြောပြ လိုက်ခြင်း ဖြစ်သည်။
“ သခင်ငယ် ... ။ ”
ကြက်သွေးရောင် အမျိုးသမီးမှ ကျောက်တျန်းယွီကို ထိတ်လန့်စွာ ကြည့်သည်။ သူတို့ ဒဏ်ရာသည် မည်မျှ ပြင်းထန်ကြောင်း သတိပေး လိုခြင်း ဖြစ်၏။
အထူးသဖြင့် လိမ္မော်ရောင် သခင်၏ လည်ပင်းမှ ပြတ်ရှရာသည် လုံးဝ ပြန်ဆက်ခြင်း မရှိသေးဘဲ၊ အချိန်မရွေး ခေါင်းပြတ် သွားနိုင်သည်။
ကြယ်ဓားမှ ပြန်လည် ပေါင်းစည်းမှုကို ဟန့်တားထားဆဲ ဖြစ်သည်။ သူမ လက်နှစ်ဖက် မှာမူ အသားများ မရှိတော့ချေ။
အဖြူဝတ် သခင် သည်သာ အနည်းငယ် အခြေအနေ ကောင်းသည်။ ဒဏ်ရာ ပြင်းထန် သော်လည်း ကောင်းကင် ရေမြွေ မျိုးဆက် သွေးကြောင့် များစွာ မဆုံးရှုံးချေ။
ကျောက်တျန်းယွီက အပင်ထိပ်ရှိ မြင့်မြတ်သော မီးလျှံ ရွှေကြာပန်းထံ လှမ်းကြည့် လိုက်သည်။
ရွှေကြာပန်းက အပင်ထက်၌ လင်းလက် နေပြီး ပန်းနှလုံးသားသည် ဗုဒ္ဓ တစ်ဆူ အလား သန့်ရှင်းသော ရောင်ဝါများ လွှတ်နေ၏။
“ မြင့်မြတ်သော မီးလျှံ ရွှေကြာပန်း ဆယ်ပွင့် လိုချင်တယ်။ ”
“ မဖြစ်နိုင်ဘူး ... ။ ”
သူ့တောင်းဆိုမှုကို ကျိဟွာယုက ငြင်းဆိုလိုက်သည်။ မီးလျှံ ရွှေကြာပန်း နှစ်ဆယ် မျှသာ ရှိသဖြင့်၊ သဘောတူ ပါက မြင့်မြတ်မြေ ခြောက်ပါး အတွက် မလုံလောက်ချေ။
ကျောက်တျန်းယွီက ပြုံးပြီး၊
“ ဒါဆို ငါကိုယ်တိုင် ယူမယ် ... ။ ”
-ဟု ပြောကြား လာသည်။
နောက်အခိုက် အတန့်တွင် နတ်မိစ္ဆာ လျှပ်စီးမျက်ဝန်းကို အသက်သွင်းကာ သတ်ပစ် မည့်ဟန် ပြသလာ၏။
လူတိုင်း ကြီးမားသော ဖိအားများ ခံစားလိုက်ရပြီး ကြောက်ရွံ့ ထိတ်လန့်သွား ကြသည်။ ပိုင်ယွင်ဖေးက လေးနက်သော အမူအရာဖြင့်၊
“ ဆယ်ပွင့်တော့ မရဘူး၊ ဒါပေမယ့် ငါးပွင့်ဆိုရင် ငါတို့ စဉ်းစားပေး နိုင်တယ်။ ”
“ သဘော တူတယ် ... ။ ”
ကျောက်တျန်းယွီက နတ်မိစ္ဆာ လျှပ်စီး မျက်လုံး များကို သိမ်းလျက်၊ ဖော်ရွေသော အပြုံးမျိုး ပြန်ပေါ်လာသည်။
“ ချင်းယွီ ... သူ့အတွက် မီးလျှံ ရွှေကြာပန်း ငါးပွင့် ခူပေးလိုက်ပါ။ ”
ပိုင်ယွင်ဖေး စကားကြောင့်၊ ပိုင်ချင်းယွီမှ ခေါင်းညိတ်ပြီး သစ်ပင် အခြေရှိ မြင့်မြတ်သော မီးလျှံ ရွှေကြာပန်း ငါးပွင့်ကို ခူးယူပေးသည်။
“ ရော့ ... ။ ”
မြင့်မြတ်သော မီးလျှံ ရွှေကြာပန်း ငါးပွင့်သည် အရည်အသွေး အညံ့ဆုံး ဖြစ်နေ သဖြင့်၊ ကျောက်တျန်းယွီမှ ပြုံး၏။ မယူချေ။
“ ဘာလဲ ... မလိုချင် ဘူးလား၊ ငါတို့က နင့်ကို မျက်နှာသာပေးတဲ့ အနေနဲ့ ... ပန်းငါးပွင့် ပေးနေတာ၊ ကောင်းပြီလေ ... နင် မလိုချင်ဘူး ဆိုရင်လည်း ... ”
ပိုင်ချင်းယွီက နာမည်ဆိုးဖြင့် ကျော်ကြားသော သွေးလ နတ်သားတော်နှင့် ရင်ဆိုင် ရချိန်၌ ကြောက်ရွံ့မှု မရှိဘဲ လှော်င်ပြောင် လိုက်၏။
“ ငါ အဲဒါကို လိုချင်တယ်။ ”
ကျောက်တျန်းယွီမှ အပေါ်ဆုံးရှိ မြင့်မြတ်သော မီးလျှံ ရွှေကြာပန်း တစ်ပွင့်ကို ညွှန်ပြလာသည်။
“ အိပ်မက် မက်မနေနဲ့ ... အဲဒါက အစ်ကိုယဲ့ အတွက်ပဲ။ ”
“ သွေးလ နတ်သားတော် လိုချင်တာကို ဘယ်သူမှ မငြင်းနိုင်ဘူး။ ”
ကြက်သွေးရောင် အမျိုးသမီးက ပိုင်ချင်းယွီ၏ သဘောထားကို မကျေမနပ် ဖြစ်ကာ ဒေါသဖြင့် အော်ငေါက်လာ၏။
ခြေလှမ်း တစ်လှမ်း လှမ်းတက်ပြီး ပါးရိုက်ရန် ပြင်သည်။ သို့သော် အေးစက်သော အငွေ့အသက်များကို ရုတ်တရက် ခံစားလိုက် ရသဖြင့်၊ တုန့်နှေးသွား၏။
တစ်စုံ တစ်ယောက်သည် သူမ အသက်ကို လိုချင်နေသည်။ ထို့ကြောင့် ချက်ချင်း ခန္ဓာကိုယ် တောင်းတင်းလျက် မလှုပ်ရဲတော့ချေ။
“ ကလေးမလေး တစ်ယောက်ကို အနိုင်ကျင့်ချင် နေတာလား၊ မင်း ... သတ္တိ ရှိရင် ငါ့ဆီလာ။ ”
လင်းယွန်က အေးစက်စွာ ပြောကြား လိုက်သည်။ သူသည် မာနကြီးပြီး ၎င်းတို့အပေါ် မျက်လုံးထဲ မထည့်ခဲ့ချေ။
ကျိဟွာယုနှင့် ပိုင်ယွင်ဖေးမှ သူ့ကို ကွယ်ထားသော်လည်း သူ့ဖြစ်တည်မှု အပေါ် ရှင်းရှင်း လင်းလင်း ခံစားစေရသည်။
“ သူ ပြောတာမှန်တယ် ... ကောင်မလေး တစ်ယောက် အပေါ် စိတ်ဆိုးနေဖို့ မလိုပါဘူး။ ”
ကျောက်တျန်းယွီက ပြုံးလျက် မြင့်မြတ်သော မီးလျှံ ရွှေကြာပန်း ငါးပွင့်ကို လက်ဖြန့် တောင်းလာ၏။
ထို့နောက် ပိုင်ချင်းယွီကို ကြည့်ပြီး၊
“ မိန်းကလေး ... မင်း မျက်စိကောင်းတယ်။ ”
-ဟု ပြောကြား လိုက်မိသည်။
၎င်းမှ တိုက်ခိုက် လာမည်ကို စိုးရိမ်သဖြင့် လူတိုင်း အသက်အောင့် ထားမိချေ၏။ သို့သော် ကျောက်တျန်းယွီက ထွက်ခွာ သွားလေသည်။
လူတိုင်း သက်ပြင်းချ မိ၏။ သွေးလ နတ်သားတော် အတွက် အရှေ့ဘက် ပျက်စီးမြေ အတွင်း၊ ဤတစ်ကြိမ်သည် ပထမဆုံး အကြိမ် ဆုံးရှုံးမှုကို ခံစားရခြင်း ဖြစ်ချေပြီ။
လူတိုင်း၏ အကြည့်များ ယဲ့ချင်းရှန်ပေါ် ကျရောက်လာ၏။ ဤလူသည်သာ ဤနေရာ၌ မရှိသော် ကျောက်တျန်းယွီမှ လွယ်လွယ် ကူကူ လက်လျော့ လိုက်မည် မဟုတ်ချေ။
ဆိုလိုသည်မှာ သခင်သုံးပါးကို စွန့်လွှတ်ရန် ကျောက်တျန်းယွီမှ ရွေးချယ် ခဲ့သော် ခက်ရပေ လိမ့်မည်။
အဆုံးတွင် အရည်အသွေး မပြည့်မီသော မီးလျှံ ရွှေကြာပန်း ငါးပွင့်ဖြင့်သာ ထွက်ခွာသွား ခဲ့တော့သည်။
သွေးလဂိုဏ်း ထွက်သွား သော်လည်း အခြားသော နယ်မြေများမှ ကျင့်ကြံသူများက ရပ်ကြည့်နေဆဲ ဖြစ်သည်။
သူတို့အားလုံး လက်ဗလာနှင့် မပြန်လိုချေ။ ပိုင်ယွင်ဖေးက နားလည်၏။
“ လူတိုင်း ထွက်သွားပါ ... ငါတို့က မင်းတို့တွေ အတွက် မြင့်မြတ်တဲ့ မီးလျှံ ရွှေကြာပန်း နည်းနည်း ချန်ပေးခဲ့မယ်။"
လူအုပ်က မကျေနပ် သော်လည်း မြင့်မြတ်မြေ ခြောက်ပါးကို ရင်ဆိုင် နိုင်စွမ်း မရှိသည်မှာ သဘာဝ ပေပင်။
“ ယဲ့ချင်းရှန်က မလွယ်ဘူး၊ သူ့ရဲ့ အောင်မြင်မှုမှာ သိသိသာသာ ကျရှုံးခဲ့ပေမယ့် အရမ်းသန်မာတယ်။ ”
“ မဟာ တာအို ဆုပ်ကိုင်ထားတဲ့ မရဏ အဆင့် အမည်ခံ သူတော်စင်ကို အနိုင်ယူ နိုင်တဲ့ ဘီလူး တစ်ကောင်ပဲ။"
“ မင်းမှာ ကြယ်ဓားကို ပြီးပြည့်စုံအောင် ကျွမ်းကျင်ပြီး ရှေးဟောင်း ဓားပညာ တစ်ရပ် ပိုင်ဆိုင် ထားရင်၊ မင်းလည်း ဒါမျိုးကို လုပ်နိုင်ပါတယ်။ ”
“ ကောင်းကင်လမ်းရဲ့ ချန်ပီယံတွေနဲ့ အကြွင်းမဲ့ ကောင်းကင် မြို့တော်က လူတွေ နတ်ဘုရား သင်္ချိုင်း တောင်ကြား၊ ...
... ရောက်ကုန်တာ နှမျောစရာပဲ၊ ဒီလိုမှ မဟုတ်ရင် မြင့်မြတ်မြေ ခြောက်ပါး အတွက် နေရာရှိမှာ မဟုတ်ဘူး။ ”
“ နတ်ဘုရား သင်္ချိုင်း တောင်တန်းက ကြီးမားတဲ့ အခွင့်အရေး တစ်ခုပဲ ... ၊ ဧကရာဇ် အမွေတောင် ထွက်ပေါ် လာမယ်လို့ ငါကြားမိတယ်။ ”
မျှော်လင့်ထားသည့် အတိုင်း၊ မြင့်မြတ်မြေ ခြောက်ပါးက ရင့်ကျက်သော မီးလျှံ ရွှေကြာပန်း များကို ယူကာ အရွယ် မရောက်သေးသည့် ကြာပန်းအချို့ ချန်ထားခဲ့သည်။
“ ပိုင်ချင်းယွီ ပြောတဲ့ စကား အတိုင်း သွားရအောင် ... ယဲ့ချင်းရှန်ကို ထိပ်ဆုံး တစ်ပွင့် ပေးလိုက်မယ်၊ ကျိဟွာယု မင်းဘယ်လို ထင်လဲ။ ”
ပိုင်ယွင်ဖေးက ကျိဟွာယုထံ လှည့်ကြည့် လိုက်သည်။ အခြားသော မြင့်မြတ်မြေ များက နှုတ်ဆိတ်နေ၏။
ယဲ့ချင်းရှန် သည်သာ ပေါ်လွင်ခြင်း မရှိပါက ဤနေရာမှ အသက်ရှင် ကျန်ရစ်ရန်ပင် မေးခွန်း ထုတ်စရာ ဖြစ်ပေမည်။
ထို့ကြောင့် ၎င်းကို ပေးအပ်ခြင်း သည်သာ အကောင်းဆုံး ဖြစ်သည်။ အပေါ်ဆုံးရှိ မီးလျှံ ရွှေကြာပန်းက ဆွဲဆောင်မှု ရှိသည်။
အရွက်များ ရွှေရောင် တောက်လျက် ပန်းနှလုံးသားရှိ မြင့်မြတ်သော မီးလျှံများက ဗုဒ္ဓ ခန္ဓာကိုယ် တစ်ခုကဲ့သို့ လင်းနေ၏။
၎င်တွင် ရှေးဟောင်း လျှို့ဝှက်ချက်များ ပါဝင်နိုင်ပေမည်။ သို့သော် မည်သူမဆို သိနိုင် စရာ အကြောင်း မရှိချေ။
“ အဆင် ပြေပါတယ် ... ကျန်တဲ့ မြင့်မြတ်မြေတွေလည်း ဘာပြဿနာမှ ရှိမှာ မဟုတ် လောက်ဘူး။ ”
ကျိဟွာယုက ခေါင်းညိတ် လက်ခံ၏။ မင်ဂိုဏ်းမှ အဝါဝတ် သူတော်စင် တပည့် တစ်ဦးက၊
“ ဒါဆို ငါ့ဂျူနီယာ ညီလေးလည်း ရသင့်တယ် မဟုတ်လား။ ”
-ဟု ဝင်ပြောလာသည်။
သူက ဒဏ်ရာ ပြင်းထန်သဖြင့်၊ သတိလစ် နေသော ရှောင်ရိ အတွက် ခွဲတမ်း တောင်းပေး လိုက်ခြင်း ဖြစ်သည်။
သို့သော် မြင့်မြတ်မြေ များက သူ့အပေါ် အထင်အမြင် သေးစွာ လှည့်ကြည့် လာကြ၏။
“ ငါက ဒီလိုပဲ ပြောလိုက်တာပါ ...အဆင်ပြေပါတယ်၊ ပြဿနာ မရှိပါဘူး။ ”
အဝါဝတ် သူတော်စင် တပည့်က လူတိုင်းထံမှ အထင်အမြင် သေးသော အမူအရာ မျိုးကို မြင်သောအခါ၊ စကားလမ်းကြောင်း အမြန် လွှဲလိုက်ရသည်။
လင်းယွန်က တုံ့ဆိုင်း မနေတော့ဘဲ မြင့်မြတ်သော မီးလျှံ ရွှေကြာပန်းကို သိမ်းဆည်း လိုက်၏။
( ဟဲဟဲ ... ၊ ဒါက ရှားပါး ရတနာပဲ၊ သူ့အထဲမှာ ဗုဒ္ဓ ဧကရာဇ်ရဲ့ မျိုးဆက်သွေး ရှိလောက်မယ် ထင်တယ်၊ လင်းယွန် အခု လုံခြုံအောင် နေပါ၊ အားလုံး မရှိတော့မှ ဒီသစ်ပင်ကို လာတူးထုတ် ရအောင်။ )
ခရမ်းငယ်၏ စိတ်လှုပ်ရှား နေသော အသံက ဓားသေတ္တာထဲမှ ထွက်ပေါ် လာတော့သည်။
***