← Chapters

လူမှားခြင်း

Vol. 41 Ch. 561

လူမှားခြင်း

Vol. 41 Ch. 561

ဖန်ရှီသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အတွင်း၌ ဟန်လိကို မြင်သည့်အခါ မျက်လုံးမျက်ဆန် ပြူးသွားသလို သူ့မျက်နှာမှာလည်း ရှုံ့တွသွား၏။ ဟန်လိက မည်သည့်အတွက်ကြောင့် သည်ကျွန်းငယ်ပေါ်သို့ ပြေးသလဲအပေါ် သူ့အနေဖြင့် စိတ်ရှုပ်ထွေးမိနေသော်လည်း ၎င်းကျွန်းပေါ်၌ သူ့အတွက် အိပ်မက်ဆိုး ဖြစ်သွားနိုင်သည့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိနေခဲ့လေပြီ။ သူ့မျက်စိရှေ့မှာပင် ဟန်လိသည် မန္တာန်ချိပ်ဟန်များကို ဖန်တီးကာ သွေးအနှစ်သာရကို ထွေးထုတ်၏။ သူက အစီအရင် အမြန်ဆုံး အသက်ဝင်နိုင်ရန် သူ၏အစစ်အမှန်အနှစ်သာရကို လုံးဝ ခြွင်းချန်ခြင်းမရှိလေဘဲ အသုံးပြုလိုက်ခြင်းပင်။

“မဟုတ်ဘူး…” ဖန်ရှီသည် ဒေါသပုန် ထသွား၏။ သူက ချက်ခြင်းပင် ပါးစပ်ဟကာ အစီအရင်ထောင့်ထံ မိုးပြာအလင်းလုံးတစ်လုံးကို စေလွှတ်၏။ အစီအရင်သည် လုံးဝ အသက်မဝင်ခင် ပျက်စီးသွားခဲ့ပါက ဟန်လိက သူ့အတွက်သာ။

ထို တိုက်ခိုက်မှုကို ထုတ်လွှတ်ပြီးသည်နှင့် ဖန်ရှီ၏ ခန္ဓာကိုယ်မှာ ဝေဝါးသွားလျက် သူကား ဟန်လိ၏ တည်နေရာရွှေ့ပြောင်းခြင်းကို ဟန့်တားနှောက်ယှက်နိုင်ရန် အသားကုန် ပြေးဝင်လာသည်။ သို့ပေမည့် သူကား နောက်ကျသွားခဲ့ပြီ။

ဟန်လိသည် မိုးပြာအလင်းလုံး၏ အရှိန်ကို လျော့ကျသွားစေရန် ဓားချီတန်းဆယ်ခုကျော်ဖြင့် တန်ပြန်၏။ ဖန်ရှီက ရူးသွပ်စွာ တိုးဝင်လာနေစဉ် ဟန်လိသည် နည်းနည်းလေးမျှ ရှောင်ရန်တိမ်းရန် စိတ်ကူး ရှိမနေပေ။ အစီအရင်မန္တာန်က အဖြူရောင်အလင်း စတင်တောက်ပလျက် ဟန်လိအား ၎င်းအတွင်း၌ ထွေးခြုံလွှမ်းသွားပြီး ဖြစ်၏။

ဖန်ရှီသည် အစီအရင်ရှေ့သို့ အသည်းအသန် ရောက်လာချိန်တွင် ဟန်လိကမူ အဖြူရောင်အလင်းတွင်း၌ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။

လက်ထဲတွင် တည်နေရာရွှေ့ပြောင်းခြင်းအဆောင်လည်း ရှိမနေ၊ သည်အစီအရင်က မည်သည့်နေရာသို့ ဦးတည်မှန်းလည်း မသိသည် ဖြစ်၍ ဖန်ရှိသည် သူ၏ လိုက်လံမှုကို မစွန့်လွှတ်ချင်၍မရ ဖြစ်သွားရသည်။

ထိုစဉ် ကြိုးကြာမြန်သည်လည်း ပျံသန်းလာနေ၏။ သူသည် အစီအရင်ထံမှ အဖြူရောင်အလင်းတောက်ပမှုကို မြင်သည့်အခါ သူ့အမူအရာ၌ အံ့အားသင့်ဟန် ချက်ခြင်း ဖြစ်ပေါ်၏။ ကံဆိုးသည်ကား ကြိုးကြာမြန် ရုတ်တရက် ပေါ်ထွက်လာမှုက ဒေါသပုန်ထနေသော ဖန်ရှီ၏ ပစ်မှတ်အသစ် ဖြစ်သွားရခြင်းတည်း။ ဖန်ရှီ၏ နီရဲနေသော မျက်လုံးတို့ထံမှ သတ်ဖြတ်လိုစိတ်တို့ တလျှံလျှံ ထုတ်လွှတ်၏။

“ဒီမှာရှိတဲ့ လူသားတိုင်း သေရမယ်…”

သူ၏မျက်စိရှေ့မှာတင် ဟန်လိ လွတ်မြောက်သွားသည့်အပေါ် ဒေါသပုန်ထနေသော ဖန်ရှီမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ မိုးပြာအလင်းဖြင့် တောက်ပစူးရှသွားပြီး ချက်ခြင်းပင် မိုးပြာအလင်းတန်းအဖြစ်သို့ ပြောင်း၍ ကြိုးကြာမြန်ထံ ကြမ်းတမ်းစွာ တိုးဝင်လာချေသည်။

ကြိုးကြာမြန်သည် ရုတ်ချည်း အပြောင်းအလဲ မြန်သွားသည့် အဖြစ်အပျက်ကြောင့် သူ့အမူအရာမှာ အကြီးအကျယ် ပြောင်းလဲလျက် သူက ချက်ခြင်းပင် သူ့ရှေးဟောင်းကြေးမုံနှင့် ကျောက်စိမ်းတူတို့ကို အကြောက်အကန် ပစ်လွှတ်လိုက်၏။ အလင်းများ ရောင်စုံတောက်ပယှက်လိမ်သွားကာ ၎င်းတို့သည် ကျွန်းငယ်ကို လင်းထင်းသွားစေသည်။

...

တစ်လလောက် ကြာပြီးနောက်မှာ အနီးဝန်းကျင်ရှိ လူသားကျင့်ကြံသူများသည် စဦးစိတ်ဝိညာဉ်အဆင့် တာအိုရသေ့ ကြိုးကြာမြန်၏ အသွေးအသားခန္ဓာကိုယ်မှာ အဆင့်ကိုးသားရဲတစ်ကောင်၏ သုတ်သင်ခံရခြင်းကို ကြားသိကြရသည်။ အသက်ရှင်နိုင်ရန် သူသည် သူ့ခန္ဓာကိုယ်ကို စွန့်လွှတ်၍ သူ၏ စဦးစိတ်ဝိညာဉ်အား သူ့နေအိမ်လှိုဏ်ဂူထံ အမောတကော ရွှေ့ပြောင်းခဲ့ရသည် ဟူ၏။ ထိုအဖြစ်အပျက် ဖြစ်ပွားပြီး များမကြာမီ၌ လူသားကျင့်ကြံသူများသည် ထိုသားရဲ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် တုန်တုန်ရင်ရင် ဖြစ်ကုန်ကြသည်။

သို့ပေမည့် မည်သူကမျှ ဤသည်မှာ အစသာ ရှိသေးမှန်း မျှော်လင့်နိုင်ခဲ့ကြခြင်း မရှိပေ။ လပေါင်းအတော်အတန်ကြာပြီးနောက် ပင်လယ်အတွင်းနက်ပိုင်းမှ အဆင့်မြင့်ရေနဂါးအဖွဲ့ဝင်များသည် ရုတ်တရက် အုံလိုက်ကျင်းလိုက် ထွက်လာကာ ပင်လယ်ပြင် တခွင် ကင်းထောက်ပြီး အမြုတေဖွဲ့စည်းခြင်းနှင့် အထက်အဆင့် လူသားကျင့်ကြံသူအားလုံးအား အမဲလိုက်ကြသည်။

ဤအဖြစ်သနစ်မှာ နှစ်အနည်းငယ်သာ ကြာခဲ့သော်ငြား အဆင့်မြင့်ကျင့်ကြံသူများကြား သေကြေပျက်စီးမှုကား သားရဲစီးကြောင်းတုန်းကနှင့်ပင် ယှဉ်၍ ရခဲ့သည်။ အဆင့်ကိုးနတ်ဆိုးသားရဲများ ဝိုင်းရံခံခဲ့ရသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ယောက်သည်ပင် သူတို့၏အဆုံးသတ်နှင့် ကြုံခဲ့ရသည်။

ထိုစဉ်မှ စ၍ အနီးဝန်းကျင်ပင်လယ်ပြင်၌ ရေနဂါးများ ပေါ်လာသည်ဟု သတင်းစကားကြားရလေတိုင်း မည်သည့်လူသားကျင့်ကြံသူကမျှ သူတို့၏ နေအိမ်လှိုဏ်ဂူများထဲမှ အလျင်စလို မထွက်ဝံ့ကြတော့ပေ။ ထိုအဖြစ်သနစ်သည် ဆယ်စုနှစ်လောက်ထိ ကြာခဲ့ပြီးမှ ကပ်တွဲသွားသော အကြောက်တရားမှာ အဆုံးသတ်၌ လျော့ပါးသွားခဲ့ရတာပင်။

သို့ပေမည့် နတ်ဆိုးသားရဲများ၏လက်ထဲမှ ကံကောင်းထောက်မစွာ လွတ်လာသော ကျင့်ကြံသူအချို့သည် ၎င်းတို့အားလုံးမှာ လီမျိုးရိုးနှင့် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ကို ရှာဖွေနေကြခြင်းဖြစ်ကြောင်း အံ့အားသင့်ဖွယ် သိရှိခဲ့ရပေသည်။ ရေနဂါးများနှင့် ညှိနှိုင်းနိုင်ရန် ကျန်သည့်ကျင့်ကြံသူအားလုံးသည် ထိုလီမျိုးရိုးကို ရှာတွေ့သည်နှင့် သူတို့ကိုယ်တိုင် ချက်ခြင်းတိုက်ခိုက်ကြမည်ပင်။

သို့ဖြစ်၍ ကျင့်ကြံသူ အများအပြားသည် ရေနဂါးများ၏ အပြင်းအထန် တိုက်ခိုက်မှုမှာ ထိုကျင့်ကြံသူလီကြောင့် ဖြစ်နိုင်ခြေများသည်ဟု ယုံကြည်လာကြသည်။ ထိုသူမှာ ရေနဂါးများ သည်လောက်ထိ ဒေါသပုန်ထသွားအောင် မည်သို့မျှ သွားလုပ်ခဲ့လေသနည်း။

ထိုသတင်းစကား ပျံ့နှံ့ချိန်တွင် လူတိုင်းသည် သူတို့အပေါ် ကပ်ဘေး ကျရောက်စေသော အနှီကျင့်ကြံသူလူအား ဆဲရေးကြတော့သည်။ လူတိုင်းက ကျင့်ကြံသူလီကို ရှာဖမ်းပြီး ရေနဂါးများထံ တောင်းပန်သည့်အနေဖြင့် သူ့အား လွှဲပေးကာ ထိုသားရဲများ၏ ဒေါသကို နှစ်သိမ့်မှု ပေးချင်ကြသည်။

သို့ပေမည့် အဆင့်မြင့်ကျင့်ကြံသူများကြား၌ မျိုးရိုးလီနှင့်သူကို မည်သူကမျှ ရှာမတွေ့ကြတာ အံ့အားသင့်ဖွယ် ဖြစ်ခဲ့ရသည်။

...

အဖြူရောင်အလင်း လင်းလက်လျက် ဟန်လိသည် လက်ထဲ၌ မဟာရွှေ့ပြောင်းခြင်းအမိန့်ပြားကို ကိုင်ကာ သူနှင့် မရင်းနှီးသော နေရာတစ်ခုမှာ ပေါ်လာသည်။

သတိမူတတ်သည့် အလေ့အထကြောင့် ဟန်လိသည် ပေါ်လာသည်နှင့် သူ့ရုပ်သွင်ကို အခြားတစ်ယောက်အသွင် ချက်ခြင်း ရုပ်ဖျက်လိုက်သည်။ သူသည် တည်နေရာရွှေ့ပြောင်းခြင်းကြောင့် မူးဝေနေရာကနေ ပြန်ကောင်းမွန်ခြင်း မရှိသေးခင်မှာပင် သူ့ဘေးမှ ပျင်းရိပျင်းတွဲအသံတစ်သံကို ကြားရ၏။

“ကြည့်ရတာ ရောင်းရင်းကလည်း အချိန်မှန်တာကို သဘောခွေ့တဲ့သူ ဖြစ်ပုံရတယ်။ ခင်ဗျားနဲ့ ကျုပ်က ပထမဆုံး ရောက်လာတဲ့သူတွေ ဖြစ်တော့ အခြားသူတွေကို စောင့်ရအုံးမှာပေါ့လေ…”

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် စိတ်ထဲ၌ တုန်ရင်သွားရင်း “အင်း” ဟုသာ တုန့်ပြန်ကာ ဘေးတွင် ရပ်နေလိုက်သည်။

သည်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နှင့် မလှမ်းမကမ်းတွင် ခေါင်းစွပ်ဝတ်ထားပြီး အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ဟန်လိကို မြင်သည့်အခါ သူ၏ဖြူဖွေးသောသွားများ ပေါ်သည့်အထိ ပြုံးပြလာသည်။ သို့ပေမည့် ဟန်လိသည် တစ်ဖက်သူ၏ ပုံပန်းသွင်ပြင်ကို မြင်သည့်အခါ မူးဝေသွားသလို ခံစားလိုက်ရသည်။ ထိုသူ၏ ရုပ်သွင်မှာ အမှန်တကယ် ဆိုးလှချေ၏။ သူကား အရိုးစုကဲ့သို့ပင်။ ထိုမျှသာ မကသေး။ သူ့မျက်လုံးတို့မှာလည်း အပြာရောင်ခပ်ဖျော့ဖျော့ တောက်ပနေသေးသည်။

တုန်လှုပ်သွားသော်ငြား ဟန်လိသည် ထိုသူ့ကို အထင်သေးဝံ့ခြင်းတော့ မရှိပေ။ အကြောင်းမှာ အကြည့်တစ်ချက်ဖြင့်ပင် ထိုအရိုးစုနှင့်တူသော သူသည် အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်ဟု သူ ပြောနိုင်သောကြောင့်ပင်။ ထိုသူသည် ပြန့်ကျဲကြယ်ပင်လယ်များ၌ မြင်ရခဲသော အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ဟု သတ်မှတ်နိုင်၏။

တစ်ချိန်တည်းမှာ အရိုးစုနှင့်တူသော သူကလည်း ဟန်လိမှာ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်မှန်း သိ၏။ သူ၏မျက်လုံးထဲ၌ အံ့အားသင့်ထိတ်လန့်ဟန် ဖြစ်ပေါ်သွားခြင်းနှင့်အတူ သူက ဆက်ပြောလာသည်။ သူ့လေသံက တလေးတစားဟန် ပိုပေါက်လာသည်။

“အခြားသူတွေလည်း မကြာခင် ရောက်လာကြတော့မှာပါ။ ဒါ့ကြောင့် ကျေးဇူးပြုပြီး ခဏတဖြုတ် စိတ်လွတ်လက်လွတ် နားပါ…ညီအစ်ကို။ လာမယ့် တာဝန်ကနေ ကျုပ်တို့က အကျိုးအမြတ်အားလုံး ရိတ်သိမ်းရတော့မှာပဲကို…ဟားဟား…”

ဟန်လိသည် မည်သို့ ပြန်ပြောရမှန်းမသိ ဖြစ်နေ၏။ သို့သော် ဤသို့သော အခြေအနေအောက်၌ သူသည် ခေါင်းညိတ်ရုံသာ ညိတ်ပြပြီး မျက်နှာကြောတင်းတင်း ထားလျက် မည်သည့်အမှားမျှ မပြုလုပ်မိရန် ရှောင်တိမ်းသည်။

သူ၏ဘေးပတ်ဝန်းကျင် အနေအထားကို စူးစမ်းကြည့်ပြီးနောက်မှာ ဟန်လိသည် နည်းနည်းတော့ စိတ်ထဲ ပေါ့သွား၏။ သည်ကျွန်းဝန်းကျင်မှာ အမျိုးသမီးဖန် သူ့ကို ပေးခဲ့သော တောက်ပအင်ပါယာကျွန်းး၏ အသွင်အပြင်ပုံစံနှင့် အံကိုက်နေတာ သူ တွေ့ရှိရ၏။ ပြင်းပြတေးသံဂိုဏ်းမှ တပည့်က တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် မစမ်းသပ်ရသေးကြောင်း ပြောခဲ့တုန်းက သူ့အနေဖြင့် ရတက်မအေး ခံစားမိခဲ့သေးသည်။ အဆုံးသက်တွင်မူ သူသည် ကံဖေးမ၍ သည်မျှ နှစ်များစွာ ကြာပြီးနောက်မှာ အတွင်းကြယ်ပင်လယ်ပြင်ထံ အမှန်တကယ် ပြန်ရောက်လာနိုင်ခဲ့ပေပြီ။

ခုလက်ရှိ၌ သူသည် မီတာခြောက်ဆယ်မျှ အကျယ်အဝန်းရှိ လှိုဏ်ဂူတစ်ခုထဲ၌ ရှိနေ၏။ သူ ထွက်လာသော ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အပြင် ဤလှိုဏ်ဂူထဲပ အခြား တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အပိုနှစ်ခု ရှိနေသေးတာကို မြင်ရသည်။ ဟန်လိက အရိုးစုနှင့်တူသော သူနှင့် စကားစမြည် ပြောနေစဉ် နောက်ထပ် အစီအရင်မှ အဝါရောင်လင်းလက်သွားကာ ခပ်မြင့်မြင့် အရိပ်တစ်ခု ပေါ်လာသည်။

အနက်ရောင်ဝတ်စုံနှင့်သူ၏ မျက်လုံးမှာ ချက်ခြင်းပင် အရောင်တောက်သွားလျက် သူက အလျင်အမြန် လျှောက်လှမ်းလာ၏။ ထိုအခါ ဟန်လိသည် သူ့အောက်ဘက်မှ အစီအရင်ထဲသို့ သူ၏ခြေထောက်မှ မိုးပြာအလင်းတန်းငယ်နှစ်ခုကို တိတ်တဆိတ် စေလွှတ်ကာ ထောက်လှမ်းမိရန် ခက်ခဲသော အက်ကြောင်းတစ်ခုကို ဖန်တီးနိုင်သည့် အခွင့်အရေး ရသွား၏။

ထိုအက်ကြောင်းငယ်၏ ရလဒ်က သည်ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် အသက်မဝင်တော့မှန်း သူ့ကို သိရှိသွားစေကာ သူ့အနေဖြင့် ကြိုးကြာမြန် သို့တည်းမဟုတ် ဖန်ရှီတို့ နောက်မှ လိုက်လာမည့်အပေါ် စိုးရိမ်ကြောက်လန့်နေရန် မလိုတော့ပေ။

ခုမှ ရောက်လာသောသူနှင့် ဝတ်စုံနက်နှင့်သူတို့က အပြန်အလှန် နောက်ပြောင်နေကြစဉ် ဟန်လိသည် ထိုအသစ်ရောက်လာသူမှာ ဆိုးယုတ်မည့် အသွင်အပြင်နှင့် လူ့ဗလကြီးအသွင်ရှိမှန်း တွေ့ရှိရသည်။ သူတို့နှစ်ယောက် စကားစမြည် ပြောနေတာ မြင်သည့်အခါ ဟန်လိသည် အစီအရင်ကနေ လှိုဏ်ဂူဝင်ပေါက်သို့ တိတ်တဆိတ် လျှောက်သွားသည်။

သို့ပေမည့် ဟန်လိက သုံးလေးလှမ်းလောက် လှမ်းပြီးချိန်တွင် ဝတ်ရုံနက်နှင့်သူသည် အလန့်တကြားလေသံဖြင့် လှမ်းပြောလာသည်။

“ညီအစ်ကို…အခုထိ လူစုံ မရောက်သေးဘူး။ အားလုံးပေါင်း ရောက်လာမဲ့သူက စုစုပေါင်း ငါးယောက် ရှိတယ်။ အချိန်တစ်ခုထိ ဒီလှိုဏ်ဂူထဲမှာပဲ စောင့်နေတာက ကျုပ်တို့အတွက် အကောင်းဆုံးပဲ။ မဟုတ်ရင် ရှင်းပြဖို့ ခက်လိမ့်မယ်။ အခုလေးပဲ ကျုပ် တွေးနေမိတာ။ ရောင်းရင်းရဲ့ ရုပ်သွင်ဟာ အတော်လေး စိမ်းနေတယ်။ ညီအစ်ကိုအနေနဲ့ ခုလိုမျိုး ပူးပေါင်းဆောင်ရွက်တဲ့ တာဝန်မှာ ပါဝင်တာ ဒါက ပထမဆုံးအကြိမ်များလား…”

မည်သည့်အတွက်ကြောင့်မှန်း မသိရလေဘဲ ထိုဝတ်ရုံနက်နှင့်သူသည် ဟန်လိကို မည်သူမည်ဝါမှန်း မသိသော်ငြား သံသယဝင်မနေခဲ့ပေ။ ဟန်လိသည် မသိမသာ မျက်မှောင်ကြုတ်ကာ စိတ်မရှည်သည့်လေသံဖြင့် ပြန်တုန့်ပြန်သည်။

“ဘယ်လိုလဲကွ…ကျုပ်ကိုလည်း ဘာမှ ရှင်းပြမထားဘူး…”

“ဟားဟား…ရောင်းရင်းက ကျင့်ကြံမှုအဆင့် အတော်လေး မြင့်တော့ ခင်ဗျားရဲ့ လမ်းညွှန်ပြပေးတဲ့သူဟာ ခင်ဗျားကို ဘာလုပ်ပါဆိုတာ ပြောဖို့ တွန့်ဆုတ်နေခဲ့မှာ သဘာဝပါပဲ။ ဒါပေမဲ့လည်း ရောင်းရင်းဟာ စိတ်ရှည်မှပေါ့။ ခင်ဗျားကသာ ခင်ဗျားရဲ့ တာဝန်ပြီးတာနဲ့ စိတ်ရှိသလို ကြိုက်တာ လုပ်နိုင်ပါပြီ…”

ဝတ်ရုံနက်နှင့်သူသည် ပြုံးယောင်သမ်း၍ ထိုသို့ဆိုလာသည်။

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် မည်သို့ဆက်ဖြစ်နိုင်မည်လဲအပေါ် ရေးတေးတေး သိလာ၏။ သူက မျက်လုံးစကားကြည့်ပြီးနောက်မှာ သူက ပြန်တုန့်ပြန်ရန် ဟန်ပြင်သည်။ သို့ပေမည့် ထိုစဉ် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် စတင်လင်းဖြာလာကာ နောက်ထပ်လူနှစ်ယောက် ပေါ်လာသည်။ အသစ်ရောက်လာသူများအပေါ် အကြည့်ရောက်သွားစဉ် ဟန်လိ၏မျက်လုံးထဲ၌ ထူးခြားသည့်ဟန်ပန်တစ်ခု ဖြတ်ပြေးသွား၏။

သူတို့နှစ်ယောက်ထဲမှ တစ်ယောက်သည် စိတ်ဝိညာဉ်ချီ မသိမသာ ထုတ်လွှတ်နေသော အပြာရောင်မီးတောက်အမှတ်တံဆိပ်ပါ ဝတ်ရုံကို ဝတ်ထားသည့် အဘိုးအိုတစ်ယောက်ပင်။ သူ့ဘေးတွင်မူ ခံ့ညားသောလူတစ်ယောက် ရပ်နေသည်။

ထိုနှစ်ယောက်နှင့်ဆို အခုအခါ၌ သည်လှိုဏ်ဂူထဲတွင် လူငါးယောက် စုံသွားခဲ့လေပြီ။ ဤလူများထဲ၌ ဟန်လိတစ်ယောက်ကသာ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်၌ ရှိ၏။ အရိုးစုနှင့်တူသော ဝတ်စုံနက်နှင့်သူမှာ အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်၊ အဘိုးအိုနှင့် လူ့ဗလမှာ အစောပိုင်းအဆင့် ဖြစ်ပြီး ခံ့ညားသောသူကမူ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်တွင်သာ ရှိသည်။

All Chapters