← Chapters

လက်ဆောင်တစ်ခု

Vol. 41 Ch. 564

လက်ဆောင်တစ်ခု

Vol. 41 Ch. 564

ဟန်လိ၏ လေသံသည် ရုတ်တရက် ကြမ်းရှသွားပြီးနောက်မှာ ဗလကြီးသည် တစ်ခုခုမူမမှန်ဟု ခံစားမိသည်။ သူသည် ဟန်လိက ဦးခေါင်းပြတ်တစ်ခု သူ့ထံ ပစ်ပေးလာတာ မြင်သည့်အခါ သူ့စိတ်နှလုံး ချောက်ချားသွားရသော်ငြား ၎င်းကို အလိုလို လှမ်းဖမ်းယူလိုက်မိသည်။ သူ ရှေ့သို့ လှမ်းလိုက်သည်နှင့် သူက ဦးခေါင်းပြတ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ၎င်းဦးခေါင်းပြတ်၏ ပိုင်ရှင်ကား အဘိုးအိုတင်းမှန်း သိရှိသွားချိန်တွင်မူ သူ့စိတ်နှလုံးသည် လှုပ်ခါယမ်းသွားရပြီ။ ဝတ်ရုံနက်နှင့်လူလည်း ထိုနည်းတူပင်။ သူတို့နှစ်ယောက်သည် အခြေအနေမှာ ဆိုးဝါးပြီဟု သိသည်နှင့် ချက်ခြင်းပင် တစ်ယောက်နှင့်တစ်ယောက် နီးနီးကပ်ကပ် ရှိစေသည်။ ထို့နောက်မှာ သူတို့၏ မှော်ရတနာများကို သူတို့ထံ ပြန်ရောက်စေရန် အမိန့်ပေး၍ ဟန်လိကို သတိထားဟန်ဖြင့် စိုက်ကြည့်သည်။

ဟန်လိသည် အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်ငြား သူတို့နှစ်ယောက်သာ ပူးပေါင်းမည်ဆိုလျှင် သူ့ကို ယှဉ်နိုင်ကောင်းလောက်၏။ သို့ဖြစ်၍ သူတို့သည် နည်းနည်းလေးမျှ ကြောက်ရွှံဟန် မဖြစ်ပေါ်ချေ။

မလှမ်းမကမ်း အကွာအဝေး၌ ယွမ်ယောင်သည် ရုတ်ချည်းဆန်သော ဤမြင်ကွင်းကို စိတ်ရှုပ်ထွေးစွာ စောင့်ကြည့်နေသည်။ သည်အခွင့်အရေးကို ထွက်ပြေးဖို့ အသုံးမပြုသော်ငြား သူမက သူမ၏ခန္ဓာကိုယ် ပတ်ပတ်လည်၌ မိစ္ဆာပညာရပ်ကို အသက်သွင်းထားဆဲ ဖြစ်ကာ သူမ၏ ထူးခြားသော အနီရောင်တူကိုလည်း သူမအား လှည့်ပတ်ထားဆဲပင်။ သူမက ဟန်လိနှင့် အခြားသူများ၏ ထူးခြားသော အပြုအမူများကို တိတ်တဆိတ် လေ့လာအကဲခတ်လျက် ရှိ၏။

ဟန်လိသည် ယွမ်ယောင်ထံ အလေးအနက် တစ်ချက် လှမ်းကြည့်၏။ ယင်းနောက် သူ့အကြည့်က ဝတ်ရုံနက်လူနှင့် ဗလကြီးတို့ထံ ကျရောက်သွားသည်။ သူက ရှည်ရှည်ဝေးဝေး ရှင်းပြမနေဘဲ ပြုံးယောင်သမ်း၍ သူ့လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းသည်။ သူ၏အင်္ကျီလက်အိုးထံမှ မိုးပြာဓားငယ်နှစ်ဆယ်ကျော်သည် ပျံသန်းထွက်လာ၏။ ထိုဓားအလင်းတန်းများ ရုတ်ချည်းတောက်ပသွားခြင်းနှင့်အတူ ဓားပျံများသည် အနှီကျင့်ကြံသူနှစ်ယောက်ထံ တန်းတန်းမတ်မတ် တိုးဝင်လာချေသည်။

ဝတ်ရုံနက်လူနှင့် ဗလကြီးတို့က ထိုသည်ကို မြင်သည့်အခါ သူတို့၏ မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန်များ ဖြစ်ပေါ်ကုန်သလို သူတို့မျက်နှာများထက်၌လည်း ယုံရခက်ဟန်များ အထင်းသား ပေါ်၏။

သာမန်အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများသည် မှော်ရတနာတစ်ခုကို သန့်စင်နိုင်လျှင်ပင် ကံကောင်းလွန်းရာ ကျနေလေပြီ။ အခု သူတို့နှင့် အစောပိုင်းက မဟာမိတ်ပြုခဲ့သော အနှီသစ္စာဖောက်ကမူ ရုတ်တရက် ဓားပျံဆယ့်နှစ်လက်ကို ထုတ်သုံးလာခဲ့လေပြီ။ သည်တစ်ချက်ဖြင့်ပင် ဟန်လိမှာ သာမန်အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် မဟုတ်လေမှန်း သူတို့အနေဖြင့် ချက်ခြင်း သဘောပေါက်၏။ သူတို့ကား သူ့ကို ဆန့်ကျင်နိုင်မည့် အခွင့်အရေး ရှိမနေချေ။

ဝတ်ရုံနက်နှင့်သူ၏ အမူအရာမှာ ဖြူရော်သွားပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။

“လူခွဲပြေးကြမယ်…”

ထိုသို့ အော်ဟစ်ပြီးသည်နှင့် သူသည် အနက်ရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲလျက် ချက်ခြင်း ပြေးတော့၏။ ဗလကြီးကလည်း သူ့ပုဆိန်ကို ချက်ခြင်း ရုတ်သိမ်းပြီး ဆန့်ကျင်ဘက် လားရာထံ ကသောကမျော ပြေး၏။ သူ၏ ပြေးနှုန်းကား သူ့အဖော်ထက် အများကြီး နိမ့်ကျမနေပေ။ သူလည်း အပြေးတစ်ပေါက်၌ ကျွမ်းကျင်ဟန် တူ၏။

ဟန်လိက ထိုသို့ ထွက်ပြေးတာ မြင်သည့်အခါ သူက လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို လျင်မြန်စွာ ဖန်တီးပြီး သူ၏ဓားပျံများထံ လက်ညွှန်လိုက်သည်။ ထို့နောက်မှာ ဓားများက မိုးပြာအလင်း တောက်ပသွားပြီး ဓားတစ်လက်ချင်းစီသည် ပုံစံတူ ဓားအလင်းတန်းသုံးခုစီကို ထုတ်လွှတ်ကာ မူလဓားဆယ့်နှစ်လက်က ကိုးဆယ့်ခြောက်လက် အဖြစ်သို့ ပြောင်းကာ ၎င်းတို့၏ အင်အား အရှိန်အဝါမှာ ဆထက်တိုးသွား၏။ ထို့နောက်တွင်မူ ဟန်လိက လက်ဝှေ့ယမ်းပြီး လေးလေးနက်နက် တစ်လုံးချင်း ရေရွတ်၏။

“ခွဲထွက်စေ…”

ထိုစကားများ ထွက်ပေါ်သည်နှင့် မိုးပြာဓားများသည် အုပ်စုနှစ်စုအဖြစ် ကွဲထွက်သွား၏။ တစ်စုချင်းစီသည် အတူတကွ စုဝေးလျက် ၎င်းတို့၏ သက်ဆိုင်ရာ ပစ်မှတ်များထံ ပြေးဝင်သွားသည်။ ဝတ်ရုံနက်လူနှင့် ဗလကြီးတို့က ခေါင်းလှည့်ကြည့်သည့်အခါ ဟန်လိ၏ ဓားအရိပ်တစ္ဆေပညာရပ် နတ်စွမ်းရည်ကို မြင်ပြီး သူတို့၏ အမူအရာများကို သေလောက်အောင် ဖြူဖပ်ဖြူရော် ဖြစ်သွားစေ၏။

ထို့နောက်တွင်မူ သူတိုက မှော်စွမ်းအားများကို အစွမ်းကုန်လည်ပတ်စေ၏။ သူတို့မှာ အသက်ဆုံးရှုံးရမှာ ကြောက်နေပြီ ဖြစ်၏။

(ဘာသာပြန်မှတ်ချက်။ ။ဓားအရိပ်တစ္ဆေပညာရပ်ကို အပိုင်း (၂၁၇)၌ ဖော်ပြထားပြီး ဖြစ်ပါသည်။ ၎င်းပညာရပ်သည် ပုံရိပ်ယောင်များကို ပုံတူ ထုတ်ဖော်နိုင်စွမ်း ရှိ၏။ ဟန်လိ၏ ခုလက်ရှိ ခွန်အားအရဆို သည်ဓားပုံရိပ်ယောင်များသည် မူလဓားစွမ်းအား၏ သုံးပုံတစ်ပုံ အစွမ်း ပါဝင်နေလေပြီ။)

ဟန်လိက ထိုနှစ်ယောက်ကို သည်အတိုင်းရပ်၍သာ သနားဟန်အကြည့်ဖြင့် ကြည့်နေ၏။ ဓားအလင်းတန်းများကား သာမန်ကျင့်ကြံသူများ၏ အမြန်နှုန်းဖြင့် မယှဉ်သာလောက်အောင် မြန်ဆန်လှသည်။ ထိုနှစ်ယောက်၌ ဟန်လိကဲ့သို့ သွေးနီရောင်ဝတ်ရုံ သို့မဟုတ် မိုးကြိုးမုန်တိုင်းတောင်ပံများကဲ့သို့ မိုးကောင်းကင်ကို ဖိလာသည့် မှော်ရတနာများ မပိုင်ဆိုင်ထားလျှင် သူတို့၌ ရှင်သန်နိုင်မည့် အခွင့်အရေး စိုးစိမျှ ရှိနိုင်လိမ့်မည် မဟုတ်ပါ။

ခဏကြာပြီးနောက်မှာ ဓားအလင်းတန်းများသည် ဝတ်ရုံနက်လူနှင့် ဗလကြီးတို့ကို မှီသွားခဲ့ပေပြီ။ သူတို့သည် ပြေးရင်းလွှားရင်း ထိုဓားအုပ်ကြီးကို တားဆီးရန် သူတို့၏ မှော်ရတနာများကို ဆင့်ခေါ်သည်။ သို့ပေမည့် ဓားအရေအတွက်များစွာ၏ တရစပ် ထိုးနှက်မှုအောက်မှာ သူတို့၏ ခန္ဓာကိုယ်များသည် အလျင်အမြန် တစစီ ဖြစ်ကုန်သည်။ သူတို့နှစ်ယောက်လုံးသ်ည နာကျင်စွာ အော်ဟစ်၍ ဆိုးဆိုးဝါးဝါး သေဆုံးသွားတော့သည်။

ထို့နောက်တွင် ဟန်လိသည် ဓားအရိပ်တစ္ဆေပညာရပ်ကို တည်ငြိမ်စွာ ထုတ်ဖော်ပြီး သူ၏ဓားများသည် ခုခါ၌ ပိုင်ရှင်မဲ့နေသော သိုလှောင်အိတ်များကိုပါ တစ်ပါးတည်း ယူဆောင်ပြီး ပြန်ရောက်လာသည်။ ဓားများကို သူ့ဝတ်ရုံထဲ ထည့်သွင်းပြီးသည်နှင့် ဟန်လိသည် အကွာအဝေးတစ်ခုရှိ အနက်ရောင်မြူထံ ဆန်းကြယ်စွာပြုံး၍ လှမ်းကြည့်သည်။

သူ့ကို အံ့အားသင့်သွားစေတာကတော့ သူ ဘာမျှ မပြောနိုင်ခင် ယွမ်ယောင်က တခစ်ခစ် ရယ်၍ အရင်ပြောလာသည်။

“တာအိုရောင်းရင်းဟန်ကို…။ ကွဲကွာသွားတဲ့ နှစ်တွေမှာ အစ်ကိုဟန်ရဲ့ စွမ်းရည်ဟာ ခုလောက်အဆင့်ထိ ရောက်လာလိမ့်မယ်လို့ ကျမ မမျှော်လင့်ထားမိခဲ့ဘူး။ ဒီမိန်းမပျိုက တကယ်ကြီး အထင်ကြီး လေးစားမိပါတယ်…”

ထိုသို့ ပြောပြီးသည်နှင့် အနက်ရောင်မြူသည် တဖြည်းဖြည်း လွင့်ပြယ်သွားကာ မင်သက်အောင်လှသည့် အမျိုးသမီးတစ်ယောက်၏ ပုံပန်းသွင်ပြင် ပေါ်လာလေသည်။ ထို့နောက်တွင် သူမက ဟန်လိကို တောက်ပရွှန်းလဲ့စွာ ကြည့်၍ စိတ်လိုလက်ရ ပြုံးပြသည်။

“ရောင်းရင်းယွမ်က ကျုပ်ကို သိနေလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။ ခင်ဗျားက ကျုပ်ကို အတော်လေး အထိတ်တလန့် ဖြစ်စေလိုက်တာပဲ…”

ဟန်လိသည် တဟားဟား ရယ်မောပြီး ရုပ်ဖျက်ပညာရပ်ကို ချက်ခြင်း ဖယ်ရှားလိုက်ပြီး အဖြူရောင်အလင်း တစ်ချက်လင်းလက်သွားကာ သူ၏ မူလအသွင်အပြင် ပြန်ဖြစ်သွားသည်။

“အစ်ကိုဟန်ကလွဲလို့ ပြန့်ကျဲကြယ်ပင်လယ်များမှာ ဓားပျံအရေအတွက် ဒီလောက်ပမာဏထိ ပိုင်ဆိုင်တဲ့ အခြားတစ်ယောက်ကို ရှာတွေ့ဖို့ဟာ ကျမအတွက် အတော်လေး ခက်ခဲတယ်…”

သူမက ပြုံး၍ ထိုစကားလုံးများကို ပြောလိုက်သော်ငြား ဟန်လိက သူ၏ ရုပ်သွင်အမှန်ကို ဖော်ပြလိုက်တာ မြင်မှ စိတ်အေးကာ သက်ပြင်းချနိုင်တော့သည်။ ထို့နောက်တွင် ခဏ တုံ့ဆိုင်းပြီးနောက်မှာ သူမက ဟန်လိ မည်သည့်အတွက်ကြောင့် သည်နေရာ၌ ပေါ်လာသည်ဟု မေးမည့်အစား ဟန်လိထံ တိုးကပ်လာပြီး ကျက်သရေရှိလှစွာ ကိုယ်ရို့ကာ နှုတ်ဆက်ပြီး စစ်မှန်သည့်စိတ်ရင်းဖြင့် စကားဆိုသည်။

“ဒီမိန်းမပျိုက ခု ကပ်ဘေးကနေ အချိန်ကိုက် ကယ်တင်ပေးခဲ့တဲ့အပေါ် အစ်ကိုဟန်ကို ကျေးဇူးအများကြီး တင်ပါတယ်…”

ဟန်လိသည် သူမကိုယ်သာ အန္တရာယ်ပြုလိုပါက သူမ၏ခုလက်ရှိ ကျင့်ကြံခြင်းဖြင့်ပင် ထွက်ပြေးနိုင်ရန် အခွင့်အရေး မရှိတာကို သိပေသည်။ သို့ဖြစ်၍ သူမအနေဖြင့် သူနှင့် ပိုရင်းနှီးအောင် ဆက်ဆံရေးတစ်ခု တည်ဆောက်တာကသာ ပိုကောင်းလိမ့်မည် မဟုတ်လား။

ဟန်လိကလည်း ယွမ်ယောင်က မည်သည့်အတွက်ကြောင့် တလေးတစားဖြင့် ပြုံး၍ နေသည့်အကြောင်းရင်းကို သိနေသည်သာ။ ဤသို့ဖြင့် သူက ရယ်ကာမောကာ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြော၏။

“ကျုပ်က ဒီအမဲလိုက်ပွဲနဲ့ မတော်တဆ လာကြုံတာ။ ကျုပ်အနေနဲ့ ခင်ဗျားကို ကယ်တင်ပေးရတာဟာ ဘာမျှ သိပ်အားစိုက်ထုတ်ရတာမျိုး ရှိမနေပါဘူး။ တာအိုရောင်းရင်းယွမ်ကလည်း ကျုပ်တို့ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကထက်စာရင် ခင်ဗျားရဲ့ ပညာရပ်တွေမှာ အတော်လေး တိုးတက်လာပုံ ရတယ်…”

ယွမ်ယောင်က ခေါင်းယမ်းကာ ဟန်လိထံ တစ်ချက်ကြည့်သည်။ ထို့နောက်မှာ သူမက ဒေါသထွက်ဟန်ဖြင့် ပြော၏။

“အစ်ကိုဟန်က ဒီမိန်းမပျိုကို လှောင်နေတာလား။ အစ်ကိုဟန်က အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ထိ ရောက်နေပြီး ကျမကတော့ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်မှာပဲ ရှိနေသေးတယ်လေ။ ဒါကိုများ တိုးတက်တယ်လို့ ဘာလိုလုပ် ပြောထွက်လိုက်ရတာလဲ…”

“ဟားဟား…ရောင်းရင်းယွမ်က နိမ့်ချလွန်းနေပါပြီ။ ကျုပ်က ဒီအဆင့်ထိ ရောက်ဖို့ အခွင့်အရေးတွေ အများအပြား ရခဲ့လိုပါ။ ပြီးတော့ ကျုပ် ခင်ဗျားနဲ့ တိုင်ပင်စရာလေးတွေလည်း ရှိသေးတယ်…”

ယွမ်ယောင်မှာ ခဏမင်သက်သွား၏။ ပြီးမှ သူမက လက်ဖြင့် ကာ၍ တခစ်ခစ်ရယ်ပြီး ပြောလာသည်။

“ကျေးဇူးပြုပြီး ပြောသာပြောပါ။ ရှင် အထင်မသေးဘူးဆိုရင်တော့ ကျမရဲ့ နေအိမ်ဆီ သွားပြီး စကားပြောကြတာ ပိုမကောင်းဘူးလား…”

ထိုအမျိုးသမီးသည် ဟန်လိကို ခင်ခင်မင်မင် ဆက်ဆံပြုမူနေတာ သိသာသည်။ သူမ၏အသက်ကို သူက ခုလေးတင် ကယ်တင်ပေးခဲ့သောကြောင့် ဖြစ်နိုင်ကောင်း၏။ ဟန်လိကလည်း သဘောတူလိုက်၏။

“ဒါဆိုလည်း ကျုပ်ကပဲ ခင်ဗျားကို လမ်းပြခိုင်းဖို့ ဒုက္ခပေးရတော့မှာပေါ့…”

ယွမ်ယောင်၏အသားအရေမှာ နီမြန်းသွား၏။ သူမသည် ပြုံး၍ ကျွန်းပေါ်သို့ ဆင်းသက်သည်။ ဟန်လိက သူမ၏ လှိုဏ်ဂူနေအိမ်ထံ နောက်မှ လိုက်ပါလာသည်။

ယွမ်ယောင်၏ နေအိမ်သည် ကြီးမားသည်ဟု မဆိုသာပေ။ သို့ပေမည့် သေသေရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိလှသည်။ ထို့အပြင် သည်လှိုဏ်ဂူသို့ လာရာလမ်းတွင် ရှားပါးရောင်စုံပန်းပင်များ စိုက်ထားသေးသည်။ လှိုဏ်ဂူမှာ သင်းရနံ့ဖြင့် ထုံမွှမ်းနေ၏။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် နွေးထွေးစွာ မပြုံးမိဘဲ မနေနိုင် ဖြစ်ရသည်။ ယွမ်ယောင်သည် ပေသုံးဆယ်ကျော် ကျယ်ဝန်းသည့် ကျောက်သားအခန်းတစ်ခုထံ ဟန်လိကို ခေါ်ဆောင်လာသည်။ ဟန်လိက စားပွဲနားရှိ ခုံတစ်ခု၌ ဝင်ထိုင်၏။ သူမက ရနံ့သင်းသင်း လဘ္ဘက်ရည်ကြမ်းအိုးတစ်ခုကို ပြင်ဆင်ပေးပြီး ဟန်လိ၏ မျက်နှာချင်းဆိုင်တွင် ရွှင်ရွှင်မြူးမြူး ဝင်ထိုင်သည်။

အစ်ကိုဟန်က ပြန့်ကျဲကြယ်ပင်လယ်များမှာ အတော်လေး နာမည်ကျော်နေတာပဲနော်။ ပြန့်ကျဲကြယ်ပင်လယ်ရဲ့ ထိပ်ဆုံးလျှို့ဝှက်မှော်ရတနာက ဟန်မျိုးရိုးနဲ့ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ရဲ့ လက်ထဲ ကျရောက်သွားတယ်ဆိုတဲ့အကြောင်းကို လူတိုင်းနီးပါးက ကြားဖူးကုန်ကြပြီ။ တာအိုရောင်းရင်းဟန်ဟာ ဒီလောက်နှစ်အနည်းငယ်နဲ့ “အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ထိ တက်လှမ်းနိုင်ခဲ့ပုံအရ ရှင်ဟာ ဒဏ္ဍာရီလာ ကောင်းကင်ဖာထေးခြင်းဆေးလုံးကိုများ သောက်သုံးခဲ့လို့လား။ ဒီဆေးဟာ ဒဏ္ဍာရီတွေထဲကအတိုင်း တကယ်ပဲ အံ့ဖွယ်ဆန်လွန်းနေတာလား…”

ယွမ်ယောင်သည် ဝင်ထိုင်ပြီးသည်နှင့် ကောင်းကင်ဖာထေးခြင်းဆေးလုံးနှင့် ကောင်းကင်လေဟာနယ်ဒယ်စောက်တို့ အကြောင်းကို မဖုံးကွယ်ပဲ ထုတ်ပြောလာသည်။

ဟန်လိသည် ခဏစဉ်းစားသွားပြီးမှ ပြုံး၏။ သည်အမျိုးသမီးကား အတော်လေး တော်သည်။ သူမသည် ကောင်းကင်လေဟာနယ် ဒယ်စောက်နှင့် ကောင်းကင်ဖာထေးခြင်းဆေးလုံးတို့အပေါ် မည်သည့် ရည်ရွယ်ချက်ဆိုးမျှ မရှိကြောင်းကို ပြောသွားခြင်းပင်။ ဟန်လိသည် သူမအပေါ် သဘောမကျမိဘဲ မနေနိုင် ဖြစ်သွားရ၏။

သူက သက်ပြင်းချပြီး ခေါင်းယမ်းကာ ပြန်ဖြေသည်။

“ရောင်းရင်းယွမ်က အဲ့ကိစ္စကို ထုတ်ပြောလာမှတော့ ကျုပ်လည်း ခင်ဗျားကို လိမ်ညာဖို့ မကြိုးစားတော့ပါဘူး။ ကောင်းကင်လေဟာနယ်ဒယ်စောက်ဟာ တကယ်ပဲ ကျုပ် လက်ထဲမှာပါ။ ဒါပေမဲ့ ကျုပ်ရဲ့ နိမ့်ကျလှတဲ့ ကျင့်ကြံခြင်းကြောင့် ဒီဒယ်စောက်ကို ရခဲ့တဲ့အချိန်ကစပြီးတော့ ခုထိ ဖွင့်နိုင်စွမ်း မရှိသေးပါဘူး။ အချိန်တစ်ခုထိ ဒီလိုပဲ ဖြစ်နေဦးမယ် ထင်ပါတယ်။ ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်လာပြီး ဒါကို ဖွင့်လှစ်နိုင်စွမ်း ရှိတဲ့အချိန်ကျရင်လည်း ကောင်းကင်ဖာထေးခြင်းဆေးလုံးဟာ ကျုပ်အတွက် ဘာမှဆက်ပြီး အသုံးတည့်တော့မှာ မဟုတ်လောက်ဘူး…”

သူ၏ကျင့်ကြံမှုသည် သူမထက် များစွာ သာလွန်သဖြင့် ဟန်လိသည် လိမ်ညာရန် လိုသည်ဟု မခံစားရပေ။ သူက တည်တည်ငြိမ်ငြိမ်ပင် သည်ကိစ္စကို အမှန်တိုင်း ထုတ်ပြောသည်။

“အစ်ကိုက ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ခုထိ မဖွင့်ကြည့်ရသေးဘူး ဟုတ်လား…”

ယွမ်ယောင်က ထိုစကားကို ကြားသည့်အခါ ခဏဆွံ့အမိသွားသည်။ သူမက မယုံကြည်နိုင်ဖြစ်ဟန် အမူအရာ ပေါ်လာသည်။

ဟန်လိသည် မျက်မှောင်ကြုတ်သွားပြီး သူမကို ဆက်ရှင်းပြမနေတော့ပေ။ ထိုအစား သူက အကြိမ်အနည်းငယ် ချောင်းဟန့်ကာ သူ့စိတ်ထဲရှိနေသာ ကိစ္စကိုသာ တိုက်ရိုက်ထုတ်ပြောရန် ဆုံးဖြတ်သည်။ သူက ယွမ်ယောင်ကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ရောင်းရင်းယွမ်မှာ အသင်္ချေစိတ်ဝိညာဉ်နို့ရည် နောက်ထပ် ရှိသေးလား။ ကောင်းကင်လေဟာနယ်ဒယ်စောက်ဟာ ကျုပ်လက်ထဲမှာ ခင်ဗျားလည်း သိနေပြီးသားဆိုတော့ ပြဿနာဟာ ကျုပ်နောက်ကို အဆက်မပြတ်လိုက်နေတာကိုလည်း မှန်းဆနိုင်မှာပါ။ ဒါ့ကြောင့် မထင်မှတ်တဲ့ ကိစ္စတွေ ဖြစ်ခဲ့တော့ ခင်ဗျား ကျုပ်ကို ပေးခဲ့တဲ့ အသင်္ချေစိတ်ဝိညာည်နို့ရည်အားလုံးနီးပါး ကုန်လုလု ဖြစ်သွားခဲ့ပြီ။ ခင်ဗျားမှာ ကျန်သေးတယ်ဆို ကျုပ်ကို ရောင်းပေးပါလား။ တန်ဖိုးကြီးကြီး ပေးပါမယ်။ ကျိန်းသေပေါက် ခင်ဗျား မနစ်နာစေရဘူး…”

ဟန်လိသည် ပြင်ပကြယ်ပင်လယ်များ၌ ရှိနေခဲ့စဉ်က ထိုစိတ်ဝိညာဉ်နို့ရည်ကြောင့်သာ မဟုတ်လျှင် လေးငါးကြိမ်လောက် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်လောက်၏။ ထိုနို့ရည်က မည်မျှ အရေးပါမှန်း သဘောပေါက်ပြီးနောက်မှာ ဟန်လိသည် ပုလင်းထဲရှိ မူလတုန်းက ရှိနှင့်ခဲ့သော စိတ်ဝိညာဉ်နို့ရည် တစ်ဝက်ကို ရနိုင်မည့် အခွင့်အရေးကို လက်မလွှတ်ချင်တော့တာ သဘာဝပင်။ ထိုနို့ရည်ကိုသာ ရခဲ့လျှင် သူသည် နောက်တစ်ကြိမ် အန္တရာယ် ကြုံလာခဲ့လျှင်လည်း ၎င်းမှာ သူ့အတွက် နောက်ထပ် အသက်ကယ်ပစ္စည်းတစ်ခု ဖြစ်လာနိုင်မည် မဟုတ်လား။

ယွမ်ယောင်က ဟန်လိ၏ စကားကို ကြားသည့်အခါ သူမသည် ခဏ တွေဝေသွားပြီး အလိုလို မျက်မှောင်ကြုတ်မိသည်။ တအောင့်အကြာတွင် သူမက သူမ၏ခါးမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ကာ စားပွဲအလယ်ပေါ်သို့ တင်ပြီး ဟန်လိဘက်သို့ တွန့်ဆုတ်ခြင်းမရှိ တွန်းပေးသည်။

ထိုအမျိုးသမီးက ဟန်လိကို ဣန္ဒြေမပျက် ကြည့်ကာ ပြောလိုက်သည်။

“ကျမက ဒီနှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည်ကို ခုထိ တစ်စက်လေးတောင် မသုံးရသေးပါဘူး။ ဒါကို ကျမက အစ်ကိုဟန်အတွက် လက်ဆောင်အဖြစ် ပေးပါမယ်။ ဒီအတွက်လည်း အစ်ကိုက ကျမကို စိတ်ဝိညာဉ်ကျောက်တုံးဖြစ်ဖြစ် အခြားအရာပဲဖြစ်ဖြစ် ဘာတစ်ခုမျှ ပြန်ပေးဖို့ မလိုပါဘူး…”

All Chapters