ရီဖူရှင်း၏အစီအစဉ်
Vol. 009 Ch. 888
ပြည်နယ်ကိုးခု ကျောင်းတော်မှ လူများ ချက်ချင်း ထွက်လာကြသည် မဟုတ်ပေ။ သူတို့က ရှားရှင်းယွန်၏ စကားကို ကြားသော်လည်း အားလုံးမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထူးခြား ကောင်းမွန်သူများ ဖြစ်ကြပေသည်။
“ကျုပ်က တမန်တော်ကို မေးချင်ပါတယ် ... လစ်ပီလစ်ဇူလီစေတီကို အလင်း ထွန်းညှိတာက ကျုပ်တို့ကို စမ်းသပ်မှုအတွက် အခွင့်အရေး ရမယ်ဆိုတော့ စမ်းသပ်မှုက ဘာများပါလဲ...” ချောမောသော လူငယ်တစ်ယောက်က မေးသည်။ သူကား ရှန့်ထိုလီ၏ တပည့်ဖြစ်သော လင်းရှာပိုင် ဖြစ်သည်။
“အဲဒါက ပြည်နယ်ကိုးခုမှာ မဟုတ်ဘူး...” ရှားရှင်းယွန်က ပြန်ပြောသည်။
“ကျုပ်တို့က အောင်မြင်ခဲ့ရင် ပြည်နယ်ကိုးခုကို ပြန်လာလို့ ရပါ့မလား... ကျရှုံးခဲ့ရင်ရော...” လင်းရှာပိုင်က ထပ်မေးသည်။ သူမေးလိုသော မေးခွန်းကို အားလုံးကလည်း သိလိုကြသည်။
“ရှင်တို့က စမ်းသပ်မှုကို အောင်မြင်ရင် အထက်ဘုံမှာ လေ့ကျင့်လို့ရတယ် ... မလေ့ကျင့်ချင်ရင် ပြည်နယ်ကိုးခုသို့ ပြန်လာလို့ရတယ်... ကျရှုံးတယ် ဆိုတာက... ဒါက ဘယ်လောက် အန္တရာယ်များတယ် ဆိုတာ မေးနေတာလား...” ရှားရှင်းယွန်က လင်းရှာပိုင်အား နက်ရှိုင်းသော မျက်လုံးများဖြင့် ကြည့်ကာ ထူးမခြားနားစွာ ပြောသည်.. “ကျွန်မက ဘယ်သူ့ကိုမှ မတိုက်တွန်းဘူး...”
အားလုံး၏ မျက်လုံးများက အရောင်လက် သွားကြသည်။ ထူးခြားနားသော ဟန်အမူအရာမှာ အလွန်မာနကြီးသော အငွေ့အသက်များ ပါဝင်နေ၏။ ရှားရှင်းယွန် ပြောသည်ကား သည်စမ်းသပ်မှုကို ပါဝင်ရန်မှာ သူတို့ကိုယ်တိုင်၏ ဆန္ဒဖြစ်၏။
“စမ်းသပ်မှုက ဘယ်လောက် ကြာမလဲ...” နောက်တစ်ယောက်က မေးသည်။
“မသိဘူး ... အဲဒါက တစ်နှစ်လည်း ဖြစ်မယ်... ငါးနှစ်လည်း ဖြစ်မယ်...” ရှားရှင်းယွန်က တည်ငြိမ်စွာ ပြန်ပြောသည်။ လူအများအပြားမှာ မှင်တက်သွားကာ သူတို့၏ အကြီးအကဲများအား ပြန်ကြည့်ကြသည်။
“မင်းတို့ ကိုယ်တိုင် ဆုံးဖြတ်ကြပါ...” ရှန့်ထိုလီက ပြောသည်။ ပြည်နယ်ကိုးခု ကျောင်းတော်မှ တပည့်များအား စမ်းသပ်မှုတွင် ပါဝင်ရန် သူခွင့်ပြု၏။ သူကား တန်ခိုးရှင်လောကနှင့် ပတ်သက်၍ သူ့တပည့်များထက် နားလည်ပေသည်။ အထက်ဘုံ၌ လေ့ကျင့်ရန် အခွင့်ရခြင်းမှာ ရှန့်ထိုအဆင့်များ အတွက်သာ ပေးခြင်း ဖြစ်သည်။ ယခု ရှားရှင်းယွန်က လူငယ်မျိုးဆက်များ ကိုလည်း ထိုသို့ အခွင့်အရေး ပေးလိုသည်။ တကယ့်ပါရမီရှင် အစစ်အမှန်များမှာ လက်လွတ်၍ မဖြစ်ပေ။
အခွင့်အရေးက ကောင်းမွန်လွန်း၏။ တကယ်၍ သူတို့က အထက်ဘုံတွင် လေ့ကျင့်ခွင့်ရပါက ရှန့်ထိုအဆင့်သို့ တက်လှမ်းမည့် အခွင့်အလမ်းမှာလည်း များပြားပေသည်။ သူတို့က ရှန့်ထိုအဆင့်သို့ တက်လှမ်းပြီး နောက်တွင် ပိုမိုသော အခွင့်အလမ်းများလည်း ရလာပေလိမ့်မည်။
“ဆရာ ... ကျွန်တော် စမ်းကြည့်ချင်တယ် ...” လင်းရှာပိုင်က ရှန့်ထိုလီကို ပြောကာ လစ်ပီလစ်ဇူလီစေတီသို့ လျှောက်လာခဲ့သည်။
“အောက်မှာ ရပ်လိုက်ပါ..” ရွှေရောင်ချပ်ဝတ် ဝတ်ထားသော လူတစ်ယောက်က သူ့အား ပြောသည်။ ပြောလိုက်သူမှာ ပြည်နယ်ကိုးခု အစောင့်အကြပ်အဖွဲ့မှ ဖြစ်သည်ကို လင်းရှာပိုင် သိပေသည်။
သူက စေတီအောက်ကို လျှောက်သွားကာ သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ် လိုက်သည်။ ချက်ချင်းပင် အလင်းတန်းများ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ၏။ ထိုအခိုက်တွင် လင်းရှာပိုင်၏ ခန္ဓာမှာ ပြင်းထန်စွာ တုန်ယင်လာပြီး ကြောက်မက်ဖွယ် ဆွဲငင်အားက သူ၏ စိတ်နှင့်ဝိညာဉ်ကို အပြင်သို့ ဆွဲငင်လာသည်ဟု ခံစားရသည်။ သူ၏စိတ်ဝိညာဉ်မှာ အလိုအလျောက် စေတီထံသို့ ရွေ့လျား သွားသည်။
“အား...” နာကျင်စွာ အော်ဟစ်သံတစ်ခု ကြားကြရကာ အားလုံးမှာ ကျောချမ်း သွားကြသည်။ လင်းရှာပိုင်ကား အလွန် အားကောင်းသော်လည်း စေတီ၏ ဖိအားအောက်တွင် ထိုသို့ အခြေအနေ ကြုံတွေ့ရသည်။
မကြာမီ စေတီအပေါ်မှ အလင်းတန်းများ ဖြာထွက်လာကာ လင်းရှာပိုင်၏ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်ကို မြင်ကြသည်။ လင်းရှာပိုင်၏ မျက်နှာမှာလည်း အလွန်အမင်း နာကျင်မှုကြောင့် ပျက်ယွင်း နေသည်။ သူက သက်စောင့်ဝိညာဉ်အား အလိုအလျောက် ထုတ်လွှတ် လိုက်မိကာ ထိုသို့ ဖြစ်လာခြင်းမှာလည်း သူ၏စိတ်ဆန္ဒအရ ဟုတ်ဟန်မရပေ။
လစ်ပီစေတီမှာ လေထဲတွင် ပြင်းထန်စွာ လည်ပတ်နေပြီး အားလုံးက ထိုမြင်ကွင်းကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။ ပြည်နယ်ကိုးခု ကျောင်းတော်မှ လူများမှာ အလွန်အမင်း စိုးရိမ်ပူပန်နေဟန် ရသော်လည်း မည်သူမှ တားဆီးခြင်း မပြုကြပေ။ ရှန့်ထိုလီပင် ထူးမခြားနားသော အမူအရာဖြင့် ကြည့်နေသည်။
နောက်ဆုံးတွင် ပြင်းထန်စွာ နာကျင်သောကြောင့် အော်သံတစ်ချက်နှင့်အတူ လစ်ပီစေတီမှာ အရောင်အဝါများ လင်းလက် သွားသည်။ အလင်းတန်းက အောက်ခြေမှသည် အပေါ်ကို ထိုးတက်သွားရာ လင်းရှာပိုင်၏ပုံရိပ်ကို ပြိုကွဲစေလျက် ၂၇မီတာ မြင့်မားသော စေတီ၌ ကိုးမီတာအထိ ဆန်တက် လာခဲ့သည်။ ကြောက်မက်ဖွယ် အလင်းက လင်းရှာပိုင်ကို ဖြတ်သန်း စီးဆင်းသွားပြီး သူ့အား စေတီအပြင်ဘက်ဆီသို့ လွင့်စဉ်စေခဲ့သည်။
“ဒါ...” လူအများအပြားက အံ့အားသင့် သွားကြသည်။ လစ်ပီစေတီကား အလွန် ကြောက်မက်ဖွယ် ကောင်း၏။
“နာမည်...” ရွှေရောင်ချပ်ဝတ်နှင့်လူက မေးသည်။
“ပြည်နယ်ကိုးခု ကျောင်းတော်၊ လင်းရှာပိုင်...” လင်းရှာပိုင်က အသက်ပြင်းစွာ ရှိုက်လျက် ပြန်ဖြေသည်။
ထိုအခိုက်တွင် ပြည်နယ်ကိုးခု အစောင့်အကြပ် အဖွဲ့ဝင်က လက်ဝှေ့ယမ်း လိုက်သည်တွင် ရွှေရောင်ပေလွှာ တစ်ချပ် ပေါ်လာသည်။ ထို့နောက် သဘာဝစွမ်းအင်ဖြင့် လင်းရှာပိုင်၏ နာမည်အား ပေလွှာပေါ်တွင် ရေးသားလိုက်ပြီး ဆက်ပြောသည်... “လစ်ပီလစ်ဇူလီစေတီ ... ကိုးမီတာ ... မင်းက စမ်းသပ်မှုခံယူဖို့ အခွင့်ရတယ်...” လင်းရှာပိုင်က သူ၏နေရာသို့ ပြန်သွားလိုက်သည်။ သူ၏ အတွေးထဲတွင်ကား ဖြစ်ခဲ့သည်များကို ပြန်တွေးနေသည်။
လစ်ပီစေတီအား ၂၇မီတာ မြင့်သော်လည်း သူက ကိုးမီတာခန့်သာ လင်းအောင် စွမ်းဆောင် နိုင်ခဲ့သည်။ သူက ကြိုတင်ပြင်ဆင် နိုင်ခဲ့ပါက သည့်ထက် ပိုကောင်းအောင် လုပ်နိုင်လိမ့်မည်။ သူခံစားခဲ့ရသည်ကား ရုတ်တရက် ဆန်လွန်းကာ သူ့အပြင် ပြင်ဆင်ချိန် မရခဲ့ပေ။
ထို့နောက်တွင် ပြည်နယ်ကိုးခု ကျောင်းတော်မှ နောက်ထပ် တော်ဝင်လမ်း သားတော်တစ်ပါး ထွက်လာသည်။ သူ့အလှည့်တွင်ကား လစ်ပီစေတီကို ခြောက်မီတာခန့်သာ အလင်း ထွန်းညှိနိုင်ခဲ့၏။ ထိုကျောင်းတော်သား အလွန်အမင်း စိတ်ပျက်သွားဟန် ရသည်။
ပြည်နယ်ကိုးခု ကျောင်းတော်မှလူများက တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ သို့သော်လည်း တွန်ဟေး ထွက်လာသောအခါ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ကြ၏။ တွန်ဟေးနှင့် လင်းရှာပိုင်တို့ကား ပြည်နယ်ကိုးခု ကျောင်းတော်၌ အမြင့်ဆုံး ပါရမီရှင်များအဖြစ် သတ်မှတ်ထားကြသည်။ တွန်ဟေးက မည်မျှစွမ်းမည်ကို သူတို့သိလိုကြ၏။
တွန်ဟေးက လစ်ပီစေတီအောက်ကို ရောက်လာသောအခါ သူ၏ သက်စောင့်ဝိညာဉ်ကလည်း စေတီထံသို့ တက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ပုံရိပ်ယောင်တစ်ခု ပေါ်လာကာ သူ့စိတ်ဝိညာဉ်မှာလည်း ခန္ဓာအတွင်းမှ ဖယ်ခွာခံရ၏။ သို့သော်လည်း ရှေ့မှ လူများ ကြုံတွေ့ရခြင်းကို မြင်တွေ့ပြီး နောက်တွင် တွန်ဟေးကား တည်ငြိမ်သည်။ သူက အလွန်အမင်း နာကျင်မှုကို ခံစားရသော်လည်း အနည်းငယ်မျှပင် မျက်နှာပျက်ခြင်း မရှိပေ။
အလင်းက တဖြည်းဖြည်း မြင့်တက်သွားပြီး ကိုးမီတာ၊ ဆယ့်နှစ်မီတာ၊ ဆယ့်ငါးမီတာနှင့် ဆယ့်ခြောက်မီတာ အထိ ရောက်လာခဲ့၏။ နောက်ဆုံးအတွင် အလင်းက ၂၁မီတာအထိ တက်လာကာ ငြိမ်းသွားသည်။ တွန်ဟေး၏ခန္ဓာက နောက်ကို ပြန်လွင့်လာခဲ့၏။
ထိုမြင်ကွင်းကို ကြည့်ကာ လင်းရှာပိုင်၏ အမူအရာ တစ်ချက် ပျက်သွားသည်။ ပြည်နယ်ကိုးခု ကျောင်းတော်မှ လူများက သူနှင့်တွန်ဟေးအား အများဆုံး နှိုင်းယှဉ်ကြသည်။ သို့သော်လည်း ယနေ့တွင် သူကား တွန်ဟေးထံ၌ အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း သူ့အတွက် ပထမဆုံး ကြုံတွေ့ စမ်းသပ်ခံခဲ့ခြင်းမှာ သေချာပေါက် သူ့အား ပိုမိုဆိုးဝါးသော အခြေအနေသို့ တွန်းပို့ခဲ့သည်ဟု လင်းရှာပိုင် ယူဆ၏။ သို့သော်လည်း တခြားလူများက ထိုသို့ တွေးမည် မဟုတ်သည်မှာ သေချာသည်။
“ဂုဏ်ပြုပါတယ်… ညီလေး...” တွန်ဟေး ပြန်လာသည်ကို မြင်လျှင် လင်းရှာပိုင်က ပြုံးလျက် ဂုဏ်ပြုစကား ဆိုသည်။
“အစ်ကိုက ပြင်ဆင်ချိန်ရခဲ့ရင် ဒီထက် ကောင်းအောင် လုပ်နိုင်ခဲ့လိမ့်မယ်...” တွန်ဟေးက ခေါင်းညိတ်ကာ သူ၏နေရာတွင် ထိုင်သည်။
တော်ဝင်မြေမှ လူများက ရှေ့ကို တက်လာကြသည်။ ရှားရှင်းယွန်က စမ်းသပ်မှုမှာ မည်မျှ အန္တရာယ်များသည်ကို မပြောပြခဲ့ပေ။ သို့သော်လည်း တော်ဝင်မြေများမှ ပါရမီရှင်များမှာ ရှားပါးသော အခွင့်အရေးကို လက်လွတ် မခံလိုကြဘဲ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ သို့သော်လည်း တစ်ဝက်ခန့်မျှသော လူများသာ စေတီကို အလင်း ဖြစ်ပေါ်စေခဲ့၏။ ထိုအဖြစ်က တော်ဝင်မြေများကို ထိတ်လန့်စေခဲ့သည်။
သည်တစ်ခေါက် ပါလာသူများမှာ တော်ဝင်မြေများမှ အထူးတလည် ရွေးချယ်ခဲ့သူများ ဖြစ်ကြသည်။ စေတီ၏စမ်းသပ်မှုကို ခံယူသူများမှာလည်း ထူးခြား ဆန်းကြယ်သော ပါရမီများအား ပိုင်ဆိုင်ကြသူများ ဖြစ်ကြသည်။ သို့တိုင်အောင် သူတို့အားလုံးမှာ စေတီကို လင်းအောင် မတတ်နိုင်ကြပေ။ နောက်တစ်ဆင့် စမ်းသပ်မှုမှာ မည်မျှ ခက်ခဲမည်ကို အားလုံးက ခန့်မှန်းနိုင်ကြ၏။
တော်ဝင်မြေများမှ ပါရမီရှင်များ စမ်းသပ်မှု ခံယူသည်ကို ရီဖူရှင်းက ကြည့်နေသည်။ တွန်ဟေးက လစ်ပီစေတီအား ၂၁မီတာခန့်အထိ လင်းလက် စေခဲ့သည်။ ထို့နောက်တွင် မည်သူမှ သူ့အား မကျော်ဖြတ် နိုင်ခဲ့ကြတော့ပေ။ အကောင်းဆုံး စွမ်းဆောင် နိုင်သူပင်လျှင် တွန်ဟေးနှင့် တူညီသော ၂၁မီတာခန့် အထိသာ လင်းစေခဲ့သည်။
ရီဖူရှင်းအား အံ့အားသင့် စေခဲ့သည်မှာ လျူကျောင်းကလည်း ၂၁မီတာခန့်အထိ အလင်းရအောင် စွမ်းဆောင် နိုင်ခဲ့ခြင်းပင်။ သိသာစွာပင် ရှီဟွာတောင်မှ ပါရမီရှင်မှာ အမှန်တကယ် ထူးချွန်ပေသည်။ ရီဖူရှင်းက လျူကျောင်း၏ စိတ်နေ သဘောထားကို သဘောမကျသည့်တိုင် သူ၏ပါရမီကိုမူ အသိအမှတ် ပြုရပေမည်။
ထို့အပြင် တော်ဝင် အလင်းနန်းတော်၊ စစ်သူရဲနန်းတော်နှင့် တခြားသော တော်ဝင်မြေများ မှာလည်း ၂၁မီတာ အထိ အလင်း ထွန်းညှိနိုင်သော ပါရမီရှင်များ ပေါ်လာခဲ့၏။ သူတို့ကား သူတို့၏ကိုယ်ပိုင် တော်ဝင်မြေများတွင် အထူးချွန်ဆုံးသော လူများဖြစ်ကြသည်။
ထိုအခိုက်တွင် ဟွာဂျီယူက ရီဖူရှင်းကို ကြည့်ပြီး စိတ်ဖြင့် လှမ်းပြောသည်… “နင်သွားမလား..”
ရီဖူရှင်းက ခေါင်းယမ်းသည်။ ရှားရှင်းယွန်က မပြောခဲ့သော အသေးစိတ် အကြောင်းအရာများစွာ ရှိပေသည်။ သူတို့က စမ်းသပ်မှုအတွက် မည်သည့်နေရာကို သွားရမည်နည်း။ မည်မျှ ကြာမြင့်မည်နည်း။ ထိုအရာများကို မသိသရွေ့ သူသွားမည် မဟုတ်ပေ။
ငါးနှစ်ထက် ကြာခဲ့လျှင်ကော...။
သူကား ယခု တော်ဝင်ကျဲ နန်းတော်သခင်ဖြစ်နေရာ မည်သို့ ထွက်သွား၍ ရမည်နည်း။ သူက နေ့စဉ် လုပ်ငန်းဆောင်တာများအား ဂရုစိုက်စရာ မလိုသော်လည်း နန်းတော်ကို ထားကာ ထွက်သွားခြင်းက အရေးကြီးသော ဆုံးဖြတ်ချက် ဖြစ်သည်။ ထို့အပြင် သည်တော်ဝင် ရတနာမှာ လူတစ်ယောက်၏ သက်စောင့်ဝိညာဉ်အား ဖော်ထုတ်နိုင်စွမ်း ရှိဟန်ရသည်။ သူက တခြားလူများအား မိမိ၏ သက်စောင့်ဝိညာဉ်အား မပြလိုပေ။
အထက်ဘုံ၌ လေ့ကျင့်ခွင့်ရမည့် ကိစ္စကိုကား ရီဖူရှင်းက အလေးမထားပေ။ သူက မည်သည့်နေရာတွင် လေ့ကျင့်ပါစေ သူ့အတွက် မထူးခြားပေ။ ရှန့်ထိုအဆင့်မျှက သူ့အတွက် အတားအဆီး မဟုတ်ပေ။
မှန်သည်… သူက တခြား လူများအတွက်လည်း စဉ်းစားပေသည်။ သူ၏အစ်မ၂၊ အစ်ကို၃၊ ရီဝူချင်း၊ ဟောင်ကျူဂီ၊ စုချွဲ၊ယန်ကျန်းနှင့် တခြားလူများက စမ်းသပ်မှုကို ခံယူမည်လား သူသိလိုသည်။
တော်ဝင်မြေနှစ်ခု အကြားမှ စစ်ပွဲမှာ အဆုံးမသတ်သေးသော်လည်း ယခု သူတို့က ဝင်္ကပါကို အသုံးမပြုနိုင်တော့ရာ နောက်တွင် စစ်ပွဲထပ်ဖြစ်သည့်တိုင် သူတို့၏ အကျိုးသက်ရောက်မှုက သိပ်မရှိတော့ပေ။
ထိုအခိုက်တွင် လူတစ်ယောက် လစ်ပီစေတီထံသို့ လျှောက်လာသည်။ သူကား အလွန် ချောမောကာ ထူးခြားသော ဟန်ပင်နှင့် ကိုယ်ရောင်ကိုယ်ဝါ ရှိ၏။ သူကား တစ်ကြိမ်တစ်ခါက မြေရိုင်းပြည်နယ်၏ ရွေးချယ်ခံရသူ ပိုင်လွေလီ ဖြစ်သည်။ သူ့အား မြေရိုင်းပြည်နယ်မှ လူများအားလုံး မှတ်မိကြ၏။
သို့သော်လည်း ပိုင်လွေလီကား သုံးမီတာခန့်သာ မြင့်အောင် အလင်းထွန်းညှိခဲ့၏။ ကြည့်ရသည်မှာ သူက အစွမ်း အကုန် အားထုတ်ခဲ့ခြင်းရှိဟန် မရပေ။
ယခင်က ရီဖူရှင်းမှာ ပိုင်လွေလီနှင့် တိုက်ခိုက်ခဲ့ရသည်။ သို့သော်လည်း ယခုကား ရီဖူရှင်း၏ စိတ်နေသဘောထားမှာ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ ထိုစဉ်က ပိုင်လွေလီအပေါ် အမြင် မကြည်ခဲ့သော်လည်း အမှန်တကယ်အားဖြင့် ပိုင်လွေလီ ကိုယ်တိုင်က သူ၏အစ်မ၂အား လက်ထပ်လိုခြင်းမှလွဲ၍ သူအမှားလုပ်ခဲ့သည် မရှိပေ။ သူတို့ နှစ်ယောက်အကြား ပြိုင်ဆိုင်ခဲ့ရခြင်းမှာ ရပ်တည်ချက်နှင့် ခံယူချက်မတူ၍သာ ဖြစ်သည်။ သို့သော်လည်း ပိုင်လွေလီက ထိုတိုက်ပွဲ နောက်ပိုင်းတွင် ကျိရှားတော်ဝင်နန်းတော်သို့ သွားရောက် လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
“ညီငယ်လေး … မင်းသွားမှာလား...” ရီဖူရှင်း၏နားထဲကို အသံတစ်သင် ပျံ့လွင့်လာသည်။
ရီဖူရှင်းက ငုံ့ကြည့်သည်။ သူ့အား လှမ်းပြောလိုက်သူမှာ ဂူတုံးလျိုဖြစ်သည်။
“အစ်ကို၃… ကျွန်တော်က နန်းတော်ကို ကြည့်ရဦးမယ်… ဒါပေမဲ့ အစ်ကို၃ သွားချင်ရင် နန်းတော်ကို စိတ်မပူဘဲနဲ့ သွားလို့ ရပါတယ်… ရီဖူရှင်းက ပြန်ပြောသည်။
“ကောင်းပြီ... ဒီတစ်ခေါက် ငါ သွားကြည့်လိုက်မယ်…” ဂူတုံးလျိုက ပြောသည်။ သူ့အနေဖြင့် နန်းတော်တွင် ဆက်နေပါကလည်း ရီဖူရှင်းအား သိပ်အကူအညီ မဖြစ်ပေ။ သူကား မိုရှီအဆင့်သာ ရှိသေးသည်။
“ကောင်းပြီ…” ရီဖူရှင်းကလည်း ပြုံးလျက် ခေါင်းညိတ်သည်။
ပြည်နယ်ကိုးခုမှ တော်ဝင်မြေများ အားလုံးနှင့် ရှားရှင်းယွန်တို့ ရောက်နေကြသည်။ ယူချင်း၏ သက်စောင့်ဝိညာဉ်နှင့် မိမိ၏ သက်စောင့်ဝိညာဉ်တို့အား လူအများမြင်၍ မရပေ။ ထို့ကြောင့် သူနှင့် ယူချင်းတို့က စမ်းသပ်မှုကို ခံယူမည် မဟုတ်ပေ။
တန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက် ထွက်ကာ စမ်းသပ်မှုကို ခံယူကြသည်။ ထိုစဉ်မှာပင် လူအများအပြားက ရှေ့ကို ထွက်လာသော ဂူတုံးလျိုအား ကြည့်ကြသည်။ သူတို့က ဂူတုံးလျိုကို သိပ်မသိကြသော်လည်း မြေရိုင်းပြည်နယ်မှ ထွက်လာသော တစ်ယောက်ဖြစ်ရာ စိတ်ဝင်စား ကြပေသည်။
မှန်သည်… သူတို့ အဓိက မြင်လိုသည်မှာကား ရီဖူရှင်းနှင့် ယူချင်းတို့၏ စွမ်းဆောင် ဖြစ်သည်။
သို့သော်လည်း ရီဖူရှင်းနှင့် ယူချင်းတို့က စမ်းသပ်မှုကို ခံယူမည် မဟုတ်သည်ကို သူတို့ မသိကြပေ။
***