← Chapters

ဇာတ်လမ်း၏ အခြားရှုထောင့်

Vol. 41 Ch. 565

ဇာတ်လမ်း၏ အခြားရှုထောင့်

Vol. 41 Ch. 565

“ခင်ဗျားက ကျုပ်ကို နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည် လက်ဆောင်အဖြစ် ပေးမလို့ ဟုတ်လား…”

သူမ၏စကားကို ကြားသည့်အခါ ဟန်လိသည် အံ့အားသင့်သွား၏။

“အမှန်ပါပဲ။ ဒီနို့ရည်ဟာ အလွန်အဖိုးတန်တယ် ဆိုပေမဲ့ အစ်ကိုဟန်ရဲ့ အသက်ကယ်ပေးခဲ့တာနဲ့ မယှဉ်နိုင်ပါဘူး။ အစ်ကိုဟန်က ကျမဟာ အလိုက်ကန်ဆိုး မသိတတတ်တဲ့ အမျိုးသမီးလို့ ထင်နေတာများလား…”

ယွမ်ယောင်သည် သူမ၏ နှုတ်ခမ်းကို ကိုက်၍ သူမ၏လက်ချောင်းဖြင့် ဆံနွယ်စကို ကိုင်တွယ်နေလေသည်။ ဟန်လိက ချိတုံချတုံ ဖြစ်ကာ ပြောလိုက်၏။

“အဲ့လို မဟုတ်ရပါဘူး…ဒီတိုင်း မေးကြည့်လိုက်တာပါ….”

ယွမ်ယောင်က ထိုစကားကို ကြားသည့်အခါ သူမ၏မျက်လုံးသည် အရောင်တောက်သွားပြီး ပြုံး၍ ပြောလာသည်။

“ကျမတို့က ကောင်းကင်လေဟာနယ်ခန်းမကနေ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့တဲ့သူတွေလေ။ အခု ရှင်က ကျမအသက်ကိုလည်း ထပ်ကယ်တင်ပေးခဲ့သေးတယ်။ ဒါ့ကြောင့် အစ်ကိုဟန်အနေနဲ့ ကျမကို သူစိမ်းတစ်ယောက်လို ဆက်ဆံဖို့၊ အမြဲတမ်း “တာအိုရောင်းရင်း” ဆိုပြီး ခေါ်နေဖို့ မလိုပါဘူး…”

ထိုသို့ ပြောပြီးနောက်မှာ ယွမ်ယောင်က တခစ်ခစ် ရယ်မောသည်။ သို့သော် ခဏအကြာတွင် သူမက တစ်စုံတစ်ခုခုကို တွေးမိသွားပြီး သူမ၏မျက်နှာထက်တွင် ရှက်သွေးဖြာဟန် ဖြစ်ပေါ်ကာ သူမ၏အလှတရားကို ပိုတိုးသွားစေ၏။

သူမ၏ ထိုဟန်ပန်အမူအရာကို မြင်သည့်အခါ ဟန်လိသည် အချိန်တစ်ခုကြာ သည်အမျိုးသမီးကို ငေးမကြည့်မိဘဲ မနေနိုင် ဖြစ်သွားရ၏။

ဟန်လိက သူမကို စိုက်ကြည့်နေချိန်တွင် သူမ၏ ရှက်သွေးဖြာမှုက ပိုဆိုးသွားသည်။ သူမက ဟန်လိ၏အကြောင့်ကို ရှောင်သည့်နှယ် ဘေးတစ်ဖက်သို့ ခေါင်းလွှဲသည်။

ခဏအကြာ၌ ဟန်လိက အသက်ခပ်ပြင်းပြင်း ရှိုက်သွင်းပြီး ပြောလိုက်၏။

“အမျိုးသမီးယွမ်ယောင်က ဒီလို ဆိုမှတော့ ကျုပ်ကလည်း သူစိမ်းသူပြင်လို ပြုမူမနေတော့ပါဘူး။ ခင်ဗျားရဲ နာမည်ကိုပဲ ကျုပ် ခေါ်ဝေါ်ပါတော့မယ်…”

ထို့နောက်တွင် သူက ပုလင်းငယ်ကို ကောက်ယူပြီး ဖွင့်ကြည့်သည်။ ထိုပုလင်းထဲ၌ နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည် အမှန်တကယ် ရှိနေ၏။

ပျော်ရွှင်ကျေနပ်သွားပြီး ဟန်လိက သူ၏သိုလှောင်အိတ်ထဲသို့ ၎င်းကို ထည့်သိမ်းလိုက်သည်။ ထို့နောက်တွင် သူက ခဏ တွန့်ဆုတ်ဆုတ် ဖြစ်နေပြီးနောက်မှာ အဖြူရောင်ကျောစိမ်းပုလင်းငယ်နှစ်ခုကို ထုတ်ယူ၍ ယွမ်ယောင်ထံသို့ တွန်းပို့လိုက်သည်။

ယွမ်ယောင်က မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အနည်းငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် ပြောလိုက်သည်။

“ဒါက ဘာတွေများလဲ…”

ဟန်လိက တည်ငြိမ်စွာ ပြန်ဖြေသည်။

“ဒီပုလင်းတွေထဲမှာ လူတစ်ယောက်ရဲ့ မှော်စွမ်းအားကို တိုးတက်စေမဲ့ ဆေးလုံးတွေ ပါပါတယ်။ ပြီးတော့ ဒါက ခင်ဗျားရဲ့ အနာဂတ်ကျင့်ကြံမှုအတွက် အထောက်အကူ ပေးနိုင်ပါလိမ့်မယ်။ ဒါတွေကို လက်ဆောင်ချင်း လဲလှယ်တယ်လို့ သဘောထားပေးပါ…”

ယွမ်ယောင်သည် ခဏ တုန့်ဆိုင်းသွားပြီး ထိုပုလင်းနှစ်လုံးကို ကြည့်ကာ ပြုံး၍ ဆိုသည်။

“စိတ်ဝိညာဉ်နို့ရည်က ရှင့်အတွက် လက်ဆောင်လို့ ကျမ ပြောခဲ့ပြီးပြီကို။ ဒါပေမဲ့ အစ်ကိုဟန်က ဒီပုလင်းနှစ်လုံးကို ထုတ်ပြီး ကျမကို ပြန်ပေးနေတယ်။ ရှင်က ကျမကို အရှက်ရအောင် လုပ်နေတာပဲနော်…”

ဟန်လိသည် သူမကို တစ်ချက်ကြည့်ပြီး ပြုံး၏။ ပြီးမှ သူက စကားဆိုလိုက်၏။

“အမျိုးသမီးယွမ်အနေနဲ့ ရှက်စရာလို့ ခံစားနေဖို့ မလိုပါဘူးလေ။ ဒီပုလင်းနှစ်ခုထဲက ဆေးလုံးတွေဟာ အဆင့်ခြောက်သားရဲတွေရဲ့ အမြုတေကနေ သန့်စင်ဖော်စပ်ထားတာ။ အမျိုးသမီးယွမ်ရဲ့ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဟာ အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအထွတ်အထိပ်အဆင့် ဖြစ်တဲ့အတွက် ဒီဆေးလုံးတွေဟာ ခင်ဗျားကို အလယ်အဆင့်ထိ ချောချောမွေ့မွေ့ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်….”

ယွမ်ယောင်၏ ပြုံးယောင်သမ်းနေသော ဟန်ပန်မှာ ရုတ်တရက် တုန်လှုပ်ဟန်သို့ ပြောင်းလဲသွားသည်။

“ဒီဆေးလုံးတွေဟာ အဆင့်ခြောက်နတ်ဆိုးသားရဲတွေကနေ သန့်စင်ထားတာလား…”

သူမက ပုလင်းကို ချက်ခြင်း ဆွဲယူပြီး အဖုံးဖွင့်ကြည့်သည်။ ထိုပုလင်းထံမှ သန့်စင်သော စိတ်ဝိညာဉ်ချီ ထုတ်လွှတ်နေခြင်းက ယွမ်ယောင်ကို အံ့အားသင့်ဝမ်းသာ ဖြစ်သွားစေသည်။

ယွမ်ယောင်၏လက်က ပုလင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလျက် ရှိနေ၏။ သူမက ရှက်ရွှံ့ဟန်ဖြင့် ပြောလိုက်သည်။

“အခြားဟာ တစ်ခုခု ဆိုရင်တော့ ကျမ ငြင်းမိနိုင်သေးတယ်။ ဒါပေမဲ့ ဒီဆေးပုလင်းနှစ်လုံးကိုတော့ ဒီမိန်းမပျိုက အရှက်မရှိ လက်ခံမိမှာ စိုးကြောက်မိပါတယ်…”

ထိုဆေးပုလင်းနှစ်လုံးသည် ယွမ်ယောင် ဆယ်စုနှစ်ချီ၍ ခါးသီးစွာ ကျင့်ကြံရမည့် အချိန်ကို သက်သာစေလိမ့်မည် မဟုတ်လား။ ထို့ကြောင့် သူမက မသိမသာ ရှက်နေသော်ငြား များစွာ ကျေနပ်နေတော့သည်။

“ကျေးဇူးပြုပြီး အားမနာဘဲ ယူပါ။ ကျုပ်အနေနဲ့ ခင်ဗျားဆီက တောင်းဆိုစရာ အခြားအရာတွေလည်း ရှိနေပါသေးတယ်…”

ယွမ်ယောင်က ထိုဆေးပုလင်းများကို ယူဆောင်တာ မြင်သည့်အခါ စိတ်ကျေနပ်သွားသည်။ မဟုတ်ပါက သူသည် သူ၏ နောက်ထပ်တောင်းဆိုမှုကို ဆက်ပြောရန် ခက်နေပေလိမ့်မည်။

ထိုဆေးပုလင်းနှစ်လုံးကို ဂရုတစိုက် သိမ်းဆည်းပြီးနောက်မှာ ယွမ်ယောင်သည် ဟန်လိနှင့် ပတ်သက်ပြီး ပို၍ စိတ်အေးလက်အေး ရှိလာသည်။ သူမ၏ဟန်ပန်အမူအရာမှာ ပို၍ ချစ်ဖွယ်ကောင်းလာပြီး သူမက စကားဆိုသည်။

“အစ်ကိုဟန်ရဲ့ ခုလက်ရှိ စွမ်းအားနဲ့ အစ်ကိုဟန်ဟာ ဒီမိန်းမပျိုရှိက ဘာများ တောင်းဆိုစရာ ရှိနိုင်သေးလို့လဲ။ ကျမကို သိခွင့်ပေးပါ။ ကျမတတ်နိုင်တာဆို ကျိန်းသေပေါက် ကူညီပေးပါ့မယ်…”

ဟန်လိက ဖြည်းဖြည်းချင်း ပြော၏။

“ကျုပ်က မိုးပြာယန်ဂိုဏ်းရဲ့ လျှို့ဝှက်စိတ်ဝိညာဉ်ဘောင်ခတ်ခြင်းအစီအရင်ကို တွေ့မြင်ခဲ့တဲ့ အခါတုန်းက အံ့အားတသင့် ဖြစ်ခဲ့ရတယ်။ ဒီအစီအရင်ဟာ ခင်ဗျားရဲ့ လှိုဏ်ဂူနေအိမ် ပတ်ပတ်လည်က စိတ်ဝိညာဉ်ချီကို ထိန်းချုပ်နိုင်စွမ်း ရှိနေတယ် မဟုတ်လား။ အမျိုးသမီးယွမ်က ကျုပ်ကို အဲ့အစီအရင်မန္တာန် ဖန်တီးတဲ့ နည်းလမ်းကို ပုံတူကူးပေးနိုင်မလား။ ဒါဆို ကျုပ် အတော်လေး ကျေးဇူးတင်မိမှာ…”

“စိတ်ဝိညာဉ်ဘောင်ခတ်ခြင်းအစီအရင်လား။ ဒါက ပြဿနာ မရှိပါဘူး…”

ဟန်လိ၏ ဆေးလုံးများအတွက် ပြန်ပေးဆပ်ချင်နေ၍ကြောင့်လားမသိ ယွမ်ယောင်သည် စဉ်းပင်မစဉ်းဘဲ မဆိုင်းမတွ သဘောတူသည်။ သူမက အနက်ရောင်ကျောက်စိမ်းပြားတစ်ခုကို ချက်ခြင်း ထုတ်ယူပြီး ဟန်လိထံသို့ လှမ်းပေးသည်။

ယွမ်ယောင်သည် အသက်ရှုမှားလောက်အောင် စွဲဆောင်မှုရှိရှိ ချိုသာစွာ ပြုံး၍ ပြောလိုက်သည်။

“ဒီကျောက်စိမ်းပြားထဲမှာ မိုးပြာယန်ဂိုဏ်းရဲ့ မှတ်တမ်းတင်ထားတဲ့ အစီအရင်မန္တာန်တွေ ပါဝင်ပါတယ်။ စိတ်ဝိညာဉ်ဘောင်ခတ်ခြင်း အစီအရင် အပြင် ဒီလို အလားတူ အစွမ်းထက်တဲ့ အခြားအစီအရင်တွေလည်း ပါပါတယ်…”

ဟန်လိသည် ကျောက်စိမ်းပြားကို ကျေကျေနပ်နပ် လက်ခံပြီး ကျေးဇူးတင်ကြောင်း ပြော၏။ ပြီးနောက် သူက ၎င်းထဲ သူ့စိတ်ဝိညာဉ်အာရုံကို ထည့်သွင်းကြည့်သည်။ ယွမ်ယောင် ပြောခဲ့သလိုပင် ၎င်းထဲ၌ သူ ကြားပင်မကြားဖူးသော မန္တာန်အစီအရင်များပါ ရှိနေသည်။ သူက ကျောက်စိမ်းပြားပါ အကြောင်းအရာများကို ခပ်မြန်မြန် ကြည့်ရှုလိုက်ပြီး သူ့စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်း၏။ သူ့၌ ကျေနပ်သည့်ဟန် ဖြစ်ပေါ်နေသည်။ သူက ယွမ်ယောင်ကို တစ်ခုခု ပြောမည်ဟု စဉ်းစားနေစဉ် သူမက သူ့အား တစ်ခုခုနှင့် ပတ်သက်ပြီး ပြောရင်ကောင်းမလား၊ မကောင်းလား ချိတုံချတုံ ဖြစ်နေတာ မြင်သည့်အခါ အံ့အားသင့်သွား၏။

သူ့မျက်နှာထက်၌ သံသယဖြစ်ဟန် အရိပ်အမြွက်တစ်ခု ပေါ်လာကာ ဟန်လိက မေးလိုက်သည်။

“ကျုပ်ကို တစ်ခုခုများ မေးချင်လို့လား…အမျိုးသမီးယွမ်…”

ယွမ်ယောင်က တွန့်ဆုတ်နေ၏။ ခဏအကြာမှ သူမသည် ဆုံးဖြတ်ချက် ချပြီးပုံ ပေါ်ကာ တည်တည်ငြိမ်ငြိမ် မေးလာ၏။

“အစ်ကိုဟန်က မိုးပြာယန်ဂိုဏ်းအကြောင်း သိပြီးဆိုတော့ ကျမရဲ့ အတိတ်ကိုလည်း အနည်းနဲ့အများတော့ သိလောက်ပြီး ဖြစ်လောက်မှာပါ…ဟုတ်တယ်မလား…”

ဟန်လိ၏မျက်နှာထက်တွင် အံ့ဩဟန် ဖြတ်ပြေးသွား၏။ သူမက မည်သည့်အတွက်ကြောင့် ထိုသို့ စကားဟလာမှန်း သူ မသိချေ။ သူက မထူးခြားနားဟန်ဖြင့် ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

“အမှန်ပါပဲ။ ကျုပ်က သူတို့အုပ်စုထဲ အယောင်ဆောင် ဝင်ခဲ့တဲ့အချိန်မှာ မိုးပြာယန်ဂိုဏ်းရဲ့ အကြီးအကဲ ပြောတာ ကြားခဲ့ရတယ်။ မင်းက သူတို့ဂိုဏ်းသခင်လေးရဲ့ ကိုယ်လုပ်တော် ဖြစ်ခဲ့လုနီးနီးတဲ့။ အဲ့နောက်မှာ မင်းဟာ ဂိုဏ်းသခင်လေးကို လျှို့ဝှက်သတ်ဖြတ်ခဲ့ပြီး သူ့ရဲ့ ရတာတွေကို ယူပြီး ထွက်ပြေးခဲ့တယ်တဲ့။ အဲ့တာ အမှန်ပဲ မလား…”

သူမက ဟန်လိ၏ ပြောစကားကို ကြားချိန်၌ သူမ၏မျက်နှာလှလှလေးပေါ်တွင် ခါးသက်သက် အပြုံးတစ်ခု ဖြစ်ပေါ်သွားသည်။ ထေ့လှောင်သည့် လေသံဖြင့် သူမက ပြောလာ၏။

“မမှားပါဘူး။ ကျမဟာ အဲ့လူယုတ်မာကောင်ရဲ့ ကိုယ်လုပ်တော် ဖြစ်ခဲ့လုနီးနီးပါပဲ။ မိုးပြာယန်ဂိုဏ်းလို အစွမ်းထက်တဲ့ နောက်ခံတစ်ခု လိုချင်ခဲ့လို ကျမ အဲ့လို လုပ်ခဲ့တာပါ။ ကျမရဲ့ အဲ့ဒီလုပ်ရပ်ဟာ ဂုဏ်သိက္ခာမဲ့တာမျိုး ဒါမှမဟုတ် အကျင့်တရာပျက်တာမျိုးလို့ ထင်နေလား…အစ်ကိုဟန်…”

ဟန်လိသည် ခေါင်းခါကာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

“အဲ့လိုမျိုး နည်းနည်းလေးတောင် မထင်ပါဘူး။ ဒါဟာ ကျင့်ကြံခြင်းလောကရဲ့ အလုပ်လုပ်ပုံပဲလေ။ မင်းဟာ ဂိုဏ်းကြီးတစ်ခုမှာ မွေးဖွားခဲ့တာမျိုး မဟုတ်ခဲ့ရင် ဒါမှမဟုတ် ထူးကဲတဲ့ စိတ်ဝိညာဉ်ရင်းမြစ်မျိုး မပိုင်ဆိုင်ခဲ့ရင် ကျင့်ကြံခြင်းလမ်းမှာ တိုးတက်ဖို့ဟာ အလွန်တရာ ခက်ခဲလိမ့်မယ်။ အဲ့လိုဆိုမှတော့ မင်းရဲ့ နည်းလမ်းဟာ လက်သင့်ခံနိုင်ပါတယ်။ မိန်းမလှကျင့်ကြံသူ အများစုဟာ အထောက်အပံ ရလိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်လုပ်တော်တွေ ဒါမှမဟုတ် အဆင့်မြင့်ကျင့်ကြံသူအများစုရဲ့ အစေခံ ဖြစ်လာချင်ကြတယ်။ ကျင့်ကြံခြင်းကို လုံးလုံးလျာလျာ စွန့်လွှတ်ပြီး ပူပန်ကြောင့်ကြမှုကနေ အချိန်တစ်ခု လွတ်ကင်းရအောင် အခြားသူတွေအတွက် ကျင့်ကြံခြင်းမိတ်ဖက် လုပ်ကြတဲ့ အချို့အမျိုးသမီးတွေတောင် ရှိကြသေးတယ် မဟုတ်လား…”

ဟန်လိ၏ စကားများသည် ယွမ်ယောင်ကို အတော်လေး စိတ်သက်သာရာ ရသွားစေပုံ ပေါ်သ်ည။ ထို့နောက်တွင် သူမက အားတင်းပြုံးပြီး ဆက်ပြောသည်။

“စီနီယာအစ်မယန်လီနဲ့ ကျမတို့ဟာ ဂိုဏ်းငယ်လေးတစ်ခုမှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ ကျမတို့ရဲ့ ပါရမီဟာ သာမန် ဖြစ်ရုံသာမက ကျမတို့ ကျင့်ကြံခဲ့ရတဲ့ ပညာရပ်တွေဟာလည်း အစွမ်းမထက်ခဲ့ပါဘူး။ အဲ့အတိုင်းသာ ဆက်သွားရင် ကျမတို့ဟာ အမြုတေဖွဲ့စည်းခြင်းအဆင့် မဆိုနဲ့အုံး အခြေခံတည်ဆောက်ခြင်းအဆင့်ထိတောင် တက်လှမ်းနိုင်တော့မှာ မဟုတ်မှန်း နှစ်ယောက်လုံး သဘောပေါက်ခဲ့ကြတယ်။ ဒါ့ကြောင့် ကျမတို့ဟာ ဂိုဏ်းကနေ ထွက်ပြီး ကျင့်ကြံခြင်းနက်ရှိုင်းတဲ့ လက်မထပ်ရသေးတဲ့ အမျိုးသားတစ်ယောက်ကို ရှာဖွေချင်ခဲ့ကြတယ်။ အဲ့လိုလူမျိုး တစ်ယောက်ယောက်ရဲ့ တာအိုလက်တွဲဖော် ဖြစ်ဖို့ အတွက်ပေါ့လေ။ ဒါပေမဲ့ ကျမတို့ဟာ သင့်တော်တဲ့ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်နဲ့မျှ မကြုံခဲ့ရဘူး။ ကျမတို့ရဲ့ အလှတရားကြောင့် လူတော်တော်များများကိုတော့ စွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုဟာ ကျမတို့ထက် သာလွန်လွန်းတာမျိုး မရှိတဲ့အတွက် ကျမတို့ရဲ့ နှလုံးသားကို ပေးချင်စိတ် မရှိခဲ့ကြဘူး…”

“အဲ့နောက်ပိုင်းမှာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ချို့ကြောင့် စီနီယာအစ်မနဲ့ ကျမဟာ လူချင်းကွဲသွားခဲ့ကြတယ်။ နှစ် အတော်အတန်ကြာပြီး သူမနဲ့ ပြန်ဆုံတော့ သူမဟာ မိုးပြာယန်ဂိုဏ်းက လူငယ်သခင်လေးရဲ့ ကျင့်ကြံခြင်းမိတ်ဖက်တစ်ယောက် ဖြစ်နေခဲ့မှန်း ကျမ သိခဲ့ရတယ်။ အဲ့အချိန်တုန်းက ကျမဟာ တုန်လည်းတုန်လှုပ်၊ ဒေါသလည်း ထွက်ခဲ့ရတာပေါ့။ အဲ့ကိစ္စကို ကျမ စုံစမ်းချင်ခဲ့တယ်။ ဒါပေမဲ့လို့ အဲ့အချိန်မှာပဲ မိုးပြာယန်ဂိုဏ်းသခင်လေးဟာ ရုတ်တရက် ပေါ်လာပြီး ကျမဟာ သူ့ကို စွဲဆောင်နိုင်ကြောင်း သူ့ရဲ့ ကိုယ်လုပ်တော် ဖြစ်လာစေချင်ကြောင်းကို ထပ်တလဲလဲ ပြောလာခဲ့တယ်။ သူဟာ ကျမရဲ့ အစ်မယန်လီကို လွှတ်ပေးပြီး ကျမကိုလည်း ကိုယ်လုပ်တော်တစ်ယောက်အဖြစ် လက်ထပ်ပေးပါမယ်ဆိုတဲ့ အခြေအနေတွေကြောင့် ကျမ သူ့ကို လက်ခံခဲ့တယ်။ ဒါပေမဲ့ အဲ့နှစ်တွေတုန်းက ကျမဟာ ငယ်ရွယ်ပြီး အမြင်လည်း မကျယ်ခဲ့ဘူး။ အဲ့လူယုတ်မာကောင်ရဲ့ အဆင့်အတန်း၊ နက်ရှိုင်းတဲ့ ကျင့်ကြံမှု၊ ချမ်းသာကြွယ်ဝမှု စတဲ့ ထင်ယောင်ထင်မှား အရာတွေအပေါ် အခြေခံပြီး ကျမ အစ်မက တားနေတဲ့ကြားကနေ သူ့ကို လက်ခံခဲ့မိတယ်…”

သူမ၏စကားက သည်နေရာအရောက်တွင် သူမသည် မှိုင်တွေတွေ ဖြစ်သွားသည်။ ထိုနှစ်က မှတ်ဉာဏ်များထဲ သူမ ပြန်ပိတ်မိသွားသလိုပင်။

ဟန်လိက မသိမသာ မျက်မှောင်ကြုတ်နေ၏။ သို့ပေမည့် သူမက စကားဆက်ဦးမည်ကို သိ၍ သူသည် တိတ်တဆိတ်သာ စောင့်နေလိုက်သည်။

ယွမ်ယောင်သည် မှိုင်တွေသွားပြီးနောက်မှာ သူမ၏ လေသံက အေးစက်လာသည်။ သူမက စကားထပ်ဆက်၏။

“မိုးပြာယန်ဂိုဏ်းဆီ အပြန်လမ်းမှာ စီနီယာအစ်မက ကျမကို လျှို့ဝှက်ပြောဖို့ အခွင့်အရေးတစ်ခု ရလာခဲ့တယ်။ သူမဟာလည်း အဲ့သခင်လေးရဲ့ လှည့်စားခံခဲ့ရတဲ့အကြောင်း၊ သူမကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်မယ်လို့လည်း ကတိပေးခဲ့တဲ့အကြောင်းတွေ ပြောပြခဲ့တယ်။ ဒါပေမဲ့လို့ သူမဟာ အဲ့လူယုတ်မာကောင်ရဲ့ ကျင့်ကြံခြင်းမိတ်ဖက်သာ လပေါင်းများစွာ ဖြစ်ခဲ့ရတယ်လေ။ ကြည့်ရတာ သူ့ရဲ့ ကျင့်ကြံခြင်း အမျိုးသမီးအဖော်တွေဟာ အဲ့လို လှည့်စားခံခဲ့ရပုံ ပေါ်တယ်။ သူတို့ရဲ့ လွတ်လပ်မှုဟာလည်း ဆုံးရှုံးခဲ့ရတယ်တဲ့။ အဲ့အကြောင်းတွေ ကြားခဲ့ရပြီးတဲ့နောက်မှာ အဲ့ကောင် သတိပေါ့နေတဲ့အချိန် ဘယ်လို အပြတ်ရှင်းကြမလဲဆိုပြီး ကျမဟာ စီနီယာအစ်မနဲ့ တိုင်ပင်ခဲ့ကြတယ်။ ဒါပေမဲ့ အဲ့လူယုတ်မာကောင်ဟာ ကျမတို့ဂိုဏ်းကို မရောက်ခင်တည်းက လက်ထပ်ပွဲကို လုပ်ချင်နေခဲ့လိမ့်မယ်လို့ ဘယ်သူက ကြိုသိနိုင်ပါ့မလဲ။ ဘာမျှမတတ်နိုင်တော့ဘဲ စီနီယာအစ်မနဲ့ ကျမတို့ဟာ ထောင်ချောက်ဆင်ဖို့ပဲ တတ်နိုင်ခဲ့တာပေါ့လေ။ သူ့အားနည်းချက်ကို အခွင့်ကောင်း ယူနိုင်ခဲ့ကြတယ်…”

“အဆုံးသက်မှာ ကျမတို့ အကြံအစည်ဟာ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့လို့ အစ်ဟန်လီကတော့ ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး ခန္ဓာကိုယ် ဆုံးရှုံးခဲ့ရတယ်။ ကျမ အစွမ်းကုန် တတ်နိုင်တာကတော့ သူမရဲ့ ကနဦးစိတ်ဝိညာဉ်ကို ယူပြီး မှော်ပစ္စည်းတစ်ခုထဲမှာ ထည့်သိမ်းထားနိုင်တာပဲ။ ဒါပေမဲ့ သာမန် တစ္ဆေမှော်ပစ္စည်းတွေဟာ စိတ်ဝိညာဉ်ကို ရက်ပိုင်းအတွင်း ပျက်သုဉ်းသွားစေနိုင်တယ်လေ။ နောက်ပိုင်းမှာ ကျမဟာ အဲ့လို ပျက်စီးနှုန်း လျော့ကျသွားအောင် တတ်စွမ်းသမျှ ပညာရပ်အားလုံး အသုံးပြုပြီး လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျမဟာ ဒါကို လုံးဝ ရပ်ပစ်နိုင်စွမ်း မရှိခဲ့ဘူး။ မကြာခင်မှာပဲ စီနီယာအစ်မရဲ့ ကနဦးစိတ်ဝိညာဉ်ဟာ မှတ်ဉာဏ်တွေ ဆုံးရှုံးသွားခဲ့တော့တယ်။ ခန္ဓာကိုယ်တစ်ခုနဲ့ ထာဝရ ချည်နှောင်နိုင်တော့မှာ မဟုတ်ဘူး…”

ထိုစကားများကို ကြားပြီးသည့်အခါ ဟန်လိ၏မျက်လုံးက အရောင်တောက်သွားပြီး စိတ်ဝိညာဉ်အားဖြည့်သစ်ပင် ကိစ္စကို ပြန်တွေးမိသွားသည်။

“မင်းက မင်းအစ်မ ယန်လီရဲ့ စိတ်ဝိညာဉ်ကို ကာကွယ်နိုင်ဖို့ စိတ်ဝိညာဉ်အားဖြည့်သစ်ပင်ကို လိုချင်ခဲ့တာများလား…”

(ဘာသာပြန်မှတ်ချက်။ ။ ယန်လီကို အပိုင်း (၃၇၅)၌ မိတ်ဆက် ဖော်ပြထားခဲ့ပြီး ဖြစ်၏။ သူမသည် ယွမ်ယောင်နှင့်အတူတူ ရှိခဲ့ဖူးသော နတ်သမီးကဲ့သို့ လှသည့် အမျိုးသမီးတစ်ယောက်ပင်။)

All Chapters