← Chapters

ခေါင်းဖြတ်ပစ်ခြင်း

Vol. 41 Ch. 563

ခေါင်းဖြတ်ပစ်ခြင်း

Vol. 41 Ch. 563

ဝတ်ရုံနက်နှင့်သူက အစီအရင်နှင့် ပတ်သက်၍ ပြောပြချက်ကို ကြားသည့်အခါ အဘိုးအို၏မျက်နှာထက်တွင် သုန်မှုန်မာထန်သည့်အကြည့် ဖြစ်ပေါ်သွားသည်။

“ဟက်…အဲ့မိန်းမက သခင်လေးရဲ့ ပညာရပ်မှတ်တမ်းကို အဲ့နေ့တုန်းက ခိုးယူသွားခဲ့တာလေ။ ဒါ့ကြောင့် ခုလိုမလုပ်နိုင်မှ ထူးဆန်းမှာ။ အဲ့အစီအရင်မန္တာန်ကို ကျုပ် ချိုးဖျက်ပြီးရင် ရောင်းရင်းတို့က ကျုပ်ကို ကူညီပေးဖို့ ဒုက္ခပေးရတော့မယ်…”

“စိတ်ချပါ။ သူမမှာ ထူးကဲတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားရင်တောင် လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး…” ဝတ်ရုံနက်နှင့်သူက ပြုံး၍ ဂရုမစိုက်ဟန်ဖြင့် ပြောသည်။

အဘိုးအိုက သဘောတူ၏။ သည့်နောက်မှာ သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ သူ၏လက်တို့မှ စူးရှတောက်ပသော အဝါရောင်အလင်း ရုတ်တရက် ဖြာထွက်လာသည်။

“ကျိုးပျက်စမ်း…” အဘိုးအိုသည် ထိုသို့ အော်ဟစ်၏။ သူ့လက်မှ အဝါရောင်အလင်းသည် ထိုးထွက်ကာ အောက်ဘက်ရှိ တောင်များထံ ထိမှန်သည်။

လေထုထဲ၌ ပေါက်ကွဲမြည်ဟိန်းသံ ပဲ့တင်ထပ်သွား၏။ တောင်မှာလည်း ပြိုလဲသွားသည်။ အဖြူရောင်အလင်း ဖြာထွက်ခြင်းနှင့်အတူ သိသိသာသာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ကာ စိတ်ဝိညာဉ်ချီများ သိပ်သိပ်သည်းသည်း လှိုင်ထလာခြင်းနှင့်အတူ အောက်ဘက်၌ လှပသော တောင်တစ်လုံး ပေါ်လာသည်။

“ဒါက…” ဝတ်ရုံနက်လူနှင့် ဗလကြီးတို့သည် ထိုမြင်ကွင်းကို အံ့ဩစွာ ငေးကြည့်မိနေ၏။ သူတို့မှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။

အဘိုးအိုတင်းက သူတို့နှစ်ယောက်ကို ဝေ့ခတ်ကြည့်ရှုပြီး ဂုဏ်ယူစွာ ပြောလိုက်၏။

“ဟားဟား…ဒါက ကျုပ်တို့ဂိုဏ်းရဲ့ စိတ်ဝိညာဉ်ဘောင်ခတ်ခြင်းအစီအရင်ပဲ။ ဒါဟာ စိတ်ဝိညာဉ်ချိကို ဖုံးကွယ်ထားနိုင်စွမ်း ရှိတဲ့ လောကရဲ့ မန္တာန်အစီရင်တွေထဲက တစ်ခုပဲ။ ဒီစုန်းမရဲ့ ကျင့်ကြံမှုဟာ မလုံလောက်သေးတဲ့အတွက် သူမဟာ စိတ်ဝိညာဉ်ချီရဲ့ တစိတ်တပိုင်းလောက်ပိုပဲ ဖုံးကွယ်ထားနိုင်စွမ်း ရှိသေးတယ်။ ကျုပ်တို့ရဲ့ ဘိုးဘေးကိုယ်တိုင်ကသာ ဒီအစီအရင်ကို ချခင်းထားမယ်ဆို စိတ်ဝိညာဉ်ချီ တစွန်းတစလောက် အပြင်ဘက် မစိမ့်ထွက်အောင်လုပ်ဖို့ဟာ သူ့အတွက်ဆို လွယ်လင့်တကူပဲ…”

ဟန်လိသည်လည်း သည့်အတွက် အံ့ဩတကြီး ဖြစ်နေရသည်။ အဘိုးအို၏ရှင်းပြချက်ကို ကြားရပြီးနောက်မှာ သူ့စိတ်ထဲ လှုပ်ခတ်သွားမိ၏။ သူသာ ဤစိတ်ဝိညာဉ်ဘောင်ခတ်ခြင်းအစီအရင်ကို ဖန်တီးသည့် နည်းလမ်းကို ရနိုင်ခဲ့လျှင် အနာဂတ်၌ သူ၏ လှိုဏ်ဂူနေအိမ်သည် များစွာ ပိုလုံခြုံသွားပေလိမ့်မည်။

ပုံရိပ်ယောင်အစီအရင် ပျောက်ကွယ်သွားသည်နှင့် တောင်၏ အလယ်တွင် ကျောက်တံခါးတစ်ခု ပေါ်လာသည်။ ၎င်းမှာ ယွမ်ယောင်၏လှိုဏ်ဂူနေအိမ် တည်နေရာ ဖြစ်မည်ဟန်ပင်။

“ကျုပ်တို့ စတိုက်ခိုက်ကြစို့…” အဘိုးအို၏မျက်လုံးထဲ၌ ရက်စက်လိုဟန် ဖြတ်ပြေးသွားသည်။ ဝတ်စုံနက်နှင့်သူက ခေါင်းညိတ်ကာ သူ၏ပါးစပ်ထဲမှ ထူးခြားသော အနက်ရောင်အသွားတစ်ခုကို ထွေးထုတ်သည်။ ၎င်းလက်နက်ကား အတော်လေး ထူးခြား၏။ ဆေဘာဓားတစ်ဝက်၊ ရိုးရိုးဓားတစ်ဝက် ပေါင်းထားသည့် ပုံစံပေါ်၏။ ဗလကြီးကမူ မာန်သွင်းပြီး စူးရှလင်းလက်နေသော ပုဆိန်သွားတပ် လှံရှည်ကို တောင်ထံသို့ ပစ်လွှတ်လိုက်သည်။

ဟန်လိသည် ဤသို့ လက်နက်မျိုးကို မှော်ရတနာတစ်ခုအဖြစ် အသုံးပြုတာ မြင်ရသည့်အခါ တုန်လှုပ်အံ့အားသင့်သွား၏။ ယင်းသို့ လက်နက်မျိုးကား ကျင့်ကြံသူများကြား၌ အမှန်တကယ် မြင်ရခဲသည်။ အဘိုးအိုကိုယ်တိုင်ကမူ မာန်သွင်းအော်ဟစ်ကာ အဖြူရောင်ဓားပျံတစ်လက်ကို သူ့ပါးစပ်မှ ထွေးထုတ်သည်။ သို့ပေမည့် ဟန်လိက ခုထိ မလှုပ်ရှားသေးတာ မြင်သည့်အခါ သူသည် စဉ်းစားမရ ဖြစ်ဟန်ဖြင့် လှမ်းမမေးမိဘဲ မနေနိုင် ဖြစ်သွားသည်။

“တာအိုရောင်းရင်း…ခင်ဗျားက ဘာကြောင့်…”

ဟန်လိက မသိမသာ ပြုံး၏။ သူသည် ဆင်ခြေတစ်ခုပေးရန် ဟန်ပြင်စဉ် တောင်ရှိ ကျောက်တံခါးမှာ ပွင့်ဟသွားပြီး အတွင်းဘက်မှ အစိမ်းရောင်အလင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

အဘိုးအိုက ထိုသည်ကို မြင်သည့်အခါ ဘာမျှ ဆက်ပြောနိုင်စွမ်း မရှိတော့ပေ။ သည်ရုတ်တရက် ပြောင်းလဲမှုက အခြားကျင့်ကြံသူများ၏ အာရုံစိုက်မှုကိုပါ ဖမ်းစားသွားသည်။

အစိမ်းရောင်အလင်းသည် ကျောက်တံခါးရှေ့တွင် လှည့်ပတ်နေပြီး လွင့်ပြယ်ကာ ဝတ်စုံနက်အမျိုးသမီးတစ်ယောက်၏ အသွင်ဟန်ပန် ပေါ်လာသည်။ သူမကား အလွန်လှ၏။ နှင်းကဲ့သို့ ဖြူလွှသော အသားအရည်ကို ပိုင်ဆိုင်ထားသူပင်။ ထိုအမျိုးသမီးက ရင်သက်ရှုမောဖွယ် အပြုံး၊ စွတ်စိုသော မျက်ဝန်းကိုလည်း ပိုင်ဆိုင်ထားသလို သူမ၏ လှုပ်ရှားမှုတိုင်း၌ စွဲဆောင်မှု အရိပ်အယောင် ပါဝင်နေသည်။ သူမက ကောင်းကင်လေဟာနယ်ခန်းမမှ ထွက်လာပြီးနောက် ဟန်လိနှင့် လမ်းခွဲခဲ့သော ယွမ်ယောင် ဖြစ်၏။

ဟန်လိသည် ထိုအမျိုးသမီးကို မတွေ့ရတာ နှစ်ပေါင်းများစွာ ရှိခဲ့လေပြီ။ သို့ပေမည့် သူမ၏ ရုပ်သွင်ကား အတိတ်ကအတိုင်း ရှိနေရုံသာမက ကျက်သရေပိုရှိလာသည်ဟုပင် မှတ်ထင်ရသည်။ သူမသည် ပေါ်လာသော လူသုံးယောက်ထံ ဝေ့ခတ်ကြည့်ရှုချိန်၌ မိုးပြာယန်ဂိုဏ်း၏ အကြီးအကဲကို မြင်သည့်အခါ သူမ၏အမူအရာမှာ ချက်ခြင်းပြောင်းလဲသွားသည်။ သူမ၏မျက်နှာထက်တွင် ရုတ်တရက် နှင်းခဲလွှာတစ်ခု ပေါ်လာသည်ဟု ထင်ရ၏။သူမ၏ စွဲဆောင်မှုပညာရပ်များက သူမ၏ရှေ့ရှိ ကျင့်ကြံသူသုံးယောက်အပေါ် သက်ရောက်မှု မရှိနိုင်တာ သိနေ၍ ယွမ်ယောင်သည် မျက်စိမျက်နှာ ပိုပျက်လာသည်။ သူမသည် အဘိုးအိုထံ လှမ်းကြည့်ကာ ရေခဲတမျှ လေသံဖြင့် ပြောလိုက်၏။

“ရှင်တို့သုံးယောက်က ဒီမိန်းမပျိုရဲ့ လှိုဏ်ဂူဆီ ဘာကြောင့်များ ရောက်လာကြတာလဲ…”

အဘိုးအိုတင်းက ထိုစကားကို ကြားသည့်အခါ သူ့စိတ်ထဲ၌ ဒေါသပုန်ထသွား၏။ သူသည် ဆိုးယုတ်စွာ ပြုံး၍ ပြောလိုက်၏။ “စုန်းမ….အပြစ်ကင်းချင်ယောင် ဆောင်မနေနဲ့။ နင်က ကျုပ်တို့ ဂိုဏ်းသခင်လေးကို သတ်ခဲ့ပြီး သူ့ရတနာတွေကိုလည်း ယူသွားခဲ့သေးတယ်။ နင် လွတ်မြောက်နိုင်လိမ့်မယ်လို့ ယုံကြည်နေတုန်းလား…”

ယွမ်ယောင်သည် အဘိုးအိုကို မတုန့်ပြန်ပေ။ ထိုအစား အခြားကျင့်ကြံသူများကိုသာ စူးစမ်းကြည့်သည်။

အဘိုးအိုနှင့် ဗလကြီးတို့သည် သူမကဲ့သို့ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်၌သာ ရှိကြ၏။ သို့ပေမည့် ဝတ်ရုံနက်သူနှင့် မထင်မရှားသွင်ပြင်ရှိသော မိုးပြာဝတ်စုံနှင့်သူကမူ ရင်ဆိုင်ရန် အတော်လေး ခက်ပေလိမ့်မည်။ သူတို့၏ ကျင့်ကြံမှုကာ အမြုတေဖွဲ့စည်းခြင်း အလယ်နှင့် နောက်ဆုံးအဆင့်၌ ရှိနေကြသည် မဟုတ်လား။

သူမ၌ အံ့မခန်း မှော်ရတနာများ ပိုင်ဆိုင်ထားပြီး သည်နှစ်များအတွင်း သူမသည် လျှို့ဝှက်ပညာရပ်အချို့ကို ကျင့်ကြံထားခဲ့သော်ငြား ထိုလေးယောက်သာ လက်တွဲလိုက်ပါက ရလဒ်သည် ဆိုးဝါးသွားလိမ့်မည်သာ။

ဝတ်ရုံနက်လူနှင့် ဗလကြီးတို့သည် ယွမ်ယောင်၏ အလှကို မြင်သည့်အခါ၌ တုန်လှုပ်ကုန်ကြတာ သိသာပြီး သူတို့သည် စိတ်မကောင်းချင်းကြီးစွာဖြင့် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်မိကုန်သည်။ ထိုအမျိုးသမီးကသာ မိုးပြာယန်ဂိုဏ်း၏ မြင့်မြတ်သော မိစ္ဆာအိုကြီးယန်သုံးပါးကိုသာ ရန်မစခဲ့ဘူးဆို သူမသည် စံပြတာအိုလက်တွဲဖော်တစ်ယောက် ကျိန်းသေပေါက် ဖြစ်လာနိုင်သူပင်။ အမှန်တကယ် သနားဖွယ် ကောင်းလေစွ။

ယွမ်ယောင်က သူမရှေ့ရှိ သေရေးရှင်ရေး အခြေအနေကို ရင်ဆိုင်နေရစဉ် သူမ၏အသွင်အပြင်ကမူ ခေါင်းမာသည့်ဟန် ရှိနေ၏။ သူမက ခါးသီးစွာ ရယ်မောလိုက်ပြီး သူမ၏ လက်ဗလာကို ဝှေ့ယမ်းလိုက်သည်။ အဖြူရောင်အလင်းတစ်ခုက သူမ၏လက် ပတ်ပတ်လည်၌ စတင်လည်ပတ်လာပြီး ၎င်းမှာ တောက်ပလာကာ အစိမ်းနှင့်အဝါ မြူထုကို ထုတ်လွှတ်သည်။ ခဏလေးအတွင်း ထိုမြူသည် တောင်တစ်ခုလုံးအား ဖုံးအုပ်သွားသည်။

အဘိုးအိုက ထိုမြင်ကွင်းကို မြင်သည့်အခါ လှမ်းအော်ပြီး သူ့ရှေ့မှ ဓားပျံဖြင့် ယွမ်ယောင်ထံ အလျင်စလို ခုတ်ပိုင်းသည်။ သို့ပေမည့် ယွမ်ယောင်က မထိတထိ ရယ်လိုက်ပြီး မြူထဲသို့ ဝေဝါး ပျောက်ကွယ်သွားချေ၏။

ဤသည်ကို မြင်သည့်အခါ အဘိုးအိုက မျက်မှောင်ကြုတ်၏။ ထို့နောက်မှာ သူက အထင်သေးသည့်ဟန်ပန်ဖြင့် သူ့လက်နှစ်ဖက်ကို ပူးကပ်ကာ ချိပ်ဟန်တစ်ခု ပြုလုပ်ပြီး ဓားပျံထံ လက်ညွှန်လိုက်သည်။

“ဟား…နင်က ငါ့ရှေ့မှာ ဒီပုံရိပ်ယောင်အစီအရင်တစ်ခုကို ထုတ်ဖော်ဝံ့တယ်တဲ့လား…”

ဓားပျံက ကြည်လင်သော မြည်သံ ဟိန်း၏။ သည့်နောက်မှာ ကောင်းကင်ထက်သို့ တဝီဝီ ဖြတ်သန်းသွား၏။ ချက်ခြင်းပင် ၎င်းသည် ဆယ်မီတာမျှ အရှည်ရှိ အလင်းစက်ဝန်းပြတ် အဖြစ်သို့ ပြောင်းကာ တောင်ကို ရုန့်ရင်းစွာ ဖြတ်သန်းသွားပြီး မြူများအား သိသိသာသာ ပြန့်ကျဲသွားစေသည်။ တစ်စက္ကန့်ကြာပြီးနောက်မှာ ကျောက်ဂိတ်တံခါးကို ထပ်မံ မြင်ရသည်။

ဗလကြီးက ထိုသည်ကို မြင်သည်နှင့် သူ့ကိုယ်ပိုင် မှော်ရတနာအား ချက်ခြင်းလက်ငင်း လက်ညွှန်၏။ သူ၏ ပုဆိန်သွားတပ်လှံရှည်ကား အဆများစွာ ကြီးမားလာပြီး ကျောက်တံခါးထံ ကြမ်းတမ်းစွာ တိုးဝင်ထိုးနှက်လာ၏။ ၎င်းလက်နက်က တံခါးကို ထိမှန်ချိန်တွင် အဝါနှင့်အစိမ်းအလင်း ပေါက်ကွဲထွက်သည်။ ဟန်လိ၏ ဘေးမှ ဝတ်စုံနက်နှင့်သူကလည်း သူ့ ထူးခြားသည့် ဓားသွားကို စေလွှတ်ရန် ဟန်ပြင်ပြီးမှ ရုတ်တရက် အလန့်တကြား ထအော်သည်။

“မကောင်းတော့ဘူး။ အဲ့စုန်းမ တောင်အနောက်ဘက်ကို ပြေးပြီ။ သူမ နောက်ကို မြန်မြန် လိုက်ကြ…”

ထို့နောက်မှာ သူက အနက်ရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲ၍ တောင်ကို ကွေ့ပတ်ကာ လျင်မြန်စွာ ပျံသန်းသည်။

ထိုစကားကို ကြားသည့်အခါ ဟန်လိ၏မျက်လုံးထဲ၌ ထူးခြားသည့်ဟန်တစ်ခု ဖြတ်ပြေးသွား၏။ သို့သော် သူက မလှုပ်ရှားဘဲ နေရာတွင်သာ ရပ်နေသည်။

ဗလကြီးကမူ ဝတ်ရုံနက်၏စကားများကို အလွန်ယုံကြည်ဟန်တူသည်။ သူက တံခါးကို တိုက်ခိုက်နေတာအား ချက်ခြင်း ရပ်ပြီး သူ့နောက်သို့ အပြေးလိုက်သည်။

အဘိုးအိုက ဤသည်ကို မြင်သည့်အခါ သူက သံသယ ဖြစ်ဟန် ပေါ်ပြီး ဟန်လိကို လှမ်းမေးသည်။

“ရောင်းရင်း…သူ ပြောလိုက်တာ အမှန်ပဲလား။ ဒီအဘိုးအိုကတော့ ဘာမှ အာရုံမခံမိလိုက်ဘူး…”

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ သူ့မျက်နှာအမူအရာမှာ ပြောင်းလဲမသွားပေ။ သို့သော် သူ၏မျက်လုံးထဲမူ ခန့်မှန်းရခက်သည့်ဟန် ဖြတ်ပြေးသွားပြီး သူက တည်ငြိမ်စွာ ပြောလိုက်သည်။

“အဲ့တာအိုရောင်းရင်း ပြောခဲ့တာ အမှန်ပါပဲ။ သူမက တောင်ရဲ့ အခြားဘက် ထွက်ပေါက်ဆီ ထွက်ပြေးသွားတာ။ သူတို့နှစ်ယောက်က သူမကို သွားတားဆီးပြီး တိုက်ပွဲတောင် ဖြစ်နေလောက်ပြီ…”

ဟန်လိက လက်နောက်ပစ်လျက် အကွာအဝေးတစ်ခုထံသို့ ကြည့်နေ၏။

အဘိုးအိုက ကျေနပ်ပျော်ရွှင်စွာ ပြောလာ၏။

“ သိပ်ကောင်းတယ်။ ကျုပ်တို့ကသာ သူတို့ကို ကူညီပေးမယ်ဆို အဲ့စုန်းမကို သေချာပေါက် ဖမ်းစီးနိုင်မှာပဲ…”

ဟန်လိသည် အဘိုးအိုထံ လှည့်ကြည့်ပြီး ပြောလိုက်၏။

“ဒါပေါ့။ ကျုပ်တို့ပါ ဝင်ပါရင် အဲ့အမျိုးသမီးကို ဖမ်းမိဖို့ဟာ အလွယ်လေးပဲ။ ဒါပေမဲ့ အဲ့မတိုင်ခင် ကျုပ်က ခင်ဗျားဆီကနေ တစ်ခုခု ငှားချင်မိသေးတယ်…”

အဘိုးအိုတင်းကား စဉ်းစားမရဟန် ဖြစ်သွား၏။ ခဏ စဉ်းစားပြီး သူက မေးလာသည်။

“ငှားရမ်းမှာ ဟုတ်လား…ရောင်းရင်းက ကျုပ်ဆီကနေ ဘာများ ငှားရမ်းချင်တာလဲ…”

“ထွေထွေထူးထူးတော့ မဟုတ်ပါဘူးလေ…ခင်ဗျားရဲ့ ဦးခေါင်းပါပဲ…”

ဟန်လိသည် ညစ်ပြုံးပြုံးပြီး နှာခေါင်းပွတ်လိုက်၏။ ထို့နောက်မှာ သည်အဘိုးအို မတုန့်ပြန်ခင်မှာပင် သူက ပါးစပ်ကနေ မိုးပြာအလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်သည်။ ၎င်းက အဘိုးအိုကို တစ်ပတ် လှည့်ပတ်ပြီးနောက်မှာမူ သူ၏ဦးခေါင်းသည် ခန္ဓာကိုယ်နှင့် ကင်းကွာသွားလေတော့၏။

ခဏအကြာတွင် ဟန်လိသည် သူ့လက်ကနေ မိုးပြာအလင်းတန်းတစ်ခုကို စေလွှတ်လိုက်ကာ ထိုဦးခေါင်းအား ရစ်သိုင်းစေပြီး ၎င်းကို သူ့လက်ထံ ဆွဲယူသည်။ သူက မျက်လုံးမှေးစေးလိုက်ပြီး ထိုဦးခေါင်း ပတ်ပတ်လည်ရှိ မိုးပြာအလင်း ထွေးခြုံသည်။ သူ ခုလောက်ထိ လျင်မြန်စွာ လှုပ်ရှားလိုက်သည့်အတွက်ကြောင့် ယင်းဦးခေါင်းသည် အံ့ဩထိတ်လန့်နေဟန် ရှိနေဆဲ ဖြစ်ကာ သွေးနံပင် မရသေးပေ။

ဟန်လိက သက်ပြင်းချပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။

“ကျုပ်ကို အပြစ်မတင်လေနဲ့။ တည်နေရာရွှေ့ပြောင်းအစီအရင်ကို ဖြတ်ပြီး ကျုပ်နဲ့မှ တည့်တည့်လာတွေ့တဲ့ မင်းရဲ့ ဆိုးဝါးတဲ့ ကံတရားကိုပဲ အပြစ်တင်လိုက်ပါ…”

ကုယုနှင့် မိုးပြာယန်ဂိုဏ်းကသာ သည်ဖြစ်အင်ကို မြင်သည့်အခါ သူတို့ကား ချက်ခြင်း ထိတ်လန့်ကြောက်ရွှံ့သွားပြီး သူတို့၏မှော်ရတနာများကို အသုံးပြု၍ အသည်းအသန် ထွက်ပြေးတော့သည်။ သူတို့အတွက် ကံဆိုးသည်မှာ ဟန်လိက အသာအယာ လက်ဝှေ့ယမ်းပြီး မိုးပြာဓားအလင်းတန်းကို စေလွှတ်လိုက်သဖြင့် သူတို့၏ ရင်ဘက်များမှာ ထွင်းဖောက်ခံလိုက်ရခြင်းပင်။ ထို့နောက်တွင် ဟန်လိသည် ခေါင်းမော့ကာ တောင်၏ အခြားဘက် အရပ်ထံ လှည့်ကြည့်၏။

သူက နှုတ်ခမ်းသက်လိုက်ပြီး အထင်ကြီးဟန်လေသံဖြင့် ပြောလိုက်မိသည်။

“ယွမ်ယောင်ရဲ့ ကျင့်ကြံမှုအဆင့်က ခုလောက်ထိ မြင့်တဲ့အထိ ရောက်နေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…”

ထို့နောက်တွင် သူသည် မိုးပြာအလင်းတန်းအဖြစ် ပြောင်းကာ ပျံသန်းသည်။

တောင်၏ အနောက်ဘက် ကောင်းကင်ယံ၌ ဝတ်ရုံနက်လူနှင့် ဗလကြီးတို့က ထူးခြားသေ အနီရောင်တူတစ်လက်ကို သူတို့၏ မှော်ရတနာများ အသုံးပြုကာ ရင်ဆိုင်နေကြသည်။ သူတို့က ယွမ်ယောင်ရှိနေသော နေရာထံ မှော်ပညာရပ်များ အဆက်မပြတ် ထုတ်ဖော် တိုက်ခိုက်လျက် ရှိ၏။ ခုချိန်၌ ယွမ်ယောင်ကို အနက်ရောင်အခိုးအငွေ့စုက အပြည့်အဝ ခြုံလွှမ်းထားပြီး အစိမ်းရောင် မိစ္ဆာမီးတန်းရာချီသည် ထိုးထွက်လျက် ထိုသူတို့၏ မှော်ပညာရပ်များကို ဟန့်တားနေ၏။ ပေါက်ကွဲသံများ ထွက်ပေါ်လျက် ရှိ၏။

သို့ပင်ငြား သူမက တိုက်ခိုက်နေရင်း နောက်သို့သာ ဆက်တိုက်ဆုတ်နေလျက် ရှိ၏။ သူမက ထွက်ပြေးနိုင်ရန် ကြံစည်နေခြင်းတည်း။ သူမ၏ ရန်သူများမှာ တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝလှပြီး သူတို့၏ ပူးပေါင်းတိုက်ကွက်များက ယွမ်ယောင်ကို ဘေးကြပ်နံကြပ် ဖြစ်စေ၏။

ဗလကြီးနှင့် ဝတ်ရုံနက်လူတို့သည် ဟန်လိ ပျံသန်းလာတာ မြင်သည့်အခါ ကျေနပ်အားရသွားကြ၏။ ဟန်လိသည် တိုက်ပွဲ အနီးအနား ရောက်လာချိန်တွင် ဗလကြီးက မကျေမနပ် ဖြစ်ဟန်ဖြင့် ဟန်လိကို အလျင်အမြန် လှမ်းအော်သည်။

“ရောင်းရင်း…မြန်မြန်ကူပေးအုံး။ ကျုပ်တို့သာ ပူးပေါင်းတိုက်ခိုက်ရင် ဒီအမျိုးသမီးကို ဖမ်းနိုင်တော့မှာ။ နေပါအုံး…ရောင်းရင်းတင်းကကော။ ဒါက သူ့ဂိုဏ်းကိစ္စလေ။ သူက ဘယ်လိုလုပ် နောက်ကျနေရတာလဲ…”

“ခင်ဗျား သူ့ကို စောင့်ဖို့ မလိုတော့ဘူး။ တာအိုရောင်းရင်းတင်းက ဒီမှာ…”

ထိုသို့ပြောကာ ဟန်လိသည် အမူအရာ ကင်းမဲ့စွာဖြင့် သူ့လက်ကို နောက်ဆန့်ထုတ်၏။ အဘိုးအို၏ဦးခေါင်းသည် ဗလကြီးထံ ပြေးဝင်လာချေ၏။

All Chapters