တာအိုမျိုးစေ့
Vol. 101 Ch. 1404
တကယ်တော့ ရှစ်လင်းကျစ်က ဝမ်ပေါင်လဲ့နှင့် တိုက်ခိုက်သမျှလူများထဲ ဝမ်ပေါင်လဲ့ကို သတိထားမိသည့် နောက်ဆုံးလူဟု ဆိုရပေမည်။
သူ့ယခင်တိုက်ပွဲများထဲ ဝမ်ပေါင်လဲ့နှင့် တိုက်ခိုက်ခဲ့ကြသည့် ကျင့်ကြံသူများက သူတို့တွေ့ကြုံခဲ့ရသည့် ဂီတသင်္ကေတအကြောင်း ကောင်းကောင်းသိထားကြသည်။
သို့သော်လည်း သူတို့က မာနကြီးခြင်းလား ဒါမှမဟုတ် ပြောဖို့ရာ ခက်ခဲသည်လား ဒါမှမဟုတ် သူတို့ကိုယ်တိုင် ဂီတသင်္ကေတဖြင့် တွေ့ကြုံခဲ့ရသည့်အတွက် တခြားလူများကိုပင် ထပ်တူ ခံစားစေလို၍လား မသိသော်လည်း သူတို့က တစ်ခါမှ ထုတ်မပြောကြပေ။
“ဒီအမူအရာမျိုး … ရှစ်လင်းကျစ်ကလည်း ငါတို့ထဲက တစ်ယောက်ပဲကွ ”
“ငါလည်း အရင်က အဲလို ခံစားခဲ့ရတာ။ ဟားဟား အခုတော့ တခြားလူတွေကို အဲလိုမြင်လိုက်ရတဲ့အခါ စိတ်အေးသွားသလိုပဲ”
“အဲကောင်စုတ် … ငါ သူ့ကို ဆက်မမုန်းတော့သလိုပဲ။ ငါ့လိုမျိုး တခြားလူတွေ ဖြစ်သွားတာကို မြင်ချင်တယ်” ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့နှင့် တိုက်ခိုက်ခဲ့ကြသည့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များက ပျော်ရွင်နေကြလေသည်။ သူတို့စိတ်ထဲမှ မှုန်မှိုင်းမှုများပင် လျော့ကျသွားလေသည်။
ပွဲအရေအတွက် နည်းပါးသွားမှုက ကြည့်ရှုသူအရေအတွက် ပိုတိုးလာကြောင်း ပြသနေသည်။ တခြားနည်းဖြင့်ပြောရလျှင် ဝမ်ပေါင်လဲ့ကြောင့် ရှုံးနိမ့်သွားသည့် ကျင့်ကြံသူများက ယခုအခါ စိတ်အခြေအနေကောင်းနေကြ၏။ နောက်ဆုံးအဆင့်တွင် ဝမ်ပေါင်လဲ့နှင့် တိုက်ခိုက်ခဲ့ကြသည့် လူများက ယခုအခါ ထိုလူဟောင်းများထက် ပိုနိမ့်ကျသွားလေပြီ။ သူတို့က တာအိုကလေးငယ်ပင် သူတို့လိုမျိုး တူညီသည့် ကံကြမ္မာရှိထားကြောင်း မြင်လိုက်ရသည့်အခါ ပိုမို ပျော်ရွင်လာမိသည်။ သူတို့က စိတ်အားတက်ကြွမှုကိုပင် ခံစားမိလိုက်ကြသည်။
“နှမြောစရာပဲ … ငါ ယွဲ့လင်းကျစ် ဖြစ်သွားမှာကို မြင်ချင်တာ”
“ငါရောပဲ ”
“ ယွဲ့လင်းကျစ်ကို အဲဒီကောင်စုတ်နဲ့ တိုက်ဖို့ အကြံပြုချင်တယ် ”
ဝမ်ပေါင်လဲ့နှင့် တိုက်ခိုက်ခဲ့ကြပြီးသည့် ကျင့်ကြံသူများတွင် နောက်ထပ် မျှော်လင့်ချက်များ ရှိလာကြသည်။ တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့နှင့် အဖြူရောင်ချပ်ဝတ် ရှိနေသည့် ပူဖောင်းကမ္ဘာအတွင်း နားကွဲလုမတတ် အော်သံဖြင့် ပြည့်နှက်နေသည်။ ဝမ်ပေါင်လဲ့၏ ၆၀ ရာခိုင်နှုန်း ပါဝင်နေသည့် ထပ်ဆင့်ဂီတသင်္ကေတ စွမ်းအားက ပေါက်ထွက်လာကာ ဗျပ်စောင်းနှင့် ရေခဲဗျပ်စောင်းများ၏ ကြိုးများကို ပြတ်တောက်သွားစေသည်။ ထိုအရာက ကမ္ဘာမြေတုန်လုမတတ် အရှိန်အဝါအဖြစ် ပြောင်းလဲသွားပြီး အဖြူရောင်ချပ်ဝတ်ရှေ့ ပေါက်ကွဲထွက်သွားသည်။ သူ့မျက်နှာအထက် မယုံကြည်နိုင်မှုများ ပေါ်ထွက်လာကာ အမူအရာ,ပြောင်းလဲသွား၏။
ဖူး
အဖြူရောင်ချပ်ဝတ်က လုံးလုံး မရှောင်ရှားနိုင်ခဲ့ပေ။ ထိုအရာကို ခုခံဖို့ အကောင်းဆုံး ကြိုးစားလျှင်ပင် အသုံးမဝင်ပေ။ သူ့ပါးစပ်မှ သွေးများ စီးကျလာကာ ခန္ဓာကိုယ်၏ ချွေးပေါက်များမှ သွေးများ စိမ့်ထွက်လာ၍ အဖြူရောင်ဝတ်ရုံပင် သွေးနီရောင်ပြောင်းသွား၏။ သူ့ခန္ဓာကိုယ်က ကြိုးပြတ်စွန်သဖွယ် ဖြစ်နေပြီး လွင့်ထွက်သွားကာ ပူဖောင်းနံရံနှင့် ဝင်တိုက်သွားသည်။
ဝမ်ပေါင်လဲ့က ရှေ့တိုးလာရင်း အကြည့်ထဲ အေးစက်မှုတို့ ဖြတ်ပြေးသွားသည်။ သူက တစ်ဖက်လူ ပြသခဲ့သည့်အထဲ သတ်ဖြတ်ငွေ့ကို ခံစားမိသည့်အတွက် ထိုလူကို မည်သို့အလွယ်တကူ လွတ်ပေးနိုင်မည်နည်း။ သူက ရှေ့တိုးလိုက်ရင်း ညာဘက်လက်ကို မြောက်ကာ အဖြူရောင်ချပ်ဝတ်ကို ဆုပ်ကိုင်တော့မည် ဖြစ်၏။
သို့သော်လည်း ထိုအခိုက်အတန့် အားကောင်းသည့် စွမ်းအားတစ်ခုက ပူဖောင်းကမ္ဘာထဲ ဆင်းသက်လာကာ ဝမ်ပေါင်လဲ့၏ လမ်းကို တားဆီးမည့် အကာအရံတစ်ခု ဖြစ်လာစေသည်။ ဝမ်ပေါင်လဲ့၏ ညာဘက်လက်က ထိုအကာအရံနှင့် ထိတွေ့သွား၏။
အသံကျယ်ကြီးနှင့်အတူ ပူဖောင်းက အပြင်းအထန် တုန်ခါသွားပြီး ဝေဝါသွားသည်။ အပြင်ဘက်မှ စောင့်ကြည့်နေကြသည့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများကလည်း တုန်လှုပ်အံ့ဩသွားကြသည်။ သူတို့မြင်လိုက်ရသည့်အရာက ဝမ်ပေါင်လဲ့နှင့် အဖြူရောင်ချပ်ဝတ်တို့၏ ပူဖောင်းကမ္ဘာသည် တစ်ခုခု လွှမ်းခြုံခံလိုက်ရသလိုမျိုးသာ ဖြစ်၏။ အရာအားလုံး အဖုံးခံလိုက်ရ၍ သူတို့က ဘာမှမမြင်ရတော့ပေ။
ထိုပူဖောင်းကမ္ဘာအတွင်း ဝမ်ပေါင်လဲ့၏ ညာဘက်လက်က အကာအရံနှင့် ထိတွေ့သွားသည့်အချိန် သူ့ခန္ဓာကိုယ်က တုန်ယင်သွားပြီး ပေရာချီ နောက်ဆုတ်လိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။ သူ့ခန္ဓာကိုယ်ထဲမှ ထပ်ဆင့်ဂီတသင်္ကေတများက လက်မလျော့လိုဟန်ဖြင့် ပေါက်ကွဲထွက်လာမည် ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့က ကောင်းကောင်းထိန်းချုပ်ထားလိုက်၏။ သူက ခေါင်းမော့ကြည့်လိုက်သည့်အခါ မှုန်ဝါးဝါးပုံရိပ်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။
“အရှင် ဒီတပည့်က နည်းနည်းလက်မခံနိုင်ပါဘူး”ဝမ်ပေါင်လဲ့က နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ကာ ပြောလိုက်သည်။ သူက မလိုလားသည့် အမူအရာမျိုးဖြင့် ကလေးတစ်ယောက်လိုမျိုး တလေးတစား ပြောလိုက်သည်။
ထို့နောက် မှုန်ဝါးဝါးပုံရိပ်ဆီမှ ဖိနှိပ်အားတချို့ ထွက်လာသည်။ ဝမ်ပေါင်လဲ့၏ အာရုံဖြင့် သူက တစ်ဖက်လူ၏ ဇစ်မြစ်ကို ချက်ချင်း သဘောပေါက်သွား၏။
ဒီလူက ထင်းယွိမြို့သခင်ပဲ …
သို့သော်လည်း ဝမ်ပေါင်လဲ့က ဘယ်ကိုယ်ပွားလဲ မသိသေးပေ။ ထိုအခိုက်အတန့်၌ သူက မခံမရပ်နိုင် ဖြစ်နေသော်လည်း စိတ်လှုပ်ရှားနေမိသည်။ သူက မှုန်ဝါးဝါး ပုံရိပ်က အဖြူရောင်ချပ်ဝတ်၏ နဖူးကြား ထိတွေ့လိုက်သည်ကို ကြည့်နေလိုက်သည်။ ထို့နောက် အဖြူရောင်ချပ်ဝတ်က ကူးသန်းပြောင်းရွေ့ခံလိုက်ရ၏။ မှုန်ဝါးဝါးပုံရိပ်က ဝမ်ပေါင်လဲ့အား ကြည့်လာကာ တည်ငြိမ်စွာ ပြောလာ၏။
“ မင်းက လက်မခံနိုင်ဘူးတဲ့လား ”
ဤသည်က စကားတစ်ခွန်းမျှ ဖြစ်သော်လည်း ဝမ်ပေါင်လဲ့၏ နားထဲ ကြားလိုက်ရသည်နှင့် သူ့ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူ့လျို့ဝှက်ချက်အားလုံးက ထိုအသံရှေ့ အကုန်ပေါက်ကြားသွားသကဲ့သို့ ဖြစ်၏။
ထိုစကားထဲတွင် ခြိမ်းခြောက်မှုတို့ ပါဝင်နေသည်။ ဝမ်ပေါင်လဲ့သာ ရုန်းကန်လိုက်သည်နှင့် မိုးကြိုးချက် ဆင်းသက်လာကာ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အပြီးတိုင် ဖျက်ဆီးပစ်တော့မည့်ပုံလိုမျိုး ဖြစ်၏။
ဝမ်ပေါင်လဲ့က ဉာဏ်ရှိသူတစ်ယောက်သည် အခြေအနေကို မည်သို့လိုက်လျော့ညီထွေနေရမလဲ ကောင်းကောင်း သိထားသည်။ ခတ္တမျှတိတ်ဆိတ်နေပြီးသည့်နောက်တွင် သူက ထင်းထွက်ဖို့ မရွေးချယ်လိုက်ဘဲ အသံတိုးတိုးဖြင့် ပြောလိုက်၏။
“ ဒီတပည့် လက်ခံပါတယ် ”
သူ့လက်ခံလိုက်မှုက တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို လျော့ကျသွားစေသည်။ လက်တွေ့၌ အမှန်အတိုင်း ဤသို့သာ ဖြစ်၏။ ထင်းယွိမြို့ထဲ ထင်းယွိမြို့သခင်က အထွတ်အထိပ် ဖြစ်၏။ ထိုသို့သော သင်ကြားမှုကို လက်ခံရသည့် တပည့်တိုင်းက မငြင်းဆန်ရဲပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့က ထူးကဲအောင်လုပ်ပြီး ထင်းယွိမြို့သခင်၏ မျက်လုံးထဲ ထင်းနေဖို့ ရွေးချယ်ထားလျှင်ပင် သူ့ကို စောင့်ကြိုနေမည့်အရာက ဖိနှိပ်မှုသာ ဖြစ်လိမ့်မည်။
တစ်ခြားတစ်ဖက်တွင် သူက ခေါင်းငုံ့ဖို့ ရွေးချယ်လိုက်၏။ ဤသည်က သာမန်ကိစ္စသာ ဖြစ်၏။
ထိုဖိနှိပ်မှု ပျောက်ကွယ်သွားသည်နှင့် မှုန်ဝါးဝါးပုံရိပ်က ဝမ်ပေါင်လဲ့ဆီမှ အကြည့်ရုတ်သိမ်းသွား၏။ ထိုသူ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားတော့မည့်ဆဲဆဲတွင် ပူဖောင်းက ရုတ်ချည်းဆိုသလို နောက်ကျိမှု နည်းပါးလာသည်။ သို့သော်လည်း ထိုပုံရိပ်က အပြီးတိုင် ထွက်မသွားခင် ရုတ်ချည်းဆိုသလို လက်မြောက်ကာ ဝေ့ယမ်းလိုက်ပြီး အကာအရံကို ထိုးဖောက်လာသည့် ကျောက်စိမ်းပြားတစ်ခုက ဝမ်ပေါင်လဲ့ရှေ့မှောက် ရောက်ရှိလာသည်။
“ဒါက မင်းရဲ့ ဆုလာဘ်ပဲ ”
ထိုစကားများ ပြောပြီးသည်နှင့် မှုန်ဝါးဝါးပုံရိပ်က အပြီးတိုင် ပျောက်ကွယ်သွားလေသည်။ ဝမ်ပေါင်လဲ့က ကျောက်စိမ်းပြားကို ကောက်ယူလိုက်ရင်း အသက်ရှုနည်း အနည်းငယ် မြန်ဆန်လာမိ၏။ ထို့နောက် သူက နတ်ဘုရားအသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ထိုအထဲတွင် ဂီတသင်္ကေတတစ်ခုတည်းသာ ရှိနေကြောင်း မြင်လိုက်ရသည်။
ထိုအရာက သက်ရှိအားလုံး၏ အသံပါဝင်နေဟန်ပေါ်သည့် ဂီတသင်္ကေတ ဖြစ်၏။
“တာအိုမျိုးစေ့”
ဝမ်ပေါင်လဲ့က ထိုသင်္ကေတ၏ ဇစ်မြစ်ကို ချက်ချင်း သတိထားမိသွားသည်။ ထိုဂီတသင်္ကေတက ထင်းယွိစည်းမျဉ်းဥပဒေသ၏ တာအိုမျိုးစေ့ ဖြစ်၏။ ထိုအရာက ပူးကပ်မှုအတွက် အင်မတန် အရေးကြီးသည့် အုတ်မြစ်တစ်ခုလည်း ဖြစ်ပေသည်။
ဒါက စိတ်ခံစားချက်ခုနှစ်မျိုး ပြောထားသလိုပဲ … ငါသာ ဒီစစ်ဆေးမှုမှာ ပထမရသရွေ့ ပူးကပ်သူ ဖြစ်လာဖို့ အခွင့်အရေးရှိတယ် …
တကယ်လို့ ငါ့ဆီမှာ တာအိုမျိုးစေ့ မရှိရင်တောင် တာအိုမျိုးစေ့ အပေးခံရမှာပဲ …
အခု တာအိုမျိုးစေ့ ရှိပြီဆိုတော့ ပထမနေရအတွက် ကြိုးပမ်းရမယ် …
ဝမ်ပေါင်လဲ့က အသက်ရှိုက်စာအနည်းငယ် တိတ်ဆိတ်နေ၏။ သူက ရုတ်ချည်းဆိုသလို ကျောက်စိမ်းပြားကို ဆုပ်ကိုင်ကာ တာအိုမျိုးစေ့ကို စုပ်ယူလိုက်သည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ ပေါင်းစည်းသွားကာ သူ့ခန္ဓာကိုယ်အား အနည်းငယ် တုန်ယင်သွားစေသည်။ သူ ဖန်တီးထားသည့် ဂီတသံဇဉ်က ပိုမို ပြီးပြည့်စုံလာလေ၏။
တစ်ချိန်တည်းဆိုသလို သူ့ထပ်ဆင့် ဂီတသင်္ကေတများက လှုံ့ဆော်ခံလိုက်ရဟန်ပေါ်သည်။ သူတို့က အပြင်းအထန် တုန်ယင်လာကြ၏။ နောက်အခိုက်အတန့်လေး၌ သူတို့က ပြန့်နှံ့သွားကာ တာအိုမျိုးစေ့ကို ဝါးမျိုပစ်တော့မည် ဖြစ်သည်။
မူလက တောက်ပနေသည့် တာအိုမျိုးစေ့က လူရမ်းကားနဲ့ တွေ့သည့် မိန်းကလေးတစ်ယောက်လိုမျိုး တုန်ယင်နေ၏။
ဝမ်ပေါင်လဲ့က ထိုအရာကို မြင်ကာ အံ့အားသင့်သွားပြီး အလျှင်အမြန် တားလိုက်ရသည်။ သို့သော်လည်း သူက နည်းနည်း နှေးကွေးသွားခဲ့၏။ သူက ထပ်ဆင့်ဂီတသင်္ကေတများကို ချုပ်ထိန်းနိုင်ခဲ့သော်လည်း ထိုအရာက တာအိုမျိုးစေ့ကို ဝါးမျိုလိုက်ဆဲ ဖြစ်ကာ အက်ကြောင်းအနည်းငယ် ပေါ်လာစေသည်။
ငါ့ဆီမှာ ဘယ်လိုဂီတသင်္ကေတမျိုး ရှိနေတာလဲ …
ဝမ်ပေါင်လဲ့က ခေါင်းကိုက်လာမိ၏။