← Chapters

တိုက်ပွဲ

Vol. 101 Ch. 1407

တိုက်ပွဲ

Vol. 101 Ch. 1407

ရှစ်လင်းကျစ်က ရှုံးနိမ့်မှုကို ဝန်ခံသည်နှင့် သူ့ပုံရိပ်က တိုက်ခိုက်ရေးကွင်းမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။ ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။ အကြည့်တစ်ချက်ဖြင့် ယွဲ့လင်းကျစ်နှင့် ယင်ရှီတို့ကြားမှ တိုက်ပွဲကို မြင်လိုက်ရသည်။

သို့သော် ထိုသို့ကြည့်နေဟန်ထင်ရသော်လည်း လက်တွေ့၌မူ ဤစစ်ဆေးမှုထဲ သူ ပါဝင်လိုက်သည့်အတွက် အကောင်းအဆိုးကို သုံးသပ်နေ၏။ သူ့ရွေးချယ်မှုကို ထပ်မံအတည်ပြုပြီးသည့်နောက်တွင် သူ့မျက်ဝန်းထဲက အလင်းရောင်က ဆုံးဖြတ်ချက်ပြတ်သားသွားဟန်ပေါ်သည်။

ရှစ်လင်းကျစ်နှင့် အဖြူရောင်ချပ်ဝတ်တို့က ပထမနေရာကို မလိုချင်ဘူး။ တကယ်လို့ ငါသာ ဒီတစ်ကြိမ် ပေါ်မလာဘူးဆိုရင် သူတို့က တူညီတဲ့ နည်းလမ်းကိုသုံးပြီး သူတို့ကိုယ်သူတို့ ကျရှုံးအောင် လုပ်ကြဦးမှာပဲ…

ဒါပေမဲ့ သူတို့တွေနဲ့ ယှဉ်လိုက်တယ်ဆိုရင် ယွဲ့လင်းကျစ်နဲ့ ယင်ရှီတို့ကတော့ ပထမနေရာကိုရဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ…

ဝမ်ပေါင်လဲ့က ထိုနေရာတွင် ရပ်နေရင်း သူ့အကြည့်က ပူဖောင်းကို ထိုးဖောက်လျက် ယင်ရှီနှင့် ယွဲ့လင်းကျစ်တို့ တိုက်ခိုက်နေသည့် နေရာကို လှမ်းကြည့်နေသည်။

သူက ဘာမှမကြားရသော်လည်း နှစ်ဦးသား၏ ထိပ်တိုက်တွေ့ဆုံမှုအောက်တွင် မည်သူကမှ မထွက်လိုကြောင်းနှင့် သူတို့၏ မျက်ဝန်းထဲမှ ဆုံးဖြတ်ချက်ပြတ်သားမှုတို့က ပိုမိုအားကောင်းလာကြောင်း ပြောနိုင်လေ၏။

ကြည့်ရသည်မှာ တိုက်ပွဲထဲ  အသံပို့ဆောင်ရေးနှင့် ဆက်သွယ်ပြောဆိုနေဟန်ပေါ်သည်။

သူတို့က တိုက်ခိုက်ရင်းဖြင့် စကားပြောနေကြမှန်း သိသာလှသည်။

ဝမ်ပေါင်လဲ့က သူတို့ပြောနေသည့်အရာကို မကြားနိုင်သော်လည်း သူတို့က တစ်ဖက်လူကို ပထမနေရာအတွက် မတိုက်ခိုက်ဖို့ ဖျောင်းဖျနေမှန်း အကြမ်းဖျင်းမှန်းဆနိုင်သည်။

နှစ်ဦးသားက ပထမနေရာဖြစ်လာမည့် အကျိုးဆက်ကို မသိထားဘဲနေဖို့ မဖြစ်နိုင်သော်လည်း ပထမနေရာအတွက် ကြိုးပမ်းနေကြသည်။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် ရှုပ်ထွေးသည့် စိတ်ခံစားချက်များဖြင့် ပြည့်နှက်လာကာ သူတို့ကို တိတ်တဆိတ်သာ စောင့်ကြည့်နေမိသည်။

သူက တိတ်တဆိတ် စောင့်ကြည့်နေရင်းဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများကလည်း ထူးထူးဆန်းဆန်း အမူအရာမျိုး ရှိနေကြ၏။ သို့သော်လည်း သူတို့ကြားတွင် ဆွေးနွေးမှုများ မရှိကြတော့ပေ။ ရှစ်လင်းကျစ်က စောစီးစွာ အရှုံးကို ဝန်ခံလိုက်၍ သူတို့က တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိကြ၏။

သို့သော်လည်း ထိုအရာက အရေးမကြီးပေ။ သူတို့က အမှန်တရားကို ကောက်ချက်မချနိုင်ပေ။ ထို့ကြောင့် အများစုက ရှစ်လင်းကျစ်၏ ကိုယ်ပိုင်အပြုအမူဟုသာ ခံစားမိကြသည်။ ထို့ကြောင့် အလျင်အမြန်ဆိုသလို အားလုံးက ယင်ရှီနှင့် ယွဲ့လင်းကျစ်တို့ကိုသာ အာရုံစိုက်လိုက်ကြ၏။

သူတို့နှစ်ဦးကြားက တိုက်ပွဲက ပိုမို ပြင်းထန်လာသည်။ ဂီတမှ ဖွဲ့စည်းထားသည့် အရိပ်များစွာက အဖက်ဖက်သို့ ပျံ့နှံ့သွား၏။ အသံကို မကြားရသော်လည်း သူတို့၏ အရှိန်မြှင့်တင်လာမှုနှင့် ပူဖောင်းထဲ အတက်အကျလှိုင်းများက သူတို့ကြားရှိ တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်း သက်သေဖြစ်၏။

တကယ်တော့ ထိုသို့ဖြစ်ပျက်နေခြင်းသာ ဖြစ်၏။ ယင်ရှီက ယွဲ့လင်းကျစ်ကို ကြည့်ကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရင်း ကောင်းကင်တေးသံ ထွက်ပေါ်လာသည်။ ထို့နောက် သူ့နတ်ဘုရားအသိစိတ်ကို ထုတ်လွှတ်လိုက်၏။

“ယွဲ့လင်းကျစ် ဘာလို့ ငါနဲ့ တိုက်ခိုက်နေတာလဲ”

“ဂိုဏ်းတူအစ်ကိုကြီး ဒီတစ်ခေါက်ဆိုရင် ကျွန်မက ဆရာရဲ့ ကိုယ်ပွား ဖြစ်သင့်တာလေ” ယွဲ့လင်းကျစ်က နှုတ်ခမ်းကို အသာကိုက်ရင်း သူမ၏ အကြည့်များက ဆုံးဖြတ်ချက်ဖြင့် တောက်လောင်နေသည်။

ယင်ရှီက တိတ်ဆိတ်သွားလေ၏။ သို့သော်လည်း နောက်အခိုက်အတန့်လေး၌ သူ့အကြည့်တို့က တောက်ပလာသည်။ သူက ညာဖက်လက်ကို မြှောက်လိုက်သည့်အချိန် သူ့ခန္ဓာကိုယ်မှ ထင်းယွိစည်းမျဉ်းဥပဒေသ ထွက်ပေါ်လာ၏။ ထိုအရာက ချက်ချင်းဆိုသလို အံ့မခန်းအနေအထားသို့ ရောက်ရှိသွားကာ  ဂိုဏ်းကြီးသုံးဂိုဏ်း၏ မီးတောင်များကိုပင် သက်ရောက်စေပြီး အားလုံးအား နားကန်းသွားသလိုမျိုး ခံစားလိုက်ရစေသည်။

နောက်အခိုက်အတန့်လေး၌ ယင်ရှီ၏ ခန္ဓာကိုယ်မှ ဂီတသင်္ကေတအမြောက်အများ ထွက်ပေါ်လာကာ သူ့ရှေ့၌ စုဝေးသွားပြီး ဧရာမလက်ချောင်းကြီး ဖွဲ့စည်းလာ၏။ ထိုလက်ချောင်းကြီးက လက်‌တွေ့နှင့် အတုအယောင်ကြားတွင် တည်ရှိသကဲ့သို့ ပုံရိပ်ယောင်ဖြစ်၏။ အကယ်၍ ဤကမ္ဘာထဲမှာ မရှိသလိုမျိုး ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ်မှုဖြင့် ပေါင်းစည်းထားသလိုမျိုးဖြစ်ကာ ဖိနှိပ်စွမ်းအားကို သယ်ဆောင်ပြီး ယွဲ့လင်းကျစ်ဆီ တိုးဝင်လာသည်။

ထိုအရာက မြန်ဆန်ကာ အားကောင်းလွန်းလှ၍ ယွဲ့လင်းကျစ်ပင် အမူအရာ ပျက်ယွင်းသွားခဲ့၏။ သူမက သာမန် မဟုတ်သော်လည်း သူမနှင့် ယင်ရှီကြားတွင် ကွာဟချက် ရှိနေသေးသည်။ အထူးသဖြင့် ယင်ရှီက တန်ကြေးကြီးကြီးမားမား လိုအပ်သည့် ဝှက်ဖဲကို အသုံးပြုလိုက်သည့်အခါတွင် ဖြစ်၏။ ထို့ကြောင့် ယွဲ့လင်းကျစ်၏ အကြည့်များက ဝမ်းနည်းမှုနှင့် မလိုလားမှုတို့ဖြင့် ပြည့်နှက်လာသည်။ သို့သော်လည်း သူမက မရှောင်ရှားတော့ပေ။ မျက်စိတစ်မှိတ်အတွင်း သူမက လက်ချောင်းဖြင့် ထိမှန်သွားပြီး လွှင့်စင်သွားကာ ပူဖောင်းနှင့် ဝင်တိုက်မိသွားသည်။

အသံကျယ်ကြီးနှင့်အတူ ပူဖောင်းက ပြိုလဲသွားပြီး ယွဲ့လင်းကျစ်က သွေးတစ်ပွက် အန်လိုက်ရ၏။

ပြင်ပလောကမှ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများကလည်း မျက်လုံးအပြူးသားဖြင့် အံ့အားသင့်နေကြသည်။ သူတို့စိတ်ထဲတွင် ရှုပ်ယှက်ခတ်နေပြီး သူတို့က ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

ဝမ်ပေါင်လဲ့ကပင် မျက်မှောင်ကြုတ်မိသွားသည်။ သူက ယင်ရှီကို ကြည့်နေရင်းဖြင့် ယင်ရှီရှေ့မှ လက်ချောင်းကို အာရုံစိုက်လိုက်သည်။ ထိုအရာက ပုံရိပ်ယောင်နှင့် လက်တွေ့ ရောစပ်ထားသလိုမျိုးဖြစ်၏။

ထိုလက်ချောင်းက ပြင်းထန်သည့် တောက်ပမှုတို့ ထုတ်လွှတ်လာသည်။ သို့သော်လည်း သေချာအနီးကပ်ကြည့်မည်ဆိုပါက ဂီတသင်္ကေတများဖြင့် ပြုလုပ်ထားသည်ကို မြင်ရလိမ့်မည်။ ထိုအထဲတွင် ပါရှိနေသည့် ဂီတသင်္ကေတတစ်ခုချင်းစီက ဂီတသင်္ကေတ မဟုတ်ဘဲ သက်ရှိတိုင်း၏ အသံ ဖြစ်၏။

ထိုလက်ချောင်းကို ဖွဲ့စည်းထားသည့် သက်ရှိအားလုံး၏ အသံက အရေးမကြီးပေ။ အရေးကြီးသည့်အရာက ထိုအရာသည် သော့တစ်ခုအနေနှင့် မှတ်ယူနိုင်၍ ဖြစ်၏။

ထိုအရာက ထင်းယွိကမ္ဘာကို ဖွင့်လှစ်ကာ ထင်းယွိကမ္ဘာ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ထုတ်လွှတ်နိုင်သည့် သော့တစ်ခု ဖြစ်ပေသည်။

ထိုသော့ဖြင့် ထိုဇစ်မြစ်တို့ဖြင့် ထိုအရာက ထင်းယွိစည်းမျဉ်းဥပဒေသထဲတွင် အကြွင်းမဲ့နေရာတစ်ခု ဆုပ်ကိုင်ထားနိုင်သည်ဟု ဆိုရပေမည်။ ထင်းယွိမြို့သခင်ကလွဲ၍ တခြားသော လူများက သူ့ထက် အားမကောင်းနိုင်ပေ။

ဝမ်ပေါင်လဲ့လိုမျိုး ထင်းယွိကမ္ဘာထဲ အတားအဆီးမရှိ ဝင်ရောက်နိုင်သည့်သူ မရှိသရွေ့ဖြစ်သည်။

သူက ထိုသို့သော့မျိုး မလိုသည်မှာ သူက ထင်းယွိကမ္ဘာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေ၍ ဖြစ်သည်။

ပို၍အတိအကျပြောရမည်ဆိုလျှင် တစ်ဖက်သူ လျှောက်လှမ်းသည့်လမ်းစဉ်မှာ သူနှင့် တူညီသည်။ ကွဲပြားချက်ကမူ ရှေ့တစ်ခုက သက်ရှိအားလုံး၏ အသံကို တစ်သားတည်းအဖြစ် ပေါင်းစည်းစဉ် ဝမ်ပေါင်လဲ့ကမူ ဂီတသင်္ကေတတစ်ခုကို အဆုံးစွန်မဲ့အထိ ထပ်ဆင့် ဆင့်ကဲထားခြင်း ဖြစ်၏။

ထိုအရာထဲတွင် ကွာဟချက် များများစားစားဟူ၍ မရှိပေ။ အဆုံးသတ်၌ တူညီကြ၏။ သို့သော်လည်း ဝမ်ပေါင်လဲ့က လမ်းစဉ်၏ အဆုံးသတ်သို့ ရောက်ရှိသွားနေပြီဖြစ်ကာ ယင်ရှီကမူ စတင်နေခြင်း ဖြစ်၏။

တကယ်လို့ ဒီလူကိုသာ အချိန်လုံလုံလောက်လောက် ပေးလိုက်မယ်ဆိုရင် သူက ငါ့လိုမျိုး ဖြစ်လာနိုင်တယ်…

ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် ထူးထူးဆန်းဆန်း အလင်းရောင် တောက်ပလာသည်။ သူက ယင်ရှီကို ကြည့်နေရင်း ယင်ရှီက အမူအရာကင်းမဲ့စွာဖြင့် ဝမ်ပေါင်လဲ့ဆီ လျှောက်လှမ်းလေ၏။

သူတို့ အကြည့်ချင်းဆုံသွားလိုက်သည့်အချိန် ယင်ရှီ၏ ခန္ဓာကိုယ်က လှုပ်ရှားလာသည်။ ခန္ဓာကိုယ်တစ်ခုလုံးက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲပြီး ပူဖောင်းမှ ထွက်ခွာကာ ဝမ်ပေါင်လဲ့ရှိရာဆီ ရောက်ရှိလာ၏။

ပူဖောင်း စုတ်ဖြဲခံလိုက်ရသည့်အချိန် ပြင်ပစွမ်းအားတစ်ခုက ထိုအရာနှင့် ပေါင်းစည်းသွားသည့်အလား နောက်အခိုက်အတန့်လေး၌ ပြန်လည်ကောင်းမွန်သွား၏။ ထို့နောက် အလင်းတန်း စီးဝင်လာကာ ပိုမိုအားကောင်းလာပုံပေါ်သည်။

ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများကလည်း စိတ်လှုပ်ရှားစွာဖြင့် နှစ်ဦးသားကို စောင့်ကြည့်နေကြ၏။

ဤသည်က ဗိုလ်လုပွဲ ဖြစ်၏။

အနိုင်ရရှိသူက ထင်းယွိမြို့သခင်၏ လေးယောက်မြောက် တပည့် ဖြစ်လာလိမ့်မည်။ ထိုမတိုင်ခင် ထင်းယွိမြို့သခင်က တပည့်သုံးဦးကိုသာ လက်ခံခဲ့၏။ ထိုတပည့်သုံးဦးကလည်း ဒဏ္ဍာရီသဖွယ်ဖြစ်လာကာ ထင်းယွိတာအိုကို ဉာဏ်အလင်းပွင့်ဖို့အတွက် တစ်နှစ်ပတ်လုံး သီးသန့်ကျင့်ကြံနေလေ့ ရှိသည်။ မည်သူကမှ သူတို့ကို ထပ်မံ မမြင်တွေ့ရသော်လည်း သူတို့၏ ဇာတ်ကြောင်းများက ဆက်လက်ပျံ့နှံ့နေဆဲသာ ဖြစ်၏။

လူများစွာက တစ်ရက်လျှင် ထိုတပည့်သုံးယောက်က ကျင့်ကြံရာမှ ထွက်လာကာ ကမ္ဘာကြီးဆီ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု ယုံကြည်ထားကြ၏။

အားလုံးက ကြည့်နေရင်း ယင်ရှီက စိတ်ထဲမှ ဆက်သွယ်ကာ သတင်းစကား ပို့ဆောင်လိုက်သည်။

“မင်း နောက်ကျလွန်းတယ်”

ထိုအတွေးက ဝမ်ပေါင်လဲ့စိတ်ထဲ ဝင်ရောက်လာသည့် အခိုက်အတန့်၌ ဝမ်ပေါင်လဲ့က ကြောင်အမ်းသွား၏။ သူက မတုံ့ပြန်နိုင်ခင် ယင်ရှီက သူ့စကားကို အဆုံးသတ်လိုက်သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း သူက အလင်းတန်းအဖြစ် ပြောင်းလဲကာ သူ့ရှေ့တွင်ရှိသည့် လက်ချောင်းဖြင့် ပေါင်းစည်းသွားဟန်ပေါ်၏။ သူက ဝမ်ပေါင်လဲ့ဆီ တိုးဝင်လာသည်။

ထိုသူက လမ်းတွင်ရှိနေသည့် အရာအားလုံးကို ဖျက်ဆီးပစ်ချင်သကဲ့သို့ ကမ္ဘာမြေတုန်လုမတတ်ဖြစ်လာစေသည်။

All Chapters