← Chapters

လော့ရှောင်၏ သေဆုံးခြင်း

Vol. 82 Ch. 1061

လော့ရှောင်၏ သေဆုံးခြင်း

Vol. 82 Ch. 1061

ချင်မူမှာ ဘိုးဘေးနန်းတော်၏ အပြင်ရှိ ယဇ်ပလ္လင်ကို အာရုံခံနိုင်ရန် ထပ်ခါတလဲလဲ ကြိုးစားနေသည်။ သို့သော် မအောင်မြင်ပြီးရင်း မ‌အောင်မြင် ဖြစ်နေ၏။ ဟင်းလင်းပြင်ထဲရှိ အားတစ်ရပ်က သူ၏အသိစိတ်အလျဉ်ကို နှောင့်ယှက်နေသည်။

ချင်မူ့နဖူးမှ ချွေးပြန်လာသည်။ နှောင့်ယှက်မှုသည် သတ္ထုတွင်းထဲမှ လာနေသည့်အတွက် တဟုန်ကား သူ၏ပြောင်းပြန်ဆင့်‌ခေါ်ခြင်းကို ဖျက်စီးနေကြောင်း သိသာပေသည်။

ရုတ်တရက် နှောင့်ယှက်မှု ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရ၏။ ချင်မူမှာ ချက်ချင်းဆိုသလို အားတက်လာပြီး သူ၏အသိစိတ်အလျဉ်က ဘိုးဘေးနန်းတော်အပြင်ရှိ ယဇ်ပလ္လင်နှင့် ချိတ်ဆက်နိုင်သွားသည်။

ချင်မူ ဝမ်းသာသွားကာ ပြောင်းပြန်ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းကို တမုဟုတ်ချင်း အသုံးပြုလိုက်သည်။ သူ၏ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်က အတူတကွ ရောနှောသွားရင်း အပြင်ရှိ ယဇ်ပလ္လင်အား အသက်သွင်းလိုက်၏။

တစ်ချိန်တည်းမှာပင် သာယာနာပျော်ဖွယ်ကောင်းသော်လည်း သနားစိတ်ကို ဖြစ်ပေါ်လာစေသည့် သီချင်းသံကို ချင်မူ ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ အစွန့်ပစ်ခံထားရသော အမျိုးသမီးတစ်ယောက်သည် ‌မြစ်ဘေး၌ သီချင်းညည်းရင်း ရေခဲတမျှ အေးခဲနေသည့် မြစ်ရေထဲသို့ တဖြည်းဖြည်း ဝင်ရောက်သွားသည့်အလား ထင်ရပေသည်။

ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ ရင်သပ်ရှုမောဖွယ်ရာ လှပသော ဧကရီတစ်ပါးက တဟုန်ကို ဆုပ်ကိုင်လျက် သူတို့ဆီ လျှောက်လာနေကြောင်း မြင်လိုက်ရသည်။

ချင်မူမှာ သတိလက်လွတ် မှင်သက်သွားတော့သည်။ ဘိုးဘေးနန်းတော်သည်လည်း ပျောက်ကွယ်သွားပြီး စီးဆင်းနေသော ရေသံကိုသာ ကြားရတော့၏။

သူ့အရှေ့ရှိ မြင်ကွင်းက ပြောင်းလဲသွားပြီး မြစ်တစ်စင်း ဖွဲ့တည်လာသည်။ မြူခိုးများက မြစ်ပြင်ထက်၌ ဝေ့ဝဲလွင့်မျောလျက် ရှိပြီး ဝမ်းနည်းကြေကွဲနေသော အမျိုးသမီးတစ်ယောက်သည် မြစ်၏အလယ်ခေါင်သို့ လျှောက်သွားနေ၏။ မြစ်ရေက သူမခန္ဓာကိုယ်ကို တရွေ့ရွေ့ ဝါးမြိုလာသည်။

သူမက နားမလည်နိုင်သော စာသားဖြင့် သီချင်းတစ်ပုဒ် ညည်းနေသည်။

‘ပုံရိပ်ယောင်’

ချင်မူက အသိစိတ်အလျဉ်ကို ချက်ချင်း ထုတ်လွှတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “အသိစိတ်အလျဉ် ပုံရိပ်ယောင်... ဘယ်သူ ငါ့ကို လှည့်စားရဲတာလဲ... ငါက အသိစိတ်အလျဉ်ပုံရိပ်ယောင် နယ်ပယ်မှာ ဆရာသခင်ကွ”

အမျိုးသမီးတစ်ယောက်၏ ညင်သာသော အသံက သူ့နားထဲ ဝင်ရောက်လာည်။ “ငါကတော့ အသိစိတ်အလျဉ် ပုံရိပ်ယောင်တွေရဲ့ ဘိုးဘေးပဲ”

ချင်မူ အံတင်းတင်းကြိတ်လိုက်ပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၊ မဟာခြုံလွှမ်းအဆင့်မြင့် အသိစိတ်အလျဉ်၊ အနန္တကပ်ဘေးသုတ္တန်နှင့် အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းမှန်သမျှ ထုတ်လွှတ်ကာ ရုတ်တရက် ဖြစ်ပေါ်လာသည့် ပုံရိပ်ယောင်အား ချိုးဖျက်ရန် ကြိုးစားလိုက်သည်။

သို့တိုင်အောင် သူ၏ခန္ဓာကိုယ်နှင့် မူလဝိညာဉ်မှာ သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို ဆက်လက်အသက်သွင်းနေကြောင်း ခံစားနေရသည်။ အပြင်ရှိ ယဇ်ပလ္လင်နှင့် အခိုင်အမာ ချိတ်ဆက်နိုင်ရန် နီးသထက် နီးလာချေပြီ။

ချင်မူ့နဖူး၌ ချွေးများ စို့နေသည်။ နတ်ဘုရင်ကုန်းယွင်၏ အသိစိတ်အလျဉ်ပုံရိပ်ယောင်က သူ့ရုပ်ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့ရင်း သူတို့နှင့်အတူ ထွက်သွားအောင် ဖိအားပေးနေသည်။

ချင်မူ ရုန်းကန်ကြည့်သော်လည်း နတ်ဘုရင်ကုန်းယွင်၏ အသိစိတ်အလျဉ်သည် သူ့ထက် မြင့်မား၏။ သူမက သူ့အား သိသိသာသာ အသာစီးရနေသည်။

ပြောင်းပြန်ဆင့်ခေါ်ခြင်း အသက်ဝင်သွားသည်နှင့် ဟင်းလင်းပြင်က ယမ်းခါသွားသည်။ ယဇ်ပလ္လင်နောက်တစ်ခုသည် ဟင်းလင်းပြင်အတွင်းထဲမှ ထွက်ပေါ်လာ၏။

အလင်းရောင်များ တဝင်းဝင်း လက်သွားသည်။

ချင်မူမှာ အံကြိတ်၍ နတ်ဘုရင်ကုန်းယွင်၏ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းအား ပြန်လည်တိုက်ခိုက်နေသည်။ မြစ်နှင့် အမျိုးသမီးသည် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေ၏။ တစ်ချက်တစ်ချက် ထင်ရှားလာတတ်ပြီး၊ တစ်ချက်တစ်ချက် ဝါးသွားပြန်သည်။

ဝမ်းနည်းဆွေးမြေ့ဖွယ် သီချင်းသံသည် နီးလာလိုက်၊ ဝေးသွားလိုက်ဖြင့် ချင်မူ့အသိစိတ်အလျဉ်အား အကြိမ်ကြိမ် ဖိနှိပ်နေ၏။

ရုတ်တရက် အမျိုးသမီးအသံတစ်သံ ချင်မူ့နားထဲသို့ ရောက်လာည်။ “နင်က မူချင်းလား... မျိုးဆက်သစ်တွေရဲ့ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းတွေက အတော်လေး စွမ်းအားကြီးတာပဲ.... နင် မသေရင် ငါတို့ အနာဂတ်မှာ ပြန်တွေ့ကောင်းတွေ့နိုင်လိမ့်မယ်”

အသံ ဝေးသထက် ဝေးသွားသည်နှင့်အမျှ ပုံရိပ်ယောင်သည်လည်း ပျောက်ကွယ်သွားတော့သည်။ သူ့ပတ်ဝန်းကျင်တွင် မီးအိမ်၏ အလင်းရောင် ထင်ရှားလာပြီး ရထားလှည်းမှာ ဘိုးဘေးနန်းတော်အပြင်ဘက်ရှိ ယဇ်ပလ္လင်ထက်တွင် ပေါ်လာသည်။

မီးအိမ်အလင်းရောင်က ကောင်းကင်နတ်မြစ်၏ ရေတပ်သင်္ဘောများတွင် တွေ့ရလေ့ရှိသော အလင်းရောင်မျိုးဖြစ်သည်။

မရေမတွက်နိုင်သော သင်္ဘောများက ပတ်ပတ်လည်မှ ဝိုင်းထားပြီး အလံများ လွှင့်ထူထားကြသည်။ ကောင်းကင်နတ်ဘုံ၏ စစ်သူကြီးများ၊ စစ်သည်တော်များက ယဇ်ပလ္လင်ထက်တွင် ရပ်နေကြ၏။ ကောင်းကင်နတ်မြစ်ရေတပ်ဘေးတွင်ကား တောင်ပိုင်းဂိုဏ်းက နေရာယူထားသည်။

ချင်မူတို့ ဘိုးဘေးနန်း‌တော်သို့ ၀င်ရောက်နေကြစဉ် စစ်တပ်များကလည်း ဖမ်းဆီးရန် လိုက်လာကြခြင်း ဖြစ်သည်။ သူတို့က ချင်မူတို့ ယဇ်ပလ္လင်အပြင် ထွက်လာမည့်အချိန်ကို စောင့်၍ ချောင်ပိတ်ဖမ်းကြမည်ဖြစ်သည်။

လော့ရှောင်က ဟင်းလင်းပြင်သားရဲအာအား စစ်တပ်ကြီးဆီ မောင်းကာ ဖောက်ထွက်ရန် ကြိုးစားသည်။ သူက အော်ဟစ်လိုက်သည်။ “နောင်တော်မူ၊ ကျွန်တော့်နောက်က လိုက်ခဲ့... သတ်ဖြတ်ရင်း ဖောက်ထွက်ကြမယ်”

စစ်သည်တော်ပေါင်းများစွာက ဝင်္ကပါများ အသက်သွင်း၍ သူတို့ကို ချောင်ပိတ်လိုက်ကြစဉ် သင်္ဘောများမှ ကောင်းကင်လက်နက်များ ၊ ကောင်းကင်နတ်သိုင်းများအား သူတို့ဆီ ပစ်လွှတ်ကြသည်။

ယဇ်ပလ္လင်ကို ဝိုင်းအုံ၍ ပြေးဝင်လာကြသော စစ်သည်တော်များ၊ စစ်သူကြီးများ တစထက် တစ များလာချေပြီ။

ချင်မူမှာ ဟိုဟိုသည်သည် လှည့်ပတ်ကြည့်သော်လည်း နတ်ဘုရင်ကုန်းယွင်နှင့် တဟုန်ကို ရှာမတွေ့ချေ။

ကမ္ဘာဦးအစ နတ်ဘုရင်တစ်ပါးအတွက် စစ်သည်တော်မည်မျှဖြင့် တိုက်ခိုက်ရစေကာမူ အပန်းမကြီးပေ။ ချင်မူ၏အသိစိတ်အလျဉ်ပင်လျှင် သူမ၏အသိစိတ်အလျဉ်ပုံရိပ်ယောင်ကို မချိုးဖျက်နိုင်သည်မဟုတ်ပါလော။

သူမသည် တောင်ပိုင်းဂိုဏ်းနှင့် ကောင်းကင်နတ်မြစ်ရေတပ်အား လွတ်လပ်စွာ ဖြတ်‌ကျော်သွားနိုင်မည်မှာ အထင်အရှားပင်။

ယခုတွင် အမျိုးသမီးနတ်ဘုရင်က တဟုန်ကို အတော်မသပ်အောင် ညှင်းပန်းနှိပ်စက်ပြီး အရှက်ခွဲရန် တဟုန်နှင့်အတူ ထွက်သွားပြီဖြစ်သည်။

‘ကုန်းယွင်က အနာဂတ်မှာ‌ ကောင်းကင်နတ်အရှင်ကုန်း ဖြစ်လာမှာလား’ ချင်မူ တွေးလိုက်မိသည်။

သူက သူတို့ဆီ ပြေးလာနေသည့် မရေမတွက်နိုင်သော နတ်ဘုရားများ၊ မိစ္ဆာများကို ကြည့်ပြီးနောက် အတင်းအကြပ် ဖောက်ထွက်ရန် ကြိုးစားနေသော လော့ရှောင်ဆီသို့ ကြည့်လိုက်သည်။ လော့ရှောင်မှာ ပိတ်မိနေချေပြီ။ ကောင်းကင်နတ်မြစ်ရေတပ်နှင့် တောင်ပိုင်းဂိုဏ်းက သူ့ကို အဘက်ဘက်မှ ဝိုင်းထားသည်။ ချင်မူ့အတွက်ပင် လွတ်အောင် မပြေးနိုင်ပေ။

“လော့ရှောင်” ချင်မူက အသိစိတ်အလျဉ်ကို သုံး၍ သူ့ဆီ ပြေးသွားသည်။ သို့သော် သူအသိစိတ်အလျဉ်မှာ ကောင်းကင်လက်နက်များ၊ ကောင်းကင်နတ်သိုင်းများ၏ စွမ်းအားများအောက်တွင် ပြိုကွဲသွားသည်။ “ဟင်းလင်းပြင်သားရဲကို လေဟာနယ်ထဲ ခေါ်မသွားနဲ့.... ဟင်းလင်းပြင်သားရဲကို ထိန်းချုပ်ခဲ့တာ မင်းမဟုတ်ဘူး မဟာဧကရာဇ်ပဲ... သူက မင်းဆီ တမင်ပေးခဲ့တာ... ခေါ်မသွားနဲ့”

ကြောက်မက်ဖွယ်ရာ ကောင်းကင်လက်နက်များ ပေါ်ထွက်လာပြီး အဆုံးမဲ့သော အမှောင်ထုကား ယဇ်ပလ္လင်တစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။

ယန်အာမှာ အခြေအနေကို ကြည့်ရင်း သွေးဆုပ်ဖြူလျော်နေသော မျက်နှာဖြင့် မီးအိမ်ကို အလောတကြီး မြှောက်လိုက်သည်။ “သခင်လေး၊ ငါတို့ အခုမထွက်သွားရင် မမှီလောက်ဘူး”

ချင်မူ၏အသိစိတ်အလျဉ်မှာ ထပ်မံတိုက်ချခံလိုက်ရသည်။ သူ့မှာ အသိစိတ်အလျဉ်ဖြင့် လော့ရှောင်အနား မရောက်နိုင်သေးပေ။

“မမကြီးယန်အာ...”

ချင်မူက ထပ်မကြိုးစားတော့ဘဲ မျက်လုံးများမှိတ်၍ တိုးညှင်းစွာ ပြောလိုက်သည်။ “မီးငြှိမ်းလိုက်ပါတော့”

ယန်အာလည်း မီးအိမ်ကို မှုတ်လိုက်သည်။ သို့သော် ကောင်းကင်နတ်သိုင်းများနှင့် ကောင်းကင်လက်နက်တို့၏ အလင်းရောင်တို့ကြောင့် ယဇ်ပလ္လင်မှာ လင်းထိန်နေရာ သင်္ဘောဆီ ပြန်မသွားနိုင်ကြသေးပေ။

ယန်အာ၊ နဂါးချီလင်နှင့် ကောင်းကင်နဂါးခြောက်ကောင်က သူတို့အပေါ် ကျလာသော ကောင်းကင်လက်နက်များ၊ ကောင်းကင်နတ်သိုင်းများကို တုန်လှုပ်စွာ မော့ကြည့်ပြီး မျက်လုံးများ ပိတ်လိုက်ကြသည်။

“ငါ တည်ရှိတဲ့ နေရာဟာ ယိုတုပဲ” ချင်မူ ရေရွတ်လိုက်သည်။

ဝှစ်...

အဆုံးမရှိသော အမှောင်ထုကြီးသည် ချင်မူ့ထံမှ ဖြာထွက်သွားပြီး ယဇ်ပလ္လင်ကို လွှမ်းခြုံသွားတော့၏။

အမှောင်ထုက ရုတ်တရက် ပေါ်လာခဲ့ကာ အလျင်အမြန်ပင် ပျောက်ကွယ်သွားသည်။ မကြာမီ ကောင်းကင်နတ်သိုင်းများ၊ ကောင်းကင်လက်နက်များကြောင့် အမှောင်ထု ပြိုကွဲသွားသည်။ ထိုအချိန်တွင် ယဇ်ပလ္လင်ပေါ်ရှိ ရထားလှည်း၊ ချင်မူ၊ နဂါးချီလင်နှင့် ယန်အာတို့မှာ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြချေပြီ။

ကောင်းကင်နတ်မြစ်တွင် လှိုင်းလုံးများ ဘောင်ဘင်ခတ်နေသည်။ မြစ်ရေသည် ကောင်းကင်ဘုံများ၊ နှစ်များကို အေးဆေးစွာ ဖြတ်ကျော်သွား၏။ ထို့နောက် တစ္ဆေသင်္ဘောတစ်စီးက ကောင်းကင်နတ်မြစ်ရေထဲမှ ဗွမ်းခနဲ ထွက်လာကာ မြစ်ပြင်ထက်သို့ ဘုန်းခနဲ ကျသွားသည်။

ရွက်တိုင်မှ အလံသည် တဖတ်ဖတ် လှုပ်ခတ်နေပြီး “ယွီလင်”ဆိုသော စာလုံးများ ရေးထိုးထား၏။

ဝေစွေ့ဖုန်းက သင်္ဘောဦးပိုင်းတွင် ရပ်လျက် လှမ်းမေးသည်။ “ညီလေး၊ မင်း ပျောက်သွားတာ အကြာကြီးပဲ... ဘာတွေ တွေ့ကြုံခဲ့ရသလဲ”

ချင်မူလည်း အရှေ့သို့ လျှောက်သွားရင်း မြူခိုးများအား တိတ်ဆိတ်စွာ ကြည့်နေမိသည်။ ကြုံတွေ့ခဲ့ရသည်များကို အတန်ကြာ ပြန်တွေးနေပြီးနောက်မှ ပြန်ဖြေလိုက်၏။ “သမိုင်းကို တွေ့ကြုံခဲ့ရတယ်”

“အေး အဲဒီအတိုင်းပါပဲ”

ဝေစွေ့ဖုန်းသည် သူ့ကို နားလည်၍ အေး‌အေးလူလူ ပြော၏။ “မင်း ၀င်‌ရောက်စွက်ဖက်တာတွေ၊ ‌တွေ့ကြုံခဲ့ရတာတွေကြောင့် သမိုင်းက ပြောင်းလဲမှာမဟုတ်ဘူး... မင်းရဲ့ကြိုးစားမှုအကုန်လုံးက သမိုင်းရဲ့တစ်စိတ်တစ်ပိုင်းပဲ... ငါကိုယ်တိုင်လည်း တွေ့ကြုံခဲ့ဖူးတယ်...”

ချင်မူက သူ့ဘေးသို့ သွားပြီး နှစ်ယောက်သား မြူခိုးများမှတစ်ဆင့် သမိုင်းကို ထိုးဖောင်မြင်လိုကြသည့်အလား သင်္ဘောလက်ရန်းကို ကိုင်၍ ငေးနေကြသည်။

ဝေစွေ့ဖုန်းက အတွေ့အကြုံပိုရှိသည်။ အတွေ့အကြုံရှိသူပီပီ ယခင်ကလောက် တဇောက်ကန်းမလုပ်မိတော့အောင် တာအိုနှလုံးသားအား ရိုးရိုးရှင်းရှင်း ထိန်းချုပ်နိုင်ပြီဖြစ်သည်။

“ညီလေး၊ မင်း နောက်ဘယ်နေရာကို သွားချင်လဲ” သူက မေးသည်။

“နောက်နေရာလား”

ချင်မူ့အကြည့်သည် မှေးမှိန်မှုန်ဝါးနေသော်လည်း သူက တည်ငြိမ်စွာ ပြန်ဖြေသည်။ “ကျွန်တော် တောင်နတ်မင်းကျုချွဲကို ရှာချင်တယ်... သူနဲ့ မတွေ့ရသေးပေမယ့် သူ့ကို ရှာရဦးမယ်... ဒီသင်္ဘောက ပိုရှေးကျတဲ့ခေတ်ကို သွားလို့ရလား... သူနဲ့ နဂါးဟန်ခေတ်ပထမနှစ်မှာ တွေ့ချင်လို့ပါ...”

“မရဘူး”

‌

ဝေစွေ့ဖုန်းက ဖြေသည်။ “မပြောင်းလဲတဲ့ ဒြပ်ထုတွေက သင်္ဘောကို သင်္ဘောတည်ဆောက်ခဲ့တဲ့ခေတ်အထိပဲ သွားခွင့်ပေးနိုင်တယ်... အဲ့မတိုင်ခင်ခေတ်တွေဆီ သွားလို့မရဘူး... ဘာလို့ဆို အဲ့အချိန်တုန်းက သင်္ဘော မရှိခဲ့ဘူးလေ... ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကလည်း အဲ့အတိုင်းပဲ... ကောင်းကင်နတ်မြစ်ရဲ့ မြူခိုးတွေက သူ‌မွေးဖွားတဲ့ခေတ်အထိပဲ ခေါ်သွားလိမ့်မယ်... အဲ့မတိုင်ခင်ခေတ်တွေကို သူ ဘာမှလုပ်လို့မရဘူး... သင်္ဘောက နဂါးဟန်ခေတ်ပထမနှစ်အပြီး နှစ်တစ်ထောင်ကြာမှ တည်ဆောက်ခဲ့တာ... မင်း သွားနိုင်တဲ့ ရှေးအကျဆုံးခေတ်က အခုလေးတင် ပြန်လာတဲ့ ခေတ်ပဲ.. “

ချင်မူက အသာအယာ ခေါင်းညိတ်ကာ ပြောသည်။ “ဒါဆိုလည်း နဂါးဟန်ခေတ်မှာပဲ နေကြတာပေါ့”

ဝေစွေ့ဖုန်းက သူ့ကို ကြည့်၍ မေး၏။ “မင်းကြည့်ရတာ နည်းနည်း စိတ်ဓာတ်ကျနေသလိုပဲ.... ဘာဖြစ်ခဲ့လို့လဲ”

“ကျွန်တော် ‌ညီအစ်ကိုတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်... သူက ရိုးသားဖြူစင်ပေမယ့် ကျွန်တော် သူ့ကို မကယ်နိုင်ခဲ့ဘူး”

ချင်မူ တိုးညှင်းစွာ ပြောနေမိသည်။ “ကျွန်တော် သူ့အဆုံးသတ်ကို သိလို့ သူ့ကံကြမ္မာကို ပြောင်းလဲဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်... ဒါပေမယ့် ကြိုးစားကြည့်လိုက်တိုင်း သူ့အဆုံးသတ်က သတ်မှတ်ပြီးသားဆိုတာ သိခဲ့ရတယ်.... အခု သူ ဘယ်နေရာကိုရောက်နေပြီး ဘာအန္တရာယ်တွေ ရင်ဆိုင်နေရမလဲ မသိဘူး... ကျွန်တော့်ကို ပြန်တွေ့ရင် သူ ဒေါသထွက်နေမှာလား တွေးမိတယ်.... သူ့ကို လိမ်ခဲ့တဲ့အတွက် မုန်းရင်မုန်းနေမှာ”

သင်္ဘောသည် မြစ်ပေါ်တွင် ရွက်လွင့်နေပြီး မြူခိုးများထဲမှ ထွက်သွားပေတော့မည်။

ဝေစွေ့ဖုန်းက သူ့ကို နှစ်သိမ့်ပေး၏။ “မင်း အခု ရှေ့ဆက်သွားသင့်ပြီ... စိတ်ကို တင်းထားစမ်း ငါ့ညီရာ... မင်းက ကောင်းကင်နတ်အရှင်မူလေ...”

ချင်မူလည်း စိတ်အားတင်း၍ ရထားလှည်းပေါ် တက်လိုက်သည်။

ဝေစွေ့ဖုန်းက ရထားလှည်း၏ကြိုးကို ကိုင်ကာ ပြော၏။“မင်း ခရီးပန်းနေမှာပဲ... ငါ မင်းကို ဒီမှာ အနားယူခိုင်းသင့်ပေမယ့် မလုပ်နိုင်ဘူး... ငါတို့က သင်္ဘောနဲ့ တစ်သားတည်း‌ဖြစ်နေပြီ... မပြောင်းလဲတဲ့ဒြပ်၀တ္ထုတွေ ဖြစ်နေခဲ့ပြီ.. မင်း ဒီမှာ ကြာကြာနေလေလေ အသတ်ခံရနိုင်ချေ များလေလေပဲ...အဲဒီအခါကျ ထွက်သွားနိုင်တော့မှာမဟုတ်ဘဲ ငါတို့လို အချိန်နဲ့ နေရာထဲက တစ္ဆေတွေ ဖြစ်လာလိမ့်မယ်”

ချင်မူ့အကြည့်က သူ့မမျက်နှာအပေါ် ကျ‌ရောက်သွားသည်။ “ကျွန်ဝောာ် နောက်ထပ် ဘယ်နှကြိမ် သုံးလို့ရသေးလဲ”

“ငါးကြိမ်ထက် မပိုဘူး”

ဝေစွေ့ဖုန်းက ဆက်ပြောသည်။ “ခြောက်ကြိမ်မြောက်မှာ မင်း အသတ်ခံရလိမ့်မယ်... အဲ့အချိန်ကျ ငါတို့ ထာ၀ရငရဲကျပြီ... ညီလေး ဒီအခွင့်အရေးတွေကို တန်ဖိုးထားပါ.. ဒီအခွင့်အရေးတွေပြီးရင် ငါ မင်းကို ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ပို့ပေးမယ်”

ချင်မူက ခေါင်းညိတ်ပြလိုက်သည်။

ရထားလှည်းက သင်္ဘောမှ ထွက်ခွာ၍ မြူခိုးများထဲသို့ ဦးတည်သွားချေပြီ။

ဘိုးဘေးနန်းတော်၏ ယဇ်ပလ္လင်အပြင်တွင် လော့ရှောင်မှာ ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများအား ခံစားနေရသည်။ သူက ကောင်းကင်နတ်မြစ်ရေတပ်နှင့် တောင်ပိုင်းဂိုဏ်း၏ ဖမ်းဆီးခြင်းမှ အကြိမ်ကြိမ် လွတ်မြောက်လာသည်။

‘နောင်တော်မူ ဘယ်ရောက်သွားလဲမသိဘူး’

လော့ရှောင်မှာ သေအံ့ဆဲဆဲ အခြေအနေဖြင့် မြစ်ထဲသို့ မူးဝေစွာ ထွက်ပြေးလာသည်။ သူ ဆက်တောင့်မခံနိုင်တော့ပေ။ သူ၏ ရုပ်ခန္ဓာမှာလည်း သေဆုံးပေတော့မည်။ စိတ်‌ဆောင်နေ၍သာ ဤနေရာအထိ လွတ်မြောက်လာခဲ့ခြင်းပင်။

သူ့အနေဖြင့် ဟောကိန်းများအကြောင်း ပြောပြရန် သူ၏မျိုးနွယ်များရှိရာ မဟာလေဟာနယ်ဆီ ပြန်ရဦးမည်မဟုတ်ပါလော။

သူက ဟင်းလင်းပြင်သားရဲ၏ ကျောပေါ်သို့ တက်လိုက်ရင်း မကြာမီ သေရတော့မည်ဟု ခံစားလာရသည်။

‘ငါ အသက်ရှင်လျက် ပြန်ရမယ်.... ဒါ ငါတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ”

သူ့မျက်လုံးများ ဝေဝါးနေသည်။ ရုပ်ခန္ဓာ၏ သေဆုံးမှုက သူ့ကို တဖြည်းဖြည်း အမြင်ကွယ်လာစေသည်။ တတိယမျက်လုံးဖြင့် ပတ်၀န်းကျင်ကို ကြည့်ရှုလိုက်သော်လည်း မှုန်ဝါးနေ၏။

ဖန်ဆင်းရှင်သခင်လေးသည် ရန်သူများ ပြန်လည်ချဉ်းကပ်လာသည်ကို ခံစားလိုက်ရပြန်၏။ သူက လက်ကျန်အသိစိတ်အလျဥ်ဖြင့် ဟင်းလင်းပြင်သားရဲကို အဝေးသို့မောင်းနှင်လိုက်သည်။

နောက်ဆုံးတွင် ကောင်းကင်နတ်မြစ်ပေါ်တွင် သူ့ဆီ ချဉ်းကပ်လာနေသော သင်္ဘောတစ်စင်းအား တွေ့လိုက်ရသည်။ ဟင်းလင်းပြင်သားရဲမှာလည်း အားအင်ကုန်ခမ်းသွားသဖြင့် ရေမျက်နှာပြင်ထက်တွင် လဲကျသွားချေပြီ။

သင်္ဘောက ရပ်တန့်သွားပြီး လူငယ်တစ်ဦး သင်္ဘောပေါ်မှ ဆင်းလာသည်။

“ခင်ဗျားက ဘယ်သူလဲ” လော့ရှောင်က မေးသည်။

“ကျုပ်က ယွင်... တခြားသူတွေကတော့ ကောင်းကင်နတ်အရှင်ယွင်လို့ ခေါ်ကြတယ်”

လူငယ်က ပြောသည်။ “ခင်ဗျားရဲ့ ဒဏ်ရာတွေက ကျုပ် ကယ်ပေးဖို့ ပြင်းထန်လွန်းတယ်... ခင်ဗျားမှာ နောက်ဆုံးဆန္ဒများ ရှိသလား၊ နောင်တော်”

“ကောင်းကင်နတ်အရှင်ယွင်”

လော့ရှောင်က ရေခဲတမျှ အေးစက်နေသော လက်ဖြင့် ‌ကောင်းကင်နတ်အရှင်ယွင်၏ လက်ကောက်အား ဆွဲကိုင်လိုက်သည်။ သူ့မျက်ဝန်းများမှ မျက်ရည်နှစ်စက် ကျလာသည်။ ထိုမျက်ရည်များမှာလည်း အေးစက်နေချေသည်။

သူ့နှလုံးသားမှာ ရပ်တန့်သွားပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာလည်း အေးစက်နေ၏။

သို့သော် ပထမဟောကိန်းကို သူ သတိရသွားသည်။

“ကောင်းကင်နတ်အရှင်ယွင် မဟာလေဟာနယ် ဘယ်မှာရှိသလဲ ကျွန်တော် ပြောပြပါ့မယ်... ကျွန်တော့်ကို အဲဒီခေါ်သွားပြီးတော့ ကျွန်တော့်မျိုးနွယ်နဲ့ တွေ့ခွင့်ပေးပါ... ကျွန်တော့်အသိစိတ်အလျဥ်က သေဆုံးတော့မယ် ဆိုပေမယ့် အဲဒီမှာ နိုးထလာလိမ့်မယ်”

လော့ရှောင်က သူ့ကို စိုက်ကြည့်နေသော်လည်း သူ၏မျက်လုံးများမှာ မီးခိုးရောင်သန်းလျက် ‌ဖြူဖတ်နေချေသည်။ “ကျွန်ဝောာ်ရဲ့ တတိယမျက်လုံးကို ထုတ်ပြီး ပေးပါ့မယ်.. အဲ့ဒါက ကျွန်တော်တို့တွေရဲ့ အထင်ကရ အမှတ်အသား၊ မူလကျောက်တုံးပါ.. သူတို့ အဲ့ဒါကိုမြင်ရင် ခင်ဗျားကို ယုံပါလိမ့်မယ်”

“ခင်ဗျားရဲ့ ခန္ဓာကိုယ်ကရော” ကောင်းကင်နတ်အရှင်ယွင်က မေး၏။

“ကောင်းကင်နတ်မြစ်နဲ့ တောင်ပိုင်းဂိုဏ်းက ကျွန်တော့်ကို လိုက်ဖမ်းနေကြတာ... သူတို့ ကျွန်တော့်ခန္ဓာကိုယ်ကို မတွေ့သရွေ့ ရပ်မှာမဟုတ်ဘူး”

လော့ရှောင်က ထရပ်လိုက်ပြီး လက်ဝါးမြှောက်၍ သူ့တွင် နောက်ဆုံးကျန်ရှိသမျှ အသိစိတ်အလျဉ်များကို စုစည်းကာ မျက်လုံးကို ကော်ထုတ်လိုက်သည်။ ထို့နောက် ၎င်းကို ကိုင်၍ မဟာလေဟာနယ်ရှိသည့် နေရာအား ပြောပြ‌ပြီးနောက် ဦးညွှတ်အရိုအသေပေး၏။ “အကူအညီတောင်းပါတယ် ကောင်းကင်နတ်အရှင်ယွင်”

သူသည် ကောင်းကင်နတ်မြစ်အထက်တွင် ရပ်နေသော်လည်း အသက်မရှူတော့ပေ။

ကောင်းကင်နတ်အရှင်ယွင်မှာ သူ့ကို ကြောင်အစွာ ကြည့်နေမိသည်။ သူက မဟာကမ္ဘာဦးအစမူလကျောက်တုံးကို ကိုင်လျက် ပြောလိုက်၏ “ကတိပေးပါတယ် စစ်သည်တော်”

လော့ရှောင်မှာ ပြုံးလျက် လဲကျသွား၏။ ကောင်းကင်နတ်မြစ်၏ရေစီးကြောင်းက သူ့အလောင်းကို တိုက်ချသွားသဖြင့် ရေစီးအတိုင်း မျောပါသွားတော့သည်။

ကောင်းကင်နတ်အရှင်ယွင်က ကျောက်တုံးကို ကိုင်လျက် သင်္ဘောဆီ ပြန်သွားသည်။ ဟင်းလင်းပြင်သားရဲက သူ့နောက်မှ လိုက်၍ သင်္ဘောပေါ်တွင် တိတ်တဆိတ် ထိုင်ချလိုက်၏။

ကောင်းကင်နတ်အရှင်ယွင်က ၎င်းကို ကြည့်၍ ခေါင်းရမ်းလိုက်ရင်း လော့ရှောင်၏စီးတော်ယာဉ်အဖြစ် သဘောထားလိုက်သည်။

နှစ်အနည်းငယ်ကြာသည့်အခါ ကောင်းကင်နတ်အရှင်ယွင်သည် မဟာလေဟာနယ်အား ရှာတွေ့သွား၍ အတွင်းထဲ ဝင်ကာ ဖန်ဆင်းရှင်များနှင့် သွားတွေ့သည်။

သူက ‌လော့ရှောင်၏ မျက်ခုံးနှစ်ဖက်ကြားမှ မဟာကမ္ဘာဦးအစမူလကျောက်တုံးကို ထုတ်ကာ အကြီးအကဲများကို ပေးလိုက်သည်။

ဖန်ဆင်းရှင်များက သူ့အား တရိုတသေ ကြိုဆိုကြ၏။ ထို့နောက် ပူဇော်ပွဲကြီးတစ်ပွဲ ကျင်းပ၍ လော့ရှောင်၏အသိစိတ်အလျဉ်အား ဘိုးဘေးဝိညာဉ်အဖြစ် ပြောင်းလဲကြကြသည်။

“သူက သူရဲကောင်းပဲ”

ကောင်းကင်နတ်အရှင်ယွင်သည် ချစ်စဖွယ် ဖန်ဆင်းရှင်မိန်ကလေးတစ်ဦးနှင့် တွေခဲ့ရ၏။ သူမက လော့ရှောင်နှင့် ‌ကောင်းကင်နတ်အရှင်ယွင်ကို အင်မတန် လေးစားချေသည်။

“သူရဲကောင်း‌ဖန်ဆင်းရှင်‌တွေပဲ ဒီလို ဧရာမဟင်းလင်းပြင်သားရဲတွေကို ထိန်းချုပ်နိုင်တာ”

ထိုမိန်းကလေးသည် ပိန်သွယ်သော်လည်း ကောင်းကင်နတ်အရှင်ယွင်ထက် အရပ်ရှည်၏။ သူမက ကောင်းကင်နတ်အရှင်ယွင်နှင့်အတူ မဟာလေဟာနယ်သို့ လိုက်လာခဲ့သော ဟင်းလင်းပြင်သားရဲအား အကဲခတ်ရင်း နူးညံ့သိမ်မွေ့စွာ ပြောလေသည်။ “ကျွန်မ ကြီးလာရင် ဘိုးဘိုးလော့ရှောင်လို ဖန်ဆင်းရှင်မျိုး ဖြစ်ချင်တယ်”

“မင်းနာမည်က ဘယ်လိုခေါ်လဲ” ကောင်းကင်နတ်အရှင်ယွင်မှာ သူမ၏ ရိုးသားဖြူစင်သော အပြုံးလေးအား ကြည့်ရင်း မှင်သက်သွားမိသည်။

“လန်ဝူ”

“မင်းက တော်တော်လှတာပဲ”

“အင်း လူတိုင်းပြောကြတယ်”

All Chapters