← Chapters

စစ်ဆေးမှုအကြောင်း

Vol. 101 Ch. 1395

စစ်ဆေးမှုအကြောင်း

Vol. 101 Ch. 1395

ထိုသတင်းက ဂိုဏ်းကြီးသုံးဂိုဏ်းအနှံ့ အလျင်အမြန် ပျံ့နှံ့သွားလေသည်။

ထိုစစ်ဆေးမှုက အားလုံး၏ အာရုံကို ဖမ်းစားသွားခဲ့၏။ နှစ်များစွာ ကျင့်ကြံနေသည့် ကျင့်ကြံသူတချို့ကပင် လှုပ်ရှားကာ ထွက်လာဖို့ ရွေးချယ်ကြသည်။

အကြောင်းအရင်းကမူ ဤသည်က သာမန်စစ်ဆေးမှု တစ်ခုမဟုတ်ဘဲ ထင်းယွိမြို့သခင် ကျင်းပသည့် စစ်ဆေးမှု ဖြစ်၏။

ထင်းယွိမြို့သခင်က စစ်ဆေးမှုမှ ပထမရသည့် လူကို ရွေးချယ်ကာ တိုက်ရိုက်တပည့်များအဖြစ် လက်ခံမည် ဖြစ်၏။ ဤနှစ်များတစ်လျှောက် ထင်းယွိမြို့သခင်က စစ်ဆေးမှု ၃ကြိမ်သာ ကျင်းပခဲ့ဖူးသည်။

ထိုတပည့်သုံးယောက်က ထင်းယွိမြို့၏ အာရုံစိုက်မှုကို ဖမ်းစားထားလေ၏။ အဆုံးသတ်၌ သူတို့၏ ထင်းယွိစည်းမျဉ်းဥပဒေသအပေါ် ဉာဏ်အလင်းပွင့်မှုကြောင့် သူတို့က ယခုအချိန်အထိ သီးသန့်ကျင့်ကြံဖို့သာ ရွေးချယ်ကြပြီး သူတို့က လူအများကြီးရှေ့ ထွက်ပေါ်လာခြင်း မရှိပေ။ သို့သော်လည်း သူတို့၏ ဂုဏ်သတင်းကို ထင်းယွိမြို့မှ ကျင့်ကြံသူများက အမြဲတမ်း အမှတ်ရနေဆဲသာဖြစ်၏။

ထင်းယွိမြို့သခင်၏ တပည့်တစ်ယောက် ဖြစ်လာဖို့အတွက် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ကျင့်ကြံသူ ဖြစ်ဖို့ လိုအပ်သည်။ ထို့ကြောင့် စစ်ဆေးမှုကို ကြေညာလိုက်သည့်အခါ ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များ၏ စိတ်လှုပ်ရှားမှုက ပေါ်ထွက်လာလေ၏။ ပထမနေရာအတွက် အရည်အချင်းပြည့်မှီသည်ဟု သတ်မှတ်သူတိုင်းက တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နှက်လာကြသည်။

တစ်ချိန်တည်းဆိုသလို ပထမနေရာကို ရယူနိုင်သည့်သူကိုသာ ထင်းယွိမြို့သခင်က တပည့်အဖြစ် လက်ခံမည်ဖြစ်သော်လည်း ဒုတိယနှင့် တတိယနေရာများတွင်လည်း အံ့မခန်းဆုလာဘ်များ ရှိ၏။ ဤသည်က ထိပ်တန်း အယောက်ဆယ်ယောက်အတွက် အတူတူဟု ဆိုရပေမည်။ သူတို့ရရှိမည့် ဆုလာဘ်များက သူတို့သီးသန့်ကျင့်ကြံရေး ဝင်ရောက်စဉ်ထက် ဆယ်ဆမက ကြီးမားလေ၏။

ထိုအကြောင်းအရင်းကြောင့် ပထမနေရာအတွက် ယှဉ်ပြိုင်ဖို့ရာ အရည်အချင်း မပြည့်မှီသည့် ကျင့်ကြံသူများကပင် စိတ်လှုပ်ရှားနေကြသည်။ သို့သော်လည်း ဂိုဏ်းကြီးသုံးဂိုဏ်းအနက် သတင်းများ ပျံ့နှံ့လာသည်နှင့် ကျင့်ကြံသူများက အရူးအမူး ဖြစ်နေကြစဉ် သူ့ဂူထဲ သီးသန့်ကျင့်ကြံနေသည့် ဝမ်ပေါင်လဲ့က ရုတ်ချည်း မျက်လုံးဖွင့်လာ၏။ သူက လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်လိုက်စဉ် ကြေညာချက်၏ ပါဝင်အကြောင်းအရာများက သူ့စိတ်ထဲ ပဲ့တင်ထွက်လာ၏။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် သူ့အကြည့်များက တောက်ပလာသည်။

အကယ်၍ စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်များကသာ သူ့ကို သတိမပေးခဲ့ပါက ဝမ်ပေါင်လဲ့က ထိုစစ်ဆေးမှုအကြောင်း သိမည် မဟုတ်ကြောင်း ဝန်ခံရပေမည်။ သို့သော်လည်း ကိစ္စများက ယခုအခါ ကွဲပြားသွားလေ၏။ စိတ်ခံစားချက် ၇ပါးမြို့သခင်၏ စကားများဖြင့် ဝမ်ပေါင်လဲ့က ထိုနောက်ကွယ်မှ အမှန်တရားကို သိဖို့ အရည်အချင်း ပြည့်မှီသွားသည်။

“နံပါတ်တစ် ဖြစ်လာရင် ထင်းယွိမြို့သခင်ဆီကနေ တပည့်အဖြစ် လက်ခံဖို့ဆိုတာ တကယ်တမ်းတော့  ပူးကပ်ခံလိုက်ရတာပဲ။ ဒီလိုနည်းနဲ့သာ ကြည့်မယ်ဆိုရင် ပထမသုံးကြိမ်လုံးကလည်း အတူတူပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့်  ပထမတပည့်သုံးယောက်လုံးကလည်း သီးသန့်ကျင့်ကြံရေးဝင်ရောက်ပြီးတော့ လူအများရှေ့ ပေါ်ထွက်မလာတာပဲ။ တကယ်တော့ အဲဒီတပည့်သုံးယောက်က ထင်းယွိမြို့သခင်ရဲ့ ကိုယ်ပွားသုံးယောက် ဖြစ်လာပြီးပြီ။ သူတို့က အခု ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်တွေပဲ။”

ဝမ်ပေါင်လဲ့က ခေါင်းအသာယမ်းလိုက်သော်လည်း သူ့စိတ်ထဲမှ တိုက်ခိုက်လိုစိတ်က ဖြည်းဖြည်းချင်း မြင့်တက်လာသည်။

သူ လိုချင်သည့်အရာက တခြားသူများနှင့် ကွဲပြား၏။ သူက ပထမနေရာကို လိုချင်ရုံသာမကဘဲ ထင်းယွိစည်းမျဉ်းဥပဒေသ၏ ၃၀ရာခိုင်နှုန်းကိုလည်း လိုချင်သည်။

သူ လိုချင်သည့်အရာက ထင်းယွိမြို့သခင် သူ့ခန္ဓာကိုယ်ကို ပူးကပ်စေဖို့ ဖြစ်၏။ ထိုအခါ သူက အားလုံးကို ပြောင်းပြန်လှန်ကာ တစ်ဖက်သူဆီမှ အရာအားလုံးကို  ခိုးယူပြီး သူ့အတွက် အာဟာရအဖြစ် ပြောင်းလဲပစ်လိုက်မည်။

“ငါ ဒီလိုလုပ်လိုက်တာနဲ့ ထင်းယွိစည်းမျဉ်းဥပဒေသအရ ထင်းယွိမြို့သခင်ထက် နိမ့်ကျနေသေးတယ်ဆိုပေမဲ့ ထင်းယွိမြို့သခင်ကိုယ်တိုင် တိုက်ခိုက်လာတယ်ဆိုရင်တောင် သူက ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။ ငါတို့ရဲ့ စည်းမျဉ်းဥပဒေသကြားက ကွာဟချက်က အရမ်းကြီး မကြီးတော့ဘူး”

သူက ထိုအကြောင်းကို တွေးနေရင်း ဝမ်ပေါင်လဲ့၏ အကြည့်က မီးတောက်အဖြစ် တောက်လောင်လာသည်။

ထိုမီးတောက်ထဲတွင် ရည်မှန်းချက်တစ်ခု ရှိနေဟန်ပေါ်၏။

ရည်မှန်းချက် တောက်လောင်လာသည့်အခါ ဝမ်ပေါင်လဲ့က မျက်လုံးကိုမှိတ်ထားပြီး သူ့ခန္ဓာကိုယ်ထဲမှ ဂီတသင်္ကေတများကို နားလည်အောင် ဆက်လက်လုပ်လိုက်သည်။ သူက အချိန်ကုန်သွားဖို့ တိတ်တဆိတ် စောင့်ဆိုင်းနေလေ၏။ အသိပေးချက်အရ စစ်ဆေးမှုသည် လဝက်အကြာတွင် ကျင်းပမည် ဖြစ်သည်။

တစ်ချိန်တည်းဆိုသလို လေးကြိုးမျဉ်းဂိုဏ်း၏ တာအိုကလေးငယ် ယွဲ့လင်းကျစ်ကလည်း စိတ်လှုပ်ရှားနေမိသည်။ သူမက ပထမနေရာကို ရယူကာ နံပါတ်တစ်ဖြစ်လာဖို့ အပြည့်အဝ ယုံကြည်ချက်မရှိပေ။

“ကျင့်ကြံဆင့်တွေ မသိရသေးတဲ့ ယခင်လူဟောင်းတွေအပါအဝင် အရေးကြီးဆုံးက ဂီတတာအိုဂိုဏ်းရဲ့ ယင်ရှီပဲ။”

 ဂီတတာအိုဂိုဏ်းတွင် တာအိုကလေးငယ်နှစ်ယောက်ရှိပြီး တစ်ယောက်က ကျုံးဟိန်ကျစ်ဖြစ်ကာ နောက်တစ်ယောက်က ယင်ရှီ ဖြစ်သည်။ ပထမတစ်ယောက်က ဂီတအပေါ်စွဲလမ်းပြီး နာမည်ကျော်ကြား၏။ နောက်တစ်ယောက်ကမူ လျှို့ဝှက်ဆန်းကြယ်ကာ သိုသိုသိပ်သိပ်နေလေ့ ရှိသည်။ အပြင်လူများက သူ့နာမည်ကိုသာ သိကြပြီး လူကိုယ်တိုင် မြင်တွေ့ရခဲသည်။

ယွဲ့လင်းကျစ်သိထားသလောက် သူမက သူ့ဂိုဏ်းမှ ရှစ်လင်းကျစ်အပါအဝင် တခြားသော တာအိုကလေးငယ်များကို အနိုင်ပိုင်းဖို့ ယုံကြည်ချက် ရှိ၏။

ယင်ရှီ တစ်ယောက်တည်းကပဲ…

ထို့ကြောင့် ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ယွဲ့လင်းကျစ်က မပြီးပြည့်စုံသည့် ဂီတတေးသွားတစ်ခုကို ညင်ညင်သာသာ ထုတ်ယူလိုက်ပြီး သူ့မျက်ဝန်းအထက် တုံ့ဆိုင်းသည့်အရိပ်အယောင်များ ပေါ်ထွက်လာသည်။

တစ်ချိန်တည်းဆိုသလို ရှစ်လင်းကျစ်က စစ်ဆေးမှုအတွက် ပြင်ဆင်နေလေ၏။ သို့သော်လည်း ယွဲ့လင်းကျစ်၏ နံပါတ်တစ်ဖြစ်လာဖို့ ရည်မှန်းချက်နှင့် ယှဉ်လိုက်ပါက ရှစ်လင်းကျစ်သည် ဤသည်က ရန်သူကို ရှာဖွေဖို့ အခွင့်အရေးကောင်း တစ်ခုဖြစ်ကြောင်း ခံစားမိ၍ ကြိုးပမ်းနေခြင်းသာ ဖြစ်၏။

ရန်သူအပေါ် သူ့မှတ်ဉာဏ်များအရ တစ်ဖက်သူသည် အလွန်တရာအားကောင်းကာ ထိပ်တန်းဆယ်ယောက်တွင် ပါနိုင်ကြောင်း ခံစားမိသည်။ တစ်ဖက်သူက ချုပ်တည်းမထားသရွေ့  ရှစ်လင်းကျစ်က သူ့ကို သေချာပေါက် ရှာတွေ့လိမ့်မည်။

“ငါ မင်းကို သေချာပေါက် ရှာပြမယ်။ ပြီးရင် လက်စားချေပြမယ်”  ရှစ်လင်းကျစ်က အေးစက်စက် သရော်လိုက်သည်။

သို့သော်လည်း သူက တစ်ဖက်သူကို ရှာမတွေ့နိုင်ချေရှိကြောင်း နားလည်ထား၏။

အကယ်၍ ထိုသူက ချုပ်တည်းထားပြီး ဤစစ်ဆေးမှုတွင် မပါဝင်ပါက ရှစ်လင်းကျစ်သည် အလွန်ပျော်ရွှင်မိလိမ့်မည်။ ထိုသူက စစ်ဆေးမှုအတွင်း ပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မှီသော်လည်း ရှစ်လင်းကျစ်ကြောင့် မပါဝင်နိုင်ခြင်း ဖြစ်၏။ ထိုသို့ဆုံးရှုံးမှုမျိုးက ရှစ်လင်းကျစ်၏ ပျော်ရွှင်မှုဇစ်မြစ်သာ ဖြစ်ပေသည်။

တူညီလှစွာ တခြားသောဂိုဏ်းတစ်ခုမှ တာအိုကလေးငယ်များကလည်း ပြင်ဆင်နေကြသည်။ ဟိန်ချင်းဂိုဏ်းမှ ရုပ်ချောချော အမျိုးသားကျင့်ကြံသူနှစ်ဦး ဖြစ်စေ၊ ဂီတအပေါ် ရူးသွပ်နေသည့် ကျုံးဟိန်ကျစ်ဖြစ်စေ သူတို့အားလုံးက တိုးတက်အောင် ကြိုးပမ်းနေကြ၏။

ထို့အပြင် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ယခင်မျိုးဆက်ဟောင်းမှ ကျင့်ကြံသူများကလည်း အတူတူသာ ဖြစ်၏။ သူတို့က ကမ္ဘာကြီးဆီ သူတို့၏ တောက်ပမှုကို ထုတ်ပြဖို့ စီစဉ်နေကြသည်။

ဤသို့ဖြင့် လဝက်ခန့် ကုန်ဆုံးသွားလေ၏။

စစ်ဆေးမှုနေ့ရက် ကျရောက်လာသည့်အချိန် ဂိုဏ်းကြီးများအနှံ့ ခေါင်းလောင်းသံများ ပဲ့တင်ထွက်နေသည်။ တစ်ချိန်တည်းဆိုသလို ဂိုဏ်းကြီးသုံးဂိုဏ်း၏ တပည့်တိုင်းက အကြည့်များ တောက်ပနေကြ၏။

ထိုအလင်းက ကူးသန်းပြောင်းရွှေ့မှုဖြင့် ပြည့်နှက်နေသည်။ စစ်ဆေးမှုကို ပါဝင်ဆင်နွှဲလိုသည့် တပည့်များက စာရင်းပေးစရာပင် မလိုအပ်ပေ။ သူတို့လုပ်ဖို့ လိုအပ်သည့်အရာက သူတို့၏ နတ်ဘုရားအသိစိတ်ကို ကျောက်စိမ်းပြားထဲ ထည့်သွင်းလိုက်သည့်အချိန် စစ်ဆေးမှုနေရာသို့ ကူးသန်းပို့ဆောင်ခံလိုက်ရမည် ဖြစ်သည်။

စစ်ဆေးမှု၏ ပုံစံက ပါဝင်ဆင်နွှဲသူများထံ ချပြထားခြင်း မရှိပေ။ ယခင်က တချို့သည် ပါဝင်ဆင်နွှဲကြသော်လည်း စမ်းသပ်မှုများစွာ ရှိသည့်အတွက် ဤတစ်ကြိမ် ဘယ်လိုဖြစ်မလဲ မည်သူကမှ မသိကြပေ။

သို့သော်လည်း ဝမ်ပေါင်လဲ့အတွက် မည်သည်ကမှ အရေးမကြီးပေ။ သူက လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်နေရင်း သူ့ခန္ဓာကိုယ်ထဲမှ ဂီတသင်္ကေတသည် တစ်သိန်းနီးပါးအထိ ရောက်ရှိသွားသည်ကို ခံစားမိလိုက်၏။ သူက နောက်ဆုံးတွင် ပြီးပြည့်စုံသည့် ရှေးဟောင်းဂီတတစ်ပုဒ် ဖန်တီးနိုင်ခဲ့ပြီ ဖြစ်၏။ သူ့အကြည့်များက တောက်ပလာကာ နတ်ဘုရားအသိစိတ်ကို ကျောက်စိမ်းပြားထဲ ထည့်သွင်းလိုက်သည့်အချိန် သူက ပျောက်ကွယ်သွားလေသည်။

တစ်ချိန်တည်းဆိုသလို ဂီတတာအိုဂိုဏ်းကို ကိုယ်စားပြုသည့် တောင်အနက်ပိုင်းတွင် အနက်ရောင် မီးတောက်များကြား ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။

ထိုပုံရိပ်၏ အရှိန်အဝါက အားဖျော့လွန်းပြီး သူ့အမူအရာက နာကျင်နေလေ၏။ သူ့ခန္ဓာကိုယ်က အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး ပြိုလဲလုနီးပါး ဖြစ်နေသည်။ သူက အကောင်းဆုံးကြိုးစားကာ တောင့်ခံထားရဟန်ပေါ်သည်။ သူက သေမင်းခံတွင်းဝတွင် ရုန်းကန်နေရင်း မျက်လုံးဖွင့်လာသည်။ သူ့မျက်ဝန်းအထက် အနက်ရောင်ဟူ၍ မရှိဘဲ အဖြူရောင်အလွှာအဖြစ် ဖုံးကွယ်ခံထားရ၏။

မျက်လုံးဖွင့်လိုက်သည့်အချက်ကပင် သူ့အား အင်မတန် နာကျင်စေဟန်ပေါ်သည်။

သို့သော်လည်း ထိုပုံရိပ်က မျက်လုံးဖွင့်ဖို့ ရုန်းကန်ရင်း ရှေ့ကို ကြည့်လိုက်၏။

All Chapters