ယွမ်ယောင်နှင့် မိုးပြာယန်ဂိုဏ်း
Vol. 41 Ch. 562
ဝတ်ရုံနက်လူနှင့် ဗလကြီးတို့ကဲ့သို့ပင် အသစ်ရောက်လာသူများမှာလည်း ဟန်လိ၏ နောက်ကြောင်းရာဇဝင်ကို မေးမြန်းကြခြင်း မရှိပေ။ ခံ့ညားသောသူက လူငါးယောက်စုံတာ မြင်သည့်အခါ သူသည် အစောတည်းက ကြိုရောက်နေသော သုံးယောက်အား အလေးထား နှုတ်ဆက်ပြီး ပြောလာသည်။
“ကျနော်ကတော့ ကဲယုပါ။ လေးစားမှုထားပြီး ပြောပါရစေ။ ကျနော်က ခင်ဗျားတို့အတွက် အမိန့်ကို ယူလာပေးပြီး လမ်းညွှန်ပေးမဲ့သူပါ။ ဒီမှာ ကျုပ်ရဲ့ သက်သေခံပြားပါ။ ကျေးဇူးပြုပြီး ဒါကို စိတ်သဘောကျ စစ်ဆေးအတည်ပြုနိုင်ပါတယ်…”
ထိုသူသည် ပြောပြောဆိုဆိုဖြင့် အနက်ရောင်အမိန့်ပေးတံဆိပ်ပြားတစ်ခုကို ထုတ်ပြကာ ဟန်လိထံသို့ ကမ်းပေးသည်။ ဟန်လိသည် ကြိုရောက်နေသော သုံးယောက်ထဲ၌ ကျင့်ကြံမှုအဆင့်မြင့်ဆုံး ဖြစ်၍ သူက ဦးစီးဦးဆောင် အနေအထားသို့ ရောက်နေတာ သဘာဝပင်။
ဟန်လိသည် ထိုတံဆိပ်ပြားကို စကားမဆိုဘဲ လက်ခံယူပြီး တစ်ချက်ကြည့်သည်။ သည့်နောက်မှာ ၎င်းကို ဝတ်ရုံနက်နှင့်လူထံ သာမန်ကာလျှံကာ လှမ်းပစ်ပေးလိုက်၏။
ဝတ်ရုံနက်နှင့်သူက ၎င်းကို တစ်ချက်သာ ကြည့်ပြီး ခံ့ညားသည့်သူထံ ပြန်ပစ်ပေးလိုက်သည်။
“ဒီတံဆိပ်ပြားကို ပြသတာဟာ ဘာအတွက်လဲ။ မင်းလို အခြေခံတည်ဆောက်ခြင်းအဆင့်ဟာ ဒီအစီအရင်ကို အသုံးပြုခွင့် ရှိတယ်ဆိုတော့ မင်းရဲ့ အဆင့်အတန်းနဲ့ ပတ်သက်ပြီး သံသယ မဆိုသလောက် ရှိစရာပါပဲ။ ကျုပ်တို့ရဲ့ အဆင့်အတန်းနဲ့ ဒီတံဆိပ်ပြားကို စစ်ဆေးကြည့်လည်း အသုံးမဝင်ဘူး။ ကျုပ်တို့က ဒီကို ကြီးကြပ်သူတွေရဲ့ အမိန့်အရ ရောက်လာကြတာဆိုတော့ ဒီမှာ အပြင်လူတွေ ရှိနေစဖို့ဟာ မဖြစ်နိုင်ဘူး။ ကဲ ကျုပ်တို့ လုပ်ရမယ့်ဟာတွေကိုပဲ မင်း စပြောတော့…”
ဝတ်ရုံနက်နှင့်သူသည် ဤလုပ်ငန်းစဉ်ကို တရင်းတနှီး ရှိထားဖူးပုံ ပေါ်ပြီး သူက စိတ်မရှည်ဟန်ဖြင့် ပြောလာသည်။
ခံ့ညားသည့်သူသည် ထိုစကားကို ကြားသည့်အခါ သူက ခဏတော့ တုန့်ဆိုင်းနေသေးးပြီး ရှက်ရွှံ့ဟန်ဖြင့် ပြောလာသည်။ သည့်နောက်မှာမူ သူသည် ချောင်းဟန့်ကာ သူ့ဘေးတွင် ရပ်နေသော အဘိုးအိုနှင့် မိတ်ဆက်ပေးသည်။
“ဒါကတော့ စီနီယာတင်း၊ မိုးပြာယန်ဂိုဏ်းရဲ့ ကြီးကြပ်သူပါ။ ခင်ဗျားတို့ရဲ့ တာဝန်ဟာ မိုးပြာယန်ဂိုဏ်းရဲ့ အပြစ်သားကို ဖမ်းစီးရာမှာ စီနီယာတင်းကို ကူညီပေးဖို့ပဲ ဖြစ်ပါတယ်။ စီနီယာတင်းက အသေးစိတ် ဆက်ပြောပါလိမ့်မယ်…”
ထို့နောက်တွင် သူသည် နာနာခံခံဖြင့် နောက်သို့ ဆုတ်ကာ သူ့ဘေးမှ အဘိုးအိုနှင့် လွှဲပေးလိုက်သည်။
“မိုးပြာယန်ဂိုဏ်းလား။ ဒါက အရှင်ယန်သုံးပါးရဲ့ မိုးပြာယန်ဂိုဏ်းလို့တော့ ကျုပ်ကို မပြောလေနဲ့…”
ဝတ်ရုံနက်နှင့်သူ၏ မျက်လုံးထဲ၌ အပြာရောင် ဖြတ်ခနဲ လင်းလက်ကာ သူသည် အံ့ဩတုန်လှုပ်သွားဟန် ဖြစ်ပေါ်သည်။
ထိုစကားကို ကြားသည့်အခါ ဟန်လိနှင့် ဗလကြီးတို့မှာလည်း အံ့အားသင့်ဟန် ဖြစ်ပေါ်ကုန်၏။
မိုးပြာယန်ဂိုဏ်း၏ အကြီးအကဲတင်းသည် ပြုံးယောင်သမ်းကာ ဟန်လိတို့သုံးယောက်ကို ဂါဝရပြု နှုတ်ဆက်၏။
“ဟားဟား….ကျုပ်တို့ဂိုဏ်းရဲ့ တည်ထောင်သူရဲ့ အမည်ကို ခင်ဗျားတို့ ကြားဖူးပြီးသားဆိုတော့ ပြောနေဖို့ မလိုတော့ဘူးပေါ့လေ။ သိုင်းဘိုးဘေးဟာ ဒီကိစ္စအတွက် လမ်းခြောက်သွယ်လက်နက်သူတော်စင်ကို ကိုယ်တိုင် တောင်းဆိုခဲ့တယ်။ သူမ ထွက်ပြေးလွတ်မြောက်နေခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။ ဒါပေမဲ့ မကြာသေးခင်က သူမရဲ့ တည်နေရာအကြောင်း ကျုပ်တို့ သတင်းကြားခဲ့တယ်။ သိုင်းဘိုးဘေးကိုယ်တိုင် သူမကို ဖမ်းမယ်ဆို အလွယ်လေးပေါ့။ ဒါပေမဲ့လို့ သူ့မှာက ဒီထက် အရေးကြီးတဲ့ ကိစ္စတွေ ကိုင်တွယ်စရာ ရှိနေတယ်။ ဒါ့ကြောင့် သူက ရောင်းရင်းတို့ကို အကူအညီပေးနိုင်မလား မေးကြည့်ခိုင်းတာ။ ကျုပ်တို့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူလေးယောက်နဲ့ဆို အဲ့စုန်းမကို အသက်ရှင်လျက်ဖမ်းဖို့ဟာ ခက်ခဲလှမှာ မဟုတ်ပါဘူး…”
စုန်းမဟူသည့် စကားကို ကြားသည့်အခါ ဗလကြီးက အံ့အားသင့်စွာ မေးလိုက်၏။
“အပြစ်သားက အမျိုးသမီးကျင့်ကြံသူတစ်ယောက်လား…”
ဟန်လိသည် မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခုကို ဝိုးတဝါး ပြန်တွေးမိသွားသည်။
“အမှန်ပါပဲ။ အဲ့စုန်းမကို ယွမ်ယောင်လို့ခေါ်တယ်။ သခင်လေးအတွက် ကိုယ်လုပ်တော်အဖြစ် သူမကို ပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့ အဲ့စုန်းမဟာ ရက်စက်ပြီး သူမရဲ့ အလှကို အသုံးချ သခင်လေးကို လျှို့ဝှက်သတ်ဖြတ်သွားနိုင်လိမ့်မယ်လို့ ကျုပ်တို့ မထင်ထားမိခဲ့ဘူး။ အဲ့နောက်မှာ သူမဟာ သခင်လေးရဲ့ ရတနာတွေနဲ့ အဖိုးတန်ဆေးဝါးတွေကို ယူပြီး ထွက်ပြေးသွားခဲ့တယ်။ နောက်ပိုင်းမှာ သူမဟာ အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ ရောက်သွားခဲ့တယ်။ သခင်လေးဟာ ယန်သုံးပါးအရှင်ရဲ့ တစ်ဦးတည်း နောက်မျိုးဆက်ဖြစ်တဲ့အတွက် အရှင်ဟာ အဲ့စုန်းမကို အရိုးထဲကနေ မုန်းတီးနေခဲ့တယ်။ ခင်ဗျားတို့သုံးယောက်ကသာ သူမကို အသက်ရှင်လျက် ဖမ်းဆီးပေးနိုင်မယ်ဆို ကျုပ်တို့ဂိုဏ်းကလည်း ညီညီမျှမျှ အကျိုးအမြတ် ပြန်ပေးမှာပါ။ ခင်ဗျားတို့ အားစိုက်ထုတ်မှုအတွက် အလကားဟသ မဖြစ်စေရဘူး…”
အဘိုးအိုသည် ဤအကြောင်းကို ပြောနေရင်း အံတင်းတင်းကြိတ်ထားသည်။
ဝတ်ရုံနက်လူနှင့် ဗလကြီးတို့သည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါသောအကြည့်ဖြင့် တစ်ချက်လှမ်းကြည့်သည်။ ဟန်လိကမူ နှာခေါင်းပွတ်လျက် ငြိမ်သက်စွာ ရှိနေ၏။
“ဒီတော့ ဖမ်းဆီးပေးရမဲ့သူဟာ ယွမ်ယောင်ပေါ့လေ…”
သည်ဆန်းကြယ်ပြီး လှပသည့် အမျိုးသမီး၏ တုန်လှုပ်ဖွယ်သမိုင်းကြောင်းကား ဟန်လိ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေခဲ့လေပြီ။ ဟန်လိသည် ထိုအမျိုးသမီးမှာ အချိန်တိုအတွင်း အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကာ လျှို့ဝှက်ဆန်းကြယ်စွာ ပြုမူခဲ့ခြင်းတို့နှင့် ပတ်သက်၍ သံသယ ရှိခဲ့ဖူးသည်။ သို့သော် သူသည် သူမကား မိုးပြာယန်ဂိုဏ်းမှ သခင်လေးကို သတ်၊ သူ့ပိုင်ဆိုင်မှုများကို ခိုးယူခဲ့ပြီး မိုးပြာယန်ဂိုဏ်း၏ အမဲလိုက်ခံနေခြင်းနှင့် ပတ်သက်၍မူ ခန့်မှန်းမိနိုင်စွမ်း မရှိခဲ့ပေ။
ထိုသခင်လေး၏ ဆေးဝါးများက ယွမ်ယောင်အပေါ် ကြီးစွာ အကျိုးရှိစေခဲ့ပုံ ရ၏။ သို့ပေမည့် ခုချိန်တွင်မူ ထိုအမျိုးသမီးမှာ ပြဿနာတတ်နေသော အခြေအနေ၌ ပိတ်မိနေခဲ့ပေပြီ။ သူသည် သူမကို ဖမ်းဆီးမည့် အခုအစီအစဉ်ကို မည်သို့ နှောက်ယှက်မလဲဟုပင် မသိမသာ တွေးမိသွား၏။ သို့သော် ဤအခိုက်အတန့်တွင် သူသည် ထိုအတွေးများကို ဆက်မတွေးတော့ပေ။ သူတို့သည် ရင်းနှီးလှသည့် ပတ်သက်မှု မရှိခဲ့ကြဟု သတ်မှတ်နိုင်သလို အနည်းဆုံးတော့ သိကျွမ်းဖူးခဲ့သည်ဟု သတ်မှတ်၍ ရနိုင်၏။
ဤတွင် ဝတ်ရုံနက်နှင့်သူက စကားစလာ၏။
“ကျုပ်တို့က ကျုပ်တို့ ကြီးကြပ်သူတွေရဲ့ အမိန့်ကို လက်ခံခဲ့တဲ့အချိန်ကစပြီး ကျုပ်နဲ့ ကျုပ်ညီအစ်ကိုကတော့ ဘာပဲဖြစ်ဖြစ် ပါဝင်မှာပါ။ ဒီအမျိုးသမီး ဘယ်နေရာမှာလဲဆိုတာ ခင်ဗျား သိလား။ ကျုပ်တို့က ဒီမှာ လူလာစုမှတော့ သူမကလည်း ဒီနေရာနဲ့ သိပ်ဝေးဝေးမှာ ရှိနေမယ့်ပုံတော့ မပေါ်လေဘူး…”
“ရောင်းရင်းပြောတာ မှန်ပါတယ်။ ဒီစုန်းမဟာ ဒီတောက်ပအင်ပါယာကျွန်းရဲ့ မြောက်ဘက်မှာ ရှိတဲ့ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ခုပေါ်မှာ တံခါးပိတ်နေထိုင်နေတယ်။ သူမဟာ လိုအပ်တဲ့ ပစ္စည်းအချို့ ထွက်ဝယ်တဲ့အချိန်မှာ ကျုပ်တို့ရဲ့ တပည့်တွေက တစ်ယောက်ဟာ သူမကို ဘယ်သူဘယ်ဝါမှန်း သိသွားခဲ့ပြီး သူမကျွန်းကို ပြန်တဲ့အချိန် နောက်ယောင်ခံလိုက်ခဲ့တယ်။ ဒီမတိုင်ခင်ထိတော့ သူမ ဘယ်ရောက်နေလဲ ကျုပ်တို့ လုံးဝ မသိခဲ့ဘူး။ အဲ့အမျိုးသမီးဟာ အတော်လေး ဉာဏ်များပြီး အားကောင်းတဲ့ ရတနာတွေလည်း ပိုင်ဆိုင်ထားတယ်။ ကျုပ်တို့ဂိုဏ်းရဲ့ အဖိုးတန်မီးတောက်လုံးဆို ပြောနေဖို့တောင် မလိုဘူး။ ဒါ့ကြောင့်လူတိုင်းပဲ ပိုဂရုစိုက်သင့်တယ်…”
အဘိုးအိုသည် ထိုသို့ သတိပေးစကားပြောနေချိန်၌ ဟန်လိကို ပိုဦးတည်၍ ပြောနေ၏။ ဟန်လိသည် အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ဖြစ်၍ အခြားသူများထက် ပိုအဆင့်မြင့်မည်ဟု သူက မှတ်ယူထားခြင်းပင်။
သို့ပေမည့် သူတို့၏ စိတ်ကူးများနှင့် ဆန့်ကျင်ဘက်ပင်။ ဟန်လိသည် အမူအရာကင်းမဲ့စွာဖြင့် ခေါင်းညိတ်ပြပြီး စိတ်ထဲကနေမူ ထိုသူတို့အား ရှင်းပစ်သင့်၊ မသင့် စဉ်းစားနေသည်။ သို့ပေမည့် ဟန်လိသည် ယွမ်ယောင်မှာ ဤအနီးဝန်းကျင်တွင် ရှိနေပြီး သူမလက်ထဲ၌ အဖိုးတန်မှော်ရတနာများ ပိုင်ဆိုင်ထားသည်ဟု ကြားရသည့်အခါတွင်မူ သူ့စိတ်ထဲ လှုပ်ခတ်သွား၏။ ခဏ စဉ်းစားပြီးနောက်မှာ သူမကို ကယ်တင်ပေးပြီးနောက် သူသည် သူမထံမှ အကျိုးအမြတ် ကောင်းကောင်းပြန်တောင်းမည်ဟု ဆုံးဖြတ်ချက်ချ၏။
ရှင်းပြ၍ ပြီးသည့်အခါ၌ ကုယုသည် အခန်းထဲရှိ ကျန်သည့်သူများကို စူးစမ်းကာ တာဝန်အပေါ် နားလည်လားဟု အတည်ပြုပေးရန် သူတို့အား မေးသည်။ သည့်နောက်မှာ သူတို့သည် လှိုဏ်ဂူထဲမှ စထွက်လာကြသည်။
...
အတွင်းကြယ်ပင်လယ်၏ တစ်နေရာတွင်မူ ဆံပင်များဖရိုဖရဲနှင့် ကျင့်ကြံသူတစ်ယောက်သည် သူ၏အောက်မှ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ သူ အစီအရင်တွင်းသို့ ဝင်ရောက်ချိန်၌ ၎င်းက တောက်ပသွားခဲ့သော်လည်း တည်နေရာရွှေ့ပြောင်းတော့မည့်အခါတွင် ၎င်းအစီအရင်သည် မည်သည့်အတွက်ကြောင့်မှန်း မသိရဘဲ ၎င်း၏အစွမ်းသတ္တိ ဆုံးရှုံးသွားခဲ့သည်။ ထိုဖြစ်အင်က ထိုသူ့ကို ခေါင်းကုတ်သွားစေကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားစေသည်။
...
ဟန်လိတို့အုပ်စုကမူ တောင်၏အခြားတစ်ဖက်သို့ ရောက်နေကြလေပြီ။ အကွာအဝေးတစ်ခု၌ ရွာတစ်ရွာကို မြင်ရသည်။ ထို့နောက် သူတို့ငါးယောက်သည် ကောင်းကင်ထက်သို့ ပျံတက်ကာ မိုးပြာယန်ဂိုဏ်းအကြီးအကဲ၏ လမ်းပြမှုအောက်၌ ကျွန်းကနေ ထွက်ခွာလာပြီး မြောက်အရပ်သို့ ပျံသန်းလာကြသည်။
သူတို့သည် တိတ်တဆိတ် ပျံသန်းလာကြသည်။ သည်အုပ်စုထဲ၌ ကျင့်ကြံမှုအမြင့်ဆုံး ဖြစ်သူ ဟန်လိကို အခြားသူများသည် ပေါ့ပေါ့ဆဆ စကားမဆိုဝံ့ကြပေ။ နေ့တစ်ဝက်လောက် ပျံသန်းလာခဲ့ပြီးချိန်တွင် သူတို့ငါးယောက်သည် သူတို့ရှေ့ ဆယ်ကီလိုမီတာလောက် အကွာ၌ ကျွန်းငယ်တစ်ခုကို ထောက်လှမ်းမိ၏။
ဦးဆောင်လာသူ အဘိုးအိုက ပျံသန်းနေတာကို ရပ်၏။ သူက အေးတိအေးစက် ပြော၏။
“အဲ့နေရာပဲ။ ဒီစုန်းမဟာ အဲ့တောင်ကုန်းတွေထဲကတစ်ခု အထဲမှာ ပုန်းနေတာ ဖြစ်မယ်…”
ခဏအကြာတွင် ဟန်လိနှင့် အခြားသူများကလည်း ရပ်တန့်ပြီး အကွာအဝေးတစ်ခုရှိ အနှီကျွန်းထံ လှမ်းကြည့်ကြသည်။ ထိုကျွန်းပေါ်၌ ကျိုးတိုကျဲတဲ အပင်အချို့ကလွဲ၍ ကျောက်သားတောင်ကတုံးငယ် အချို့သာ ရှိနေပြီး စိတ်ဝိညာဉ်ချီကလည်း အလွန်ပါးလျနေသည်။ ကျွန်းထံ တစ်ချက်လှမ်းကြည့်ပြီးနောက် ဗလကြီးက သံသယမဝင်ဘဲ မနေနိုင် ဖြစ်ကာ မေးလာ၏။
“ရောင်းရင်းတင်း…ခင်ဗျားများ အမှတ်မှားသလား။ ဒီစုန်းမဟာ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်လေ။ သူမဟာ ဒီလိုနေရာမျိုးမှာ ဘာကြောင့် ကျင့်ကြံနေတာလဲ…”
“စိတ်ချပါ။ ကျုပ်တို့ ရထားတဲ့ သတင်းက မမှားနိုင်ပါဘူး…”
အဘိုးအိုတင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ ထို့နောက်တွင်မူ သူက မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်ကာ သူ့လက်ကို လှုပ်ရှား၏။ အဝါရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းသွားသည်။
ခဏအကြာတွင် ကျွန်း၏ တစ်ဖက်မှ အဝါရောင်အလင်းသည် ရုတ်တရက် ဖြာထွက်လာ၏။
ထိုသည်ကို မြင်သည့်အခါ အဘိုးအိုသည် ပျော်ရွှင်သွားပြီး အခြားသုံးယောက်ထံ ခပ်သွက်သွက် ခေါင်းလှည့်ကြည့်ပြီး ရှင်းပြသည်။
“ကျုပ်တို့ဂိုဏ်းရဲ့ တပည့်တစ်ယောက်က အဲ့အမျိုးသမီးကို စောင့်ကြည့်နေဖို့ အဲ့မှာ ရှိနေတယ်။ ကြည့်ရတာ သူမက ခုထိ အဲ့ကျွန်းကနေ မထွက်သွားသေးတဲ့ပုံပဲ…”
ထိုသို့ ပြောပြီးသည်နှင့် သူတို့သည် ခဏစောင့်သည်။ အဝါရောင်အလင်းဖြာထွက်သည့် နေရာထံမှ အနီရောင်အလင်းတန်းတစ်ခုသည် သူတို့ထံ ချဉ်းကပ်လာသည်။ ခဏအကြာ၌ ထိုအလင်းတန်းက သူတို့ရှေ့ ရောက်လာပြီး အသက်လေးဆယ်ဝန်းကျင် မီးခိုးရောင်ဝတ်စုံနှင့်လူတစ်ယောက်အသွင် ပေါ်လာသည်။ သူသည် အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်၌ ရှိ၏။ သူ၏ ဝတ်ရုံပေါ်၌ အဘိုးအိုကဲ့သို့ပင် မိုးပြာမီးတောက်အမှတ်အသား ရှိနေ၏။ သို့ပေမည့် သူ၏ မီးတောက်အမှတ်အသားများကမူ အဘိုးအိုနှင့်စာလျှင် သေးငယ်သည်။
ထိုသူသည် အဘိုးအိုတင်းမှန်း သိရှိသွားသည့်အခါ ခပ်မြန်မြန် ဂါဝရပြု နှုတ်ဆက်ပြီး တလေးတစား ပြောသည်။
“တပည့်က သိုင်းဦးလေးတင်းနဲ့ စီနီယာတွေကို နှုတ်ဆက်ပါတယ်…”
အဘိုးအိုသည် ထိုသို့ နှုတ်ဆက်ခံရမှုအပေါ် အာရုံမထားနေဘဲ သူက အလေးအနက် မေး၏။
“အဲ့စုန်းမ ကျွန်းပေါ်မှာပဲလား…”
“သူမ အဲ့မှာ ရှိနေဆဲပါ။ အဲ့စုန်းမဟာ ခုထိ မထွက်သွားသေးပါဘူး…”
ထိုသက်လတ်ပိုင်းလူက သေချာသည့်ဟန်ဖြင့် ပြော၏။
အဘိုးအိုက လေးလေးနက်နက် ထပ်ပြောသည်။
“ကောင်းတယ်။ မင်း တာဝန်ကို မင်း သေချာလုပ်တာပဲ။ ဒီကိစ္စ ပြီးတာနဲ့ မင်းကို ဂိုဏ်းရဲ့ အတွင်းတပည့်အဖြစ် ရာထူးတိုးပေးမယ်။ ခု ရှေ့က သွားပြီး လမ်းပြချေ…”
သက်လတ်ပိုင်းလူသည် ထိုစကားကို ကြားချိန်တွင် သူက ပြုံးဖြီးဖြီးနှင့် အဘိုးအိုကို ထပ်တလဲလဲ ကျေးဇူးတင်သည်။ သည့်နောက်မှာ သူက တစ်ဖက်သို့ လှည့်ပြီး ကျွန်းငယ်ထံ ပျံသန်းလာသည်။
မျက်စိတစ်မှိတ်အတွင်း သူတို့အုပ်စုက ကျွန်းငယ်အထက်သို့ ရောက်လာ၏။ သည့်နောက်မှာ သက်လတ်ပိုင်းလူသည် ကျောက်သားတောင်တစ်ခုထံ လက်ညှိုးထိုးပြပြီး တလေးတစား ပြောလိုက်၏။
“စုန်းမ ပြန်လာတဲ့အချိန် သူမက အဲ့တောင်ထဲ ဝင်ရောက်သွားတာကို ဒီတပည့် မြင်ခဲ့ရပါတယ်။ ကျနော်ရဲ့ နိမ့်ကျတဲ့ ကျင့်ကြံမှုအဆင့်ကြောင့် အနီးကပ် မစူးစမ်းနေပေမဲ့ ဒီအမျိုးသမီးရဲ့ နေအိမ်ဟာ အဲ့တောင်ထဲမှာပဲ ရှိလိမ့်မယ်လို့ ကျနော် ထင်ပါတယ်…”
ဝတ်ရုံနက်နှင့်သူသည် တောင်ထံသို့ လှမ်းကြည့်နေရင်း သူ့မျက်လုံးထဲ၌ ထူးခြားသည့်အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက်တွင်မူ သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြော၏။
“အမှန်ပဲ။ အဲ့တောင်တန်းရဲ့ အပြင်ပိုင်းမှာ အဆင့်မြင့် အတားအဆီးတွေရဲ့ သက်ရောက်မှု ရှိနေတယ်။ တစ်ယောက်ယောက်က အနီးကပ် သွားပြီး စူးစမ်းတာမျိုး မဟုတ်ရင် ဒီကျွန်းနဲ့ ပတ်သက်ပြီး ထူးခြားတာကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ ဒီအမျိုးသမီးဟာ ဒီလောက်နှစ်ပေါင်းများစွာ ပုန်းကွယ်နေနိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး…”