← Chapters

ဒီမှာလေ ဆံထိုး

Vol. 82 Ch. 1062

ဒီမှာလေ ဆံထိုး

Vol. 82 Ch. 1062

ကောင်းကင်နတ်မြစ်သည် ရှည်လျားလှသော အချိန်မြစ်ကြီးသဖွယ် လှိုင်းလုံးများ ကပြောင်းကပြန် လိပ်တက်လျက် ရှိ၏။ တစ်ချက်တစ်ချက်တွင် လှိုင်းလုံးများက ကြမ်းတမ်းလျင်မြန်ပြီး တစ်ချက်တစ်ချက်တွင် တည်ငြိမ်အေးဆေးနေတတ်သည်။

ကောင်းကင်နတ်အရှင်ယွင်၏ သင်္ဘောက ကောင်းကင်နတ်မြစ်နှင့်အတူ လွင့်မျောနေသည်။ မဟာလေဟာနယ်တွင် ဖန်ဆင်းရှင်များနှင့် အနည်းငယ် ထိတွေ့ဆက်ဆံခဲ့ပြီးနောက် ကမ္ဘာခေတ်ဦး၏ သမိုင်းများစွာ သိခဲ့ရသည်။ ယခုတွင် သူ၏ရင်အစုံမှာ ကောင်းကင်နတ်မြစ်ကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်နေတော့သည်။

‌ကမ္ဘာခေတ်ဦးသမိုင်းကြောင်းသည် စိတ်၀င်စားစရာကောင်းလှသော်လည်း အလွန်လည်း မာယာများ၏။ အန္တရာယ်များက နေရာတိုင်း၌ ငုပ်လျိုးပုန်းကွယ်နေခဲ့သည်။ ထို့ကြောင့် သူ အများကြီး တွေးမိနေသည်။

လန်ဝူဆိုသော မိန်းကလေး၏ မျက်နှာလှလှလေးသည်လည်း သူ့မျက်လုံးထဲမှ မထွက်ပေ။ သူမအကြောင်း တွေးလိုက်မိတိုင်း သူ့နှလုံးသားသည် မီးမြိုက်ခံလိုက်ရသကဲ့သို့ တရှိန်းရှိန်း ဖြစ်လာ၏။

လန်ဝူက နုနယ်ပျိုမြစ်သော အားအင်တို့ဖြင့် ပြည့်နှက်နေသည်။ ရိုးသားသလို ဖြူစင်သည်။ သူမကို မြင်လိုက်လျှင်ချင်း သူ့မှာ ငေးမောခဲ့ရသည်။

ကံဆိုးစွာနှင့် သူ့အတွက် လူသားများက ပိုအရေးပါသောကြောင့် ခံစားချက်များကို မြိုသိပ်ထားရုံအပြင် ရွေးစရာမရှိပေ။

‘ကောင်းကင်နတ်ဧကရာဇ်နဲ့ မဟာဧကရာဇ်ကို ‌မချေမှုန်းနိုင်သရွေ့ ငြိမ်းချမ်းရေးဆိုတာ ရှိလာမှာမဟုတ်ဘူး'

သူသည် တည်ငြိမ်အေးဆေးနေသယောင် ထင်ရသော်လည်း သူ့မျက်လုံးများတွင် အားအင်တို့၊ စိတ်အားထက်သန်မှုတို့ ပြည့်နှက်နေ၏။ တည်ငြိမ်နေသည့် အသွင်အပြင်အောက်၌ လေးနက်သော အသိအမြင်တို့ ပုန်းကွယ်နေသည်။

‘မဟာလေဟာနယ်က လူသားတွေအတွက် ခိုလှုံရာဖြစ်လာလိမ့်မယ်... ငါတို့ရှုံးသွားရင် ပုန်းခိုနိုင်မယ့်နေရာ လိုအပ်တယ်... လော့ရှောင်ရဲ့ ဟောကိန်းသုံးခုသာ အမှန်ဖြစ်လာရင် မဟာဧကရာဇ် မဟာလေဟာနယ်ကို ကျူးကျော်တဲ့အခါ ဘယ်လိုရင်ဆိုင်ရမလဲ ပြင်ဆင်ထားဖို့ လိုအပ်တယ်’

သူမျက်လုံးများတွင် ထင်ဟပ်နေသော လှိုင်းရိပ်များက မြန်သထက် မြန်လာသည်။

ကောင်းကင်နတ်မြစ်အထက်ရှိ လှိုင်းတံပိုးကြီးများသည် သူ့သင်္ဘောကို ပုတ်ခတ်၍ မြှင့်တင်လိုက်၏။

လှိုင်းလုံးအထက်သို့ သင်္ဘောရောက်ရှိသွားသည့်အခါ ကောင်းကင်နတ်အရှင်ယွင်၏ အ၀တ်များသည် လေနှင့်အတူ တဖျပ်ဖျပ် လှုပ်ခတ်နေချေ၏။

သူက အောက်ရှိ ပျင်းရိပျင်းတွဲ ရွေ့လျားနေသာ သက်တန့်ရောင် တိမ်တိုက်များဖြင့် ဧရာမအင်ပါယာကြီးဆီသို့ ငုံ့ကြည့်လိုက်သည်။

ဤသည်ကား သူ၏ခေတ်ပင်။

ဤဖရိုဖရဲခေတ်၏ ဦးဆောင်သူ၊ မည်သူမှ မမြင်ဖူးသည့် ခမ်းနားထည်ဝါမှုအား လူသားများ ခံစားနိုင်အောင် လုပ်ဆောင်ပေးသူ၊ သမိုင်းကြောင်းတွင် အကြီးကျယ်ဆုံး မှတ်တိုင် စိုက်ထူနိုင်သူ ဖြစ်လာရန် သူ စိတ်ပိုင်းဖြတ်ထားသည်။

မဟာဧကရာဇ်နှင့် ကောင်းကင်နတ်ဧကရာဇ်တို့၏ သေဆုံးမှုအား သူ ဆောင်ကြဉ်းပေမည်။ ရှေးဟောင်းနတ်ဘုရားတို့၏ခေတ် သူ့လက်ထဲတွင် နိဂုံးချုပ်လိမ့်မည်။ ကောင်းကင်မဟာမိတ်အဖွဲ့သည်လည်း သူ့ကြောင့် ပြိုကွဲပေလိမ့်မည်။ ရှေးဟောင်းနတ်ဘုရားတို့ကို တွန်းလှန်ခဲ့သူများက ဘုရင်အသစ်များ ဖြစ်လာကြလိမ့်မည်။

သို့ထိတိုင် ကောင်းကင်နတ်အရှင်ယွင်အနေဖြင့် ထိုအရာများကို လုံးလုံးလျားလျား မသိပေ။ သူက တိမ်များ၀န်းရံနေသည့် တောင်တန်းများကို ကြည့်ရင်း ရင်ထဲတွင် သူရဲကောင်းစိတ်များ တလှိုက်လှိုက် ဖြစ်ပေါ်နေသည်။

လှိုင်းလုံးကြီးတစ်လုံး လျှောကျသွားပြီး မြူခိုးထဲမှ ထွက်ခွာသွားသော ရထားလှည်းသည် နဂါးခေတ်တွင် ပြန်ပေါ်လာ၏။

အချိန် ပြောင်းသွားသည့်အတွက် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံမှ မည်မျှဝေးကွာသလဲ မသိရချေ။

ထိုခေတ်တွင် ကောင်းကင်နတ်အရှင်မူ၏ အံ့မခန်းလိလိ အောင်မြင်မှုသည် တော်လှန်မှုတစ်ရပ်ကို စတင်စေခဲ့၏။ သို့သော် ကောင်ကင်နတ်အရှင်မူ လုပ်ဆောင်ခဲ့သည်များကို လူအတော်များများ မသိကြပေ။

ချင်မူက စိတ်ကို ငြိမ်အောင် ထိန်းကာ သူ၏ရုပ်ရည်ကို မူချင်းအဖြစ် ပြန်ပြောင်းလိုက်သည်။

‘ငါတို့နဂါးခေတ်ရဲ့ ဘယ်နှစ်ကို ရောက်နေလဲ မသိဘူး... ကံ‌မကောင်းလိုက်တာ... တစ္ဆေသင်္ဘောက နဂါးခေတ်ရဲ့ ဘယ်နှစ်မှာ ရပ်တာလဲ အစ်ကိုကြီးတောင် မသိဘူး’

ချင်မူ ထရပ်၍ ယန်အာကို ပြောလိုက်သည်။ “မမကြီးယန်အာ... မီးအိမ်ကို သေချာချိတ်ထားနော်... လှိုင်းလုံးတွေက တအားကြီးတယ်.... လှိုင်းတွေကြောင့် မီးမငြိမ်းသွားပါစေနဲ့”

ယန်အာက ခေါင်းညိတ်၍ အသေအချာ ချိတ်ကာ မေး၏။ “သခင်လေး၊ ဒီတစ်ခါ ငါ့အမေနဲ့ တွေ့လို့ရပြီလား”

ချင်မူက ပြုံး၍ ဖြေလိုက်သည်။ “တစ်ခုခု မလွဲသရွေ့ ကျွန်တော်တို့ တွေ့လို့ရမှာပါ... စိတ်အေးအေးထား မမကြီး... ကျွန်တော်တို့ သူနဲ့ တွေ့တာနဲ့ ထောင်ချောက်ဆင်ထားလို့ရပြီ... ကောင်းကင်နတ်အရှင်ဟွေ့ သူ့ကို သတ်ရင်တောင်မှ တကယ်သေမှာ မဟုတ်ဘူး”

သူက လက်နောက်ပစ်လျက် ယန်အာ မီးအိမ်အား ချိတ်နေသည်ကို ကြည့်နေသည်။ သူ့တွင် ယုံကြည်ချက်တို့ ပြည့်နှက်နေ၏။

ယန်အာမှာ စိတ်ပျော်ရွှင်နေ၍ နဂါးချီလင်နှင့် ကောင်းကင်နဂါးခြောက်ကောင်ကို အစာသွားကျွေးနေသည်။ နဂါးချီလင်၏ နားထဲမှ မြေအောက်ဘုံအရှင်သခင်ပိစိလေးကိုလည်း စွမ်းအင်ဆေးလုံးများဖြင့် မျှား၍ အပြင်ခေါ်ထုတ်လိုက်သေးသည်။

မြေအောက်ဘုံအရှင်သခင်ပိစိလေးက စွမ်းအင်ဆေးလုံးကြီးတစ်လုံးကို ဖက်ကာ အကျအန ထိုင်ဝါးနေသည်။

ကောင်းကင်နတ်မြစ်ထက်တွင် သင်္ဘောများစွာ ဖြတ်မောင်းသွားလာနေကြသဖြင့် အတော်လေး စည်ကားနေသည်။ ချင်မူ ပြတင်းပေါက်ကို တွန်းဖွင့်ကြည့်လိုက်သည့်အခါ နဂါးဟန်ခေတ်၏ ပထမနှစ်တုန်းကထက် သင်္ဘောများစွာ စည်ကားနေကြောင်း တွေ့လိုက်ရသည်။ လူသားများလည်း ပိုမိုများပြားလာသည်။ သင်္ဘောများကို မောင်းနှင်နေသည့် လူသားနတ်ဘုရားများကိုပင် တွေ့လိုက်ရချေသည်။

‘ကောင်းကင်နတ်အရှင်ယွင် အုပ်ချုပ်တဲ့ လောကက လူတွေအတွက် တကယ် ကောင်းတာပဲ”

ချင်မူ ပြုံးလျက် တွေးနေမိသည်။ ‘သူ အခုလောက်ဆို ကောင်းကင်နတ်ဧကရာဇ်ယွင် ဖြစ်နေလောက်ရောပေါ့... ငါ နဂါးဟန်ခေတ်ကို သွားခဲ့တဲ့ အရင်တစ်ခါတုန်းက သူနဲ့မတွေ့ခဲ့ရတာ နှမြောစရာကောင်းတယ်... နဂါးခေတ်ပထမနှစ်တုန်းကလည်း နဂါးသွဲ့ရေကန်တွေ့ဆုံပွဲမှာ တစ်ခါ တွေခဲ့ဖူးပေမယ့် အေးအေးဆေးဆေး ထိုင်မပြောခဲ့ရဘူး'

ရုတ်တရက် သူ မှင်သက်သွားသည်။ ကောင်းကင်နတ်အရှင်ယွင် ထားခဲ့သော သူ့မိသားစုအတွက် သေတမ်းစာတွင် ထိုတစ်ကြိမ်ပြီးနောက် ကောင်းကင်နတ်အရှင်မူနှင့် မတွေ့ခဲ့သည့်အကြောင်း ထည့်ရေးခဲ့သည်မှာ ထူးဆန်းလှ၏။ သူက ဗြဟ္မဗုဒ္ဓ၏ကျင့်စဉ်ကို အသုံးပြု၍ ကောင်းကင်နတ်အရှင်မူအဖြစ် ရုပ်ဖျက်ကာ ကိစ္စအတော်များများ လုပ်ဆောင်ခဲ့သည်ဟု ဆိုခဲ့သည်။

‘ငါတို့ အဲ့ဒီနောက်ပိုင်း တစ်ခါမှ မတွေ့တော့တာ ဖြစ်နိုင်ရဲ့လား’

ချင်မူမှာ တုန်လှုပ်သွားသည်။ သူတို့နှစ်ယောက်သည် သမိုင်းတလျှောက်လုံး တစ်ယောက်ကိုတစ်ယောက် အဝေးမှသာ ကြည့်နေခဲ့ရသည်လော။

ဤသည်ကား ဝမ်းနည်းစရာကောင်းသော အမှန်တရား ဖြစ်ချေသည်။

“လုံပိ၊ လူသားတွေရဲ့ ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံဆီ သွားကြစို့”

ချင်မူ၏အသံက ခပ်အေးအေး ထွက်လာသည်။ “ငါ့ ရဲ့ လူသားမိတ်ဆွေဟောင်းတွေ ဘာလုပ်နေမလဲ ကြည့်ချင်မိတယ်”

နဂါးချီလင်က ယန်အာကို ခပ်တိုးတိုး ပြောသည်။ “ဂိုဏ်းသခင် တစ်ခုခု ထူးဆန်းနေတယ်.. အမြဲတမ်း ဖက်တီးနဂါးလို့ ခေါ်နေရာကနေ အခုကျ ကျွန်တော့်နာမည်အရင်း လုံပိကို ခေါ်နေပြန်ရော... တစ်ခုခုတော့ တစ်ခုခုပဲ”

ယန်အာမှာ မပြောမိဘဲ မနေတော့‌ပေ။ “နင်က အရေးကြီးတဲ့ကိစ္စတွေမှာ ဉာဏ်ထက်သလောက် အသေးအမွှားလေးတွေကျ ဘာလို့ အဲ့လောက်တုံးရတာလဲ... ဖက်တီးနဂါးဆိုတာကြီးက ကလေးဆန်တဲ့ နာမည်ပြောင်လေ... လုံပိကမှတကယ့် နာမည်အစစ်... အရင်က နင့်ကို အရွယ်မရောက်တဲ့ ပေါက်စနလေးလို မြင်ခဲ့လို့ ဖက်တီးနဂါးလို့ ခေါ်ခဲ့တာ.... အခုကျ နင် ရင့်ကျက်ပြီး အရွယ်ရောက်လာလို့ နင့်နာမည်အရင်းကို ခေါ်တာပေါ့... ဒါ မိဘတွေ၊ အကြီးတွေ လုပ်‌နေကျ... အရွယ်ရောက်လာပြီလို့ ခံစားရရင် နာမည်အရင်းကို ခေါ်ကြတာပဲ”

“ဟာဗျာ... မဖြစ်နိုင်တာ... ဂိုဏ်းသခင်က ကျွန်တော့်ကို သူ့သားလို မွေးထားတာမှ မဟုတ်တာ”

“ဘာ... နင့်ကို ဘယ်သူ ထမင်းကျွေးလဲ... သိုင်းသင်ပေးခဲ့တာကရော ဘယ်သူလဲ.... နင့်ကို တုန်နေအောင် ချစ်တာကရော ဘယ်သူလဲ...ဟမ်”

နဂါးချီလင်မှာ ကြောင်နေစဉ် မြေအောက်ဘုံအရှင်သခင်ပိစိလေးက တခွိခွိ ရယ်မောနေချေသည်။

နဂါးချီလင်က စိတ်ပျက်လက်မှိုင်ကျသွားသည့်အလား ‌ခေါင်းငိုက်စိုက်ကျကာ ပြောလေသည်။ “ကျွန်တော့် လူထိန်းကျမ်းစာက အသုံးမ၀င်တဲ့ပုံပဲ... တာအိုနှလုံးသား ပြိုလဲတော့မယ်ထင်တယ်”

ရထားလှည်းသည် ကောင်းကင်နတ်မြစ်အတိုင်း ပျံသန်းနေ၏။ လူသားတို့၏ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံက အရှေ့တွင် တည်‌ဆောက်ထားသည်။ ချင်မူမှာ စိတ်လှုပ်ရှားနေသည်။ “ငါ ဒီတစ်ခါ ကောင်းကင်နတ်အရှင်ယွင်နဲ့ တွေ့နိုင်တော့မှာလား... သူ အခုအချိန်ဆို ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံမှာ ရှိနေလောက်မှာလား”

ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံသည် ယခင်ကထက် များစွာ ကြီးမားလာပြီဖြစ်သည်။ အဝေးမှကြည့်လျှင် တင့်တယ်ခမ်းနားကာ ကျက်သရေဖြင့် ပြည့်စုံနေ၏။ မူလကောင်းကင်ဟန်ကောင်းကင်နတ်ဘုံမှာ ရှိသေးသော်လည်း သေးငယ်ချေသည်။ လူသားနတ်ဘုရားများက ၎င်း၏ ပတ်ဝန်းကျင်တွင် နန်းတော်အများအပြား တည်ဆောက်၍ ၎င်းတို့အား မြှင့်တင်ပေးထားရန် ကောင်းကင်နတ်မြစ်လက်တက်များကို ဆွဲယူထားကြသည်။

ချင်မူ လှမ်းကြည့်လိုက်ရာ မြစ်လက်တက်များမှ ရွက်လွှင့်ထွက်လာသော သင်္ဘောများကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်သည် စည်ကားသိုက်မြိုက်လျက်ရှိ၏။ နတ်ဘုရားများက ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံဆီသို့ ပျံတက်သွားကြည့်အခါ လမ်းတလျှောက်တွင် အလင်းတန်းများ တောက်ပစွာ ကျန်ရစ်ခဲ့လေသည်။

‘ထင်ထားတဲ့အတိုင်း ကောင်းကင်နတ်အရှင်ယွင်က ‌ကောင်းကောင်းအုပ်ချုပ်နိုင်တာပဲ’

ချင်မူမှာ ၀မ်းသာပျော်ရွှင်စွာဖြင့် နဂါးချီလင်အား ရထားလှည်းကို ရပ်တန့်စေလိုက်ရင်း ဖြတ်သွားသော သင်္ဘောတစ်စင်းအား တားလိုက်သည်။ သင်္ဘောသည် ၎င်းမှာ ကုန်စည်များဖြင့် ပြည့်နှက်နေသဖြင့် အခြားကောင်းကင်ဘုံများဆီသို့ ကုန်စည်ရောင်းချရန် ‌ကောင်းကင်နတ်မြစ်မှတဆင့် သွားနေခြင်းဖြစ်လိမ့်မည်။

သင်္ဘောကို စောင့်ရှောက်နေသော နတ်ဘုရားက တားသည့် အကြောင်းအရင်းကို မေးကြသည်။ ကောင်းကင်နဂါး ရတနာရထားလှည်းက မည်မျှတင့်တယ်ခမ်းနားကြောင်း မြင်ရသည့်အတွက် မနှေးတုံ့ရဲကြချေ။

ချင်မူက ရထားလှည်းအပြင် ထွက်ကာ မေးသည်။ “နောင်တော်၊ ကျွန်တော်တို့ နဂါးဟန်ခေတ်ရဲ့ ဘယ်နှစ်ကို ရောက်ပြီလဲဗျ”

နတ်ဘုရားက ပြုံးလျက် ဖြေသည်။ “နှစ်အတိအကျကိုတော့ မသိပါဘူး.... ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံရဲ့ နှစ်ကိုတော့ သိတယ်... ဒီနှစ်က ကောင်းကင်နတ်အရှင်ယွင် နန်းတက်တာ နှစ်တစ်သိန်းပြည့်တဲ့ နေ့ပါ... ခင်ဗျားသာ စောစောရောက်ရင် အခမ်းအနားကို တွေ့ရမှာ... နောက်ကျသွားတာ ကံဆိုးတာပဲ”

‘ကောင်းကင်နတ်ဧကရာဇ်ယွင် နန်းတက်တာ နှစ်တစ်သိန်းရှိပြီတဲ့လား’

ချင်မူ အံ့အားသင့်သွားမိသည်။ ကောင်းကင်နတ်အရှင်ယွင်သည် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ တည်ထောင်သည့်နေ၌ နန်းတက်ခဲ့လျှင် သူကား နှစ်တစ်သိန်း နောက်ကျနေချေပြီ။

“ခင်ဗျားကြည့်ရတာ အဝေးကြီးက လာရတဲ့ပုံပဲ... ဟုတ်တယ်မလား... ခင်ဗျားရဲ့ ခရီးထွက်နေတာ အတော်ကြာပြီဖြစ်ရမယ်”

နတ်ဘုရားက ပြော၏။ “အခမ်းအနားလုပ်တုန်းက ကောင်းကင်နတ်ဧကရာဇ်ယွင်က သတင်းကြီးတစ်ခု ကြေညာခဲ့သေးတာ... ခင်ဗျား လွတ်သွားတာ နှမြောစရာပဲ”

ချင်မူက သိလိုစိတ်ပြင်းပြစွာ မေးလိုက်သည်။ “ဘာများလဲ‌ဗျ”

“တစ်လောကလုံးရဲ့ ပထမဆုံး ဧကရာဇ်ပလ္လင်အဆင့်လေ” ထိုနတ်ဘုရားက စိတ်လှုပ်တရှား ဖြေသည်။ “ကောင်းကင်နတ်ဧကရာဇ်ယွင်က တစ်လောကလုံးမှာ ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံနိုင်တဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီ.. ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကတော့ လက်ဆောင်တွေ ပို့ပေးလိုက်တယ်... အဲ့နေ့တုန်းကဆို ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံက စည်ကားသိုက်မြိုက်နေရောပဲ... မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်း၊ အမိကမ္ဘာမြေနဲ့ ကောင်းကင်နတ်ဧကရီတို့ကတောင် ကျုပ်တို့ဧကရာဇ် ပထမဆုံး ဧကရာဇ်ပလ္လင်အဆင့်ပုဂ္ဂိုလ် ဖြစ်လာပြီး ဧကရာဇ်ပလ္လင်အဆင့်ကို ဖွင့်နိုင်ခဲ့လို့ လက်ဆောင်တွေ ပို့ခဲ့ကြတာဗျာ”

ချင်မူကလည်း စိတ်လှုပ်တရှား ချီးကျူးလိုက်သည်။ “ကောင်းလိုက်တာ....ကောင်းလိုက်တာ... သူက နှစ် တစ်သိန်းတစ်ထောင်တည်းနဲ့ ဧကရာဇ်ပလ္လင်အဆင့်ကို နတ်ဘုရားတွေတောင် မရောက်ခင် ကျင့်ကြံနိုင်ခဲ့တာပဲ....တကယ်ကို ပြိုင်ဘက်ကင်းဉာဏ်ကြီးရှင်ပါပဲဗျာ”

ယန်အာမှာ ကြောင်အနေ၏။ ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်ရန် နှစ်ပေါင်း တစ်သိန်းတစ်ထောင် ကျင့်ကြံခဲ့ရသည်က ပြိုင်ဘက်ကင်း ဉာဏ်ကြီးရှင်တဲ့လား။

‘ခိုင်ဧကရာဇ်ခေတ်က လူတွေ ဧကရာဇ်ပလ္လင်အဆင့် ရောက်ဖို့ နှစ်တစ်ထောင်တောင် မကြာတာကို သခင်လေး မသိဘူးထင်တယ်... ကောင်းကင်နတ်အရှင်ယွင်က နှစ်တစ်သိန်းကျော်တောင် ကြာတာကို ဘယ်လိုလုပ် ဉာဏ်ကြီးရှင်ဖြစ်မှာလဲ’ သူမမှာ နားမလည်နိုင်ချေ။

သူမ မသိသည်မှာ အရှေ့မှ မရေမတွက်နိုင်သော လူများ၏ အတွေ့အကြုံများကြောင့်သာ မျိုးဆက်သစ်များ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ကြခြင်းကို ဖြစ်သည်။ ကောင်းကင်နတ်အရှင်ယွင်၏ ခေတ်တွင် ထိုအဆင့်တည်ရှိမှန်း သိကြသော်လည်း မည်သူမှ မတက်ရောက်နိုင်ခဲ့ကြချေ။

ထိုမျှသာမက ဤခေတ်တွင် အတုယူစရာ အခြားကျင့်စဉ်များလည်း မရှိပေ။

နတ်ဘုရားတစ်ပိုင်းတို့၏ ခေါင်းဆောင်များပင် အပါအဝင် အားလုံးသည် သုညမှစ၍ အမှားကို အမှန်ပြင်ရင်း သင်ခန်းစာယူကာ ကျင့်ကြံခဲ့ကြရသည်။ အမှောင်ထဲတွင် စမ်းတဝါးဝါး လမ်းရှာနေရသကဲ့သို့ပင်။

ကြောက်စရာကောင်းသည်က အမှားများ ဖြစ်၏။

ကျင့်စဉ်တွင် အမှားတစ်ခု လုပ်မိပါက တစ်ခုလုံး အစမှ ပြန်စရလေသည်။

‌ကျောက်စိမ်းမြို့တော်အဆင့်မှ ကောင်းကင်အလိုတော်မုခ်၀အဆင့်သို့ တက်ရောက်တော့မည့် အခြေအနေ၌ အစစ်အမှန်နတ်ဘုရားအဆင့်တွင် အမှားတစ်ခု လုပ်ခဲ့မိကြောင်း သိရပါက အစစ်အမှန်နတ်ဘုရားအဆင့်မှ ကျောက်စိမ်းမြို့တော်အဆင့်အထိ ကျင့်စဉ်များအားလုံးကို လိုက်လံပြုပြင်ရသည်။

ကောင်းကင်နတ်ရတနာများကို ဖွင့်နေသည့်အချိန်၌ အမှားတွေ့ခဲ့သည်ဆိုလျှင်ရော...

ထိုမတိုင်ခင် ကျင့်စဉ်များအားလုံးကို လိုက်လံပြုပြင်ရသည်။

သို့ဖြစ်၍ နဂါးဟန်ခေတ်တွင် ကျင့်စဉ်များ တိုးတက်ရန် ခက်ခဲခြင်းဖြစ်သည်။ လူတိုင်းကား အမှောင်ထဲတွင် မှားလိုက်၊ ပြင်လိုက်ပင်။

ထို့ကြောင့် သေဆုံးသွားသည့် လူများ၏ အလောင်းတို့သည် ကောင်းကင်ဘုံတစ်ဘုံစလုံး အပြည့်ပင် ရှိနိုင်၏။

ယခင်မျိုးဆက်သစ်များ၏ အခက်အခဲ၊ အမှားတို့က နောက်မျိုးဆက်သစ်များ ကျင့်ကြံရာတွင် အမှားမလုပ်မိဘဲ ချောချောချူချူ ကျင့်ကြံနိုင်ရန် ကူညီပေးသည်။

ဧကရာဇ်ပလ္လင်အဆင့်ကို ပထမဆုံး ဖွင့်လှစ်ပြီး ရောက်ရှိခဲ့သော ကောင်းကင်နတ်အရှင်ယွင်၏ အံ့မခန်းလိလိ အောင်မြင်မှုက သူ၏သာလွန်ထူးကဲမှုကို ပြသနေချေသည်။

“ဧည့်သည်ခင်ဗျ၊ ကျွန်တော်တို့က ကုန်သွယ်ရဦးမှာဆိုတော့ ကြာကြာနေလို့ မရပါဘူး’

ကုန်သည်သင်္ဘောကို စောင့်ရှောက်နေသော နတ်ဘုရားက ပြောသည်။ “ကျွန်တော် ပြန်ရောက်ဖို့ အနည်းဆုံး ဆယ်စုနှစ်လောက် ကြာလိမ့်မယ်.. အဲ့အချိန်ကျ ကျွန်တော်လည်း ခရီးပန်းနေတဲ့ ဧည့်သည်ဖြစ်ရောပေါ့ဗျာ”

ချင်မူက ရယ်လျက် သူ့အား လက်ပြနှုတ်ဆက်လိုက်သည်။

ရထားလှည်းသည် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံအရှေ့ထိ မောင်းနှင်သွားပြီး နဂါးချီလင်က ရထားလှည်းအား တောင်ကောင်းကင်မုခ်၀တွင် ‌ရပ်တန့်စေလိုက်သည်။ ယန်အာက မီးအိမ်ကို ဖြုတ်ယူ၍ ချင်မူတို့နှင့်အတူ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံထဲ လိုက်ဝင်သွားသည်။

နေ့လည်ခင်းတွင် မီးအိမ် သယ်ဆောင်ထားသော သူတို့မှာ မသင်္ကာစရာကောင်းလှလေသည်။

ချင်မူက ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ဤခေတ်မှ လူတို့သည် အနုပညာတွင် ကျွမ်းကျင်ပိုင်နိုင်ကြ၏။ အဆောက်အဦးများမှာ ရှေးဆန်သော အပြင်အဆင်၊ အလှအပတို့ဖြင် လူတိုင်း၏အာရုံကို ဆွဲဆောင်နေသည်။

ချင်မူမှာ ဤနယ်ပယ်တွင် လေ့လာခဲ့ဖူးသောကြောင့် ဖြည်းဖြည်းလျှောက်ရင်း ပျော်ရွှင်စွာ လိုက်ကြည့်နေမိသည်။

“ယွင်၊ ဘာလို့ အစောကြီးပြန်လာတာလဲ”

ရင်းနှီးသောအသံတစ်သံ ကြားလိုက်ရသဖြင့် ချင်မူ လှည့်ကြည့်လိုက်သည်။ နတ်ဘုရားများစွာနှင့်အတူ လျှောက်လာနေသော ကောင်းကင်နတ်အရှင်ယွဲ့ကို တွေ့လိုက်ရလေသည်။ သူမက ပွစိပွစိ ပြောနေ၏။ “နင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ဆီ မကျေနပ်ကြောင်း သွားလျှောက်တင်မလို့ဆို.. ကောင်းကင်နတ်အရှင်ဟောင်က ငါတို့မြေကို ကျူးကျော်တာ ကြာပြီ.. သူ့နတ်ဘုရားတစ်ပိုင်းတွေကလည်း ငါတို့နတ်ဘုရားတွေကို စားပစ်ခဲ့သေးတယ်... အဲဒီလုပ်ရပ်တွေအပေါ် မကျေနပ်တဲ့အကြောင်း တိုင်တန်းစာလွှာနဲ့ ငါတို့...... နင် ဘာလို့ ကောင်းကင်နတ်အရှင်မူပုံစံ ပြောင်းထားတာ ပြန်တာတုန်း”

ရုတ်တရက် ယန်အာ၊ နဂါးချီလင်နှင့် ကောင်းကင်နဂါခြောက်ကောင် အသွင်ပြောင်းထားသည့် ထူး‌ဆန်းသော လူခြောက်ယောက်အား သူမ သတိထားမိသွားပြီး ကြောင်သွားကာ ချင်မူ့ဆီ ကြည့်လေသည်။

ချင်မူက ပြုံး၍ နူးညံ့ညင်သာစွာ နှုတ်ဆက်လိုက်သည်။ “မတွေ့တာကြာပြီနော် ယွဲ့.... ကျွန်တော်တို့ နှုတ်ဆက်ခဲ့တာ မနေ့တစ်နေ့ကလိုပဲ... နေကောင်းတယ်မလား”

ကောင်းကင်နတ်အရှင်ယွဲ့မှာ သူ့ကို ကြည့်ရင်း ယုံရခက်နေသည်။ သူမက ပေါ့ပါးနေသော ခြေလှမ်းများဖြင့် သူ့ဆီ လျှောက်လာကာ အသေအ‌ချာ ကြည့်၏။ သူသည် မျက်တွင်း အနည်းငယ် ချောင်နေသည်မှလွဲ၍ မည်သည်မှ မပြောင်းလဲချေ။ မနေ့တစ်နေ့က နောက်ဆုံးတွေ့ခဲ့သည့်အတိုင်းပင်။

သို့သော် ကိစ္စများစွာ တွေ့ကြုံခဲ့ရသည့်အလား သူ၏မျက်ဝန်းများက ပင်ပန်းနေသည်။ သူအရှိန်အဝါမှာလည်း ပိုမိုလေးနက်တည်ကြည်သော အနေအထားသို့ ပြောင်းလဲနေ၏။

“နှစ်တစ်သိန်းကျော် ကြာခဲ့ပြီ”

သူမက တိုးညှင်းစွာ ရေရွတ်လိုက်သည်။။ “မနေ့တနေ့က မဟုတ်ဘူး... နင် ထွက်သွားခဲ့တာ ‌နှစ်တစ်သိန်းကျော် ကြာခဲ့ပြီ ကောင်းကင်နတ်အရှင်မူ”

“ကျွန်တော် သိပါတယ်”

ချင်မူက ပြုံးပြလိုက်သည်။ “ခင်ဗျားအတွက် နှစ်တစ်သိန်းက ကျွန်တော့်အတွက် တစ်ရက်လေးပါပဲ”

ကောင်းကင်နတ်အရှင်ယွဲ့မှာ သူ့အား ကောင်းကင်နတ်ဘုံဆီသို့ ဆွဲခေါ်သွားရင်း ပြုံးရွှင်စွာဖြင့် ပြောနေည်။ “နင် ထွက်သွားတော့ နင့်လျှို့ဝှက်ချက်ကို တစ်ယောက် သိသွားတယ်....:ဘယ်သူလဲ သိလား... ညီမလင်ပေါ့”

သူမသည် ပျော်ရွှင်နေသဖြင့် အသံမှာလည်း ပေါ့ပါးနူးညံ့လာ၏။ “သူ့ဆံထိုးကို ဒီခေတ်ဆီ တစ်ယောက်ယောက် ယူလာခဲ့တာမလို့ ပျောက်သွားတာဆိုပြီး ညီမလင်က ပြောနေတာလေ.. အဲဒီတုန်းက နင်က ကောင်းကင်နတ်အရှင်ယွင် ဟန်ဆောင်ထားတာ မဟုတ်မှန်း ငါ မနေနိုင်ဘဲ ပြောလိုက်မယ်.... အဲဒါနဲ့ သူလည်း စိတ်လှုပ်ရှားသွားပြီး နင့်ကို အကြာကြီး လိုက်ခဲ့တာ... ဒါပေမဲ့ ရှာမတွေ့လို့ တော်တော်စိတ်ပျက်သွားခဲ့တယ်...”

သူမက ကောင်းကင်နတ်အရှင်လင်ကို ရှာရန် သူ့လက်အား ဆွဲထားသဖြင့် ချင်မူမှာ ရင်ထဲ ကလိကလိ ဖြစ်လာသည်။

မကြာမီ ကောင်းကင်နတ်အရှင်ယွဲ့သည် ကောင်းကင်နတ်အရှင်လင်၏ အခန်းသို့ ရောက်သွား၏။ အခန်းမှာ ရှုပ်ပွနေပြီး သင်္ကေအမျိုးမျိုး အက္ခရာအမျိုးမျိုး ပါသော စာရွက်များလည်း ပြန့်ကြဲနေသည်။

ထိုစာရွက်များအပြင် ဥယျာဉ်ထဲတွင် မြင်းပုက‌လေးများလည်း ရှိနေသည်။ သူတို့က မြေပြင်နှင့် ခြေထောက်မထိဘဲ ဝါးတုတ်များအား စီးနေကြပြီး မြေပြင်ရှိ စာရွက်များကို စစ်ဆေးရင်း ခုန်ပေါက်သွားလာနေကြ၏။

“သတိထား... အဲ့ဟာလေးတွေကို ဒေါသမဆွမိစေနဲ့.... ညီမလင် ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို စမ်းသပ်နေတုန်း သတိမထားမိဘဲ ဝါးတုတ်နဲ့ သူတို့ကို ဆက်လိုက်မိတာ.. ဝါးတုတ်နဲ့ သူတို့ ဆက်သွားတော့ ညီမလင်က စာတွေထဲမှာ အမှားရှာခိုင်းထားတာပဲ... သူတို့က အလုပ်ကို‌ သေချာမလုပ်ချင်တော့ ပေါက်ပန်းလေးဆယ် အမှားတွေ လျှောက်ပြောတတ်ကြတယ်... ညီမလင်ကတော့ သူတို့ကို ဝါးတုတ်ဝိညာဉ်လို့ ခေါ်တယ်... အဲ့ဟာလေးတွေက အရမ်းဒေါသကြီးတယ်.... သူတို့ကို ချက်ကျလက်ကျ သွားမပြောလိုက်နဲ့.... ထုရိုက်ဖို့အပြင် တခြား ဘာမှသိတာမဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ယွင်က ၀မ်းသာအားရ လှမ်းအော်သည်။ “ညီမလင်ရေ မြန်မြန်လာပါဦး... ဘယ်သူ ရောက်နေလဲ လာကြည့်ဦး”

ကောင်းကင်နတ်အရှင်လင်မှာ ဉယျာဉ်ထဲ၌ မရှိချေ။ ဝါးတုတ်များကို စီးလျက် ခုန်ပေါက်နေသော မြင်းပုကလေးများသာ ရှိသည်။

ကောင်းကင်နဂါးတစ်ကောင်က စပ်စပ်စုစု မေးလိုက်သည်။ “အဲ့လိုလျှောက်ခုန်နေတာ သူတို့ မနာဘူးလား”

ကောင်းကင်နဂါး‌တစ်ကောင်နောက်တစ်ကောင်က မေး၏။ “နာတယ်... ဘယ်နားက နာမှာလဲ”

ချင်မူ ကောင်းကင်နတ်အရှင်လင်၏ မက်မွန်သစ်သားဆံထိုးကို ထုတ်လိုက်သည့်အခါ ဘေးအခန်းမှ ကောင်းကင်နတ်အရှင်လင်၏အသံအား ကြားလိုက်ရသည်။ သူမမှာ ဒေါသူပုန်‌ထနေချေသည်။ “ဘယ်ခွေးကောင် လုပ်ပြန်ပြီလဲ... ငါ့ဆံထိုးကို ဘယ်သူခိုးသွားတာလဲ.... ဟင်”

အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်လာသည်။ ကောင်းကင်နတ်အရှင်လင်သည် ရပ်၍ ချင်မူ့အား စိုက်ကြည့်နေ၏။

“လင်၊ ကျွန်တော် ပြန်လာပြီ”

ချင်မူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီမှာလေ ဆံထိုး”

All Chapters