ယဇ်ပူဇော်ခြင်း ... ။
Vol. 151 Ch. 2113
ရွှေရောင် အရည်များက ညအမှောင်ထဲ တောက်ပနေ၏။ ခရမ်းငယ် ရှင်းပြချက် အရ၊ ဗုဒ္ဓ ဧကရာဇ်၏ သူတော်စင် သွေးများ ဖြစ်မည်မှန်း နားလည် လိုက်သည်။
ဤသစ်ပင်သည် လျှို့ဝှက်ချက် များစွာ ပါရှိသော အမြင့်မြတ်ဆုံး ရတနာ တစ်ပါးဖြစ်ပြီး ၎င်းကို နတ်လက်နက် အဖြစ် သန့်စင်နိုင်၏။
ထိုအတွေးက သူ့ကို စိတ်လှုပ်ရှား စေ၏။ သို့သော် ရုတ်တရက် ဓားနှလုံးသားမှ သတိပေး လာသည်။
ညှိုးနွမ်း နေခဲ့သော သစ်ပင် အကိုင်းအခက်များက လှံများသဖွယ် ဝင်ရောက် လာခြင်း ဖြစ်သည်။
မြန်ဆန်လွန်း သောကြောင့် အချိန်မီ မရှောင်နိုင်ခဲ့ချေ။ ပန်းသင်္ချိုင်း ကိုသာ မွှေ့လျက် ဟန့်တား လိုက်ရသည်။
“ ထန်... ထန် ... ။ ”
သစ်ကိုင်းများနှင့် ထိမိသော အခါတွင် မီးပွားများ ပွင့်ထွက် လာခဲ့၏။ ကြယ်ဓားပင် တိုးမပေါက်ချေ။
သစ်ကိုင်းများမှာ ရာဂဏန်းမျှ ရှိသဖြင့်၊ အတားအဆီးကို ဖြတ်ကျော်ပြီး သူ့ကို ထိမှန် လာတော့သည်။ ချွန်ထက်သော လှံများကဲ့သို့ ခန္ဓာကိုယ်ကို ထိုးဖောက် လာ၏။
ခရမ်းငယ်က သတိကြီးစွာ စောင့်ကြည့် နေသော်မှ အချိန်မမီ လိုက်ချေ။ သစ်ကိုင်းများမှ လင်းယွန်ကို လေထဲ မြှောက်တင် သွားပြီ ဖြစ်သည်။
ခဏလေးအတွင်း မှာပင် လင်းယွန်၏ သွေးသားစွမ်းအင်များကို အဆက်မပြတ် ဝါးမြို တော့၏။
ဓားဖြင့် တွန်းလှန်ရန် ကြိုးစားလိုက် သော်လည်း နောက်ဆက်တွဲ အဖြစ်အပျက်မှာ ပို၍ ကြောက်စရာ ကောင်းသည်။ သစ်ပင်က ကြယ်ဓားကိုပင် ဝါးမြို ပစ်၏။
“ နဂါးလေး ... ။ ”
ခရမ်းငယ်က အကိုင်းအခက်များကို ပိတ်ဆို့ကာ အော်ခေါ် လိုက်သည်။ ဓားသေတ္တာ အတွင်းမှ ကြောင်တစ်ကောင် ထွက်လာပြီး၊ နဂါးမျောက်ဝံ အဖြစ် ပြောင်းလဲ သွား၏။
“ ဂါး ... ။ ”
သည့်နောက် လင်းယွန်ကို အတင်း ဝင်ဆွဲခေါ် လိုက်တော့သည်။ သို့တိုင် လင်းယွန် ခန္ဓာကိုယ် အနှံ့ သွေးများ စီးကျကာ ရှုံ့တွ နေခဲ့သေး၏။
“ အား ... ။ ”
သစ်ပင် အကိုင်းအခက်များ ထံမှ ဆွဲထုတ်လိုက်ချိန်၌ ကိုယ်လက်များ ဆွဲဖြတ်ပစ် ကဲ့သို့ မူးမေ့ လဲကျလု နီးပါး နာကျင်လာသည်။
“ အသွင် မြန်မြန်ပြောင်း ... ။ ”
မီးလျှံ ရွှေကြာပန်း သစ်ပင်မှ မည်မျှ ကြောက်စရာ ကောင်းသည်ကို လင်းယွန်ထံ ကြည့်က သိနိုင်၏။ ထို့ကြောင့် နဂါးလေးကို အရွယ်အစား အမြန်ကျုံ့စေရန် ခရမ်းငယ်မှ သတိပေးခြင်း ဖြစ်သည်။
မဟုတ်သော် သစ်ပင်၏ ပစ်မှတ်ထားခြင်း ခံရပေလိမ့်မည်။ လင်းယွန်က ဓား ပြန်သိမ်းကာ၊ မိုးကြိုး လိပ်နက် သံကြိုးများကို လွှတ်လိုက်၏။
“ ချွင် ချွင် ချွင် ... ။ ”
“ ဝှစ် ... ။ ”
သံကြိုး ကိုးချောင်းက သစ်ကိုင်းများကို ဟန့်တားပေး၏။ မြေပြင်ပေါ် ခြေချမိ သည်နှင့် အလျင်အမြန် ဆုတ်ခွာ လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း အရာအားလုံး ဖြစ်ပျက်ခဲ့ခြင်း ပေပင်။ အသက် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သောကြောင့် လင်းယွန် ခမျာ ထိတ်လန့်မှုကို ခံစား လာရသည်။
သစ်ပင် လိုက်မလာမှန်း အတည်ပြု ပြီးမှသာ၊ စိတ်သက်သာရာ ရသွား၏။ ထိုအချိန် ခန္ဓာကိုယ်အနှံ့ နာကျင်မှုများကို သတိပြုမိ လာခဲ့သည်။
“ မြန်မြန် ဒဏ်ရာတွေ ကုလိုက် ... စိတ်မပျက်နဲ့။ ”
ခရမ်းငယ်မှ လင်းယွန်ကို ပြော၏။ နာကျင်မှုကို အံကြိတ်ခံလျက် ထိုင်ပြီး၊ နဂါးပြာ အရိုးထဲမှ အပြာရောင် စွမ်းအင်များ လှည့်ပတ် လိုက်သည်။
ချက်ချင်းပင် မြင်သာသော အသွင်ဖြင့် ပြန်လည် ပြည့်ဖြိုးလာ၏။ သို့မှသာ ခရမ်းငယ် တစ်ယောက် သက်ပြင်းချ နိုင်သည်။
ဤနတ်သစ်ပင်သည် အန္တရာယ် အလွန် များကြောင်း သတိ မပေးမိသည့် အတွက် သူမ ကိုယ်သာ သူမ အပြစ်တင်မိ၏။
“ သခင် ဖီးနစ်၊ မင်း ... သွေးထွက်နေတယ်။ ”
နဂါးလေးက ရုတ်တရက် ပြောကြား လာသည်။
“ ရှူး ... ။ ”
ခရမ်းငယ်မှ နှုတ်ခမ်းတွင် လက်ညှိုး ကပ်လျက် နဂါးလေးကို ဟန့်တား လိုက်၏။ ယင်းကြောင့် နဂါးလေး ခမျာ အသံမထွက် ဝံ့တော့ချေ။
သူမ ဒဏ်ရာကို စစ်ဆေးကြည့် ပြီးနောက် မီးလျှံ ရွှေကြာပန်း သစ်ပင်ထံ လှမ်းကြည့်ကာ တွေးနေမိသည်။
ဤရွှေကြာပန်း သစ်ပင်သည် ရန်လို လွန်းသဖြင့် အံ့ဩစရာပေပင်။ သူမ သိသော ရွှေကြာပန်း ဟူသည် သန့်စင်ချေ၏။
ဤသို့ ရက်စက် ကြမ်းကြုတ်သော ရည်ရွယ်ချက်မျိုး မရှိချေ။ ၎င်းသည် သစ်ပင် တစ်ပင် ဆိုသည်ထက်၊ လက်နက် တစ်ခုနှင့် ပိုတူနေ၏။
( လက်နက် ... ။ )
အထက်ပါ ဝေါဟာရကြောင့် ဒဏ္ဍာရီ တစ်ပုဒ်ကို ခရမ်းငယ်မှ ရုတ်တရက် တွေးမိလာ ခဲ့သည်။
“ ဖြစ်နိုင်ပါ့ မလား ... ။ ”
သို့သော် မယုံဝံ့ချေ။ ထိုအချိန်၌ လင်းယွန် တစ်ယောက် အနည်းငယ် သက်သာ လာသဖြင့် ပြန်နိုးထလာသည်။
“ ဒီမီးလျှံ ရွှေကြာပန်း သစ်ပင်က ... ရှေးဦးခေတ် တုန်းက တန်ခိုးရှင် တစ်ပါး သန့်စင်ထားတဲ့ လက်နက် တစ်ခုပဲ။ ”
ခရမ်းငယ်မှ ထင်ကြေးကို အတည်ပြု ပြောကြားလာ၏။
“ လောလောဆယ် ... ဒီသစ်ပင်ကို မေ့ထားလိုက်တော့ ... မင်း ဒဏ်ရာ ရတာကို ဘာလို့ .. ငါ့ မပြောတာလဲ။ ”
လင်းယွန်က စိုးရိမ်စိတ်ဖြင့် အပြစ်တင် သည်။ အဆုံးတွင် အကိုင်းအခက် များကို ကူညီ တားဆီးပေး ခဲ့သောကြောင့် ဒဏ်ရာ ရသွားပုံ ရ၏။
အချိန်အတော်ကြာ သည့်တိုင် ခရမ်းငယ် ဒဏ်ရာများက သွေးမတိတ် သဖြင့်၊ လင်းယွန်မှ စိတ်မကောင်း ဖြစ်မိသည်။
သာမာန် အချိန်များ၌ အမြဲတမ်း ပြန်ပြောတတ်သော သူမသည် ယခု တစ်ကြိမ်၌ အသံမထွက်ဘဲ နားထောင် နေခဲ့၏။
လင်းယွန်က သူမ ခန္ဓာကိုယ်ထဲ နဂါးပြာ စွမ်းအင်များ သွန်းလောင်း လိုက်မှသာ ပြန်၍ ကောင်းမွန် လာတော့သည်။
မီးလျှံ ရွှေကြာပန်း သစ်ပင်သည် ကြောက်မက်ဖွယ် ကောင်းချေပြီ။
“ ဒီမီးလျှံ ရွှေကြာပန်းနဲ့ ပတ်သက်ပြီး ထူးဆန်းတာ တစ်ခုရှိတယ်၊ သူက ကြယ်ဓားကို ဝါးမြိုနိုင်တယ်၊ ကြယ်ဓားဆိုတာ သူတော်စင် တစ်ပါး အတွက်တောင် ပေါ့ပေါ့ဆဆ မခံယူဝံ့ဘူး။ ”
လင်းယွန်က လေးနက်သော အမူအရာနှင့် ပြောကြားလိုက်၏။ ကြယ်ဓားသည် သူတော်စင် များသာ နားလည်နိုင်သော သိုင်းရည်ရွယ်ချက် တစ်ခု ဖြစ်သည်။
၎င်းကို ပြီးပြည့်စုံသော ကျွမ်းကျင်မှု၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သဖြင့် သူတော်စင် တစ်ပါးပင် ခံယူဝံ့မည် မဟုတ်ချေ။
“ နင့်မှာ မဟာ တာအို စွမ်းပကားနဲ့ ပတ်သတ်ပြီး ... ဗဟုသုတ တော်တော်လေး ကင်းမဲ့နေတာပဲ၊ မဟာတာအို အကြောင်း ကိုသာ နင်သိရင် ...
... ဒီလို ထူးဆန်းမှာ မဟုတ်ဘူး၊ အရာအားလုံး ရှင်းလင်းသွားမယ်၊ အမှန်တော့ ဒီမီးလျှံ ရွှေကြာပန်း သစ်ပင်မှာ ဝါးမြိုခြင်း မဟာ တာအို အသုံးပြု ထားတယ်၊ ဝါးမြိုခြင်း တာအို ဆိုတာ အုပ်စိုးရှင် (၃၆)ပါးထဲက တစ်ပါးပဲ။ ”
ခရမ်းငယ်မှ ရှင်းပြသည်။
“ ဒါဆို ... အခု ငါတို့ ဘာလုပ်ကြမလဲ။ ”
လင်းယွန်မှ အကြံကုန်ပြီ ဖြစ်သည်။ မီးလျှံ ရွှေကြာပန်းသည် သူ့အသက်ကို ယူလု နီးပါးဖြစ် ခဲ့သောကြောင့် တွေးရုံဖြင့် ထိတ်လန့်မိ၏။
“ တစ်ယောက် ယောက် ... လာနေတယ်။ ”
ရုတ်တရက် အမည်ခံ သူတော်စင်၏ အရိပ်အယောင်ကို ခံစားလိုက်ရ သောကြောင့် ခရမ်းငယ်က နဂါးလေးနှင့်အတူ ဓားသေတ္တာထဲ ပြန်ဝင်သွားသည်။
လှိုဏ်ဂူအတွင်း မည်းမှောင်နေ သော်လည်း အမည်ခံ သူတော်စင် တစ်ပါး၏ အမြင်အာရုံကို မတားဆီး နိုင်ချေ။
ထို့ကြောင့် လင်းယွန်က လိပ်နက် အသွင် ပြောင်းနည်းဖြင့်၊ အသက် စွမ်းအင်နှင့် ရောင်ဝါ အပေါ်၊ ထိန်းထား လိုက်သည်။ ပို၍ သေချာသွား စေရန် ငွေလမင်း မျက်နှာဖုံး ကိုလည်း ၀တ်ဆင်ခဲ့၏။
“ သခင်ငယ် ... ရွှေကြာပန်း သစ်ပင်ကြီး ကျန်နေသေးတယ်၊ ဒီလူတွေက တကယ်ကို မျက်စိမရှိဘူး။ ”
လင်းယွန် အတွက် ရင်းနှီးနေသော အသံဖြစ်ချေ၏။ ယင်းမှာ ကြက်သွေးရောင် အမျိုးသမီး ဖြစ်သည်။
သူမ ဘေးတွင် ကျောက်တျန်းယွီ ပါရှိ၏။ ၎င်းတို့က မီးလျှံ ရွှေကြာပန်း သစ်ပင်ကို ယူရန် ရောက်လာခြင်း ပေပင်။
ဆိုလိုသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက် အစစ်အမှန်သည် မီးလျှံ ရွှေကြာပန်းများ ဖြစ်ပုံ မရချေ။
ထို့ကြောင့် ပိုင်ချင်းယွီ ပေးသော အရည်အသွေးနိမ့် ရွှေကြာပန်းများ အပေါ် ဂရုမစိုက်ခဲ့ခြင်း ဖြစ်သည်။
“ သခင်ငယ် စကြတော့ မလား။ ”
“ အလျင် မလိုပါနဲ့။ ”
ကျောက်တျန်းယွီက နတ်မိစ္ဆာ လျှပ်စီး မျက်ဝန်းများကို အသက်သွင်း လိုက်တော့သည်။ ခရမ်းရောင် လျှပ်စီးများ ပြည့်နှက်လာပြီး ဂူတစ်ခုလုံး လင်းသွား၏။
“ မင်း ... သေချာ လိုက်ကြည့် ... ။ ”
နတ်မိစ္ဆာ လျှပ်စီး အလင်းမျက်စိဖြင့် ဤနေရာ၌ မည်သူမျှ မရှိမှန်း အတည်ပြုနိုင် သော်လည်း သတိကြီးစွာ ထားရသည်။
ကြက်သွေးရောင် အမျိုးသမီးက သူ့အမိန့်အတိုင်း လှိုဏ်ဂူအတွင်း လှည့်ပတ် ကြည့်တော့၏။
လှိုဏ်ဂူ နံရံများ၌ ဗုဒ္ဓ ရုပ်ပွားတော်များ ရှိသည်။ တစ်ရုပ်ချင်းစီကို လိုက်လံ စစ်ဆေး ပြီးနောက်၊ လင်းယွန် ပုန်းကွယ် နေသော ကျောက်တုံး အနား ရောက်လာ၏။
“ ဝှစ် ... ။ ”
ထို့နောက် ကျောက်တုံးပေါ် ခုန်တက်ကာ လှည့်ပတ်ကြည့်သည်။ အဆုံးတွင် ခေါင်းညိမ့် ပြီး၊ ကျောက်တျန်းယွီထံ ပြန်သွား၏။
လင်းယွန်က သူမ ဦးခေါင်း အထက် သုံးမီတာအကွာ ဂူမျက်နှာကြတ်၌ ဇောက်ထိုး တွယ်ကပ်နေခြင်း ဖြစ်သည်။
“ ဘယ်သူမှ မရှိဘူး၊ ဟမ့် ... သစ်ပင်က ရွှေရောင် အရွက်တွေ ဘယ်ရောက် ကုန်တာလဲ။ ”
ကြက်သွေးရောင် အမျိုးသမီးက ယခုမှပင် သစ်ပင်ကို စေ့စေ့စပ်စပ် ကြည့်မိသည်။ ပင်စည် ပေါ်ရှိ ပြတ်ရှရာ ကိုမူ သတိ မပြုမိချေ။
ကျောက်တျန်းယွီမှ နတ်မိစ္ဆာ လျှပ်စီး အလင်းမျက်လုံးများကို ပိတ်ပြီး၊
“ အခြား နယ်မြေက လူတွေ ... ခူးယူ သွားခဲ့တာ နေမယ်၊ ဒါပေမယ့် ... ဒါကို ငါတို့ ဂရုစိုက်နေစရာ မလိုပါဘူး။ ”
-ဟု ပြန်လည် ပြောကြား လာ၏။
ပိုင်ယွင်ဖေး သို့မဟုတ် ကျိဟွာယုသည် တစ်စုံတစ်ရာ သတိပြုမိပြီး၊၎င်းတို့၏ ဂိုဏ်းမှ သူတော်စင်များကို ပြန်လည် ခေါ်ဆောင် လာမည်ကို စိုးရိမ် နေခဲ့မိ၏။
ယခုမူ စိတ်ပူစရာ မလိုတော့ချေ။
“ စရအောင် ... ။ ”
ကျောက်တျန်းယွီ စကားကြောင့် ကြက်သွေးရောင် အမျိုးသမီးမှ လျင်မြန်စွာ လှုပ်ရှားမှု စတင်လေသည်။
ရွှေရောင် အမှုန့်ပါသော ကျောက်စိမ်း ပုလင်းကို ထုတ်ပြီး၊ မီးလျှံ ရွှေကြာပန်း သစ်ပင် တစ်ဝိုက်၌ အစီရင်တစ်ခု ခင်းကျင်းလိုက်၏။
ဤဝိညာဉ် ရေးရာ အစီရင်သည် လေးနက်ပြီး ကိုးကွယ်သည့် အခမ်းအနား တစ်ခုလို ခန့်ညား ချေ၏။
သူမ အသွင် သည်ပင် အစီရင် ခင်းကျင်း နေစဉ် ရိုသေလေးမြတ်သော အမူအရာမျိုး ပြသ လာသည်။
( ဒါ ... ယဇ်ပူဇော်ပွဲ တွေမှာ သုံးတဲ့ ရှေးဟောင်း အစီရင် တစ်ခုပဲ ... အနည်းဆုံး သူတော်စင် ရူရ်(၈)လုံးလောက် ... အသုံးပြု ရတယ်၊ အနန္တ နတ်မိစ္ဆာ ယဇ်ပူဇော်ခြင်း အစီရင်လို့ ခေါ်တယ် ...
... အခု သူတို့ ခင်းကျင်းနေတာ ပုံစံငယ်ပဲ၊ ဒါကြောင့် ငါ ... ချက်ချင်း မမှတ်မိတာ၊ သူက ဘာလုပ်မလို့ ကြိုးစား နေတာလဲ။ )
ခရမ်းငယ် စကားကြောင့် လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်၏။ ကျောက်တျန်းယွီ တစ်ယောက် ကြီးကြီး မားမား ကြံစည် နေမှန်း ခံစားမိ၏။
ခဏ အကြာတွင် အနန္တ နတ်မိစ္ဆာ ယဇ်ပူဇော်ခြင်း အစီရင် ပုံစံငယ် ပေါ်လာသည်။ ၎င်းသည် အလွန် ရှုပ်ထွေး သောကြောင့် လင်းယွန် အတွက် ဗဟုသုတ ရစေ၏။
အဝေးမှ ကြည့်ပါက သွေးနီရောင် ပန်းပင်လယ်ကြီး အလား ထင်မှားစေသည်။
“ ယဇ်ပူဇော်မဲ့ ပစ္စည်းတွေ ထုတ်လိုက်။ ”
ကျောက်တျန်းယွီ အမိန့်အတိုင်း ကြက်သွေးရောင် အမျိုးသမီးမှ လက်ဝှေ့ယမ်း လိုက်ပြီး၊ သိုလှောင် လက်ကောက်မှ နတ်ဆိုး သားရဲ အလောင်းများ ထုတ်ယူလိုက်သည်။
အနည်းဆုံး ရာဂဏန်းခန့် ရှိချေ၏။ ထို့နောက် အစီရင်အနှံ့ သားရဲ အလောင်းများ ပစ်ကျဲလျက်၊ ကျန်ရှိနေသော သားရဲ အလောင်း များကို သစ်ပင်ပေါ် ပစ်တင်လိုက်သည်။
ရွှေကြာပန်း သစ်ပင်က လျင်မြန်စွာ ဝါးမျိုလိုက်ရာ သားရဲ အလောင်းများ ခမျာ ချက်ချင်း အရိုးကျ သွားတော့သည်။
အလောင်းများ အားလုံးသည် အမည်ခံ သူတော်စင် နတ်ဆိုး သားရဲများ ဖြစ်ကြသည်။ ကြက်သွေးရောင် အမျိုးသမီးက နောက်ထပ် နတ်ဆိုး အလောင်း တစ်ရာကို ပစ်ကျွေး လိုက်ပြန်၏။
“ သားရဲ အလောင်းတွေ ကုန်သွားပြီ သခင်ငယ်။ ”
နှစ်ယောက်သား သားရဲ အလောင်း တစ်ရာကျော်ကို ဝါးမျိုနေသော ရွှေကြာပန်း သစ်ပင်ထံ ကြည့်မိ၏။
ဝါးမျိုနေစဉ် သစ်ပင်က တဖြည်းဖြည်း ကျုံ့ဝင်လာသည်။ သို့သော် ကျေနပ်ပုံ မပြဘဲ ကျုံ့ခြင်းမှ ရပ်သွား၏။
“ ဝှစ် ... ။ ”
ကျောက်တျန်းယွီမှ သူတော်စင် အဆင့် သားရဲအလောင်းကို ထုတ်ကာ ထပ်မံ ပစ်ကျွေး လိုက်သည်။
ဤသူတော်စင် နတ်ဆိုး သားရဲသည် မီတာပေါင်းများစွာ ကြီးမားသော ခန္ဓာကိုယ် ပိုင်ဆိုင်ထား၏။
သေနေသည့်တိုင် ကြောက်မက်ဖွယ် ကောင်းသော သူတော်စင် ရောင်ဝါများ ပေးစွမ်း နေသေးသည်။
မီးလျှံ ရွှေကြာပန်းမှ စိတ်လှုပ်ရှား လာပြီး၊ ၎င်းကို အရသာ ရှိသော စားပွဲတော် ကဲ့သို့ပင် ချက်ချင်း ဝါးမြိုတော့၏။
“ ဒီလောက်ဆို ... အဆင်ပြေပြီ ထင်တယ်။ ”
ကြက်သွေးရောင် အမျိုးသမီးက နဖူးမှ ချွေးများကို သုတ်လျက် သက်ပြင်းချ လိုက်မိ လေသည်။
“ မလုံလောက်ဘူး ... ဒီအတွက် နတ်သွေးဆယ်စက် ငါ ပြင်ဆင်ထားတယ်။ ”
ကျောက်တျန်းယွီက သူမ စကားကြောင့် ပြုံးကာ ဖြည့်စွက် ပြောကြားလိုက်၏။ အရာရာ သူ့တွက်ချက်မှု အတွင်း ရှိနေသကဲ့သို့ လက် နှစ်ဖက် နောက်ပစ်ကာ ရပ်နေခဲ့သည်။
ဤမြင်ကွင်းကြောင့် လင်းယွန်ကို စိတ်မသက်မသာ ဖြစ်လာစေသည်။ တစ်ဖက်လူ အနေဖြင့် ကိစ္စကြီး တစ်ခုကို လုပ်ဆောင် နေကြောင်း ပြောနိုင်ချေပြီ။
***